သံယောဇဉ် နွယ်ပင်…
“သံ…ယော…ဇဉ် စကားလေး သုံးလုံးတည်းမို့ ညွှန်းဆိုချက်လည်း နည်းတယ်ထင် တကယ်ပင် တွေးကြည့်ပြန်တော့ မသေးတဲ့ အားအင် ကမ္ဘာမြေတခွင်လုံး သိမ်းကြုံးပြုပြင် သူခိုင်းစေသမျှတာဝန် လူတိုင်း နေရတာပင်” တဲ့ စာသားလေးတွေကလည်း အဓိပ္ပါယ်ရှိ ဆိုတဲ့သူကလည်း ဂရုဏာသံလေးနဲ့ ကောင်းလိုက်တဲ့ သီချင်းလေးပါ။ တကယ်ကိုပါပဲ စာလုံးလေးက သုံးလုံးတည်းမို့ အထင်မသေးနဲ့ သူ့ရဲ့ နှောင်ဖွဲ့တတ်တဲ့ အားကတော့ မည်သူမဆို ရုန်းထွက်ရန် အင်မတန် ခက်လှပါတယ်။ လူလူခြင်း၊ လူနဲ့ တိရိစ ္ဆာန်၊ တိရိစ ္ဆာန် နဲ့ တိရိစ ္ဆာန်ခြင်း သံယောဇဉ်နှောင်ကြိုး ထုံးဖွဲမိပြီ ဆိုမှတော့ အတူတူနေတော့ ပိုပြီးရစ်ပတ် ကွဲကွာ ခွဲခွာ ပြီ ဆိုတော့လည်းမလွယ် သံယောဇဉ် အတိမ်အနက်ကို လိုက်လို့ ခံစားရမှာ မလွဲပါဘူး။
အိမ်မှာ ခွေးလေးတကောင်ရှိပါတယ်။ အငယ်မ လက်ဆောင်ရလာတဲ့ ခုနှစ်လသား တယ်ရီယာခွေးလေး။ တကိုယ်လုံး ဆွတ်ဆွတ်ဖြူပြီး မျက်လုံးလေးတွေ ဝိုင်းလို့။ သူက အိမ်မရောက်လာခင်ကတည်းက နာမည်ပါလာပြီးသား ဂျက်ကီတဲ့လေ။ တအိမ်လုံး အရမ်းချစ်တော့ သူ့ကို ခွေးတကောင်လိုထက် လူတယောက်လိုပဲ ဆက်ဆံတာ။ ခွေးမို့ လူစကား မပြောတတ်တာ တခုပဲ လူစကားလည်း ကောင်းကောင်း နားလည်တယ်။ သူက နိင်ငံခြားမျိုးမို့ ထင်တယ် ထမင်းထက် မုန့်ကို ပိုကြိုက်တယ်။ အမေဆို အမြဲပြောတယ် “ ညည်းတို့ အကောင်ကလည်းအေ လူစားတဲ့ ထမင်းတောင် မစားနိုင်ဘူး အတော်ကြီးကျယ်တဲ့ကောင်”တဲ့။ မျက်နှာရိပ်မျက်နှာကဲလည်း သိတယ်သူက။ အိမ်က ဘယ်သူပဲဖြစ်ဖြစ် ဘုရားရှိခိုးတိုင်း ဘေးမှာ အသာကပ်ပြီး အိပ်နေတယ်။ အမျှတွေ ဘာတွေ ဝေပြီဆို သူပဲသိလိုလို ခေါင်းလေး ထောင်လာတာ။ အဖေက “ဒီကောင် အဖေ ဘုရားရှိခိုးတိုင်း လာနားထောင်တယ် သူသိသလိုပဲ နောက်ဘဝ လူဖြစ်မဲ့ ကောင်” လို့ ပြောပြီး သဘောကျနေတယ်။ အိမ်မှာလည်း တအိမ်လုံး သူမရောက်တဲ့နေရာ မရှိဘူး လျှောက်သွားနေတာ။ အမေကြီး ခဏအလည်လာတော့ သူ့လိုအိမ်ပေါ်နေတဲ့ကောင် မတွေ့ဖူးတော့ မောင်းချပါရော။ အဖေက “အမေ့ နေပါစေ သူက အိမ်ပေါ်နေတဲ့ အမျိုး” ဆိုမှ “သိပါဘူးဟယ် ခွေးများ အိမ်ပေါ်တင်ရတယ်လို့” ပြန်ပြောပြီး နောက်မမောင်းချတော့ဘူး။ အစက သူ့ မကြည်မှန်းသိလို့ အမေကြီး ရှိရင် အိမ်ပေါ် မတက်ရဲဘူး။ နောက်တော့လည်း အေးဆေးမှန်းသိတော့ သွားပြန်တာပါပဲ။ တအိမ်လုံးမှာ အငယ်မကို သူက အချစ်ဆုံး။ အငယ်မ ထိုင်နေတာနဲ့ ရင်ခွင်ထဲ အတင်း ဝင်အိပ်တာ။ ခေါင်းလေးများ ပွတ်ပေးရင် ဖိမ်ခံလို့ မဆုံးဘူး။ သူအပြစ်လုပ်လို့ ရိုက်မယ်ဆိုရင် အိမ်ပေါ်တက်သွားပြီး ကုတင်အောက် ဝင်နေတာ ထွက်ကို မလာတော့ဘူး။ သူ့အားကိုးရာ အငယ်မ အသံကြားမှ ခပ်ကုပ်ကုပ် ထွက်လာပြီး အနားကနေ တဖဝါးမှ မခွာတော့ဘူး တကယ့်ကောင်။ ညနေဆို အိမ်တံခါးမ ရှေ့မှာ ဝပ်နေတာ အမြဲ။ ကိုကြီးရုံးက ပြန်လာရင် သူ့အတွက် မုန့်ပါလာမှာမို့ စောင့်နေတာပါ။ ခြံဝက သံပန်းတံခါး ဖွင့်သံကြားရင် ခေါင်းထောင်ပြီး နားထောင်ပါတယ်။ ကျွန်မတို့ အိမ်ရှေ့အိမ်က တံခါးဖွင့်ရင်လည်း အသံတူလို့ ကျွန်မတို့ မခွဲတတ်ပေမဲ့ သူကတော့ ဘယ်တော့မှ မမှားဘူး။ “ကိုကြီးပြန်လာပြီ ထင်တယ်ဟေ့ တံခါးဖွင့်ပေးလိုက်ဦး” လို့ ကျွန်မက ပြောတော့ အငယ်မက “အိမ်ရှေ့အိမ်က အသံပါဟ” လို့ ပြန်ပြောရင် “ဟိုမှာ ဂျက်ကီ အမြီးနှန့်နေတယ် ကိုကြီး ပြန်လာတာ သေချာတယ်” ဒါနဲ့ ခြံဝသွားကြည့် သေချာတယ်။ တခါတလေ ကိုကြီးက သူ့ကို ချက်ချင်းမုန့်မကျွေးပဲ ဆက်တီမှာ ခပ်တည်တည် ဝင်ထိုင်နေရင် လက်နှစ်ဖက်၊ အိတ် အကုန်လိုက်နမ်းပြီး မုန့်ရှာပါတော့တယ်။ ဘယ်မှာမှ ရှာမရတော့မှ ကိုကြီးဘေးက ခုံပေါ်ကိုတက် အင်္ကျ ီအိတ်ကို နမ်းပြီးရှာတယ် သေချာပြီ ဆိုတော့ တခါတည်း အိတ်ကပ်ထဲကို နှုတ်သီးအတင်းထိုးပြီး တောင်းတာပဲ။ ကိုကြီးက “ဒီကောင် အလွန်လည်တဲ့ကောင်” ဆိုပြီး မုန့်ထုတ်ပြရင် ကိုကြီးကို နမ်းလို့ မဆုံးဘူး။ သူကလည်း ချစ်ဖို့ ကောင်းတော့ ကျွန်မတို့ တအိမ်လုံး သူ့ကို ခွေးလို့တောင် မမှတ်တော့ပဲ မိသားစုဝင်လိုကို ဖြစ်လာတာပေါ့။ အိမ်သားထဲက ဘယ်သူပဲဖြစ်ဖြစ် အိမ်အပြန် မုန့်ဝယ်လာရင် သူ့အတွက်ပါ တခု ထည့်ဝယ်တတ်တဲ့ အထိ အချစ်ပိုလာတာ။
အဲ့လိုနဲ့ သူလည်း အရွယ်ရောက်လာရော သူ့ သဘာဝတိုင်း မိန်းမ အဲ..သူကခွေးဆိုတော့ ခွေးမ လိုချင်တယ် ဖြစ်လာကော။ အဲ့ဒီမှာ ခက်ကုန်ပြီ။ မိန်းမ လိုချင်ရှာလွန်းလို့ အိန္ဒြေမရ လမ်းကခွေးတွေ ခွေးပျိုလှည့်သံများ ကြားရင် သူ့မှာ နေမထိထိုင်မထိ အိမ်ပေါ်တက်ပြေး ဝရံတာမှာ အရှေ့ပြေးလိုက် အနောက်ပြေးလိုက် တခါ အောက်ပြန်ဆင်းလာပြန်ကာ နောက် အိမ်ပေါ်ပြန်တက် မျက်စိကို နောက်လို့။ နောက်ထပ် အမ တကောင်ဝယ်ပြီး ပေးစားပြန်ရင်လည်း နောက်ပေါက်တွေဒဏ် ခံနိုင်မှာ မဟုတ်လို့ ဒီနည်းကလည်း အဆင်မချော။ ကျွန်မတို့မှာလည်း သူ့အတွက် မိဘဝတ္တရား မကျေပွန်သလိုလို ဘာလိုလိုတွေ ဖြစ်လို့။ သူ့မှာလည်း ငါ့ဝမ်းပူစာ မနေသာမို့ မစားနိုင်မသောက်နိုင် တပိန်ပိန် တလိန်လိန်ပေါ့။ ဒီလောက်တောင် ဖြစ်လှတာဆိုပြီး ခြံတံခါး ဖွင့်ပေးလိုက်ပါတယ် ဘယ့်နှယ့် ရပ်ကွက်ထဲမှာ ပြောစရာကို ဖြစ်လို့။ သူ့အရပ်ကလေး တပေလောက်နဲ့ ထွားကြိုင်းသန်မာ ဗလတောင့်တောင့် ခွေးပျိုတွေကို ဘယ့်နှယ့်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ လမ်းထဲမှာ အရှေ့ပြေးလိုက် အနောက်ပြေးလိုက်နဲ့မို့ အမြင်မတော်တာနဲ့ ကိုယ့်သားသမီးကို ပြန်သိမ်း ခြံတံခါး သော့ခတ်ထားရပါတော့တယ်။ အဲ့လိုနဲ့ သိပ်မကြာခင်မှာပဲ အိမ်ရှေ့မျက်စောင်းထိုးအိမ်က အမက သူ့အမအိမ်က ခွေးမလေးအတွက် သူ့လာဌါးတော့ သူလည်း အဆင်ပြေပေါ့။ ကောင်မလေး အဲ ခွေးမလေး အမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဂျက်ကီပဲ သို့ပေမဲ့ သူနဲ့ကတော့ ဆန့်ကျင်ဘက် မည်းနက်လို့။ ကိုယ်တော်က ချဉ်ချဉ်တူးတူး မူးပြီးရော ဆိုသလိုများလား မပြောတတ်ဘူး ကောက်ကောက်ကိုပါလို့ လိုက်သွားတာ။ တလလောက်ကြာတော့ ကျွန်မတို့မှာ လွမ်းလှပြီ ဘယ်တော့ ပြန်လာမလဲ နားစွင့် နေရတယ်။ အိမ်ပြန်ရောက်ပြီး တော်တော်ကြာတော့ ခွေးဌါးသွားတဲ့ အမက ခွေးပေါက်လေး တကောင်လာပေးပါတယ် ခွေးဌါးခတဲ့။ သူကတော့ အမေတူ တကိုယ်လုံးအမည်း အဖေ့အမွေဆိုလို့ နှာယောင်က အဖြူကွက်လေးပဲပါတာ။ ဒါနဲ့ပဲ ပေါင်ချိန်လို့ နာမည်ပေးလိုက်တယ်။ ဂျက်ကီက လူလို နားလည်သလောက် ပေါင်ချိန်ကတော့ ဘယ်လိုသင်သင် မရ။ နားသာမလည်တာ အကင်းတော့ အလွန်ပါးတဲ့ကောင်။ အပြစ်ရှိလို့ ရိုက်ဖို့ တုတ်ဆွဲပြီးဆို သူ့ ရှာမရတော့ဘူး။ မျက်နှာငယ်လေးနဲ့ မျက်လုံးလေး လှန်ကြည့်နေတဲ့ နီးရာ ဂျက်ကီပဲ အဆော်ခံ ထိတော့ တာပေါ့။ ကျွန်မညီမ ဂျက်ကီကို ဘယ်လောက်ချစ်လဲဆို ကထိကထ အခံဆုံးပါ တခါတလေ တံခါးဖွင့်ပေးတာ မစောင့်နိုင်လို့ ဧည့်ခန်းထဲမှာ ဆော်ထားလည်း သူပဲ ဒိုင်ခံ သန့်ရှင်းရေး လုပ်တာပဲ။ ဂျက်ကီတို့ သားအဖက မနက်တိုင်း ကိုကြီး လက်ဖက်ရည်ဆိုင် သွားတာလိုက်ပြီး မုန့်စားနေကြ။ တရက်တော့ ကိုကြီး ခရီးသွားတာ မသိပဲ သူ့ကိုမခေါ်ပဲ သွားတယ်ထင်ပြီး လိုက်သွားတာ ဂျက်ကီခမျာ ကားတိုက်ခံရပါရော။ မြင်တဲ့သူက လာပြောမှ ဆေးခန်းပြတော့ ခြေထောက် ကျိုးမှန်းသိလို့ ဒင်း ကျောက်ပတ်တီး စီးရတာပေါ့။ နဂိုကတည်းက ခွေးဖြစ်ပြီး အသည်းငယ်တဲ့ကောင် မိုးရွာလို့ မိုးခြိမ်းသံ ကြားရင်တောင် မအိပ်ရဲလို့ ကိုကြီး ကုတင်ပေါ်တက်ပြီး ကိုကြီး ခြေရင်း တက်အိပ်တဲ့ကောင်လေ။ အခုတော့ အနာနာတိုင်း အနားလာသူကို သူ့လုပ်မယ်ပဲ ထင်ပြီး ကိုက်လို့ ပါးစပ်ကို ပတ်ထားရတာနဲ့ အစာကို ပိုက်နဲ့သွင်းရပါတော့တယ်။ အဲ့ဒီ ပတ်တီး မဖြည်မချင်း အတော်အတွင်း သူပဲလုပ်ပေးတာလေ။ ဒါကြောင့်မို့ ထင်တယ် ဂျက်ကီကလည်း သူ့ပိုချစ်တာ။ ကျွန်မတို့ အိမ်က လူတွေက ကလေးလည်း ချစ်တတ်တော့ လမ်းထဲက ကလေးတွေ လာဆော့ကျတယ်။ သူတို့ဘာသာ ဆော့နေရင် ပြသနာမရှိပေမဲ့ အငယ်မနား မကပ်နဲ့ မနာလို ဖြစ်ပြီး ခြေထောက်တွေ ဘာတွေကို လှမ်းခဲတော့တာပဲ။ ကျွန်မ သားလေးနဲ့ အိမ်ကို အလည်ပြန်တော့ အမေက သူ့ကို ခေါ်ပြီး “ဒါ ငါတို့ ကလေးနော် နင်ကိုက်ရင် နင့်ကို ရိုက်မှာ” လို့ ပြောလိုက်တော့ အသာလှည့်ထွက်သွားကာ လှေကားထစ်မှာ ဝပ်နေရင်း ဧည့်ခန်းထဲကို မျက်နှာငယ်လေးနဲ့ ကြည့်နေတာများ သနားစရာ။ နောက် ညီမလေး အိမ်ထောင်ကျတော့ သူ့အမျိုးသားက တာဝန်နဲ့ ခဏခဏ ခရီးထွက်ရသူမို့ အငယ်မက အိမ်မှာ နေတာများတယ်။ သူ့ အမျိုးသား အိမ်ရောက်ကာစက အငယ်မဘေး ကပ်မထိုင်ရဲဘူး ဂျက်ကီ ရန်လုပ်နေလို့လေ။ နောက်တော့လည်း ဟိုက အလိုလိုက်တော့ အငယ်မထက်တောင် ပိုချစ်သွား သလိုပဲ။ အမှန်တော့ ဂျက်ကီဟာ ခွေးတကောင်ဆိုပေမဲ့ ကျွန်မတို့ အတွက်တော့ မိသားစုဝင်လိုကို ဖြစ်နေတာ။ ကျွန်မ ဘွဲ့ယူတုန်းကလည်း သူနဲ့တွဲရိုက်တာပဲ။ အငယ်မ ဘွဲ့ယူတော့လည်း သူမပါမဖြစ်။ ကျွန်မတို့ မင်္ဂလာဆောင်ကျင်းပတဲ့ ပွဲတောင်မှ သူ့ခေါ်ဖို့ မသင့်တော်လို့ ဒါတောင် အိမ်ပြန်ရောက်တော့ သူ့ကို ချီပြီး ဓါတ်ပုံရိုက်ဖို့ မမေ့မလျှော့ အဲ့လောက်ကို ချစ်ကြတာလေ။ ကျွန်မတို့ အတွက်တော့ ချစ်စရာ ကလေးလေးလိုပါပဲ။
ပြီးခဲ့တဲ့လက အမေနဲ့ ဖုန်းပြောဖြစ်တော့ စိတ်မကောင်းဖြစ်စရာ သတင်း ကြားခဲ့ရတယ်။ အမေက ပြောတယ် “ဂျက်ကီ သေသွားပြီ” တဲ့ “အသက်လည်း ကြီးပြီလေ သမီးရဲ့” လို့ ပြောမှ “ဪ..ဟုတ်သားပဲ သူအိမ်ကို ရောက်တာ ဆယ်နှစ်တောင် ကျော်ပြီကိုး”လို့ တွက်မိတယ်။ အမေက ဆက်ပြောတယ် “ဂျက်ကီ သေမဲ့နေ့က အငယ်မ ရင်ခွင်ထဲက အောက်ကို ချလို့ မရဘူး။ အသက်ထွက်ခါနီး အငယ်မကို မော့ကြည့်ပြီးမှ သေတာပါဟယ်။ သူ့ အမကို သံယောဇဉ် ကြီးချက်။ ငါ့သမီးရယ် ညည်း ညီမလည်း ငိုလိုက်တာများ မပြောကောင်း ပြောကောင်း သူ့ ကလေး သေတဲ့ အတိုင်းပါပဲ။ အမေတို့လည်း စိတ်မကောင်း ဖြစ်လိုက်တာအေ။ ဘယ်သူ့မှ သံယောဇဉ် မထားတာပဲ ကောင်းတယ်” တဲ့ ။ အငယ်မယောက်ကျား ကလည်း ပြောရှာတယ်တဲ့ “ညီမကို ဒီလောက် သံယောဇဉ်ကြီးတာ ညီမဆီ ပြန်လာချင် ပြန်လာမှာပါ”တဲ့။ ကျွန်မလည်း မိသားစုဝင် တယောက် ဆုံးရှုံးသွားသလို ခံစားရပြီး ကိုယ့်ရှေ့မှာ ဖြစ်တာ မဟုတ်ပေမဲ့ ရင်ထဲမှာ ဆို့နင့်ကာ ကျလုလု မျက်ရည်ကို မနည်းထိန်းနေရတယ်။
အမေနဲ့ ဖုန်းပြောပြီး တပတ်လောက်နေတော့ အငယ်မ စကားလာပြောတယ် ပေါင်ချိန်လေးပါ သေသွားပြီလို့ လာပြောပြတာလေ။ ကျွန်မလည်း အံ့ဩပြီးရင်း အံ့ဩရင်းပါပဲ။ “ဟဲ့.. ဘာရောဂါ ဖြစ်တာတုံး” ဆိုတော့ “ နှစ်ကောင်လုံးကို ဆရာဝန်ပြတော့ ဘာမှ ထွေထွေထူးထူး မဖြစ်ဘူးတဲ့။ ပေါင်ချိန်လည်း ဂျက်ကီ မရှိတော့တဲ့နောက် တမှိုင်မှိုင် တတွေတွေ အစားလည်း မစားတော့ပဲ ခွေပဲခွေနေတော့တာ ဂျက်ကီသေပြီး လေးငါးရက် နေတော့ သေတာပါပဲဟာ” ။ ကျွန်မ အထင်တော့ ပေါင်ချိန်ခမျာ အဖေကိုများ လွမ်းနာကျပြီး သေသလားပေါ့။ သူတို့ နှစ်ကောင်ကို ဘယ်မှာ သွားမြုပ်ထားလဲလို့ ပူပူပန်ပန် ကျွန်မမေးတော့ “ ခြံထဲမှာပဲ မြုပ်ထားတယ် ။ နင်ပြန်လာရင် ပြမယ်” လို့ ပြောပါတယ်။ ညီမလေးက “တော်ပါပြီ နောက်ထပ် ဘာကောင်မှ မမွေးတော့ဘူး သံယောဇဉ် ဖြစ်မှာ ငါအရမ်းကြောက်သွားပြီ ဂျက်ကီ သေသွားတော့ ငါမခံစားနိုင်ဘူး အဲ့လို ထပ်ပြီး ခံစားရမှာကို ကြောက်နေပြီဟာ” လို့ ဆို့ဆို့နင့်နင့် ပြောတာနဲ့ ကျွန်မလည်း သူ့သနားတာနဲ့ ထပ်မမေးတော့ပါဘူး။ ခဏကြာတော့ သူလည်း ပြန်သွားပါတယ်။ ကျွန်မမှာသာ အတွေးတွေ တသီတတန်းကြီးနဲ့ ကျန်ခဲ့လို့။ ဂျက်ကီ အိမ်ကို စရောက်လာတာ၊ အိမ်မှာ နေခဲ့တာ၊ ကျွန်မ အိမ်ထောင်ကျပြီးတော့ အိမ်ကို အလည်ပြန်လာတိုင်း မမေ့မလျှော့ ကြိုတတ်တာ တခုပြီး တခုပါပဲ။ ရင်ထဲမှာလည်း ဆို့နင့်မွန်းကျပ်ကာ နေမထိ ထိုင်မသာ။ ဒါနဲ့ပဲ တွေးမိတယ် သံယောဇဉ်ဆိုတာ နွယ်တပင်လို တွယ်မိတာနဲ့ ဖြည်မရအောင် လျှောက်ပတ်တော့တာပဲ။ အဲ့ဒီ နွယ်ပင်ပတ်ပြီးလို့ ခွာကျသွားတော့ကော အပတ်ခံရသူဟာ အကောင်းတိုင်း မကျန်တော့ပဲ နွယ်ရာလေးတော့ ကျန်ခဲ့ပါလား။ အပတ်ခံရတဲ့ ကြာချိန်ကို လိုက်လို့ အရာလေးဟာ အချိန်ကြာရင် ကြာသလို နက်နက်ရှိုင်းရှိုင်း မပျောက်မပျက် ထင်ကျန်ခဲ့ပါလားပေါ့။ လူနဲ့ တိရိစာ္ဆန်တောင် သံယောဇဉ်ဒဏ် ဒီလောက် ခံရတာ လူလူခြင်းသာဆို ပိုမလွယ်ပါလား။ အခုထိကို သံယောဇဉ် နွယ်ပင်တွေ တခုပြီးတခု တထပ်ပြီးတထပ် အထပ်ထပ် ရစ်ပတ်ခံနေရလို့ နွယ်ပင်ပေါင်း မနည်းမနောရဲ့ ဒဏ်ကြောင့် အတော်လည်း နက်နေလောက်ပြီ။ ဒီလို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ နွယ်ပင်တွေ လက်က ငါဘယ်လိုများ ရုန်းရပါ့လို့ တွေးတောကာ သက်ပျင်းပဲ ချနေမိပါတော့တယ်။
14 comments
pan pan
August 25, 2011 at 10:15 am
မြန်မာလူမျိုးတွေက အင်မတန်သံယောဇဉ်ကြီးကြသတဲ့
တိရိစာ္ဆန်ကိုတောင် လူလိုတန်ဖိုးထားတတ်တယ်နော်
စကားမစပ် မနွယ်ပင်ဆို ပိုပတ်တတ်မှာပဲ 😀
နွယ်ပင်
August 25, 2011 at 10:43 am
ပန်ပန်ရေ နွယ်ပင်ကတော့ မပတ်တက်ဘူး ရစ်တက်တာ 😛
weiwei
August 25, 2011 at 10:30 am
စိတ်မကောင်းစရာပဲ ..
ကျွန်မတို့အိမ်မှာတော့ အိမ လို့ခေါ်တဲ့ တယ်ရီယာမလေးကနေ ကလေး ၆ ယောက်မွေးခဲ့တော့ စုစုပေါင်း ရ ခါ ပူဆွေးဝမ်းနည်းပြီး ငိုခဲ့ရတယ် … အခု ဂျက်ကီသေတာကို ဖတ်ပြီး သူတို့တုန်းကလို ပြန်ခံစားပြီး မျက်ရည်လည်လာမိတယ် …
အခု တစ်ကောင်မှမကျန်တော့လို့ ထပ်မွေးချင်ပေမယ့် မေမေက သံယောဇဉ်ရဲ့ဒါဏ်ကို မခံနိုင်တော့ဘူးတဲ့ ….
Moe Z
August 25, 2011 at 10:31 am
သံယောဇဉ်တွေကြိုးစားဖြတ် မမှီရေ..
သံသရာအတွက်မကောင်းဘူး 😛
နွယ်ပင်
August 25, 2011 at 10:43 am
မမှီရေ သံယောဇဉ်ဆိုတာကတော့ တွယ်မိရင်မရဘူးပဲ
နွယ်ပင်တို့ အိမ်က ကြောင်လေး ဆုံးသွားတုန်းကလည်း
ဒီလိုပဲ ခံစားရလွန်းလို့ နောက်ပိုင်းဘာ တိရိစာ္ဆန်မှကို မမွေးဖြစ်တော့တဲ့ အထိပါပဲ ….
ကြောင်ကြီး
August 25, 2011 at 11:03 am
ကြောင်ကြီးသေရင်လည်း မငိုကြပါနဲ့လို့၊ နတ်ပြည်မှာ နတ်သမီးလေးတွေနဲ့ ပျော်ပါးနေတုံး ငိုသံကြားရင် ဖြောင့်ဖြောင့်မကဲနိုင်မှာစိုးလို့ပါ..။ တော်ကြာနေ စခါရှိသေး အမယ်လေးကြောင်ကြီးရဲ့ဆိုရင် ဟတ်ကော့ကြီး….။
ဆူး
August 25, 2011 at 1:26 pm
အပေါ်ထက်က ကြောင်ကြီး အောက်ထပ်က အယ်မလေးဟဲ့ ကြောင်ကြီး ဆိုပြီး ရုတ်တရက် မော့ ကြည့်မိလို့ အော်မိတာ ဖြစ်မှာပေါ့။
စုံ စုံ
August 25, 2011 at 11:43 am
လေးဖြူပြောတာတော့သံယောဇဉ်ကလူကိုအရူးတပိုင်းဖြစ်စေတယ်တဲ့
တကယ့်တကယ်ကြီးသံယောဇဉ်တွယ်မိပြီဆိုရင်တော့
တပိုင်းဘဲရူးမှာမဟုတ်ဘူး တကိုယ်လုံးသွက်သွက်ခါသွားမယ်ထင်ပါရဲ့
မီးမီး သော်
August 25, 2011 at 12:13 pm
ဟုတ်တယ်နော် ကိုလေးပြောတာလဲမှန်သလို၊မမှီရေးထားတာလေး ဖတ်ရာတာ အရမ်းကောင်းပါတယ်။အဟိတ်တိရစ္ဆာန်ပေမယ့် ခုလို မျိုးအိမ်မွေးခွေးလေးတွေ ကြောင်လေးတွေ ကိုယ်နဲ ့နှစ်တွေအကြာကြီးနေလာကြပြီးမှ သေသွားခဲ့ရင် မလွမ်းတဲ့သူမရှိလောက်ပါဘူးနော်။။မမှီ ရေကျေးဇူးပါနော့
manawphyulay
August 25, 2011 at 12:27 pm
သံယောဇဉ်ဆိုတာ တိရစ္ဆာန်လေးတွေလည်း ရင်ထဲခံစားချက်တွေနဲ့ တစ်ဦးကိုတစ်ဦးနွယ်ရင် လူ့ထက် ပိုဆိုးပါတယ်။ အသက်တောင် စတေးသွားကြတဲ့ အကောင်လေးတွေရဲ့ဘဝပါ။ ဟီး ခေါင်းစဉ် ဖတ်မိတော့ နွယ်ပင်ကို သံယောဇဉ် ဖြစ်နေတာ ဘယ်သူလဲပေါ့ သိချင်လာလို့ ဝင်ဖတ်လိုက်တော့… နွယ်ပင်ဆိုတာ ရစ်တာကော ပတ်တာကော စုံလို့ပါပဲ…….
ရွှေအိမ်စည်
August 25, 2011 at 1:05 pm
လူလိုဘဲ…စကားမပြောတတ်တာကလွဲရင်ပေါ့..
ရှိခဲ ့ဘူးတယ်..ကျနော်မှာလည်း……
အရမ်းခံစားရတာနော်….
ကျနော်သူငယ်ချင်းအိမ်ကဆို…ဖိတ်စာရိုက်ပြီးမွေးနေ ့ပွဲတောင်လုပ်ပေးသေးတယ်….
စီစီတဲ ့…သမီးစီစီရဲ ့မွေးနေ ့ပွဲဆိုပြိးတော့ပေါ့….
မမြင်ရတာလည်းသံယောဇဉ်ဘဲ
ဆူး
August 25, 2011 at 1:28 pm
အခုတော့ အိမ်မှာ ငါးတွေ တော်တော် များနေတယ်။
အမေ ကတော့ သူများ ပေးပစ်မယ်တဲ့.. တနေ့ တနေ့ သူတို့ကို အစာကျွှေးပြီး ညနေ အလုပ်က ပြန်လာရင် ထိုင်ထိုုင်ကြည့်နေလို့.. တနေကုန် မတွေ့ရလို့ ငါးတွေ ငိုနေလိမ့်မယ်တဲ့ လာပြောတယ်။
moethidasoe
August 25, 2011 at 1:51 pm
သံယောဇဉ် ပါ ဆိုမှ သံပါတဲ့နောက်တော့ တော်တော် ခိုင်တာ
ငယ်ငယ်တုန်းက ခွေးသေ ငို ကြောင်သေ ငို
ရွာသာကြီးမှာ ဝန်ထမ်းတွေ မြေကွက်ပေးမယ် .. ကြက် အကောင် ၅ဝ ဝက် ၂ ကောင် မွေးရမယ် ပေ ၁၀ဝ ပတ်လည် ရမယ် ဆိုတဲ့အချိန်တုန်းက အဖေ အဲဒီမြေ မယူနဲ့ မမွေးနိုင်ဘူး .. ကြက် ဝက် မွေးတယ် ဆိုတာ သားစားဖို့လေ .. ကိုယ်က သံယောဇဉ် တွယ်မိရင် ခက်တယ်
ဒါကြောင့် အခုဆို အိမ်မှ ကြောင် မရှိ ခွေးမရှိ ..
အဲ သူများအိမ်က ကြွက်တော့ ဝင်လာတယ် .. လောလောဆယ် အလုပ်များနေလို့ မောင်းထုတ်ဖို့ အချိန် မရသေးဘူး ..
ဟိုတလောက အဝတ်လျှော်စက်ထဲမှာ ကြွက်တစ်ကောင် သေနေတာ အရိုးစုကို ကျနေတယ် (ပုပ်စော်လဲ မနံခဲ့တာတော့ အံ့ဩတယ်)
ကလေး ၃ ယောက် ရှိနေပြန်တော့ သေခါနီးတောင် အသေဖြောင့်အောင် အခုကတည်းက လေ့ကျင့်ရဦးမှာ
pooch
August 25, 2011 at 1:58 pm
ဟုတ်တယ် မမှီ….. ခွေးမွေးတာ သံယောဇဉ်ရော ကရိကထရော အတော်များတယ် .. လောလောဆယ် အိမ်မှာ တစ်နှစ်ခွဲ အယ်လ်ဇေးရှင်းတကောင်ပဲ ရှိတော့တယ် သူက အရမ်းမင်းမူတယ် ခွေးနဲ့တောင်မတူဘူး စကားမပြောတတ်တာပဲ ရှိတယ် သူ့အရင်လည်း ၃ ကောင်က ဆုံးသွားကြပြီ …..ခြံထဲမှာပဲ မြှုပ်လိုက်တယ်….. တကောင်ဆို ၁၄ နှစ်လောက်ရှိပြီ မနှစ်က ဆုံးတော့ … ဒီတကောင်ပြီးရင် တော့ ထပ်မမွေးဖို့ တအိမ်လုံး ဆုံးဖြတ်ထားကြတယ်… မခံစားနိုင်တော့လို့ပါ .. ဒီလို ခံစားမှုတွေကို အိမ်မွေး တိရိစာ္ဆန်လေးတွေ ကို မွေးဖူးတဲ့ သူတွေ ပို နားလည်မယ်ထင်ပါတယ် ….