ဖယ်ရီ

suekhatminMay 12, 20101min861

တနေ့တခြား ဆူဖြိုးလာတဲ့ အတ္တတွေရယ် ။
လမ်းလျှောက်ထွက်တိုင်း ယိုင်နေကျ ခြေလှမ်းတွေရယ် ။
ကောင်မလေးတချို့ ပုံပျက်ပန်းပျက် “ လှ ” ကြ ။
ဟုတ်ကဲ့ ။ အဲ့ဒါ စမ်းချောင်းထဲမှာ ။
ကျဆိမ့်တစ်ခွက်ထဲ ထည့်မွှေလိုက်တဲ့ နံနက်ခင်းကို
နှမြောလို့ဆိုပြီး “ ထွီ” ခနဲ ထွေးထုတ်လိုက်ကြ ။
ဖြစ်မှဖြစ်ရလေကွယ် ။
လူဆိုတာ လူပါပဲကွယ် ။
ကွယ် ကွယ် ပြီး ပြောရတာ ၊ ကြာတော့ မွန်းလာတယ် ။
ထွက်ပေါက်တစ်ခုလို စိတ်ကို လွှတ် ။
“ ခွမ်း ”
ငါ့ကိုယ်ငါ ပြန်ကောက်ယူဖို့ ။
ငါ့ကိုယ်ငါ ပြန် “ မ ” ထူခဲ့ရ ။
ကျောခင်း လှဲ နေရုံနဲ့တော့ ၊ နေဝင်သွားတာ မြင်ရမှာ
မဟုတ်ဘူး ။ လှည်းနေလှေအောင်း ၊ မြင်းဇောင်းမကျန် ။
လှဲ လှဲ ၊ လှိုက်လှိုက်လှဲလှဲ ။
ငါ့ တစ်ကိုယ်စာ နေရာလေး ၊ လှဲကျင်းပေးပါ ။
လှည်းကျဉ်းပေးပါ ။
ကြိုးတွေပေါလို့ ၊ ကျောပိုးပြီး လိုက်ပို့ပါရစေ ။
ပို့မှာပေါ့ ၊ ပို့မှာပေါ့ ။
ပို့မယ့်ပို့ ၊ ကူးတို့ ရောက်အောင် ပို့မှာပေါ့ ။
လွတ်လပ်အေးချမ်းသော ၊ နယ်မြေသစ်တစ်ခုဆီ
ရောက်အောင် ပို့မှာပေါ့ ။
လှည်းနေ လှေအောင်း ၊ မြင်းဇောင်း မကျန်
ရောက်အောင် ပို့မှာပေါ့ ။
လှဲနေ လှေအောင်း ၊ မျဉ်းစောင်း မကျန်
ရောက်အောင် ပို့မှာပေါ့ ။
မရောက် ရောက်အောင် ၊ အရောက်ပို့မှာပေါ့ ။

ဆူးခက်မင်း

One comment

  • susunosuki

    May 12, 2010 at 6:47 am

    ဘယ်ကိုပို့မှာလဲ ကဗျာဆရာ
    မဲရုံ ကိုလား

Leave a Reply