ကျွန်တော်နှင့် တစ်နေ့တာ

suekhatminMay 12, 20101min811

ဒီတစ်နေ့တာအတွက် ၊ ငါ့ကိုယ်ငါ
ပြန်စားသုံးတယ် ။
သားညှီစော် နံနေတဲ့ ၊ ငါ့ အတ္တတွေ ။
ဘယ်မှာ နားခိုမလဲ ။
ဘယ်မှာ ခိုနားမလဲ ။
ခိုတွေ သွားရာ လမ်းကြောင်းနောက် ၊
ကောက်ကောက်ပါအောင် လိုက်မိတော့ ။
ကြူကြူပါအောင် ငိုလိုက်ရတာတွေ ။
အို အေ့ အေ့ အို ။
တိတ်ပါတော့ ကလေးရယ် ဆိုတဲ့ သားချော့တေး ။
နေညိုတိုင်း ကြားနေရတဲ့ ၊ တ အေ့ အေ့
လေပြိုသံ ။
” အို ” ဆိုတဲ့ ၊ ရှက်စနိုး အာမေဋိတ်သံ ။
အရက် နဲ့ မိန်းမ ဆိုတာ မရှိရင် ၊ ကဗျာဆရာဆိုတာရော
ရှိလာနိုင်မလား ။
အဲ့လို အပေါစားဆန်တဲ့ ပြက်လုံးတစ်ခုကို
ကြားလိုက်ရတော့မှပဲ ၊ ငါ့ကိုယ်ငါ ပြန်ရုန်းထွက်လာမိ ။
ကဏ္ဍကောစ ခုတင်ပေါ်ကနေ ဆင်းလိုက်တော့မှ
အယုတ္တ အနတ္တ အသံဗလံ တချို့ ငါ့ကို ဖြတ်နင်းကြ ။
မနက်စောစော ထရမယ် ။
မနက်စောစော အစာရှာသွားတဲ့ ငှက်တွေနဲ့အတူ
မနက်စောစော မျက်နှာသစ်ရမယ် ။
မနက်စောစော ကဗျာရေးရမယ် ။
မနက်စောစော ဦးနှောက် ဖုန်ခါရမယ် ။
မနက်စောစော ခေါင်းအုံးတွေ ထုတ်လှန်းရမယ် ။
မနက်စောစော သားလှီးဓားတွေ သွေးရမယ် ။
မနက်စောစော သွေးလှီးဓားတွေ “သ” ရမယ် ။
မနက်စောစော ခေါင်းအုံးတွေ ဖုန်ခါရမယ် ။
မနက်စောစော ဦးနှောက် ထုတ်လှန်းရမယ် ။
မနက်စောစော ကဗျာသစ်ရင်း မျက်နှာရေးရမယ် ။
မနက်စောစော အစာထရှာရင်း ဟိုဟိုသည်သည် ပျံသန်းရမယ် ။
ဒီနေ့ မနက်စောစော ၊ ငါ့ကိုယ်ငါ ပြန်နားခိုဖို့
သားညှီစော် နံနေတဲ့ ငါ့အတ္တတွေ ၊ ပြန်စားသုံးရမယ် ။

ဆူးခက်မင်း

One comment

  • susunosuki

    May 12, 2010 at 7:24 am

    မျိုးကြီးသီချင်းလို
    တစ်နေ့တစ်နေ့ ပျင်းစရာကောင်းအောင်မိုးလင်းခဲ့တာပေါ့

Leave a Reply