အသက်ဝဝ ရှူခွင့်ရချိန်
ဝူးးးးးးးးးးးးးးးးးး
ပင်ပန်းနွမ်းနယ်မှူ ၊စိတ်ဖိစီးမှူတို့ကို …သက်ပြင်းတစ်ချက်ဖြင့် …ခပ်ကြမ်းကြမ်း …. မှုတ်ထုတ်လိုက်ပြီး ….. ထိုင်ခုံပေါ်တွင် ပစ်ထိုင်ချလိုက်သည် … ။ စက္ကန့်အနည်းငယ်ကြာအောင် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေမိသည် … ။ စိတ်ဖိစီးမှူတို့ ခဏတွင်းဖြေလျှော့လိုက်သောအခါ …. အနည်းငယ်လန်းဆန်းလာသလို ခံစားရသည် … ။ ရည်ရွယ်ကြံစည်ထားသော ကိစ္စတစ်ခု အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်၍ ကျေနပ်အားရစွာ ပြုံးမိလိုက်သည ်…. ။ ကျေနပ်အားရစွာ ပြုံးလိုက်မိခြင်းသည ် ကျွန်မအတွက်တော့ နောက်ကိစ္စတစ်ခု စလုပ်ရန် အားအင်ပင်ဖြစ်ပေတော့သည်… ။ ထွက်ခွာသွားသော ကွန်တင်နာကားကြီးကို မျက်စိထဲ မြင်ယောက်ပြီး … ကျေနပ်မိပြန်သည် … ။
%%%%%%%%%
အထည်ချုပ်စက်ရုံတစ်ခုတွင် TTMY ရာထူးဖြင့် အလုပ်ကျွေးပြုနေရသော ကျွန်မရဲ့ အခန်းကဏ္ဍက စိတ်ဖိစီးမှူများလွန်းလှသည် … ။ စက်ရုံထဲရှိလူများနှင့် ဆက်ဆံရာတွင်လည်း … ချော့တစ်လှည့် ၊ ခြောက်တလှည့်ဖြင့် ပညာကုန်စုံသုံးရသည် ။ မတစ်ထောင်ဖွားများနှင့် အတူအလုပ်လုပ်ရသောအခါ စိတ်အခန့်မသင့်သည်က ပိုများသော်လည်း … လုပ်ငန်းအဆင်ပြေပြေ လည်ပတ်စေရန် သည်းခံခြင်း ပညာကိုပါ လေ့လာရင်းနှီးအောင် ကျင့်ကြံခဲ့ရသည် … ။ စိတ်ဆတ်လွယ်တော ကျွန်မအတွက် လွယ်ကူသည့်အလုပ်မဟုတ်သော်လည်း … မိမိအသက်ရွယ်၊အနေထားနှင့် နှိုင်းယှဉ်ကာ ထိန်းချုပ်သင့်သည်များကို ထိန်းချုပ်ခဲ့ရသည် … ။
ကျွန်မယခုအလုပ်သို့ မိမိဧ။် ဆန္ဒမပါပဲ မိသားစုဝင်များ တိုက်တွန်းမှူကြောင့် ရောက်ရှိခဲ့သဖြင့် အမြဲတစေ အကြောင်းပြချက်ပေးကာ အလုပ်ထွက်ရန်သာ ကြိုးစားခဲ့ဖူးသည် ။ လွတ်လွတ်လပ်လပ်လှုပ်ရှား သွားလာနေခဲ့ရသော ဘဝမှ မနက်ရှစ်နာရီမှ ညနေ ငါးနာရီတိုင်အောင် ကွန်ပျူတာကြီးရှေ့ ပြူးတူးပြဲတဲ ထိုင်လုပ်ရသော အလုပ်ကို မနှစ်မြို့ခဲ့ပေ ။ ဗရမ်းဗတာ ပေါ့ပေါ့ပါးပါးနေတတ်သော ကျွန်မအတွက် စေ့စေ့စပ်စပ် အမှားမခံ sensitive ဖြစ်သော အလုပ်သည် ချုပ်တီးမှူတစ်ခုပင်ဖြစ်ရာ အမြဲလိုလို စိတ်ဖိစီးမှူကို ခံနေခဲ့ရသည် … ။ လုပ်ငန်းသဘောသဘာဝ မကျွမ်းကျင် နားမလည်သေးသည့်အလျှောက် ပြသနာပေါင်း သောင်းခြောက်ထောင်နှင့် လုံးပမ်းခဲ့ရသည် … ။ အပုတ်ခတ် ၊ အရွဲ့စောင်း ၊ အတင်းဖျင်းများကြားတွင် မျက်နှာကြောတင်းရင်း … ကိုယ့်ကိုယ့်ကို အားပေးကာ ကြိုးစားသင်ယူခဲ့ရသည် … ။ ကျေးဇူးတင်စရာ ကောင်းလောက်အောင် လူအများဧ။် အရွဲ့အစောင်းများသည် ကျွန်မအတွက် လေ့လာသင်ယူချင်လာစေရန် အားအင်တစ်ခု ဖြစ်လာတော့သည်… ။
ကျွန်မတို့ အလုပ်တွင် စက်ရုံပိုင်းနှင့် ရုံးပိုင်း ဟူ၍ နှစ်မျိုးရှိရာ … ပေါင်းသင်းဆက်ဆံရသူ ပမာဏ အလွန်များသည့် အလျှောက် … အကျင့်စရိုက် ၊ စိတ်ဓါတ်မျိုးစုံအောင် တွေ့ရသည် … ။ အသစ်ဝင်လာလျှင် ကောင်းကောင်းနှိပ်ကွပ်မည်ဟု ခံယူထားသော လူအများနှင့်လည်း တွေ့ဆုံခဲ့ရပြီး သဘာဝကပေးသော အတွေ့ကြုံတွေ တစ်သီကြီး ရခဲ့ဖူးသည် … ။ မခံချင်စိတ်သည် ဇွတ်အတင်းကြိတ်မှိတ်သင်ယူနိုင်သည့်စိတ်အဖြစ် ပြောင်းလဲပေးသော အခါ … အဆင်ပြေစွာ လုပ်ကိုင်လာနိုင်သည် … ။ ရက်မှ လသို့ကူးကာ လအတန်ကြာသောအခါ … အလုပ်နှင့်ပတ်သတ်၍ အဆင်မပြေမှူများ နည်းပါးသွားပြီး လူများဧ။် အရွဲ့စောင်းများလည်း နည်းပါးသွားကြောင်း သတိထားမိသည် … သို့သော် … အမြဲလိုလို မည်သည့်အမှားမျိုး ဖြစ်သွားနိုင်သည်ကိုတော့ … စိတ်တထင့်ထင်နှင့်ပင်စိုးရိမ်နေတတ်သေးသည် … ။ အမှားသေးသေးမှ စ၍ မထင်မှတ်ထားသော အမှားမျိုးစုံ … ပြုလုပ်မိသောအခါ … အမှားများမှ သင်ခန်းစာယူခွင့်ရပြန်လေတော့သည် … ။ လုပ်သက်တစ်နှစ်ကျော်ချိန်တွင်တော့ … အမှားအနည်းဆုံး အနေထားသို့ရောက်လာပြီး အမှားပြုလုပ်မိသောအခါတွင်လည်း မည်ကဲ့သို့ ကျော်လွားမည်ဟုသော အသက်သာဆုံးသော ဆုံးဖြတ်ချက်မျိုး ချလာနိုင်ခဲ့သည် … သို့သော် ခြောက်ပစ်ကင်းသည်းလဲစင် အခြေနေမျိုး မဟုတ်သေးပေ … ။ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် စီမံခန့်ခွဲ ခွင့်အပြည့်ဝမရနိုင်သေးချေ … တစ်ခါတစ်ရံ အမှားလုပ်မိမှာစိုးသဖြင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့် သေးငယ်သည့်ကိစ္စများကိုပင် တုံ ့ဆိုင်းနေမိတော့ သည် … ။ လုပ်သက်နှစ်နှစ်နီးပါးရချိန်တွင် …. အလုပ်ထွက်ရန် ကြိုးစားနေသော စိတ်ကူးလည်း အလိုလိုပျောက်သွားကာ အရာရာကိုကြိုးစားသင်ယူနေတော့သည်… ။ ထိုအချိန် ကြိုးစားမှူကို အသိမှတ်ပြုလာသော ကိုရီးယားလူမျိုး GM က ကျွန်မကို ဂျာမဏီအော်ဒါ တစ်ခုလုံး အစဆုံး စီမံခန့်ခွဲစေရန် တာဝန်ပေးလေတော့သည် … ။ သွန်ချင်သလိုသွန် .. မှောက်ချင်သလိုမှောက်ခွင့်ရသောအခါ … ပို၍အာရုံစိုက် သတိထားကိုင်တွယ်ရလေတော့သည် .. ။
တခြားစက်ရုံများမှာလို … ခုံပေါ်က ထိုင်က ဖုန်းလေးဆက်ပြီး ညွှန်ကြားစီစဉ်လို့ ရတာမျိုး မဟုတ်သဖြင့် … မတစ်ထောင်ဖွားများနှင့် ဆက်ဆံရသောအချိန် … သွေးတိုးစမ်းမှူများလည်း ကြုံခဲ့ဖူးသည် … ။ ခိုင်းစေထားသော ကိစ္စများ အဆင်ပြေပါရစေမည်ဟု ပြောသော်လည်း … အချိန်မှီမပြီးစီးခြင်း ၊ အဆင်မပြေ ထော်လော်ကန့်လန့်လုပ်ခြင်းများနှင့်ကြုံရသည် … ။ ထိုအချိန် ဆက်ဆံပြောဆိုရာတွင် … ၎င်းတို့ထက် နှစ်ဆ … ရိုင်းစိုင်းကြမ်းတမ်းပြမှသာ … နောက်ပိုင်း အေးအေးလူလူပြောဆို၍ရတော့သည် … ။ တာဝန်ယူမှူအပိုင်းကြီးလာသည်နှင့် အမျှ စိတ်ဖိစီးမှူလည်း များလာသည် … တစ်ခါတစ်ရံ လတ်လျားလတ်လျားဘဝကို ပြန်တောင့်တမိသည် … ။ အချို့သော စက်ရုံများနှင့် ဆက်ဆံရသောအခါ …သူတို့ဘဝကို အားကျလှသည် အလုပ်ချင်းအတူတူ သူတို့မှာ အောက်ခြေထိ ဆင်းကြည့်စရာမလို ထိုင်ခုံမှ စေတလုံးသုံးကာ ညွှန်ကြားနိုင်စွမ်းရှိလှသည် … ။ ကိုယ်ကလွဲကာ မည်သူ့ကိုမှ အယုံကြည်မရှိသော စိတ်ကြောင့်လည်း … လိုအပ်သည်ထက် ပိုပင်ပန်းခဲ့ပြန်သည် … ။ လုပ်သက်လေးနှစ်ရချိန်တွင်တော့ … GM ကောင်းမှူဖြင့် အီတလီအော်ဒါတစ်ခုပါ လက်ခံဆောင်ရွက်ခွင့်ရခဲ့သည် … ။ ယခင်လုပ်ကိုင်နေသော တစ်ယောက်မှာ တခြားအလုပ်များ အပိုဆောင်း လုပ်ရသဖြင့် မနိုင်မနင်းဖြစ်လာသောအခါ … အီတလီအော်ဒါတစ်ခု ကျွန်မလက်သို့ ရောက်ခဲ့ပြန်ပြီ … ။ အီတလီအော်ဒါရော ၊ ဂျာမဏီအော်ဒါပါ လုပ်ငန်း သဘောသဘာဝအရ တူသော်လည်း …. Europe နိုင်ငံဖြစ်သည့်အလျှောက် ကွာလတီအရေးပေးလွန်းကြသည် … ။
ကုန်ကြမ်းများ ထောက်ပံ့ပေးသော ကျွန်မတို့ ရုံးခွဲ Shanghai (China) ရှိလူများနှင့် လည်းကောင်း ၊ အထူးတလည် ပစ္စည်းများ ပိတ်စများ ထောက်ပံ့ပေးသော Korea (Seoul) ရုံးခွဲရှိလူများနှင့်လည်းကောင်း … Bank ကိစ္စအဝဝ ၊ ပိုက်ဆံပေးရန် ၊ ရရန် အဝ ဝကိုပါ တိုင်ပင် ညှိနှိုင်းရသော Jakarta (Indonesia) ရုံးခွဲ ရှိလူများနှင့်လည်းကောင်း အချိတ်ဆက်မိမိ … တစ်ခါတစ်ရံ ရန်ဖြစ်လိုက် … တစ်ခါတစ်ရံအဆင်ပြေလိုက်နှင့် ရုန်းကန်လှုပ်ရှားကာ ပူးပေါင်းလုပ်ဆောင်ကြရသည်… ။ သို့သော် … အီးမေးလ်တတန် ၊ ဖုန်းတတန်ဖြင့် ဆက်သွယ် ရခြင်းမျိုးပင်ဖြစ်ခဲ့သည် … ။ တို့အတူ … အော်ဒါများချပေးပါသော .. အီတလီ နှင့် ဂျာမဏီမှ buyer များကိုလည်းကောင်း … ၎င်းတို့ဧ။် ကျောထောက်နောက်ခံ … final customer များသို့လည်းကောင်း .. တခါတရံ လိုအပ်လျှင် လိုအပ်သလို … ဆက်သွယ် ဖြေရှင်း ၊တောင်းဆို၊ ညှိနှိုင်း ရသည် … တစ်ခါတစ်ရံ … မည်သို့မျှသော အကြောင်းကိစ္စအထွေထူးမရှိပါပဲ …. Greeting လုပ်ရသည်များလည်း ရှိသည် … အယုတ်စွဆုံး .. ၎င်းလူများ … မြန်မာနိုင်ငံလာသည့် အခါ ….. တောက်တိုမယ်ရ လုပ်ပေးရပြန်သည် … ။ ထိုမျှမကသေးပဲ … ၎င်းတို့ အားကိုးရသော … တက်ကနေရှင်များစေလွှတ်ကာ … ဟိုတယ်တွေ နေစေပြီး … production လုပ်နေချိန် စက်ရုံသို့ နေ့စဉ် လာစစ်စေသည် … ။ ထို့သို့သောအခါမျိုးတွင် … ၄င်းတို့ ကွန်ပလိန်းတက်သမျှ ပြုံးဖြီးဖြီးနှင့် နွားပွဲစားလို သွားဖြဲပြရပြန်သည် … ကိုယ်ကိုယ်တိုင်လည်း အကျီ င်္ တစ်ထည်ဖြစ်ဖို့… အပ်ချည်တစ်ပေါက်တောင်ဝင်ချုပ်ထားသည် မဟုတ်သော်လည်း …ကွန်ပလိန်းတက်သောအခါ … နားပူခံရပြန်သည် … ။
လူ့လောက သဘာဝအရ …လုပ်ငန်း အဆင်ပြေစွာလည်ပတ်နေလျှင် မည်သူမှ အထူးတလည် ချီးမွမ်းခန်းမဖွင့်ခဲ့သော်လည်း … တစ်စုံတစ်ရာ အခက်ခဲဖြစ်သည့်အချိန်တွင် အပြစ်တင် ရှုံ့ချရန် အသင့်ရှိနေကြသည် … ။မိမိပယောဂပါသည်ဖြစ်စေ … မပါသည်ဖြစ်စေ … စက်လိုင်း တစ်နာရီရပ်လျှင်ပင် ကမာ္ဘပျက်မတတ် … ကျွက်ကျွက်ညံနေတတ်သည် ….. ။ (လုပ်အားခ ၊လစာ ၊လျှပ်စစ်မီးအသုံးပြုမှူများက အချိန်နဲ့ တပြေးညီ အချိုးကျနေတာကိုး ) မည်သို့ပင်ဖြစ်စေ … ကိုယ့်လှေကိုယ်ထိုးပဲခူးရောက်ရောက် ဆိုသကဲ့သို့ ..…. ကိုယ့်တက်ဖြင့်ကိုယ်လှော်ပါမှ ရေဆန်တက်နိုင်မည်မို့ … အမြဲတစေ သွေးတိုးစမ်းခဲ့သော အခက်ခဲများကို စိတ်ဓါတ်ပြင်းပြင်းဖြင့် ကျော်လွှားခဲ့ရသည် … ။ ယခုအော်ဒါသည် … အ ချိန်ရသည့်အလျှောက် … သဘောင်္ဖြင့် တင်ပို့ရသော sea shipment ဖြစ်သဖြင့်… လေယာဉ်ဖြင့် တင်ပို့ရသော Air shipment လောက် စာရွက်စာတမ်းပိုင်း အထွေထူး မရှိကာ … အနည်းငယ်အသက်ရှုချောင်သည် … ။ မည်သည့်အချိန်တိုင် စိတ်ဖိစီးမှူများသည့်အလုပ်ခွင်တွင်း နေထိုင်ရဦးမည် မသိသော်လည်း … ယခုလို shipment တစ်ခုထွက်ချိန် သက်ပြင်းတစ်ခါချ၍ ခဏအမောဖြေရတော့သည် … ။ ။
(ဒီနှစ်အတွက် 1st shipment ထွက်ချိန် ဖြစ်ပေါ်လာသော ပေါ့ပေါ့ပါးပါးစိတ်ကို အမိရဖမ်းဆုပ်ကာ … စာရွက်ပေါ်တင်လိုက်ဖြင်းဖြစ်သည် 😛 😛 )
13 comments
စုံ စုံ
August 25, 2011 at 4:32 pm
etone ရဲ့အလုပ်အကြောင်းတွေဖတ်ရင်းနဲ့
ကိုယ်ပါအသက်ရှုမဝသလိုဖြစ်လာတယ်
ဒီလိုပါဘဲလုပ်ငန်းခွင်မှာတော့
စစချင်းတော့စီနီယာတွေကပညာပြကြတယ်(အများစုပေါ့)
တချို့ကြတော့လဲတကယ်စိတ်ရင်းကောင်းကောင်းနဲ့ကိုသင်ပေးကြပြန်ကော
လူအမျိုးမျိုးပေါ့လေ
ဘာဘဲဖြစ်ဖြစ် လူဆိုတာအတိုက်အခံရှိမှတိုးတက်မှုရှိတာပါ
အခုဆိုကြည့်လေ
ဟိုးအရင်အလုပ်စဝင်ကာစ etone နဲ့ အခု etone တူသေးလို့လားလို့
ဟုတ်တယ်မလား
ဂုဏ်ယူလိုက်စမ်းပါ
etone
August 25, 2011 at 4:49 pm
ဟုတ်တယ်စုံစုံရေ.. အတိုက်ခံတွေက မခံချင်စိတ်ကို နှိုးဆွပေးလိုက်တာပါပဲ … သူတို့တွေရဲ့ ကျေးဇူးနဲ့ .. အဆင်ပြေပြေ လုပ်ကိုင်နိုင်ခဲ့တာ … ။ နေတတ်လျှင်တော့ .. ကျေနပ်စရာကြီးပေါ့ ဟိဟိ .. 😛 😛
ဆူး
August 25, 2011 at 8:13 pm
အလုပ်တခု ပြီးတော့ နောက်တခု လာအုန်းမှာပေါ့..
အာဂျား.. အာဂျား.. ဖိုက်တင်း.. ဟိဟိ.. ကြိုးစားထား။
မီးမီး သော်
August 25, 2011 at 10:42 pm
မမအိတုံရေ TTMY ဆိုတာဘာလဲပေးသိပါဦး။မမအိတုံက အလပ်ထဲမှာပျော်နေပီပေါ့–
etone
August 26, 2011 at 9:08 am
TTMY ဆိုတာကတော့ …တောက်တိုမယ်ရပါတဲ့ မော်မော်သီးရေ … 😀
မီးမီး သော်
August 25, 2011 at 10:43 pm
မမအိတုံရေ TTMY ဆိုတာဘာလဲပေးသိပါဦး။မမအိတုံက အလုပ်ထဲမှာပျော်နေပီပေါ့နော်
ကြောင်ကြီး
August 26, 2011 at 10:22 am
အသက်ရူသိပ်ကြပ်နေရင် အီးတုံးဘဲကြီးဆေးရုံက အောက်ဆီဂျင်ဗူးယူပြီး တဝရှုလိုက်လေ…။ နိုက်ထရိုဂျင်ဗူးနဲ့တော့ မမှားစေနဲ့နော်။ 😛
etone
August 26, 2011 at 11:05 am
ခဏခဏ အလုပ်ပင်ပန်းတယ် ငြီးလွန်းလို့ … ထွက်ခိုင်းနေတာ ကြာပြီ … ( အိမ်မှာထိုင်နေလျှင် ဘယ်သူလုပ်စာ စားရမလဲနော် 🙁 ) အလုပ်ဆင်းချိန်ကျလျှင် …ကိုးဆယ့်ခြောက်ပါး ရောဂါ အကုန်ဖြစ်နေလို့ …..ဆေးမျိုးစုံထည့်ပေးထားတယ် …သွားလေရာဆောင်သွားရအောင်တဲ့ … 🙁
ရွာထဲမှာပဲ အသက်ရှူကြပ်တယ်ပြောရဲတာပါ ….သူ့ရှေ့များ ယောင်ရမ်းပြီး မပြောရဲဘူး… ။ တော်ကြာ အောက်ဆီဂျင်ဗူးကြီး ကျောပိုးပြီး သွားလေရာယူခိုင်းလျှင်ဖြင့် … ငါးပါး ဆယ်းပါး မှောက်ကုန်လိမ့်မယ် 😛
Shwe Ei
August 26, 2011 at 10:48 am
မီးတို့တော့ ပထမဆုံးလုပ်ဖူးတဲ့ Heavy Machinery ကုန်မဏီမှာ etone ပိုစ့်ထဲကလို ဒွတ်ခတွေခံစားပြီး လုပ်သက် ၃နှစ်အကြာမှာ အလုပ်ပြုတ်တဲ့ဘဝ ရောက်သွားတာဘဲ။ (အခုတော့ လူမှုရေးအလုပ်တွေ လုပ်ရတာပျော်နေပြီ။) ကုန်မဏီကလူတွေကိုတော့ သင်ခန်းစာတွေဝိုင်းပေးကြလွန်းလို့ ကျေးဇူးတင်တယ်။
နွယ်ပင်
August 26, 2011 at 11:00 am
etone ရေ ” ကျေနပ်အားရစွာ ပြုံးလိုက်မိခြင်းသည ် ကျွန်မအတွက်တော့ နောက်ကိစ္စတစ်ခု စလုပ်ရန် အားအင်ပင်ဖြစ်ပေတော့သည်… ။ ” ဒီစာသာလေးတော့ သဘောကျတယ် တိုက်ဆိုင်နေလို့လေ ..
ဒီလိုပဲ ခဏခဏ ပြုံးဖြစ်နေတယ်မဟုတ်လားဟင် …………
etone
August 26, 2011 at 11:08 am
ဟုတ်တယ် နွယ်ပင်ရေ … လက်လျှော့ပြီး ထွက်ပြေးဖို့ တွေးမိပေမဲ့ .. တကယ်တမ်း … ဒူပေဒါပေနဲ့ .. အလုပ်မြဲနေခဲ့တယ် … ။ အဆင်ပြေသွားတော့လည်း … ပြုံးမိပါတယ် … ခဏခဏပြုံးမိသလို … ခဏခဏ စိတ်ညစ်တဲ့ အချိန်တွေလည်း ကြုံဖူးခဲ့တယ် … ။ 🙂
koyin sithu
August 26, 2011 at 1:50 pm
မအိတုံ… အထည်ချုပ်လောကမှာ နှစ်တော်တော်ကြာ လုပ်နိုင်တာချီးကျူးပါတယ်ဗျာ…
ကျနော် အထည်ချုပ်စက်ရုံတစ်ခုမှာ TTMY နဲ့လုပ်တုန်းကဆိုရင် မတစ်ထောင်ဖွားတွေနဲ့
စရိုက်အမျိုးမျိုး စိတ်ဓါတ်အမျိုးမျိုးကို အုပ်ချုပ်ရတာ တော်တော်မလွယ်ပါဘူးဗျာ… ကွန်တိန်နာ ဒိတ်နီးရင်လည်း
ကိုယ်တိုင်တောင် ပါကင်ဝင်ပိတ်၊ အပ်ပေါက်ရာ ကိုယ်တိုင်ဝင်စစ်၊ GF က ကြူစီ တွေနဲ့ စကားအချေအတင်များ ဖူးတာတော့ အမှတ်တရပါ။ ဘောစိကတစ်မျိုး… အောက်က လူတွေကတစ်မျိုးနဲ့ ရူးတောင်ရူးချင်ခဲ့ပါတယ်… အဲ့ဒီတုန်းကဆို ကိုယ်ပိုင်အချိန်ဆိုတာ မရှိတော့လောက်အောင်ပါပဲ… ခုတော့ cutting… washing… finishing တွေဆို မြင်တောင် မမြင်ချင်တော့ပါဗျာ… မအိတုံ စိတ်ဖိစီးမှုတွေအောက်မှာ ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်နိုင်ပါစေ…
etone
August 26, 2011 at 2:09 pm
Thank you ပါ ကိုရင် စည်သူရေ … garment field ထဲက လူတွေ ဒါကြောင့်ရှိရင်းစွဲထက် အိုစာကြတာ ထင်ပါရဲ့ … ။လုပ်ရင်း ကိုင်ရင်း အော်ဟစ် ငြင်းခုန်ရင်းနဲ့ .. အချိန်တွေ က ုန်မှန်း မသိ ကုန်သွားခဲ့တာလေ … ။ တစ်ခါတစ်လေ ပြန်တွေးမိရင်း … ငါဒီလိုဘဝနဲ့တသက်လုံးနေသွားရတော့မှာလား ဆိုတဲ့ အတွေးနဲ့ … စိတ်ရှုပ်မိတယ် … ။ ပြောရလျှင် အလုပ်ကိုသံယောဇဉ်တော့ဖြစ်နေပြီလေ … 😀