ပျောက်ဆုံးခြင်း
ပျောက်ဆုံးခြင်း
မင်းမရှိတော့
နှင်း၏ညက်ညော
သည်ဆောင်းတောပင်
မပျော်ချင်ဘူး…။
နွေဦးရင်ငွေ့
လောင်ကျွမ်းမြေ့စေ
ဆယ်နေ ပူပြင်း
မိုးမင်းမရွာ
အာကာ မှောင်ဖုံး
ညလုံး ကြယ်ပျောက်
လရောင် နောက်ကျိ
နေမထိ ပန်း
မစိမ်းလန်းဘူး…။
အရူးတပိုင်း
သေရည်မှိုုင်းမိ
လှိုင်းဒဏ်ပိသည့်
ရွက်မရှိလှေ
လူးလွန့်နေသို့
ဘယ်ချိန်တိမ်းမှောက်
မကြောက်တတ်ပြီ
နရီ ပျက်ယွင်း
သေမင်း လှောင်ပြုံး
ဘဝရှုံးလည်း
နှလုံးကွဲကြေ
မကြေညာဘူး…။
ယစ်မူးမာယာ
လှကညာလည်း
အားမနာတတ်
လာလှည့်ဖိတ်ခေါ်
စိတ်မပျော်ရွှင်
ဘဝင်မလှိုက်
ငိုရှိုက်မရဲ
မလွမ်းဘဲလေ
မသေချာဘူး…။
မြေမှာမူးလဲ
ရင်ထဲသိမ်းထား
သူ…စိမ်းကား၏
သူစိမ်းအားငယ်
အပယ်ခံမို့
ကံလိုလို့ ယိမ်း
မိန်းခလေးမြင်
ကောင်းကင်လျှပ်စီး
ရင်ထက်မီးလျှံ
ငရဲခံ…သို့
အိပ်မက်ညှို့ယူ
အပူပြင်းအား
ဘေးတိုက်စားလျှက်
ခြောက်ကပ်တိတ်ဆိတ်
ဝန်းကျင်ဆိတ်ငြိမ်
တိမ်ညို တိမ်ပြာ
ဝဠာ ယှက်သန်း
လျှပ်ပန်း ခိုးဝေ
မိုးစွေ ထစ်ချုန်း
ရွာအုံးမလား
ငြိမ်းမသွားဘူး…။
မှားဖူးတစ်ခါ
ဒဏ်ရာတစ်သက်
ဖြေဖို့ခက်လိမ့်
နှိပ်စက်အမြဲ
အသည်းကွဲ နာ
ဘယ်မှာရှာဖွေ
မွန်းတည့်နေပြို
သမားအိုလည်း
ငိုပွဲဆင်ခက်
တိမ်နက်မသိ
မချိလက်မှိုင်
မကုနိုင်ဘူး…။
အမူးသမား
သေရည်ခါးမြို
ညတာတိုလည်း
အသည်းဗလာ
မြည်းမပါဘဲ
ယင်းနာစဲဖို့
နှင်းခဲဝါးမြို
ဆောင်းခိုသည့်ငှက်
ရတက်ပွေလူး
ရေမကူးလည်း
နှင်းသည်းထဲမှာ
ဖော် မပါဘူး…။
လူးလိမ့်ကျောပြင်
ညအိပ်ချင်လည်း
စိတ်ထင်စွဲသည်
မကြင်မျက်ဝန်း
လဝန်း ယှဉ်ခိုင်း
ပမာ နှိုင်းဆ
ညက တိတ်ဆိတ်
မှိတ်လျှက် မြင်ယောင်
ကယောင်ချောက်ချား
ကိုယ့်အနားတိုး
ဒီညမျိုးတွေ
သိပ်များနေပြီ
သံစဉ်မရှာ
ဂစ်တာ မတီး
တေးမညည်းတတ်
ကဗျာစပ်လည်း
ကာရန်မဲ့နေ
ညလေပြေကို
ဝန်တိုစိတ်နှင့်
ရင်ဖွင့်မိမည်
ဟိုဒီ အတွေး
အချိန်ပြေးလွှား
လေး ငါး နာရီ
အရုဏ် ရီဝေ
နွေ မနက်ခင်း
အမှောင်လင်းထိ
မျက်တွင်းဟောက်ပက်
ခေါင်းငိုက်စိုက်လည်း
ထိုင်းမှိုင်းသည့်စိတ်
အိပ်မရဘူး…။
ညကူးနေ့ရောက်
အာရုံနောက်ကျိ
မချိ မဆန့်
တွေဝေလန့်ထိတ်
တရိပ်ရိပ်မူူး
အရုဏ်ဦးမှာ
ဦးဏှောက် ချာလည်
ခေါင်းဘယ်ညာရမ်း
ကြမ္မာလမ်းကွေ့
ထိုကားရှေ့မှောက်
အိပ်ဆေးသောက်မိ
ငါ…မသိပြီ
ငါ ရှိသည်လား
အိပ်ပျော်သွားမှ
အနားရမည်
ယာယီအတွေး
ခဏလေးပဲ
အော်သံစဲမှ
ငါ့ကိုယ်ငါ ရှာ
ငါ…ဘယ်မှာလဲ
သိနိုင်ဘဲလေ
မရေရာဘူး…။
လေဟာနယ်ထဲ
လွင့်သွားဆဲမှာ
မြင်တာ အကုန်
အာရုံဝေဝါး
အော်ခေါ်ငြားလည်း
မကြားလေခြင်း
သူငယ်ချင်းတွေ
ဘာလုပ်နေလဲ
လူကြားထဲမှာ
ဘာရှာသလဲ
ငါ မေးလည်းလေ
ပြန်မဖြေဘူး
လေရူးတိုးဝှေ့
ထိတွေ့မရ
အားမရလို့
အနားသို့ ချဉ်း
ငါ့မြင်ကွင်းမှာ
ထူးဆန်းတာလား
ငါ့ကိုယ်ပွားလေ
သွေးလွမ်းနေဆဲ
ငြိမ်သက်လှဲလျောင်း
ပလက်ဖေါင်းဘေး
ခေါင်းတင်မှေးစက်
ရုပ်ဆင်းပျက်၍
အံ့ဩ လန့်ထိတ်
မျက်လုံးဝေ့ကြည့်
မြင်မိသည်ထင်
တကယ်ပင်လား
အမြင်မှားလည်း
မသဲကွဲဘူး…။
အမြဲပဲလေ
စိမ်းကားနေလျှက်
မုန်းနေတဲ့ ခင်
မကြင်သူလေး
ငါ့နံဘေးမှာ
ထိုင်နေရှာသည်
ငိုနေသည်လား
သူ့ပါးပြင်ထက်
ရေစက်ခိုတွယ်
အို…တကယ်ပင်
ငါ့ရင်မွန်းကြပ်
မမြင်ရက်လို့
ဖယ်သုတ်ဖို့ပြင်
တမင် တကာ
ရှောင်ခွာ အဝေး
ထွက်ပြေးတာလား
ဘာမှားနေလဲ
လေထဲဒြပ်မဲ့
ငါရူးခဲ့ပြှီ
အိပ်မက်ပင်လော
တွေးရင်းမောလာ
လူတကာ ကြဉ်
သည်ဝန်းကျင်ထဲ
ငါပဲ လွဲပေါ့
နေရဲတော့ဘူး…။
လူနှင့် ဝေးရာ
ငါပြေးလာခဲ့
ဘေးမှာထပ်ကြပ်
အနားကပ်လို့
ပိတ်ဆို့ ဆီးတား
ဘယ်လူများလဲ
နီရဲ မျက်လုံး
ကိုယ်လုံး မည်းနက်
နားရွက် ကားကား
သွားက ရှည်ရှည်
ကြောက်ဖွယ်လေလား
ရုန်းကန်ငြားလည်း
ငါ့လက်စွဲလို့
ဘယ်သို့ ခေါ်နေ
အော်နေသော်လည်း
မကြားဘဲနှင့်
မှောင် အတိသို့…။
မှောင်အတိသို့
ငါ့စိတ်တို့လည်း
လွင့်ပါဆဲမှာ
အရာရာသည်
မှုန်ရီဝေဝါး
မှုန်ရီဝေဝါး
ပြီးဆုံးသွားပြီ
ငါသည် ပျက်သုဉ်းခဲ့ခြင်းလား?
သို့မဟုတ်လျှင်
ငါပင် ပျောက်ဆုံးသွားပြီလား?
အော်…
ငါလေ ပျောက်ဆုံးခဲ့သည်လား…???။ ။
(ဒဏ္ဍာရီလား
နှလုံးသားနှင့်
အတ္တချစ်ခြင်း
ဘဝရင်းသည့် ဇာတ်သိမ်းခန်း
ငရဲခန်း……………………..မှာ။ ။
တောက ကိုရင်
10 comments
မီးမီး သော်
August 28, 2011 at 6:21 pm
နွေ၊မိုး၊ဆောင်း သုံးရာသီ လုံးမှာ ကိုရင်မလွမ်းတဲ ့နေ ့ကို ကဗျာ မှာရှာလို ့ကိုမတွေ ့ပါလားနော်–
koyin
August 28, 2011 at 9:11 pm
ဒါတောင် သုံးရာသီပဲရှိလို့ ရှိသလောက်လေး လွမ်းလိုက်ရတာနော်….
ဟွန်း
လေးရာသီသာ ရှိလို့ကတော့ မျက်ရည်ဖြိုင်ဖြိုင်ကျသွားမယ်
မီးမီး ပျော်ရွှင်ပါစေ…
forever
August 28, 2011 at 8:13 pm
ကိုရင်ရေ..
စကားလုံးတွေ ကာရံ နဘေတွေ
အယူအဆတွေနဲ. သိပ်ကိုကောင်းပါတယ်
တခုဘဲစေတနာနဲ.ပြောချင်တယ်
ကဗျာဆိုတာ..သိပ်ရှည်ရင်ပျင်းစရာကောင်းတယ်
ထိထိမိမိနဲ. ကဗျာတွေ ဆက်ရေးနိင်ပါစေ
အားပေးနေမယ်
koyin
August 28, 2011 at 9:18 pm
ဟုတ်
ကျေးဇူးတင်ပါတယ်..
ကဗျာက အရမ်းရှည်နေတယ်ဆိုတာလည်း သိပါတယ်
ဒါပေမယ့် လက်စက သတ်လို့မရလို့ အရှိန်တက်သွားတာ
တောင်းပန်ပါတယ်
ခုလို တခုတ်တရ အကြံပေးတဲ့အတွက် ကျေးဇူးနော်
ထာဝရ ပျော်ရွှင်ပါစေ…
nature
August 28, 2011 at 10:11 pm
ကိုရင်ရေ ကဗျာကတော့ကောင်းပါတယ်။ စာလုံး ဒီအရောင်ကြီးကဖတ်ရတာတမျိုးကြီးပဲ။
koyin
August 28, 2011 at 10:32 pm
ဟုတ်
တောင်ပံပါရင် မင်းဆီကို
အဲလေ
တောင်းပန်ပါတယ်ဗျာ
နောက်တခါ ဂရုစိုက်ပါ့မယ်
အားပေးပြီး ဝေဖန်ပေးတာ ကျေးဇူးနော်
သဘာဝတရားကြီးက လှပနေပါတယ်
ပျော်ရွှင်ပါစေ…
ရွှေအိမ်စည်
August 29, 2011 at 12:26 am
ငါ့တို ့က နိုင်ဆိုဒ်မှာနောက်ခံ ကအမဲကိုး.
.ဒီမှာကအဖြူဖြစ်နေတော့ဒီ ကလူတွေ စိမ်းနေကြမယ်…
အပြာရောင်သုံးရင်တော့..ဒီထဲ အဆင်ပြေမယ်…
နင်…ဧဒင်ကဘလော ့ကဆို ရင်အရောင်ကိုအပြာရောင်အရင်ပြောင်း….
saveတော့မလုပ်ခင်မိစေနြ ့ ကော်ပီကူးပေါ.ံ…..
ဒါဆိုရင်..ဒီကလူတွေ ဖတ်ရတာအဆင်ပြေမယ်…အဖြူနောက်ခဲ နဲ ့က..အပြာ..ခရမ်းရင့် ဘဲလိုက်တယ်လေ..
ပြင်ပေးလိုက်ပါဟာ……ငါသူငယ်ချင်းက..လိမ်မာတယ်ဟုတ်
..
koyin
August 29, 2011 at 5:15 pm
ဟုတ်ပ ထိပ်ထား
ကိုရင်က လိမ္မာပါတယ်နော်
ခက်တာက ပြင်တတ်ဘူးကွ
ဘယ်လိုလုပ်ရလဲ အဟီး
နောက်ဆို အပြာရောင်နဲ့ပဲ တင်ရင် အဆင်ပြေမယ်ထင်တယ်နော်
ပြောပြတာ ကျေးဇူး
ထိပ်ထားလေး ပျော်ရွှင်ပါစေ…
windtalker
August 29, 2011 at 8:05 pm
ပျက်စီးခြင်း
ပြိုကွဲခြင်း
ကြေကွဲခြင်း
ပျောက်ဆုံးခြင်း ….
ရဲ ့အနောက်မှာ..အဖြေ
တစ်ခုတော့ သိချင်တယ် ( လေးဖြူ သီချင်းမှ )
koyin
August 29, 2011 at 9:11 pm
အဖြေသိချင်လား
ပျက်စီးခြင်း
ပြိုကွဲခြင်း
ကြေကွဲခြင်း
ပျောက်ဆုံးခြင်းရဲ့ အနောက်မှာလေ
တစ်ခုပဲ ရှိတယ်
သေဆုံးခြင်းးးးးတဲ့
ဟီး
ငါးမဲ သီချင်းမှ
ကိုရင်ဆိုထားတာ
ပျော်ရွှင်ပါစေ…