နင်ဂျာ
သူလျှိုလုပ်ငန်းသည် လက်နက်ကောင်းတစ်ခု
ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာခန် ့က စစ်ပါရဂူဆွန်ဇူး ကသူ၏ စစ်အတတ်ပညာကျမ်းတွင်ဤသို ့ဆိုခဲ့သည်။
လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းမရှိဘဲ ရန်သူကိုအောင်နိုင်ခြင်းသည်စစ်အတတ်ပညာကျွမ်းကျင်မှု
အထွဋ်အထိပ်ဖြစ်၏။တိုက်ရိုက်အသုံးချစစ်ဗျူဟာများသည် တိုက်ခိုက်နေသောစစ်မြေပြင်တွင်သာအသုံးကျ၍
သွယ်ဝိုက်တိုက်ခိုက်သောနည်းဗျူဟာများသည်သာလျှင် ပိုမိုစစ်မှန် ကြာရှည်ခံသော အောင်မြင်မှု
ဆီဆောင်ကြဉ်းပေးနိုင်သည်။
ရန်သူတိုင်းပြည်အတွက်တန်ဖိုးရှိသော အရာမှန်သမျှ ပူးသတ်နှောင့်ယှက်ရမည်။ရာဇဝတ်မှုများထူပြောလာအောင်
ရန်သူနိုင်ငံရှိရာဇဝတ်နှိမ်နင်းရေးတွင် အဓိကကျသောအင်အားစုများတွင်သူ့လူကိုယ့်ဘက်သားအဖြစ်ပါဝင်ကာနှောင့်ယှက်
ဖျက်ဆီးရမည်။ထိုသူများ၏ ရာထူးအာဏာများကို ကိုင်လှုပ်ရမည်။ဂုဏ်သိက္ခာကိုထိခိုက်အောင်လုပ်ရမည်။ ၎င်းတို့အပေါ်
တိုင်းသူပြည်သားများ၏အထင်အမြင်သေးမှု၊လှောင်ပြောင်သရော်မှုများဖြစ်စေရမည်။၎င်းတို့အပေါ်တိုင်းသူပြည်သားများ၏
ယုံကြည်ကိုးစားမှု၊လေးစားကြည်ညိုမှုများလျော့နည်းပျက်စီးအောင်လုပ်ဆောင်ရမည်။
သူခိုး၊ဓားပြ၊သူတောင်းစား စသူတို့ထံမှ အကူအညီကိုပင် မငြင်းပယ်ရ။လိုအပ်လျှင် မည်သူ့ထံမှမဆိုယူရမည်။ရန်သူနိုင်ငံ
အစိုးရ၏လုပ်ငန်းမှန်သမျှနှောင့်ယှက်ရမည်။ရန်သူနိုင်ငံ၏တိုင်းသူပြည်သားများစည်းလုံးမှုပြိုကွဲအောင်လုပ်ရမည်။အငြင်းပွားဖွယ်
ကိစ္စများဖြစ်အောင်ဖန်တီးရမည်။ လူငယ်များကလူကြီးများကိုအာခံတော်လှန်အောင်မှိုင်းတိုက်ပေးရမည်။ရန်သူနိုင်ငံ၏စစ်
အင်အား၊ထောက်ပံ့ရေး၊တပ်တွင်းစည်းကမ်းများစသည်တို့ကိုနည်းမျိုးစုံဖြင့်ယိုင်နဲ ့အောင်လုပ်ရမည်။ဖြိုဖျက်ရမည်။
ရှေးရိုးအစဉ်အလာ အယူသီးမှုများကိုလျော့ချရမည်။သတင်းဝယ်ယူရာတွင်လည်းကောင်း၊ကြံရာပါများရှာဖွေရာတွင်
လည်းကောင်းငွေကြေးနှင့်ကတိတို့ကို ရက်ရောစွာသုံးစွဲပါ။မချွေတာရ။လျှို့ဝှက်သူလျှိုများကို နေရာအသီးသီး ဘက်အသီးသီး
သို့စေလွှတ်ရမည်။မိမိဘက်တော်သားသူလျှိုများအတွက်လည်းငွေကြေး၊ကတိစသည်တို့ကိုရက်ရောစွာပေးရမည်။ထိုမှသာလျှင်
သူတို့သည်မြင့်မားသောအဖိုးတန်လုပ်ဆောင်ချက်များကိုလုပ်ဆောင်ရရှိနိုင်ပေမည်။
အထက်ပါစာပိုဒ်သည် ဆွန်ဇူး၏ စစ်အတတ်ပညာကျမ်းမှ ကောက်နှုတ်ချက်ဖြစ်ပြီး နင်ဂျစ်ဆုသိုင်းပညာသည်ဤ
အပေါ်တွင်အခြေခံထားပေးသည်။ဆွန်ဇူးသည် အတော်မှန်ပါသည်။သူလျှိုလုပ်ငန်းသည်လက်နက်ကောင်းတစ်ခု
အဖြစ်စွမ်းကြောင်းထပ်မံပြောစရာမလိုပါ။
ကိုယ်ယောင်ဖျောက်အတတ်ပညာတစ်ခုဖြစ်သောနင်ဂျစ်ဆု သည်ပိုမိုရှေးကျပေသည်။ထို့ပြင် ၁၅ရာစုနှောင်းပိုင်းတွင်မွေး
ဖွားသော မာခီယာဗယ်လီ သည်လည်းထိုသို့အမြင်မျိုးရှိပေသည်။မြင့်မားသောစစ်စရိတ်သုံးစွဲရမည်ဆိုခြင်းသည်အလယ်ခေတ်အရှင်
သခင်ကြီးများကို သူ၏အဓိကအကြံပေးလှုံ့ဆော်ချက်ပင်ဖြစ်ပေသည်။
နင်ဂျာ နှင့် နင်ဂျစ်ဆု
နင်ဂျာများသည် ဂျပန်နိုင်ငံ၏အတုမဲ့ စစ်သူရဲများဖြစ်သည်။တစ္ဆေများသဖွယ် အမှောင်ကိုအကာကွယ်ယူ၍လျှို့ဝှက်စွာလှုပ်
ရှားသော၎င်းတို့၏ အရိပ်မဲ့လက်သီးများသည်ရန်သူများ၏ အသဲနှလုံးတိုင်ချောက်ချားကြောက်ရွံ့စေပြီး ၎င်းတို့၏အမျက်ဒေါသနှင့်တွေ့
ဆုံသူတို့ကားပြင်းထန်ဆိုးဝါးစွာပျက်စီးရမည်မှာ သေချာပေါက်ပင်ဖြစ်ပေသည်။နင်ဂျာတို့၏ဂမီ္ဘရဆန်ဆန် အတတ်ပညာနှင့်အခြေခံ
သဘောတရားများသည်ယနေ့တိုင်မပြောင်းလဲ တည်တံ့နေပေသေးသည်။
နင်ဂျာတစ်ယောက်အဖြစ်လေ့ကျင့်ရန်မည်သည့်လက်နက်မျှမလိုကြောင်းဆရာသခင်ကတစ်ခါပြောဖူးပါသည်။ဘာမျှမရှိသော
အခန်းထဲတွင်အဝတ်ဗလာနှင့်လူတစ်ယောက်သည်ပင်လေ့ကျင့်နိုင်သည်။သောင်းပြောင်းထွေလာပစ္စည်းများသယ်ဆောင်သူသည်
မြန်ဆန်တိတ်ဆိတ်စွာသွားလာနိုင်မည်မဟုတ်ပေ။ဖမ်းဆီးခံရပြီး ထိုပစ္စည်းများကိုသိမ်းဆည်းခံရပေလိမ့်မည်။သို့ဆိုလျှင်နင်ဂျာ
တစ်ယောက်ဖြစ်ရန်ဘာတွေလုပ်ဆောင်ရမည်နည်း။ဤကျမ်းငယ်သဖွယ်စာအုပ်လေးတွင်နင်ဂျာတစ်ယောက်အဖြစ် ရန်သူများ၏
မျက်မှောက်တွင်မည်သို့ကိုယ်ယောင်ဖျောက်ရမည်၊မည်သူမျှမမြင်စေဘဲမည်သို့ထိုးဖောက်ဝင်ရောက်ရမည်၊ခြေရာခံနိုင်ရန်မည်သည့်
သဲလွန်စမျှမချန်ဘဲမည်သို့လွတ်မြောက်၍ထွက်ခွာရမည်ဆိုသည့် နည်းလမ်းများကိုဖော်ပြထားပေသည်။ဟုတ်ပေသည်။ထိုနည်းများ
သည် လျှို့ဝှက်ဆန်းကြယ်သောသူရဲကောင်းများ၏ ငြိမ်သက်တိတ်ဆိတ်သောနည်း၊လရောင်ဆမ်းသောလမ်းကြောင်းပေါ်မှ အရိပ်မဲ့
စစ်သည်များ၏နည်း၊ထို့ပြင်ကိုယ်ယောင်ဖျောက် လုပ်ကြံသော ဂျပန်နိုင်ငံ၏ နင်ဂျာများ၏နည်းပင်ဖြစ်တော့သည်။
နင်ဂျာများသည် အနိုင်ကျင့်စော်ကားသူများကိုမုန်းတီးသည်။သူတို့သည် စစ်ကိုဖန်တီးသူများမဟုတ်။စစ်ကိုဖန်တီးခြင်းထက်
ပိုမိုခက်ခဲသောငြိမ်းချမ်းရေးနှင့်ညီညွတ်မှုကို ထိန်းသိမ်းရန်ကြိုးပမ်းသူများသာဖြစ်သည်။တရားမျှတမှုကင်းမဲ့သောအခါ နင်ဂျာတို့ပေါ်
လာမည်။သူတို့သည်တစ်စုံတစ်ယောက်က အမိန့်ပေးခိုင်းစေခြင်းကြောင့်လုပ်ဆောင်ခြင်းမဟုတ်ပေ။သူတို့သည် ထူးခြားဆန်း
ကြယ်သောအခြေအနေတွင်ရှိသောသာမန်လူသားများသာဖြစ်သည်။ရာစုနှစ်ပေါင်းများစွာထိန်းသိမ်းလာသောနည်းပညာများသည်
မှော်ပညာများမဟုတ်။သို့သော်အဖန်ဖန်ကြိုးစားလေ့ကျင့်မှုကြောင့်သူတို့၏လှုပ်ရှားဆောင်ရွက်မှုများသည် သာမန်လူတို့စွမ်းနိုင်
သည်ထက်များစွာပိုလွန်လာပြီး မှော်ဆန်လာခြင်းပင်ဖြစ်ပေသည်။ပျံသွားသောငှက်ကိုမှီအောင်လိုက်ဖမ်းနိုင်သောလျင်မြန်မှုမျိုးကို
သာမန်လူတို့အိပ်မက်ပင်မက်မည်မဟုတ်ချေ။သို့သော် ထိုသို့စွမ်းရည်များရရှိရန် နင်ဂျာတစ်ယောက်အတွက်လိုအပ်သည်မှာ
ဆန္ဒပင်ဖြစ်သည်။သူတို့သည်အစွဲကင်းသူများဖြစ်သည်။အဓမ္မမှုပြုသူများသည်သူတို့ရန်ဘက်သာဖြစ်၏။သူတို့တွင်မည်သူမည်
ဝါဖြစ်ကြောင်း သက်သေအထောက်အထားမရှိ။လွတ်လပ်သောဓမ္မဘက်တော်သားလူစွမ်းကောင်းများသာဖြစ်သည်။
သူတို့လုပ်ရမည့်အလုပ်ကိုပြီးအောင်လုပ်မည်။ပြီးလျှင်မေ့သွားမည်။ဘုရင် အစိုးရ စသူတို့သည်တို့သည်တိုက်ပွဲ
အောင်နိုင်ခြင်းကြောင့် ယာယီမျှသာဖြစ်သောအကျိုးတစ်စုံတစ်ခုရရှိပေမည်။အမှန်တကယ်စစ်မှန် ကြာရှည်ခံသောအောင်မြင်
မှုမှာ မေတ္တာတရားမှသာလျှင် ရရှိနိုင်ပေမည်။ဤကား နင်ဂျစ်ဆု၏ စစ်မှန်သော သင်ခန်းစာပင်ဖြစ်တော့သည်။
နင်ဂျစ်ဆု၏ မူလအစသည် အချိန်၏မြူခိုးများကြောင့်ဝေဝါးဖုံးကွယ်နေပေသည်။တရုတ်တို့၏သူလျှိုနည်းပညာများ
သည် နင်ဂျစ်ဆုတွင်များစွာပါဝင်လွှမ်မိုးနေပေသည်။နင်ဂျစ်ဆုဆိုသောစကားလုံးသည် ဂျပန်နိုင်ငံ ၆ရာစုနှစ်တွင် အိုမီ(Omi)မြေပေါ်
၌ မင်းသား ရှိုတိုကု(Prince-Shotoku)နှင့် မင်းသားမိုရိယ(Prince Moriya)ကြားဖြစ်ပွားသောစစ်ပွဲမှ အစပြုပေါ်ပေါက်
လာသည်ဟုဆိုပေသည်။ထိုစစ်ပွဲကာလတွင်မင်းသားရှိုတိုကုဘက်မှစစ်သူရဲတစ်ယောက်ဖြစ်သော အိုတိုမိုနိုဆာဂျင်
(Otomo-no-Saajin)သည် ရန်သူဘက်မှသတင်းအချက်အလက်များကိုလျှို့ဝှက်စွာထောက်လှမ်းရယူပေးသောကြောင့်
စစ်ပွဲတွင်အောင်မြင်မှုများရရှိခဲ့ပေသည်။ထို့အတွက် အိုတိုမိုနိုကို ရှင်နိုဘီ(Shinobi)ဟုဂုဏ်ပြုခေါ်ဝေါ်ခဲ့သည်။အဓိပ္ပါယ်မှာ
တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်သူ ဟူ၍ဖြစ်သည်။ထိုစကားလုံးမှ နင်ဂျစ်ဆု သည်ဆင်းသက်လာခဲ့ပေသည်။
မူလပထမတွင် နင်ဂျာတို့၏ အခန်းကဏ္ဍမှာ ရန်သူ၏သတင်းအချက်အလက်ရရှိရေးနှင့်စစ်ဆင်ရေးလုပ်ငန်းများကို
ဖျက်ဆီးနှောင့်ယှက်ရေးဖြစ်ပေသည်။သူလျှို အမျိုးအစားများစွာရှိသည်။ဒေသခံ သူလျှို်များ သည်မိမိနယ်မြေတွင်လာရောက်
စစ်ဆင်ရေးလုပ်မည့် နင်ဂျာတို့အတွက် သတင်းအချက်အလက်များစုဆောင်းပေးသည်။ဇာတ်မြှုပ် သူလျှိုများသည်နေရာဒေသ
တစ်ခုတွင် နှစ်ချီကြာအောင်နေထိုင်၍ အထက်အမိန့်ကိုစောင့်ဆိုင်းနေသူများဖြစ်သည်။နှစ်ဘက်လွှသူလျှို နှင့်ပဉ္စမံသူလျှိုတို့မှာ
ရန်သူဘက်မှသူလျှိုအဖြစ်လုပ်ကိုင်နေရာမှ မိမိတို့ဘက်ကူးပြောင်းလာသူများဖြစ်ကြသည်။ထိုအထဲတွင်အမျိုးသမီးများ
လည်းပါတတ်သည်။အမျိုးသမီးနင်ဂျာများကို ကူနိုအိချိ(Kunoichi)ဟူခေါ်သည်။
နင်ဂျစ်ဆုသည်မှော်ပညာမဟုတ်ကြောင်းပြောခဲ့လေပြီ။ထိုပညာရပ်သည် ခန္ဓာကိုယ်ကို ဘာမျှပြောင်းလဲပစ်ခြင်းမဟုတ်။
သူတစ်ပါးမမြင်နိုင်အောင်လုပ်ဆောင်ပေးခြင်းသာဖြစ်သည်။ထိုပညာရပ်သည် နက်နဲလှသဖြင့် ဒဿနပညာတစ်ရပ်ဟုပင်ခေါ်
ဆိုနိုင်လောက်ပေသည်။ရှေးခေတ်ကဆရာသခင်တို့ကအောက်ပါအတိုင်းမိန့်ဆိုခဲ့ကြသည်။
“ဘယ်သူမှမကြားနိုင်သောတောနက်ထဲတွင် သစ်ပင်တစ်ပင်က အသံမထွက်အောင်လဲကျသွားသည်။ကြားမည့်သူရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ တိတ်ဆိတ်စွာလဲကျသွားသည်သာဖြစ်သည်။ထို့အတူ နင်ဂျစ်ဆုပညာရပ်တွင်လည်း နင်ဂျာတစ်ယောက်သည်
မျက်မမြင်တစ်ယောက်ကိုပင် ထုံးစံအတိုင်းတိုက်ခိုက်ရမည်သာ ဖြစ်သည်။”
(ကျွန်တော်နားလည်သလောက်ပြောရလျှင် ခြင်္သေ့မင်းတို့သည်မည်သည့်သားကောင်ကိုဖမ်းဆီးသည်ဖြစ်စေ ခွန်အားဝီရိယ စိုက်ထုတ်မှု
အတူတူသာဖြစ်သည် ဟု ဆိုလိုခြင်းမျိုးဖြစ်နိုင်ပေသည်။)
နင်ဂျာတစ်ယောက်ဖြစ်ရန်
နင်ဂျာတစ်ယောက်ဖြစ်ရန် မုဆိုးတစ်ဦးကဲ့သို့ တိတ်ဆိတ်သောနည်းလမ်းကို လေးနက်စွာဆင်ခြင်စဉ်းစားရမည်မှာ
သေချာပေါက်ပင်ဖြစ်သည်။သို့မှသာ သားကောင်၏ နည်းလမ်းများကို သိနိုင်မည်ဖြစ်သည်။မုဆိုးသည် သားကောင်၏
အလေ့အထ၊လှုပ်ရှားမှု ပုံစံအမျိုးမျိုးနှင့်သွားနိုင်သည့်လမ်းကြောင်းများကို ကောင်းစွာလေ့လာထားသည်။ထိုနည်းဖြင့်
သားကောင် အလွန်အားနည်းသွားသောအချိန်တွင် လွယ်ကူစွာပစ်ခတ်နိုင် မည်ဖြစ်သည်။သို့မဟုတ် သားကောင်၏
အမူအကျင့်ဖြင့် ထောင်ချောက်ဆင်နိုင်မည်ဖြစ်သည်။
ကိုယ်ယောင်ပျောက် လူသတ်သမားဖြစ်သော နင်ဂျာတစ်ယောက်ဖြစ်ရန် စစ်သူရဲတစ်ယောက်ကဲ့သို့လည်း
ကျင့်သုံးရပေမည်။ဆိုလိုသည်မှာ ကိုယ်လုပ်သမျှ ကိုယ်တာဝန်ယူရမည်ဖြစ်သည်။မဟာဗျူဟာသည် စစ်သူရဲ၏
ပါးနပ်ထက်မြက်သောအတတ်ပညာသာဖြစ်သည်။
နင်ဂျာတစ်ယောက်ဖြစ်ရန် မှော်တန်ခိုးရှင်ကဲ့သို့လည်း ပြုမူရတတ်သည်။ဆိုလိုသည်မှာ နင်ဂျာသည် ကမာ္ဘကြီးကိုပင်
ရပ်တန့်နိုင်စွမ်းသူဖြစ်ပြီး နတ်မျက်စိသဖွယ် အားလုံးကိုရှုမြင်နိုင်စွမ်းရှိရမည်။ဤကား အမည်မဲ့ အတတ်မဲ့သဘောတရား၏
အနှစ်သာရပင်ဖြစ်၏။လျှို့ဝှက်ခြင်းသည် သူလျှိုတစ်ယောက်အတွက် အခရာကျသော ဝိသေသလက္ခဏာ ပင်ဖြစ်တော့သည်။
နင်ဂျာတစ်ယောက်ဖြစ်ရန် သန်မာကြံ့ခိုင်ရမည်။သိနားလည်ရမည်။ရွပ်ချွံစွာ လုပ်ဝံ့ရမည်။တိတ်ဆိတ်ငြိမ်သက်ရမည်ဖြစ်သည်။
နင်ဂျာ ဝတ်စုံ
နင်ဂျာ ဝတ်စုံသည် အခြေခံအားဖြင့် ကာဘူကီပြဇာတ်ရုံရှိ ဇာတ်ဝင်အဝတ်အစား လဲပေးသူ၏အဝတ် ဝတ်ဆင်မှုနှင့်
တူသည်။သူသည် ဇာတ်ကပြနေစဉ်အတွင်းမှာ စင်ပေါ်သို ့တိတ်ဆိတ်စွာတက်လာပြီး ဇာတ်ဝင်ခန်းနှင့်လိုက်ဖက်သော
အဝတ်အစားများကို ဇာတ်ကနေသူများအားလဲလှယ်ပေးသည်။သူ့ကို ပွဲကြည့်ပရိတ်သတ်များ သတိမထားမိခင်မှာပင်
ဇာတ်စင်ပေါ်မှ လျှို့ဝှက်စွာဆင်းသွားတတ်သည်။တခါတရံ စင်ပေါ်တွင်ဗြောင်ရပ်နေသည့်တိုင် သူ့အားသတိမထားမိခြင်းမှာ
ဇာတ်နောက်ခံရှုခင်းကားနှင့်ရောနေသော အဝတ်အစားမျိုး ဝတ်ဆင်ထားခြင်းကြောင့်ပင်ဖြစ်သည်။
နင်ဂျာဝတ်စုံတစ်စုံတွင် ပုံမှန်အားဖြင့် မျက်နှာဖုံး၊ အပေါ်အင်္ကျ ီ၊ခါးပတ်၊ဘောင်းဘီ စသည်တို့ပါသည်။ထို့ပြင်
လက်အိတ်၊ခြေအိတ်နှင့်အောက်ခံဆိုးသားအပျော့ဖြင့်လုပ်ထားသောခြေညှပ်လည်ရှည် ဖိနပ် တို့လည်းပါဝင်သည်။
ထိုဝတ်စုံတွင် ခါး၊တံတောင်၊ဒူး၊ခြေကျင်းဝတ်စသည့် နေရာများတွင် ကြိုးစလေးများ တွဲလောင်းချထားတတ်သည်။
တိုက်ခိုက်မည့်အချိန်တွင် ထိုကြိုးစလေးများကို ခပ်တင်းတင်းချည်၍ တိုက်ခိုက်တတ်ကြသည်။အကယ်၍ ဒဏ်ရာ
ရခဲ့လျှင်လည်း သွေးထွက်မလွန်အောင် ချည်ထားနိုင်ပေသည်။
နင်ဂျာဝတ်စုံကို ဂျပန်ဘာသာဖြင့် ရှင်နိုဘီ ရှိုကိုဇု(Shinobi Shokozu)ဟုခေါ်သည်။အနက်ရောင်မှာမူ အစဉ်အလာ
သုံးသော အရောင်ဟုဆိုနိုင်သည်။ဇာတ်ရုံများတွင် ဇာတ်ဝင်အဝတ်အစားလဲပေးသူသည် ထိုအရောင်ကိုသာသုံးလေ့ရှိသည်။
သို့ရာတွင် အနက်ရောင်စစ်စစ်သည် လရောင်၊ဓာတ်မီးရောင်တို့အောက်တွင် ကောင်းကောင်းသတိပြုမိနိုင်ပေသည်။
အနက်ရောင်သည် အရိပ်၏အရောင်နှင့်လည်းကွဲပြားသည်။ထို့ကြောင့် နင်ဂျာကျောင်းတော်များတွင် ဝတ်စုံအရောင်ကို
အညို၊မီးခိုး၊အနီ စသည့်အရောင်များကို သုံးတတ်ကြသည်။ကျွန်ုပ်၏ဆရာသခင်သည် ခေါင်းစွပ်မျက်နှာဖုံးပါဝင်သော
ကြီးမားသည့် မီးခိုးရောင် ဝတ်ရုံကိုသုံးလေ့ရှိသည်။ထိုဝတ်စုံဖြင့် အလင်းကိုနောက်ခံထား၍ လှုပ်ရှားလျှင် လူသဏ္ဌာန်
အရိပ်သည် ပုံပျက်ကာ သတိမပြုမိတော့ပေ။တကယ့် ကိုယ်ပျောက်ဝတ်ရုံကို ခြုံထားသကဲ့သို့ပင်ဖြစ်သည်။အနီရောင်
မှာမူ ညတွင် လုံးဝပျောက်နေတတ်သော်လည်း မီးရောင်တွင်မူ ကြက်သွေးရောင်တောက်နေတတ်သည်။သို့ရာတွင်
ညအခါ၌အနီရောင်သည် သွေးရောင်နှင့်ဆင်တူသဖြင့် ရန်သူများကို ချောက်ချားစေနိုင်သည်ဟု စိတ်ပညာရှင်တို့က
ဆိုသည်။သိုု့ဖြစ်၍ နင်ဂျာတစ်ယောက်အဖြစ်လှုပ်ရှားမည့်သူသည် အလင်းနှင့်အရိပ်တို့၏ နိယာမသဘောတရားနှင့်
စိတ်ပညာရပ်တို့ကိုလည်း နားလည် ကျွမ်းကျင်ရန်များစွာ လိုအပ်ပေသည်။
အလင်းနှင့်အရိပ် နိယာမများ
အလင်းပိတ် အရာဝတ္ထုများသည် အလင်းကိုစုပ်ယူသောကြောင့် ထိုအရာများ၏နောက်တွင် အရိပ်များကို
ဖြစ်ပေါ်စေသည်။အကယ်၍အလင်းသည် ဓာတ်မီး၊မီးမောင်းစသည်တို့မှ လာသော် အလင်းပိတ်အရာဝတ္ထုသည်
ကျရောက်လာသော အလင်းတန်းများကို ဖြတ်တောက်စုပ်ယူလိုက်ပြီး သိပ်သည်းဆတူညီသော အရိပ်ကို ဖြစ်ပေါ်
စေ၏။အကယ်၍ အလင်းရင်းမြစ်သည် မီးမောင်း၊ဓာတ်မီး စသည်တို့ထက် ကျယ်ပြန့်ကြီးမားသော် အနု အရင့် အမျိုး
မျိုးထွေပြားသော အရိပ်များကို ဖြစ်စေပြီး ၎င်းတွင် အမှောင်ရိပ်ကျနေသော အပိုင်းနှင့်အလင်းနှင့်အရိပ်ကြား ခပ်မှိန်မှိန်
အလင်းစွန်းနေသည့် အရိပ်ဖျော့ဖျော့ပေါ်နေသော အပိုင်း ဟူ၍ နှစ်ပိုင်းပါဝင်သည်။ထို အရိပ်နှစ်မျိုးသည် မကြာခဏ
ကြုံတွေ့ရနိုင်သည်။သို့အတွက် နင်ဂျစ်ဆု ပညာရပ်အရ ကျွန်ုပ်တို့သည် အနက်ရှိုင်းဆုံး အရိပ်ထဲတွင် မိမိကိုယ်ကို
ဖုံးကွယ်နှစ်မြှုပ်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်ပေသည်။
ကာဂါရှီနိုဂျစ်ဆု စည်းမျဉ်းအရ မျက်လုံးသည် လှုပ်ရှားမှုကို အရင်းဆုံးမြင်သည်။အရိပ်နှင့် ပုံသဏ္ဌာန်တို့ကို
ဒုတိယမြင်သည်။အရောင်ကိုမူ နောက်ဆုံးမှ မြင်လေ့ရှိသည်။အမှောင်ထဲတွင် နာရီဝက်ခန့် နေခြင်းအားဖြင့် မျက်စိ
အသားကျလာကာ အလင်းမှိန်မှိန်အောက်တွင်မြင်နိုင်လာပေမည်။ (မျက်စိရှိ အလင်းအားရုံခံဆဲ(လ်)ချောင်းလေးများ
ကအလွန်ဖျော့သော အလင်းကို အာရုံခံမိသောအခါ အမြင်လွှာတွင်ခရမ်းရောင်ရောင်ခြယ်လေးများစုပွားလာပြီး နာရီ
ဝက်အကြာတွင် အမှောင်ထဲတွင်မြင်နိုင်လာစေသည်။အလင်းစူးစူးနှင့်တွေ့သောအခါ၎င်း ရောင်ခြယ်ဓာတ်များ ပျယ်လွင့်
သွားသည်။)အမှောင်ထဲတွင် အရာဝတ္ထုများကို တည့်တည့်စူးစိုက်မကြည့်ရသော ဗဟိုခွာကြည့်သည့်နည်းကိုသုံးရသည်။
အဘယ်ကြောင့်ဆိုသော် အရာဝတ္ထုတစ်ကို တည့်တည့် စူးစိုက်ကြည့်သောအခါ ပုံရိပ်သည် မျက်လုံး၏ စက်လုံးချွန်
ပုံသဏ္ဌာန် အာရုံခံဆဲလ် များတွင်သွား၍ ထင်ဟပ်ရာ ထိုဆဲလ်များသည် အမှောင်ထဲတွင် ကောင်းစွာအာရုံမခံနိုင်သောကြောင့်
ရှင်းလင်းစွာမြင်ရမည်မဟုတ်ချေ။ထို့ကြောင့် ကြည့်ချင်သော အရာဝတ္ထု၏ ဘယ် ညာ အပေါ် အောက် တစ်ဆယ်ဒီဂရီခန့်
ခွာကြည့်မှသာလျှင်ပုံရိပ်သည် အမှောင်ထဲတွင် အလင်းအာရုံခံပိုကောင်းသော ထုလုံးရှည်ပုံသဏ္ဌာန် အာရုံခံဆဲများပေါ်
သို ့ကျရောက်ပြီး ကောင်းစွာမြင်ရပေမည်။
ကြည့်ရမည့် အရာဝတ္ထု(သို့)ဧရိယာကို အနှံ့ ခြုံငုံ၍ ဖြန့်ကျက်၍ ကြည့်ရမည်။မှောင်မိုက်သောအခါ၌ ထိုသို့ကြည့်ရာ
တွင် ခရမ်းရောင်ရောင်ခြယ်လေးများသည် ငါးစက္ကန့် ဆယ်စက္ကန့်အတွင်း ပျယ်သွားသောကြောင့် ပုံရိပ်များလည်း
မှိန်ဖျော့ဝေါးသွားတတ်သည်။ထိုသို့ဖြစ်လျှင်မျက်လုံးကို ကစားပေးရမည်။ထိုမှသာ အာရုံခံဆဲလ် လေးများ ပြန်လည်
လန်းဆန်းလာပေမည်။မျက်လုံးကို ကစားပေးရာတွင် အရူးတစ်ယောက်၏ မျက်လုံးကဲ့သို့ လည်မနေရ။ခပ်ဖြေးဖြေးသာ
ကစားရမည်။ကြည့်ရှုလိုသော အရာဝတ္ထုပေါ် တစ်စက္ကန့်မျှ ရပ်၍ အာရုံစိုက်ပြီးကြည့်ပါ။ပြီးလျှင် မျက်လုံးကိုရွှေ့ပါ။အမှောင်
ထဲတွင် ကြည့်ရှုရသည် ဖြစ်၍ အလင်းရောင်အောက်မှာကဲ့သို့ ပြတ်သားသော ကောက်ကြောင်း၊အရောင်တို့ကို သေချာ
စွာမြင်ရမည် မဟုတ်ချေ။ထို့ကြောင့် အမှောင်ထဲတွင် သွားလာလှုပ်ရှားရာတွင် သင်မြင်သော အရာကိုသင်ယုံရမည်။
အလေ့အကျင့်များများ လုပ်ခြင်းဖြင့်သာ ထိုစွမ်းရည်ကို ရရှိနိုင်ပေမည်။ညအခါ ရန်သူကို မြင်ရလျှင် အလင်းကို မိမိနှင့်
ရန်သူကြား ထားရမည်။မှတ်သားရမည်မှာ ရန်သူသည် အလင်းထဲမှ အမှောင်တွင်းသို့ကြည့်ရှုရသည်ဖြစ်သောကြောင့်
သူငယ်အိမ်မှာကျဉ်းမြောင်းနေ၍ ပြတ်သားစွာ မြင်ရလိမ့်မည် မဟုတ်ချေ။နေ့အခါတွင်မူ အလင်း၊ပြတင်းပေါက်
စသည်တို့ကို ညာဘက်တွင်ထားရမည်။ ဘယ်ဘက်ကို ရှင်းလင်းနေစေရမည်။အမှောင်ရိပ်ထဲတွင် ရွေ့လျားသွား
လာရာတွင် လမ်းကြောင်းကို ကြိုတင်ရွေးချယ်ရပေမည်။ထိုလမ်းကြောင်းသည် နေရာတစ်ခုနှင့်တစ်ခု မိမိကိုယ်ကိုဖုံး
ကွယ်စေနိုင်မည့် အမှောင်ရိပ်များ ဆက်စပ်နေရပေမည်။ထိုမှသာ အချို့သောအလင်းကျနေသည့်နေရာများကို
လျင်မြန်တိတ်ဆိတ်စွာ ဖြတ်သန်းသွားလာနိုင်ပေမည်။အမှောင်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေဖို့ရန် အတွက် အလွန်
စိတ်ရှည် သည်းခံနိုင်မှု နှင့် လေ့ကျင့်ထိန်းချုပ်ထားသော အသက်ရှုမှုများ လိုအပ်သည်။အခန်းတစ်ခုထဲတွင် ရုတ်တရက်
ပုန်းကွယ်ဖို့ရန် အကောင်းဆုံးနေရာသည် တံခါး၏နောက်ဘက်နှင့် အနီးဆုံးထောင့်နေရာပင်ဖြစ်ပေသည်။(မြန်မာတို့က
ပုဏ္ဏားကွယ်ဟုခေါ်သောနေရာပင်ဖြစ်တော့သည်။ပုန်းကွယ်ဖို့အမှောင်ရိပ်ကို ရွေးချယ်၍ ထိုနေရာသို့ တိတ်ဆိတ်စွာ
တိုးဝင်ရွေ့လျားသွားရမည်။ထို့နောက် အမှောင်ရိပ်နှင့်တသားတည်းကျအောင် မိမိကိုယ်နေဟန်ထားကိုပြုပြင်
ယူရမည်။အသက်ကို ဖြေညင်းတိတ်ဆိတ်စွာ ရှုတတ်အောင်လေ့ကျင့်ပါ။နင်ဂျာတစ်ယောက်အဖြစ် အမှန်ပင်
ကိုယ်ယောင်ဖျောက်နိုင်ရန် နင်ဂျာလမ်းစဉ်မှ သမထကျင့်စဉ်များကို ကောင်းစွာပွားများရပေမည်။
နင်ဂျာ သမထ
နင်ဂျာလမ်းစဉ်မှ သမထကျင့်စဉ်များသည် စိတ်ပိုင်းရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်စေရန် အလေးအနက်ပြုထားပေသည်။
နင်ဂျာတို့သည် ရုပ်ပိုင်းကြံ့ခိုင်ဖွံ့ဖြိုးစေရန် အဓိကထားသကဲ့သို့ စိတ်ပိုင်း ဝိဉာဏ်ပိုင်းကိုလည်း အထူးပင် ထက်မြက်အောင်
ကျင့်ကြံအားထုတ်ကြပေသည်။စိတ်သည် အစွမ်းထက်မြက်ဆုံး လက်နက်ဖြစ်သည်ဆိုသော အချက်ကို နက်ရှိုင်းစွာ
လက်ခံထားကြပေသည်။နင်ဂျာတို့သည် ၎င်းတို့၏ ထိုးထွင်း သိမြင်နိုင်စွမ်းကို ထက်မြက်သည်ထက် ထက်မြက်အောင်
လေ့ကျင့်ကြသည်။ထို သမထကျင့်စဉ်များကို ကောင်းစွာ ပွားများလျင်ရုပ်ကိုနုပျိုစေသည်။စိတ်ကို ငြိမ်သက်အေးချမ်းစေ
သည်။အတွင်းအားကို တိုးပွားစေသည်။ရှေးခေတ်က နင်ဂျာကြီးများသည် ပုန်းကွယ်နေသော ရန်သူများကိုပင် အာရုံခံနိုင်
သည်။အန္တရာယ်၏ အငွေ ့အသက်ကိုကြိုတင်ခံစားနိုင်သည်။ရှေ့ဖြစ်မည်ကိုပင် ကြိုတင်ဟောပြောနိုင်သည်ဟု ဆိုကြသည်။
ဤသည်မှာ သူတို့သည် စိတ်တန်ခိုးရှင်ကြီးများ ဖြစ်သောကြောင့်မဟုတ်ပဲ စိတ်စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်
အထူးဂရုပြု၍ လေ့ကျင့်ထားသောကြောင့်လည်းကောင်း၊လူတို့၏ အလိုလိုသိတတ်သောစိတ်အင်အားကို ပိုမိုမြင့်မားအောင်
အထူးထူးသော လေ့ကျင့်ခန်းများ နှင့် ဘာဝနာများကို နက်နက်ရှိုင်းရှိုင်း ပွားများထားသောကြောင့်ပင်ဖြစ်သည်။
အပြင်နှင့်အတွင်း အင်အားများ
လူတွင် ယင် နှင့် ယန် ကဲ့သို့ အင်အားနှစ်မျိုးရှိသည်။အပြင်ရုပ်အင်အားသည် မြင်သာထင်သာရှိသည်။အချိန်ကာလ၏
တိုက်စားမှုကြောင့်ယိုယွင်းဖျော့တော့လာတတ်သည်။ပိုလွန်ခြင်းကြောင့်လည်း ဖြုန်းတီးပစ်တတ်သည်။သို့ရာတွင်
အတွင်းအားသည် ပိုမို စွမ်းအားကောင်းပေသည်။အတွင်းအားသည် ၎င်းနှင့်ပတ်သက်သော ပုံမှန်လေ့ကျင့်ခန်းများကို
တိကျစွာ ကျင့်သုံးခြင်းဖြင့် တိုးတက်ပွားများလာခြင်း ဖြစ်ပေသည်။(အတွင်းအားကို တရုတ်က ချီ ဟုခေါ်ပြီး ဂျပန်က
ကီ ဟုခေါ်သည်။)ထို ချီ ဓာတ်သည် စကြဝဠာတစ်ခုလုံးကို မောင်းနှင်နေအဓိက စွမ်းအင် ဖြစ်သည်။သက်ရှိ သက်မဲ့
အားလုံးတွင် ချီ ဓာတ် စီးဆင်းနေသည်။အိန္ဒိယ ဂန္ဓာရီပညာရှင်များက ပရာဏ ဓာတ်ဟုခေါ်သော ထို ချီ ဓာတ်သည်
သက်ရှိများအတွက်အဓိက အသက်စွမ်းအင်ဖြစ်သည်။ထို ချီ ဓာတ် ကိုစုဆောင်းနိုင်သည်။ပွားများလာအောင်
ပျိုးထောင်နိုင်သည်။မိမိ ဆန္ဒရှိသလို ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေနိုင်သည်။သို့ရာတွင် လူထောင်သောင်းတွင်
တစ်ယောက်မျှ စစ်မှန်သော ချီ စွမ်းအင်ကို နားမလည်ပေ။ထိုကြောင့် ချီစွမ်းအင် သည်သာမန် လူတို့အလှမ်းမမှီနိုင်သော
နားမလည်နိုင်သော အရာ(သို့မဟုတ်)လူတို့မရနိုင်သော ထူးကဲသည့် စွမ်းအင် တစ်ခု ကဲ့သို့ ဖြစ်နေပေသည်။စကားလုံး
တင်၍ ရှင်းမပြနိုင်သော်လည်း လေ့ကျင့်မှုကြောင့်ရရှိလာသော အတွေ့အကြုံဖြင့် သိရှိနိုင်သည်။နင်ဂျာလမ်းစဉ်တွင်
ထိုစွမ်းအင်ရရှိနိုင်ရန် ကျင့်စဉ်များရှိပေသည်။၎င်း ကျင့်စဉ်ကို ကုဂျိကိရိ(Kuji Kiri) ဟုခေါ်သည်။စိတ်တန်ခိုးကို
ပိတ်လှောင်ထားသော တံခါးများကို ဖွင့်မည့် သော့များပင်ဖြစ်တော့သည်။
ဉာဏ်အလင်းပွင့်ရန် လမ်းစဉ်များစွာရှိသော်လည်း အဓိကကျသည့် အချက်မှာ မိမိကိုယ်ကို သိဖို့ ပင်ဖြစ်သည်။
ထို့ကြောင့် ဆရာသခင်များက တပည့်များကို ကိုယ့်ကိုယ်ကို သိစေရန် ဦးစွာအားထုတ်ခိုင်းလေ့ရှိသည်။ သိအောင်
မြင်အောင်လမ်းညွှန်ပေးသည်။ကိုယ့်ကိုယ်ကိုမမြင်သော မသိသော လူသည် ဘာတစ်ခုမျှ ဖြစ်မြောက်အောင် စွမ်းနိုင်မည်
မဟုတ်ချေ။ဆရာသခင်တို့ ပြောတတ်သော ပုံပြင်လေး တစ်ပုဒ်ရှိသည်။
တစ်ခါတုန်းက ကျားမကြီးတစ်ကောင်သည် ဆိတ်များကို လိုက်လံဖမ်းဆီးရင်း ဒဏ်ရာများ ရရှိခဲ့သည်။ကျားမကြီး
သည် သေဆုံးခါနီးတွင် ကျားလေးတစ်ကောင် မွေးထားခဲ့သည်။ဆိတ်များသည် ကျားပေါက်စလေးမှန်း မသိသည့်အတွက်
၎င်းတို့ ဆိတ်အုပ်ထဲသို့ခေါ်ယူကာ ကျွေးမွေးထားခဲ့သည်။ကျားပေါက်ကလေး ကြီးပြင်းလာသောအခါ ဆိတ်များနှင့်
သိပ်အံမဝင်တော့ချေ။သူ၏သွားများသည် မြက်များကို စားသောက်ရာတွင် အဆင်မပြေပေ။ကျားလေးက သစ်ပင်
များပေါ် တက်ကာခုန်ပေါက်ဆော့ကစားချင်သည်။သစ်ပင်များပေါ်တွင် တက်အိပ်ချင်သည်။ထို့ကြောင့် တခြားဆိတ်
များက ကျားလေးကို ကြည်ဖြူခြင်းမရှိချေ။တစ်နေ့တွင် ကျားကြီးတစ်ကောင် သည် သူတို့ဆိတ်အုပ်တွင်းသို့ဝင်ရောက်
ကာ ဆိတ်များကို ဖမ်းဆီးလေသည်။ထိုအချိန်တွင် ကျားကြီးသည် ခြုံပုတ်ထဲတွင် ကိုယ်လုံးကိုကျုံ့ကာပုန်းနေသော
ကျားလေးကို မြင်သွားသည်။
“မင်းဘာလုပ်နေတာလဲကွ”
“ပုန်းနေတာပါဗျာ”
“ဘာလို့ပုန်းနေတာတုန်း”
“ ခင်ဗျား ကျွန်တော့်ကို စားမှာ ကြောက်လို့ပါ”
“လာ..ငါနဲ ့လိုက်ခဲ့”
ကျားကြီးက ရယ်မောကာ ကျားလေးကို သူနေထိုင်သည့် ကျောက်ဂူကို ခေါ်ဆောင်သွားသည်။ထို့နောက်
ကျားကြီးက လတ်ဆတ်သောတောင်ဆိတ်သားကို လှီးဖြတ်ကာ ကျားလေးကို ကျွေးသည်။ကျားလေးက ငြင်းသည်။
သူက အသီးအရွက်ပဲစားတဲ့သူလို့ဆင်ခြေပေးတယ်။ကျားကြီးက သူ့ကိုအတင်းစားခိုင်းသည်။
“အသားစားမှ မင်းပိုပြီးသန်မာလာမှာ”
ခဏကြာသောအခါ ကျားကြီးက ကျားလေးကို ရေကန်တစ်ကန် ဆီခေါ်သွားသည်။ ရေမသောက်ခင် ကိုယ့်အရိပ်ကို
သေချာကြည့်ဖို့ပြောလိုက်သည်။
“တွေ့လား..မင်းမျက်နှာက ငါ့မျက်နှာနဲ ့တူတယ်မို့လား။ဒါ့ကြောင့် မင်းဟာ ဆိတ်မဟုတ်ဘူးကွ..။
ငါ့လို ကျားတစ်ကောင်ပဲ။ကျားဟာ ကျားလိုပဲနေထိုင်ရမယ်။အဲဒါ သဘာဝတရားပဲ..။”
ထိုပုံပြင်လေး သည် ဘာဝနာပွားများ အားထုတ်ခြင်း၏ ရည်ရွယ်ချက်ကို ဖော်ပြနေပေသည်။လူ သည် မသိစိတ်တွင်
ထင်ဟပ်နေသောမိမိ၏ ပုံရိပ်အစစ်အမှန်ကို စစ်ထုတ်ကာ ရှုမြင်တတ်ရပေမည်။ရေကန်နှင့်တူသော စိတ်သည် မှန်သားပြင်
ကဲ့သို့ ပြန့်ပျူး ကြည်လင်နေမှသာအမှန်အတိုင်း မြင်ရပေမည်။ဂယက်နှင့်တူသော အနှောင့်အယှက်များ၊လေ နှင့်တူသော
အထူးထူးသော စိတ်ကူးပုံဖော်မှုများ၊လှိုင်း နှင့်တူသော စိတ်ခံစားမှုများသည် မိမိ၏ စိတ်ရေကန်ကို နောက်ကျိစေသည်။
လှုပ်ရှားစေသည်။ထိုအခါ မိမိ၏ စစ်မှန်သော ပုံရိပ်ကို မတွေ့ရဘဲပုံပျက်တွန့်လိမ်နေသော မိမိမျက်နှာကိုသာမြင်ရပေတော့
မည်။ထို့ကြောင့် တရားဘာဝနာ အားထုတ်ခြင်းဖြင့် စိတ်ကို လေမတိုက် လှိုင်းမသော ကန်ရေပြင်ကဲ့သို့တည်ကြည်ငြိမ်
သက်စေပြီး ထိုသမာဓိစွမ်းအင်ဖြင့် မိမိကိုယ်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်လာနိုင်ပေမည်။
Secrets of the Ninja by Ashida Kim
မှ ထုတ်နှုတ်ပြန်ဆိုသည်။
17 comments
မောင်ဘလိူင်
August 28, 2011 at 4:06 pm
အရင်တုန်းက ရေးထားတာပြန်တွေ့လို့တင်လိုက်ပါတယ်။
ဗဟု နဲ့ သုတ အတွက်ပါပဲ။ 🙂
Moe Z
August 29, 2011 at 12:27 pm
ဗဟု နဲ့ သုတ ကိုတွေ့ရင် ဒီ post ကိုဝင်ဖတ်ဖို့ ပြောလိုက်ပါ့မယ် 😛
Dakara
August 28, 2011 at 5:00 pm
ကိုယ်တင်တဲ့ပို့စ်ကို ကိုယ်ဟာကို ပြန်ကော့မန် ့ ” စ “ရေးတာက ..လဲစိတ်ဝင်စားစရာပါပဲ..။
မီးမီး သော်
August 28, 2011 at 5:38 pm
အင်း မောင်ဘလှိုင်ဧ။်ရှုပ်ထွေးနက်နဲလှသော ဂမ္ဘီရပို ့စ်အပြီးတွင် နင်ဂျာ အလှည့်ရောက်ပြန်ပီပေါ့နော်။ငယ်ငယ်တုန်းကတော့ရူးခဲ့ဖူးပါတယ်။
minthar
August 29, 2011 at 1:23 am
ခုတော့ထူးနေပြီမို့လား။ ထူးမှဖြစ်မှာနော်။
တော်ကြာ နင်လဲနင် ဂျာလဲဂျာ ဖစ်နေမှ ဟုတ်ပေ့ ဖစ်နေပါ့မယ်။
ကြောင်ကြီး
August 29, 2011 at 10:06 am
ကြောင်တကောင်ကဲ့သို အမြင်စူးရှကြည်လင် အနံ့ခံကောင်းပြီ ပေါ့ပါးသွက်လက်မှု မရှိသေးလျင် နင်ဂျာတယောက်ဖြစ်သည်ဟု မဆိုနိုင်ပေ။ (နင်ဂျာဂုရု ကြောင်ပုလု – BC 5000)
ဝိညာဉ်ပြာ
August 29, 2011 at 1:53 pm
ကျေးဇူးတင်ပါတယ် because i like it n ninja
windtalker
August 29, 2011 at 1:58 pm
ရွာထဲ မှာ ရုတ်ရုတ် တွေ တွေ ့လို ့
အချိန်မှီ နင်ဂျာ သင်တန်း ကို
တင်ပေးလိုက်တယ် ထင်ပ
မောင်ဘလိူင်
August 29, 2011 at 2:03 pm
ဟုတ်ကဲ ့ စိတ်ဝင်စားသူများရင် ကိုပေ့ လို
နင်ဂျာအကြောင်း နဲနဲလေး ဆိုပြီး အခန်းဆက်
ထရိန်နင် ပေးရမလားလို့ 🙂
windtalker
August 29, 2011 at 3:13 pm
ဒါဆိုရင်တော့
ကျုပ် ကို ပထမ ဆုံး သင်ပေးရမယ်နော်
သင်တန်းကြေး အများကြီး မတောင်းရဘူးနော်
🙂
စကားမစပ်
ဟို ကိုရီးယား မင်းသား ရဲ ့နင်ဂျာ အဆက်ဆင် ထဲ က လို
ဓါး ဒဏ်ရာ တွေ ကို ချက်ချင်း ပျောက်အောင် ကုနိုင်တဲ့
“ချက်ကရ” မျိုး တော့ လိုချင်မိသားဗျ
မောင်ဘလိူင်
August 29, 2011 at 3:20 pm
အဲဒီအကြောင်းကိုလည်း ကျွန်တော် ဘာသာပြန်ဘူးသေးတယ်ဗျ။
နင်ဂျာ သမထကျင့်စဉ်များ ဆိုပြီးတော့။ခု ဘယ်ပျောက်သွားမှန်း မသိလို့။
နောက် ရှာဖွေပြီး တင်ပေးပါဦးမယ်ဗျာ..။
ကျေးဇူးတင်ပါတယ်။
windtalker
August 29, 2011 at 3:29 pm
ဟုတ်ဗျာ
ပြန်တင်ပေးပါဦး ဗျာ
တစ်ကယ် ကို အကျိုးရှိစေမယ့် သမထ ကျင့်စဉ် ဖြစ်မှာပါ
အောင်မြင်အောင် ကျင့်နိုင်ခဲ့မယ် ဆိုရင်ပေါ့ ။
နွယ်ပင်
August 29, 2011 at 3:35 pm
ဗဟုသုတရပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်
ဆက်လက်ရေးသားပါဦး ….
Shwe Ei
August 29, 2011 at 4:08 pm
”အခြေအနေမဲ့….” ကို ပိုဖတ်ချင်တာ။ နင်ဂျာတော့ မဖြစ်နိုင်သေးဘူး။ Bus ကားတိုးစီးတတ်အောင် အရင်ကျင့်လိုက်အုံးမယ်။
မောင်ဘလိူင်
August 29, 2011 at 4:27 pm
အပိုင်း ၄၄ တင်လိုက်ပါပြီ မရွှေအိ ခင်ဗျာ..
http://myanmargazette.net/64519/entertainment
intro
August 30, 2011 at 12:04 pm
Taijitsu, Ninjitsu, Genjitsu… ဘာဂျစ်စု၊ ညာဂျစ်စု… 🙂
char too lan
August 30, 2011 at 1:34 pm
အလုံးစုံသောစစ်ရေးစစ်ရာ ဟူသမျှတို့ကား
လှည့်စားခြင်းအပေါ်တွင် မူတည်သည်။
ဆွန်ဇု 🙂