မုန်တိုင်းထန်သော ထိုနေရာ မုန်တိုင်းလှန်သော ဤကဗျာ
အနုပညာ ၊ ထိုပညာကို
ငယ်ခါကာလ ၊ နုနယ်စ၌
နှိုက်နှိုက်ချွတ်ချွတ် ၊ ငါမတတ်ခဲ့။ ။
အနုပညာ ၊ ထိုပညာဟာ
ပညာပေါင်းစုံ ၊ မွှမ်းပေါင်းထုံလျက်
လုံလုံလောက်လောက် ၊ လူ့လမ်းပေါက်ကို
တောက်လျှောက်သိမြင် ၊ မှိုင်းတွေစင်ခဲ့ ။ ။
အနုပညာ ၊ ထိုပညာကြောင့်
လူ့ရွာရပ်ဝန်း ၊ ပြုံးရွှင်လန်းလျက်
ပင်ပန်းပျောက်စေ ၊ လင်းတောက်စေခဲ့ ။ ။
အနုပညာ ၊ ထိုပညာကြောင့်
သူငါဒုက္ခ ၊ ကြုံနေရလည်း
ဆိုကြကဗျာ ၊ တေးသံသာညည်း
ကြည်သာပြုံးရွှင် ၊ နှလုံးလွင်သည်
ခုံမင်လောက ၊ ပြုံးစစ ။ ။
ငါတို့ပြည်ရွာ ၊ ကံကြမ္မာဆိုး
ကျွန့်လက်တိုးí ? နယ်ချဲ့လက်အောက်
နှိမ်ခံရောက်စဉ် ၊ ကာလတွင်လည်း
သံစဉ်စာသား ၊ မျိုးချစ်အားသစ်
စွမ်းအားမြှင့်တင် ၊ ကဗျာရှင်က
သက်ဝင်လှုပ်ရှား ၊ ကဗျာအားနှင့်
ဆောင်းပါးချစ်ခင် ၊ ဆောင်းပါးရှင်က
သက်ဝင်လှုပ်ရှား ၊ ဆောင်းပါးအားနှင့်
ဝတ္ထုများရှင် ၊ ဝတ္ထုရှင်က
သက်ဝင်လှုပ်ရှား ၊ ဝတ္ထုအားနှင့် ၊
သီချင်းများရှင် ၊ သီချင်းရှင်က
သက်ဝင်လှုပ်ရှား ၊ သီချင်းအားနှင့်
အားများပေါင်းစု ၊ အနုပညာ
ထိုပညာကြောင့် ၊ ပြည်ရွာ ကျွန့်လက် လွတ်ခဲ့ပြီ ။ ။
ငါသည်ငါကား ၊ ထိုစွမ်းအားကို
ခြားခြားနားနား ၊ ပြားပြားကွဲကွဲ
ခွဲခွဲစင်စင် ၊ လင်လင်ကြည်ကြည်
တည်တည်တံ့တံ့ ၊ ဆံ့ဆံ့ဝင်ဝင်
ကျင်ကျင်ကျွမ်းကျွမ်း ၊ တန်းတန်းဖြောင့်ဖြောင့်
တောင့်တောင့်တင်းတင်း ၊ ဉာဏ်မလင်းပဲ
တွဲပျင်းယိုင်အေ ၊ တွေတွေနောက်နောက်
ခေါက်ခေါက်ခွေခွေ ၊ ဝေဝေဝါးဝါး
မွှားမွှားငိုင်ငိုင် ၊ မှိုင်မှိုင်တွေတွေ
လေလေလွင့်လွင့် ၊ ဖင့်ဖင့်နန
အအချာချာ ၊ နာနာပန်းပန်း
လမ်းမတန်းခဲ့ ။ ။
အနုပညာ ၊ ထိုပညာဟာ
ကမ္ဘာလွှမ်းခြုံ ၊ စွမ်းဆောင်ကုန်ခဲ့ ။ ။
ထိုထိုစွမ်းအား ၊ကောင်းချက်များကို
ငါကားသိမြင် ၊ ယခုပင်လျှင်
အားအင်ပြည့်ဖြိုး ၊ ကဗျာမျိုးကို
ရိုးရိုးသားသား ၊ ကြိုးစာ၍သာ
ရေးပြပါအံ့ ။ ။
ငါ့ရွာငါ့မြေ ၊ ငါ့ဌာနေသည်
လွန်လေရှေးခါ ၊ ဤဒေသာမှ
ပညာစွမ်းဟုန် ၊ သတ္တိဂုဏ်နှင့်
ရဲဂုဏ်ရင့်ဂုဏ် ၊ ဗျတ္တိဂုဏ်တို့
ပြည့်စုံကြွယ်ဝ ၊ သမဏ နှင့်
မတစ်ထောင်ထား ၊ တစ်ကောင်ဘွားနှယ်
လူသားစွမ်းကျော် ၊ လူထင်ပေါ်တို့
ကျော်ကျော်ကြားကြား ၊ မွေးဖွားခဲ့တာ
ငါ့ရပ်မှာပေါ့ ။ ။
ထိုလူတို့ကား ၊ အများအသိ
ကဝိကျော်မော် ၊ ဥတ္တမကျော်နှင့်
မဟော်သီလဝံသ ၊ ခေမ, အုန်းညို
ဘုန်းမိုရ် ဥက္ကဋ္ဌ ၊ မတလုံးကျော်
ခင်ကြီးဖျော်တို့ – –
ပြီးသော်တဖန် ၊ နိုင်ငံကျော်ခေါင်
ဗိုလ်မင်းရောင်နှင့် ၊ သူ့နောင်သွေးသား
အောင်ဆန်းဖွားလျက် ၊ ထက်မြက်ပြည်ကျော်
သမီးတော်ဆန်း ၊ အောင်ဆန်းစုကြည်
တိုင်းပြည်သိလျက် ၊ တိုင်းသူမက်မော
တိုင်းရောပြည်ပါ ၊ ချစ်ခင်ရှာခဲ့ ။ ။
ထိုထိုကျော်ကြား ၊ ပုဂ္ဂိုလ်များ၏
မွေးဖွားဇာတိ ၊ ရပ်ရွာကြည့်သော်
ပြည့်ပြည့်စုံစုံ ၊ ကုံလုံကြွယ်ဝ
မရှိကြ ။ ။
နောက်မှတက်လာ ၊ အာဏာကိုင်မိုး
အစိုးအရ ၊ ပုဂ္ဂလတို့
ကျနသေချာ ၊ ထိုရပ်ရွာကို
စာနာထောက်ရှု ၊ မကြည့်ရှု ။ ။
ရထားလမ်းနှင့် ၊ ကားလမ်းလေယာဉ်
မပြင်ဆင် ။ ။
ပညာအရေး ၊ စီးပွားရေးတို့
တိုးရေးပွားရေး ၊ လုပ်မပေး ။ ။
စိုက်ရေးပျိုးရေး ၊ ကုန်သွယ်ရေးတို့
တိုးရေးပွားရေး ၊ အားမပေး ။ ။
ကျမ္မာရေးနှင့် ၊ ဆေးဝါးပညာ
ဘာပညာမှ ၊ ညှာတာထောက်ရှု
မကြည့်ရှု ။ ။
ထိုရောအခါ ၊ တို့ရွာနယ်ဖွား ၊ တို့လူများသည် —- တို့အင်တို့အား ၊
တို့စွမ်းအားကို ၊ တို့များကိုယ်စီ ၊ တို့ယုံကြည်လို့ ၊ တို့သည်အားစိုက် ၊
တို့ဟားတိုက်လို့ ၊ တို့ကြိုက်တို့နယ် ၊ တို့ယာလယ်ကို ၊ တို့မယ်မျိုးချ ၊
တို့ထွန်ကြရင်း ၊ တို့မှမထွန် – ဘယ်သူထွန်မလဲ
တို့မှမစိုက် – ဘယ်သူစိုက်မလဲ
တို့မှမကြဲ – ဘယ်သူကြဲမလဲ
တို့မှမရိတ် – ဘယ်သူရိတ်မလဲ
တို့မှမသိမ်း – ဘယ်သူသိမ်းမလဲ
တို့မှမစား – ဘယ်သူစားမလဲ
တို့သားတို့မြေး ၊ တို့မျိုးရေးကို ၊ တို့သွေးမခွံ့ ၊ တို့မစွန့်သော် ၊
တို့ဆွံ့တို့အ ၊ တို့ငနသာ ၊ တို့မှာဖြစ်အံ့ ။ ။
တို့တံ့တို့တည် ၊ တို့ခိုင်ကြည်ဖို့ ၊ တို့သည်ဦးဆောင် ၊ တို့အောင်လံလွှင့် ၊
တို့သည်မြင့်မှ ၊ တို့မှမွေးဖွား ၊ တို့သွေးသားသည် —
တို့များပညာ ၊ တော်ကာထက်မှ ၊ ထက်မြက်ကြမည် ၊ သူတို့သည် ။
တို့များကျမ္မာ ၊ တော်ကာထက်မှ ၊ ထက်မြက်ကြမည် ၊ သူတို့သည် ။
တို့များဥစ္စာ ၊ တော်ကာထက်မှ ၊ ထက်မြက်ကြမည် ၊ သူတို့သည် ။
တို့ကိုနှိမ့်ချ ၊ တို့မကျ ၊ တို့က တကယ့် လူစွမ်းကောင်း ။
တို့ကိုတိုက်ခိုက် ၊ တို့မငိုက် ၊ တို့ကြိုက် လမ်းစဉ် သူရဲကောင်း ။
တို့ကိုပုတ်ခတ် ၊ တို့မကြပ် ၊ တို့ကို မှတ်ပါ သူတော်ကောင်း ။
တို့ကောင်းတို့တော် ၊ တို့ကျော်မော်မှ ၊ တို့အပေါ်တို့သား ၊ တို့မြေးများသည် ၊ တို့ဘွားတို့ဘိုး ၊ တို့အမျိုးက ၊ တို့ကြိုးတို့စား ၊ တို့ကြိုးစားမှ ၊ တို့ကားတိုးတက် ၊ တို့ထက်မြက်ဟု ၊ ပြက်ပြက်ထင်ထင် ၊ အသိရှင်(ယှဉ်)ပြီး၊ သားစဉ်မျိုးဆက် ၊ သွက်လက်ချက်ချာ ၊ အသိသာလျက် ၊ ပညာပူးဆည်း ၊ ကျမ္မာကြီးလို့ ၊ ပြီးပြည့်ဥစ္စာ ၊ ကြွယ်ဝစွာဖြင့် ၊ နယ်ရွာဖွံ့ဖြိုး ၊ အသိတိုးလျက် ၊ အမျိုးဘာသာ ၊ သာသနာနှင့် ၊ နောင်လာပေါက်ဖွား ၊ တို့သွေးသားအား ၊ တိုးကားချဲ့ထွင် ၊ မြန်ပြည်ခွင်၌ ၊ ချစ်ခင်မှုပေါင်း ၊ သရဖူဆောင်းလို့ ၊ သောင်းသောင်းဖျဖျ ၊ ကြိုဆိုကြသော် ၊ တို့မှလူကောင်း ၊ သူရဲကောင်းဟု ၊ ကောင်းကောင်းမွန်မွန် ၊ အပြောချွန်လိမ့် ။ ။
တို့၏ပညာ ၊ ဉာဏ်သမ္ဘာသည် ၊ မြန်မာပြည်၌ မော်စေသော်ဝ် ။
တို့၏လုံ့လ ၊ ဝီရိယသည် ၊ ကမ္ဘာတလို့ မျှော်စေသော်ဝ် ။
တို့၏လုပ်ရပ် ၊ ဂုဏ်သကတ်သည် ၊ ထက်ရပ်နတ်ရွာ ကျော်စေသော်ဝ် ။
မှတ်ထားကြဟေ့ ၊ ပြကတေ့ချွန်
လူတွေ့ မွန်သော် ၊ တို့နော်ရပ်သား
တို့လူများသည် ၊ အများအကြိုက်
အမှားမိုက်ကို ၊ တိုက်ခိုက်ထုတ်နှင်
အဟုတ်မြင်လို့ ၊ နှိမ်ချင်ချချင်
ကဲ့ရဲ့ချင်သူ ၊ ထိုထိုလူကို
အနူတော မှ ၊ လူချောကွလို့
ကျနသိမြင် ၊ သုံးဆင်ခြင်သည်
မုန်းဝင် မောဟ ယိုင်စေသော် ။
ဘုန်းတေဇောက လှိုင်စေသော် ။
(ဘုန်းပညောက ခိုင်စေသော်) ။
သုံးခွင်လောက တိုင်စေသော် ။
ရှင်အမိတ၏(တို့ရပ်ဇာတိ တို့ဇာတိမာန်ကဗျာများ)မှ ဝေငှသည်။
6 comments
မီးမီး သော်
August 28, 2011 at 5:27 pm
တခါက ဆရာမအေးချမ်းမြိ ုင်ရဲ ့ဆောင်းပါးတခုမှာ. မှတ်မိတာလေးပြန်ဝေမျှပါတယ်။မုန်တိုင်းတိုက်ရင် ပထမဦးစွာအောက်ဖော်ပြပါပစ္စည်းများပါရှိရပါမည်။
၁။ငရုတ်ကျဉ်ပွေ ့
၂။လက်နှီးစုတ်
၃။ယောက်မ တို ့ဖြစ်ကြသည်။
ပြ ုလုပ်လိုသူသည် ခါးတောင်းမြှောင်အောင် ကျိုက်ပြီးလက်နှီးစုတ်ကို မင်းသားခေါင်းပေါင်း ပေါင်းခြင်းဖြင့်ဦးခေါင်းတွင်ခိုင်ခံစွာပတ်ကာ ယောက်မကိုခါးကြားတွင်ထိုးပါတဲ့။
ငရုတ်ကျဉ်ပွေ ့ကိုလက်တွင်ကိုင်ပြီး လေပြင်းတိုက်ရာဘက်သို ့မျက်နှာမူ ကာကျဉ်ပွေ ့ကိုပြခိုင်းပါတယ်။ ဒီအချိန်မှာနောက်တစ်ယောက်က အတုမရှိသော မြတ်စွာဘုရားထံတွင် ငါးပါးသီလခံယူပြီး ဂါထာတစ်ခုရွတ်ဆိုပါတယ်။ဂါထာကတော့ပြန်ရှာရပါမယ်။မှတ်မိတော့ဘူး
lionking
September 5, 2011 at 4:42 pm
ဘာပြောနေတာလဲတော့ မသိဘူးရယ်ဗျ။ တဝက်တပြက်နဲ့ဆိုတော့ ငိုရခက် ရယ်ရခက် မဲ့ရခက် ခက်တော့ ခက်တာပဲ ဘာခက်မှန်းတော့မသိဘူး။ နောက်တပုဒ် တင်လိုက်ဦးမယ် ကြုံရင်ဖတ်ကြည့်လိုက်ပေါ့။ စာရေးသူ အမိတ ကတော့ရေးလိုက်တာမှန်ပေမယ့် မုန်တိုင်းက ဘယ်လို ဘာညာ မပြောတော့ ပြန်ပြီး မပြောတတ် ဘူးရယ်။ ကောင်းတယ်လို့တော့ ထင်တာပါပဲ။ ကျေးဇူး။
Aung Myat Way
September 5, 2011 at 5:27 pm
အနုပညာဆိုတာလူသားတွေကိုလှပအောင်ဖန်တီးပေးသောတဒင်္ဂအိပ်ဆေးပါ
တကယ့်အနုပညာယဉ်ကျေးမူပြောင်းလှဲမှုမပါရင်လူသား
အကျိုးပြုမဖြစ်နိူင်ပါ
flytiger
September 7, 2011 at 3:12 pm
တကယ့်အနုပညာလား ။ တကယ်မဟုတ်တဲ့အနုပညာလားတော့ မပြောတတ်ဘူး။ ဖတ်ရတာ တော့ ကောင်း သလိုလိုပဲ။ ဒီလိုပေါ့ ကိုယ်စိတ်ကူးတည့်တာလေးတွေ တင်ပြတော့လည်း ဖတ်ရ ။ ဖတ်ရတော့လည်း တို့ဗမာ လူမျိုးတွေရဲ့ ယဉ်ကျေးလေးတွေကျန်သေးတာ တွေ့ရတော့ ဝမ်းသာစရာ ကောင်းတာပေါ့လေ။ ဒီထက်ကောင်းတဲ့ ကဗျာတွေလည်း ဖတ်ချင်သေးသား။
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
September 7, 2011 at 6:11 pm
ယဉ်ကျေးမှုလေးတစ်ခုကိုရှာတွေ့မိတယ်ဗျာ။ဒါပေမယ့် ကျုပ်နဲ့ကဗျာက ဘုန်းကြီးနဲ့ဘီးဝေးတာထက်ကိုပိုနေတယ်။
lionking
September 9, 2011 at 8:23 pm
ဒီကဗျာကတော့ သူ့ဒေသသူ့နေရာအရပ်ရဲ့ လျစ်လျူရှုခြင်းခံထားရတဲ့ အဖြစ်ကို သိစေချင်လို့ ရေးထားတဲ့ပုံ ရှိပါတယ်။ ဒါကိုဖတ်ရခြင်းကြောင့် သူ့ဒေသကထွက်ပေါ်လာတဲ့ သူရဲကောင်းတွေရဲ့ နောက်ကာလ အခြေအနေတွေ သိရတာပေါ့လေ။ ဒါကလဲ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူလူတန်းစားတွေ ဘယ်လောက် ညစ်ပတ်တယ် ဆိုတာကို ပေါ်လွင်စေတယ် ထင်ပါတယ်။ ကျွန်တော်ကလည်း သူ့အရပ်သား မဟုတ်ပေမယ့် အရပ်ကနီးတော့ သွေးတော့ရဲချင်သားဗျ။ ဒါပေမယ့် ခက်တာက နိုင်ထက်စီးနင်းလုပ်မှာကိုတော့ ခပ်ကြောက်ကြောက်ရယ်။ ကောင်းတာကတော့ ဇာတိသွေး မသေးဘူး မသေဘူး ဆိုတာသိရတော့ ဝမ်းသာမိပါတယ်။ ကဗျာဖတ်သူတွေကျေးဇူးပါ။ နောက်ထပ်တင်ပြပါဦးမယ်။ ဖတ်ကြည့်ကြပါဦးလား။