တံလျှပ်ခြွေတဲ့ ရေ
တံလျှပ် ခြွေတဲ့ ရေ
ရစ်ပတ်တယ် မဆိုထားနဲ့
အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့တာတောင်
အထပ်ထပ် ချည်နှောင်လိုက်တဲ့ ကြိုး
သံယောဇဉ်ကို ငါ မခိုးခဲ့ပါဘူး
ငါ့ဘာသာ တိတ်တဆိတ်နဲ့ မြတ်နိုးနေမိတာ
ဘယ်သူက မာယာနဲ့ သွေးဆောင်ခဲ့လို့လဲ…။
ရင်ကွဲတယ် ဆိုရုံနဲ့လည်း
ရင်ခွဲရုံက လူသေကောင်လို…။
အဲလောက်ထိကိုလည်း
…။
ဒါဟာ
အချည်းနှီး ပေးဆပ်လိုက်ရတဲ့ အရင်းအနှီး
ကြေးကြီးတဲ့ အလောင်းအစားမှန်းလည်း သိလျှက်
ဘဝတစ်ခုလုံးနဲ့ ပုံပြီး အလဲအထပ်ပြုခဲ့တာ…။
တစ်ဖက်သက်…
ယုံမှတ်ခဲ့မိတဲ့ ရင်နံရံ အတွင်းသားတွေက
အပ်နဲ့ ဆွထားသလို…
သည်းခြေယိုစိမ့်ထွက်တဲ့ အက်ကြောင်းတစ်ခု
တမင်သက်သက် ပြုစားခံလိုက်တဲ့
အတုအယောင် ပုံရိပ်တစ်ချို့အတွက်
အဲဒီ တံလျှပ်ကလည်း
ဒြပ်မဲ့တဲ့ အရာ…
ဖမ်းဆုပ်ဖို့လည်း မကြိုးစားရပါဘဲနဲ့
တစ်သက်စာ ကျောက်ချရပ်နားခဲ့တယ် ဆိုရင်…။
လေချဉ်တက်တဲ့ ပင့်သက်တစ်ခုက
ရင့်ကျက်ချင်ဟန် ဆောင်ထားမှန်းလည်း အသိ
လျှပ်တပြက် ငြိတွယ်သွားတာမျိုး
လေပြေကတော့ တိုးတိုးတိတ်တိတ်
မုန်တိုင်းထဲမှာ ငါက အိပ်ငိုက်သွားခဲ့တာလား…။
ငါ့ဘက်က ရိုးသားပေးချင်ပါတယ်
ဒါပေမယ့်
ငါ့ရဲ့ ထိန်းချုပ်မှုကိုမှ ငါမပိုင်
မျက်ခွံတွေကို မနိုင့်တနိုင် ပင့်တင်ထားပြီးမှ
(အတင်းကြီး)
မျက်စိကို စုံမှိတ်ပစ်လိုက်ရတာမျိုး
အင်း… ဆိုးလိုက်တာ။
နွေကို ခဝါချထားကာမှ
ဆောင်း သက် လို့ ကြွေရတဲ့ မျက်ရည်
ဒါဟာ ပဉ္စလက်…
အဲဒီ လှည့်ကွက် ရိုးရိုးလေးမှာတောင်
ငါ့နှလုံးသားက အထင်ကရနဲ့ အရည်ပျော်သွားခဲ့တာပါ…။ ။
တောက ကိုရင်
4 comments
မီးမီး သော်
August 29, 2011 at 5:44 pm
ကိုရင်ရယ်အလောင်းအစားအဲ့လောက်မလုပ်ပါနဲ ့လား ခက်ကုန်ပမယ်နော်လို ့။ဘယ်တော့ရေးပေးမလဲ အမေ့တွက်ကဗျာလေးကို
koyin
August 29, 2011 at 5:49 pm
အဲ…
မီးငယ်
စောင့်နေတာလား
ဆောရီးနော်
ဒီနေ့တော့ နှစ်ပုဒ်ပြည့်သွားပြီ တင်တာ
မနက်ဖန် တင်ပေးပါ့မယ်
မျှော်နေနော် ကိုရင်ကို
အဲလေ
ကိုရင့် ကဗျာကိုပြောတာ
အစောဆုံး အားပေးတဲ့အတွက် ကျေးဇူးပါ
မီးမီး ပျော်ရွှင်ပါစေ…
မီးမီး သော်
August 29, 2011 at 8:10 pm
ကိုရင်ရေ ကျေးဇူးပါကွယ်။
koyin
August 29, 2011 at 9:08 pm
ကျေးဇူးဆိုပြီး ဒီတိုင်းတော့ ရမလား
အတိုးပေးရမယ်…
draft ထဲမှာ ခေါင်းစဉ်မရှိသော… ဆိုတဲ့ ကဗျာတစ်ပုဒ် ထည့်ထားပါတယ်ဗျာ
မီးမီး ပျော်ရွှင်ပါစေ…