မြန်မာနိုင်ငံဒေသအချို့ရှိ ရေကန်များခန်းခြောက် အင်းလေးကန်မှာလည်း စံချိန်တင်ရေ လျော့ကျနေ

klnMay 13, 20101min721

မြန်မာနိုင်ငံအောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဒေသအများစုတွင် မေလ ဒုတိယရက်သတ္တပတ်ရောက်သည့်တိုင် မိုးရွာသွန်းမှုမရှိသဖြင့် ရေကန်များနှင့် ရေတွင်းများ၌ ခန်းခြောက်မှုများ ဖြစ်ပေါ်နေ ကြောင်း သတင်းရရှိသည်။ ယခုနှစ်နွေရာသီအပူချိန်ပြင်းထန်ခဲ့ခြင်းနှင့် မေလ ဒုတိယပတ်ရောက်သည့်တိုင် မိုးရွာသွန်းမှုမရှိခြင်းတို့ကြောင့် မြေအောက်ရေလျော့နည်းကာ ရေကန်နှင့်ရေတွင်းများမှ ရေများလျော့နည်းခြင်း၊ ခန်းခြောက်ခြင်းများ ကြုံတွေ့ရကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူးတိုင်းတို့မှ ဒေသခံများကပြောသည်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် အင်းလေးကန်တွင်လည်း ယခုနှစ်အစောပိုင်းကစ၍ ထူးကဲစွာရေလျော့နည်းခြင်းများတွေ့ကြုံနေရသဖြင့် ဒေသခံများသောက်ရေရရှိရေးအခက်ကြုံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရသိရသည်။ အင်းလေးကန်အတွင်းရှိ ကုန်းမြေရှိသော ကျေးရွာများတွင် သောက်သုံးရေအတွက် အဝီစိတွင်းများ စမ်းသပ်တူးဖော်ကြည့် သေးသော်လည်း အောက်ခြေတွင် နွံအိုင်ဖြစ်နေသည့် အတွက် မီသိန်းဓာတ်ငွေ့များ ထွက်လာပြီးထွက် လာသောရေမှာလည်း သုံးစွဲ၍ မရကြောင်း ကိုယ်တိုင်အဝီစိတွင်းတူးဖော်ခဲ့သော ဟဲယာရွာမမှ ဒေသခံတစ်ဦးကပြောသည်။ ညောင်ရွှေမြို့နယ် အတွင်းရှိ ရေရရှိရေးအတွက်အားထားရသော သာစည်ကန်နှင့် နဒီကန်များလည်း ရေခန်းခြောက်နေကြောင်း ဒေသခံများကပြောသည်။ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မုတ်သုံမှာ မြန်မာနိုင်ငံတောင်ပိုင်းသို့ မေလ ၁၁ရက်မှ ၂ဝရက်အတွင်း ၊ မြစ်ဝကျွန်းပေါ်ဒေသသို့ မေလ ၂ဝရက်နောက်ပိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ မေလကုန်နှင့် မြောက်ပိုင်းဒေသများသို့ ဇွန်လ ဆန်းများတွင် စတင်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းသည်။ သို့သော်ခန့်မှန်းသည့် အတိုင်းမိုးမရွာခဲ့ပါက ကျန်းမာရေး၊ ရေချိုရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများပေါ်တွင် များစွာသက်ရောက်နိုင်၍ ထို်အချက်ကို အထူးဂရုပြုသင့်ကြောင်း ဦးထွန်းလွင်က အကြံပြုပြောကြားသည်။ မိုးမှာခန့်မှန်းသည် ထက်နောက်ကျခဲ့ပါက ရေကိုစနစ်ကတကျသုံးစွဲရန်နှင့် လိုအပ်နေသောဒေသများတွင် ရေရရှိအတွက် သက်ဆိုင်ရာ၏ စီမံခန့်ခွဲရန်မှာလည်း အရေးပါကြောင်း ၎င်းကဆက်လက်ပြောသည်။ ယခုနှစ်မှာ အပူဆုံးနှစ်မဟုတ်သော်လည်း ရာသီပူပြင်းခြင်းနှင့် မိုးနောက်ကျခြင်းတို့ကြောင့် ထူးခြားသော နှစ်တစ်နှစ် ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။ ရာသီဥတုပူပြင်းပြီး မြေအောက်ရေအရင်းအမြစ်များ လျော့နည်းနေခြင်းကို ဒေသတွင်းနိုင်ငံများ ဖြစ်သော တရုတ်၊ အိနိ္ဒယ ၊ ဖိလစ်ပိုင် ၊ မလေးရှားနိုင်ငံတို့တွင်လည်း ခံစားနေရကြောင်း ၂၀၁ဝခုနှစ် မေလ ၁၃ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။