ကိုရီးယားကားနှင့် အနုပညာ
ခုခေတ်မှာ ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုက လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားနေတယ်။ မကြည့်ရ မနေနိုင်အောင် စွဲလမ်းကြသူ အများစုက ပျိုပျိုအိုအို အမျိုးသမီးထုကြီးပေ့ါ။ ကိုယ်လည်း တစ်ယောက်အပါအဝင်ပဲလေ။
အဲဒီမှာမှ ကိုရီးယားကားကြောင့် အတုယူမှားမှာ စိုးရတယ်။ မိန်းကလေးတွေ ပျက်စီးလွယ်တယ်။ လူမှုရေးဖောက်ပြန်တဲ့ကားတွေ များတယ်ဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။
အဲဒီလို အသံတွေကြားထဲကပဲ ကိုရီးယားကားတွေ တစ်ကားပြီးတစ်ကား အောင်မြင်နေတာ မြင်ကြတဲ့အတိုင်းပဲလေ။
မကောင်းဘူးလို့ ပြောနေကြတယ်။ ဒါပေမယ့် အောင်မြင်နေတယ်။ ဘာ့ကြောင့်လဲ။ တွေးစရာတွေ အများကြီးပဲ။
ဘယ်သူတွေ ဘယ်လိုပဲ မကောင်းပြောပြော ကိုရီးယားကားရဲ့ အားသာချက်တစ်ခုက သရုပ်ဆောင်တွေ သဘာဝကျတာ၊ အဝတ်အစား အဆောင်အယောင်တွေ ခမ်းနားတာတွေအပြင် ကြည့်နေတဲ့ ပရိတ်သတ်ကို သူတို့နဲ့အတူ စီးမျောသွားအောင် ဆွဲခေါ်သွားနိုင်တာပါပဲ။
လူတိုင်းဟာ ကိုယ့်ဘဝမှာကိုယ် ဇာတ်ဆောင်ပါပဲ။ အဲဒါကို ကိုရီးယားကားထဲမှာ မြင်လိုက်ရတယ်။ မင်းသားမင်းသမီးဆိုတာနဲ့ ချောမောလှပတယ်။ ချမ်းသာတယ်။ စိတ်ထားကောင်းတယ်ဆိုတဲ့ အရိုးစွဲနေတဲ့ မြန်မာပရိတ်သတ်ကို ထူးခြားတဲ့ ခံစားချက်အသစ်တွေကို ပေးလိုက်နိုင်တယ်။
လူတစ်ယောက်ဟာ ခြောက်ပစ်ကင်း သဲလဲစင် မဖြစ်နိုင်ဘူး။ သူ့အားနည်းချက်နဲ့သူ ရှိကြတယ်။ အဲဒီလို သဘာဝတွေကိုလည်း မြင်သာအောင် ပြပေးနိုင်တယ်။
ရုပ်ဆိုးသော၊ မထက်မြက်သော အစရှိတဲ့ မပြည့်စုံသော လူတွေရဲ့ သဘာဝကိုလည်း သူ့ဇာတ်နဲ့သူ ပရိတ်သတ်လက်ခံအောင် ရိုက်ပြသွားတယ်။
အိမ်ထောင်ရေး ဖောက်ပြန်မှုတွေများတယ်ဆိုတဲ့ ကြားထဲမှာမှ ရွံစရာကောင်းတဲ့ သမီးနဲ့ဦးလို ဇာတ်လမ်းမျိုးတွေတော့ မပါပြန်ဘူး။
ဒါ့အပြင် ရှေ့အိမ်ထောင်က ပါလာတဲ့ သားသမီးကို နောက်အိမ်ထောင်က မွေးမြူရမယ်လို့ ခံယူတာ သူတို့ရဲ့ လူမျိုးရေးစိတ်ဓာတ်ဆိုရင် အဲဒါလည်းကောင်းသော အယူအဆပဲ။
နို့မဟုတ်ရင် ပထွေး မိထွေးဆိုတာကို မြန်မာပရိတ်သတ်က အဆိုးချည်းပဲ မြင်နေတာ။ အဖေဖက်က ပါလာတဲ့ သားသမီးနဲ့ အမေဖက်က ပါလာတဲ့ သားသမီးတွေ အချင်းချင်း မောင်နှမအရင်းတွေလို ခံယူခိုင်းလို့ ပြဿနာတွေ များရတာကိုတော့ ခေတ်ပြောင်းတော်လှန်ရေး လုပ်ချင်နေကြပုံပေါ်တယ်။
ှုမြင်ဖူးတာကတော့ အဖေဖက်က ပါလာတဲ့သားနဲ့ အမေဖက်က ပါလာတဲ့ သမီးကို အိမ်ထောင်ချပေးလိုက်တာ နောက်မွေးလာတဲ့ မောင်နှမတွေက နှစ်ဖက်စလုံးကတွက်လိုက်ရင် မောင်နှမအရင်းတွေချည်းပဲ ဖြစ်သွားလို့ တသက်လုံးအဆင်ပြေသွားကြတယ်။
ကိုရီးယားလူမျိုးတွေဟာ သူတို့ရဲ့ ဇာတ်လမ်းတွဲတွေနဲ့ သူတို့လူမျိုးတွေရဲ့ အစားအစာ၊ အနေအထိုင်၊ ယဉ်ကျေးမှုတွေကို ကမာ္ဘအနှံ့ ပြန့်နှံ့အောင် ဆောင်ရွက်နိုင်ပါပေတယ်။
နောက်ဆုံးကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေက သူတို့ရဲ့ အနုပညာနဲ့ ပရိတ်သတ်ကို ဖမ်းစားပြီး အောင်မြင်မှုကို အရယူနိုင်သွားတယ်။ အောင်မြင်ခြင်းဆိုတာ အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ဘူး။ ထူးခြားကောင်းမွန်လို့သာ အောင်မြင်တာပဲမို့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ထိုက်တန်စွာ ရရှိတယ်လို့သာ………………………..
16 comments
xman
September 11, 2011 at 8:32 pm
ကိုရီးယားကားတွေ အောင်မြင်စေတဲ့အချက်တွေက အများကြီးပါပဲ။
သတိထားမိတဲ့တစ်ခုလောက် ဝင်ပြောရရင် –
ဇတ်လမ်းရဲ့နောက်ခံ အခင်းအကျင်းပိုင်းမှာ သဘာဝကျအောင် သေသေချာချာရိုက်တယ်။
ဥပမာ ဇတ်လမ်းထဲမှာ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်အဖြစ် ပါတယ်ဆိုပါတော့ –
တကယ့်ပြင်ပအတိုင်း အဖြစ်အပျက်တွေ လုပ်ဆောင်ချက်တွေ မြင်ကွင်းတွေကို သေသေသပ်သပ် ထည့်ရိုက်ပြီး ဇတ်အိမ်ဆောက်တယ်။
အကျိုးဆက်ကတော့ ပရိတ်သတ်က အဲဒီ ယုတ္တိတန်တဲ့ အဖြစ်အပျက်တွေကြား နစ်မြောသွားပြီး သူပါ ဇတ်လမ်းထဲကို ဝင်ခံစားမိလိုက်တော့တယ်။
အဲဒီနေရာမှာ မြန်မာကားသာဆိုရင်တော့ –
ဇတ်လမ်းထဲက ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်က အပြင်မှာ ဘယ်သူမှမဝတ်တဲ့
ကုတ်အင်္ကျီနဲ့ ကြောင်လျှာသီးကို ဝတ်ပြီး –
“ကွန်တင်နာတွေရောက်ပြီလား –
အေး ရောင်းရမယ့်ဟာတွေရောင်းလိုက်
ပြီးတော့ ဝယ်ရမယ့်ဟာတွေလဲဝယ်လိုက်
ဂရုစိုက်ရမယ့်ဟာတွေလဲ ဂရုစိုက်လိုက်နော် …”လို့ ထပြောတယ်။
koyinmaung
September 11, 2011 at 10:43 pm
ကိုရီယားရုပ်ရှင်ကားထဲမှာတော့
တခါတုန်းကတက္ကသိုလ် ကားတော့
တော်တော်ကြိုက်တယ်…
မီးမီး သော်
September 11, 2011 at 10:55 pm
ကိုးရီးယား ဇာတ်ကားတွေ ကောင်းတယ်ဆိုတာကိုလက်ခံပါတယ်။သူတို ့က တင်ပြချင်တာလေးတွေကို တင်ပြတာသိပ်ကောင်းကြတာပါဘဲ။ဒါပေမယ့် မြန်မာဇာတ်ကားတွေရောဘဲ မညံ့ပါဘူး။တနေ ့တော့ တက်လှမ်းလာမယ် ထင်ပါတယ်။
ဗမာပြည်သား
September 11, 2011 at 10:59 pm
ကိုရီးယားကားကိုက်တာလည်းတော်တော်ဆိုးတယ်သိလား
ကြောင်ကြီး
September 12, 2011 at 12:39 am
ကိုရီးယားဇာတ်လမ်းတွေနဲ့ သိပ်မရင်းနှီးဘူး။ ဒါပေမဲ့ သတင်း၊ ဓာတ်ပုံတွေမှာ ကိုရီးယား မင်းသမီးတွေ ချောလှတာ သတိပြုမိတယ်။ ခန္ဓာကိုယ် အချိုးအစားလှတာ ထားပါတော့၊ ခေတ်မှီနည်းစနစ် ဆေးဝါးအာရတွေနဲ့ ပြုပြင်ယူတယ်။ မျက်နှာပေါက်ကျတော့ရော သဘာဝအတိုင်း ပြုပြင်ယူသလား၊ ခွဲစိတ်ယူတာလား၊ သူတို့မျက်နှာပေါက်တွေကြည့်လိုက်ရင် နှာခေါင်းချွန်ချွန်နဲ့ အတော်ချောမွေ့ပြီး ခပ်ဆင်ဆင်ဖြစ်နေတတ်လို့..။
kai
September 12, 2011 at 3:58 am
ဂျပန်အမျိုူးသမီးတွေကတော့ .. ၉ဝရာခိုင်နှုန်းလောက်က ..တခုမဟုတ်တခု.. မျက်နှာမှာ ပလပ်စတစ်ဆာဂျရီရှိတယ်.. ဆိုကြတယ်..။
တော်တော်များများကတော့.. မျက်လုံးမျက်ရစ်ပေါ်အောင် အသေးစားပြုပြင်ထားကြတာပဲ..။
ဂျပန်ကလေးတွေမွေးရင်.. အာခေါင်ဖက်ကနှိုက်ပြီး.. နှာခေါင်းရိုးထင်းအောင် စံနစ်တကျ.. ဖိတင်ပေးလိုက်တဲ့..(မိဘတွေအခကြေးပေးငှားရတဲ့) ဆရာဝန်တောင် တွေးဖူးသေးတယ်..။
ဆိုတော့..
ကိုရီးယားက.. ဂျပန်နောက်က ဂျပန်ခြေရာလိုက်နင်းပြီး တက်လာတဲ့ နိုင်ငံတခုပါ..။
(အထင်မမှားရင်တော့.). ကိုရီးယားမင်းသမီးတွေ.. ပလပ်စတစ်ဆာဂျရီ လုပ်ထားကြပါလိမ့်မယ်..။
🙂
pan pan
September 12, 2011 at 10:10 am
မင်းသမီးတွေတင်လားဆိုတော့ မင်းသားတွေလည်း ခွဲစိတ်ပါတယ်တဲ့
နှာခေါင်းခွဲစိတ်သူ နှုတ်ခမ်းခွဲစိတ်သူ စုံလို့ပါပဲ
ခုခေတ်စားနေတဲ့ စီးတီးဟမ်တာထဲက မင်းသားလည်း ခွဲစိတ်ထားတယ်ပြောကြတယ်
eainsoemay
September 12, 2011 at 9:16 am
မမရေ
သမီးနဲ့ ဦးဇတ်လမ်းမျိုးလဲ သူတို့ဘယ်ချန်ထားမလဲ
အခု skynet မှာ ပြနေတယ်လေ
မူရင်းကားနံမည်က Golden Fish တဲ့
မြန်မာပြန်ထားတာက ချစ်မိသူရင်မှာတဲ့
အပိုင်း 110 ကျော်နေပြီ
စုံ စုံ
September 12, 2011 at 9:43 am
ကိုရီးယားကားတွေထဲက အားမကျသင့်တာတွေကိုအားကျနေတာ
အပြင်လောကတင်မဟုတ်ဘဲ မြန်မာ့ရုပ်ရှင်လောကသားတွေပါ ပါကုန်တယ်ထင်ပါ့
တချို့ကိုရီးယားကားတွေမှာချစ်ခန်းကြိုက်ခန်းတွေပါတယ် ဒါတွေကို ကျမတို့က
ဪသူတို့ကလူမျိုးခြားတွေဆိုတော့ ယဉ်ကျေးမှုခြင်းလဲမတူဘူးလေဆိုပြီး
ဖြည့်တွေးပြီးကြည့်လို့ရသေးတယ် (မကြည့်ချင်လို့ကျော်လိုက်လဲလူကြားကောင်းတယ်)
အခုတော့နောက်ပိုင်းမြန်မာကားတွေမှာလဲ ချစ်ခန်းကြိုက်ခန်းတွေရိုက်လာကြတာ
မိသားစုတွေထိုင်ကြည့်လို့ဘယ်လိုမှကိုမသင့်တော်တဲ့အခန်းတွေတော်တော်များများပါလာကြတယ်
(ကျော်ကြည့်ရအောင်လဲကိုယ့်မြန်မာကားကိုကြည့်တာမသင့်တော်တဲ့အခန်းတွေပါလို့
ကျော်ကြည့်ရတယ်ဆိုတာဘယ်လိုမှကိုလူကြားလို့မကောင်းဘူး)
မိုက်ကယ်ဂျော်နီအောင်ပု
September 12, 2011 at 10:05 am
ဖန်တီးသူဘက်ကကြည့်ရင်တော့
ဪ ငါ့ဟာကိုကြည့်ပြီး လူတွေစွဲနေကြတယ်ဆိုပြီး
သဘောတွေဘာတွေကျနေမှာပေါ့
ကြည့်ပြီးအချိန်ကုန်နေတဲ့သူတွေဘက်ကနေကြည့်ရင်
ရုပ်ရှင်ထိုင်ကြည့်လို့ ထမင်းစားရတာမှမဟုတ်တာ
အလုပ်လုပ်မှ ထမင်းစားရတဲ့ဥစ္စာ
ကျုပ်ကတော့ကိုရီးယားကားဆို တစ်ကားမှ အစအဆုံးမကြည့်ဖူးဘူး
ဤမှန်သောသစ္စာစကားကြောင့် ရွာထည်းမှ ရှိရှိသမျှ ကြားကြားသမျှ
အပျိုကြီးများ ကျုပ်ကို ဝိုင်းကြိုက်ကြစေကုန်သတည်း
ဒါပေမယ့်ဟိုဒါလေးတော့မဆိုဘူး
တစ်ခါတစ်လေတွေ့တာပါ
အကောင်မ ခြောက်ယောက်ခုနစ်ယောက်လောက်တော့ရှိမယ်
ကိုရီးယားမလေးတွေ အတိုလေးတွေဝတ်ပြီး
ကော့လိုက် ကုန်းလိုက်နဲ့ သီချင်းဆိုပြီး လုပ်ပြနေတဲ့ဟာ
ဘာလည်းတော့သိဘူး
taungpawthar
September 12, 2011 at 11:28 am
့တီဗွီ ဇာတ်လမ်းအစီအစဉ်ပြုလုပ်တဲ့သူတွေမှာလည်းအပြစ်မကင်းဘူးထင်တယ် ပြလိုက်ရင် ဖောက်ပြန်တဲ့ကား
ကြီးပဲ အတုယူစရာကောင်းတဲ့ကားလေးတွေ ရွေး ပြပါလားဗျာ MRTV 4 ကပြနေတဲ့ နွေးထွေးသောမေတ္တာ ဆိုလည်း ဖောက်ပြန်ကြသလားမမေးနဲ ့ အိမ်ကအမျိုးသမီးတွေကလည်းအဲလိုကားဆိုကြိုက်မှကြိုက် စောင့်ကြည့်ရတာအားမရလို ့တဲ့ဝယ်ပေးပါဆိုလို ့ဝယ်ပေးလိုက်ရသေးတယ် အခွေ ၂ဝ ကျော်နေပြီဗျ ဒါတောင် ဇာတ်မသိမ်းသေးဘူး
ဟိုအရင်တုန်းကကြည့်ခဲ့ဘူးတဲ့ ဂျပန် (ဟိုတယ်)ကားလေးတွေသတိရတယ်ဗျာ
yetazar
September 12, 2011 at 1:15 pm
ကိုရီးယားကားတွေကို မြန်မာတွေကြိုက်တဲ့အချက်တွေက သူတို့ဇာတ်ကားတွေက ဇာတ်အိမ်အရမ်းခိုင်မာတယ် ။ မြန်မာကားတွေမှာတော့ အဲလိုဇာတ်အိမ်တွေမရှိသလောက်ပဲ ။ နောက်ပြီး သရုပ်ဆောင်တွေက အရမ်းတော်တယ် ။ ဒါပေမယ့် ဖေါ်လွန်းကြတာတော့ မကောင်းဘူးပေါ့ ။ မြန်မာမလေးတွေ ထမီမဝတ်တော့ဘူး … မင်းမပါစေနဲ့ တဲ့ ကိုသိန်းတန်ဆိုသွားခဲ့တဲ့သီချင်းလေးပေါ့ ။ ခုတစ်ကယ်ဖြစ်နေပြီ ။
hmee
September 12, 2011 at 2:17 pm
ကိုရီးယား အများစုမှာ သူတို့နိုင်ငံရဲ့ ထုတ်ကုန်(သို့) ယဉ်ကျေးမှု တခုခု အမြဲပေးတယ်။ ဇတ်အိမ်ခိုင်တယ်။ လုပ်ငန်းရှင်ဆိုရင်လည်း နောက်ခံက တကယ့်ကို လုပ်ငန်းရှင်ထင်ရအောင် လုပ်ထားတယ်။ သဏ္ဍန်လုပ်သရုပ်တူပေါ့။ ဗမာကားတွေမှာ ကုမ္ပဏီသာပြောတယ် အိမ်တလုံးတည်းကိုပဲ အိမ်လည်းလုပ် အခန်းတခန်းကို ကုမ္ပဏီလုပ် သလိုပဲ။ ဆင်းရဲသားလူတန်းစာဆိုလည်း စကားပြောတာ ဟန်အမူအရာ အဝတ်အစား အပြင်အဆင် ဆံပင်ကအစ ကြည့်လိုက်တာနဲ့ သိသာတယ်။ ဒီလူပဲ ချမ်းသာရင် အဝတ်အစား အနေအထိုင်က တမျိုး ဆင်းရဲရင်တမျိုး ပိုင်နိုင်တယ်။ ဗမာကားမှာတော့ ဆင်းရဲသား အိမ်ပိုင်တောင် မရှိတဲ့ မင်းသားက ဝတ်တာတော့ စွပ်ကျယ်ပဲ ဒါပေမဲ့ ကြည့်တာနဲ့ အကောင်းစားမှန်းသိတယ် ဆံပင်ကဆိုတော့ ဂျယ်တွေထောင်လို့ အီမိုကေနဲ့ ပါးစပ်ကသာ ဆင်းရဲသားလို့ ပြောနေတာ ပုံစံက လုံးဝမပေါက်။ ချမ်းသာတဲ့ မိသားစုသာပြောတယ် မင်းသမီးကတော့ ကျော့လို့ မိဘနေရာမှာ သရုပ်ဆောင်တဲ့ အရန်တွေက မရှိမဲ့ရှိမဲ့ ရှာဝတ်ထားရသလို ရုပ်မပေါက်ဘူး ပြီးတော့ မင်းသမီးကို ကြောက်နေသလိုပဲ။ ချစ်တဲ့ကြိုက်တဲ့ ကားဆို အလုပ်လုပ်တာကို မပြတော့ဘူး ချစ်ပဲ ချစ်နေတော့တာ။ ပြောလိုက်တဲ့ လေလုံးတွေကတော့ အဆင့်မြင့်လွန်းလို့ တခါတခါ နားတောင်မလည်ဘူး။ ကိုရီးယား ချစ်ကားဖြစ်ဖြစ် အိမ်ထောင်ရေးကားပဲ ဖြစ်ဖြစ် အလုပ်လုပ်ရင်း လုပ်ငန်းခွင်ထဲ ရုန်းကန်ရင်းကနေ ဖြစ်ပျက်လာတာတွေကို ပြတယ်။ ဖြစ်လေ့ဖြစ်ထရှိတာတွေကို ကြည့်ချင်ဖွယ်ဖြစ်အောင် သဘာဝနဲ့လည်း မကွာပဲ တခုမဟုတ် တခု ပညာပေးခဲ့တာများတယ်။ အခုနောက်ပိုင်း ဗမာကားမှာ ပိုဆိုးလာတာရှိတယ်။ နိုင်ငံခြားကားမှာလို ပြခွင့်မရလို့ ရရာဘက်က လှည့်ပြသလား မသိဘူး စကားတွေဟာ အစွန်းနှစ်ဖက်ထွက်တဲ့ ခပ်ညံညံ ဟာသတွေပါ။ မျက်နှာအမူအရာနဲ့ လေသံကို နားထောင်တာနဲ့ ဘာကို ဆိုလိုမှန်း တန်းသိနိုင်တဲ့ စကားတွေပါ။ ဇတ်ကားလိုင်း လိုလို ပါလာတာပါ။ ကျွန်မက ဗမာသံလေး ကြားရရင်ပြီးရော ဆိုပြီး တနေ့တကား နက်ကနေ မကြည့်ဖြစ်လဲ ဖွင့်ထားတာဆိုတော့ မကြည့်ချင် မြင်လျှက်သား ဖြစ်နေတာကိုး။ ပြီးတော့ ရာသီဥတုနဲ့ မလိုက်ဖက် သူများ အတုယူပြီး ဝတ်တာတွေ။ လူငယ်တွေကလည်း အတုယူသင့်တာကြ မယူပဲ မဟုတ်တဲ့ဟာတွေတော့ ယူကြတယ်။ မမရေ ရေးတာတွေ များသွားလို့ ပြောတာတွေများလို့ ဝိုင်းဆဲတော့မှာပဲနော့။ ကိုယ့်နိုင်ငံက ရုပ်ရှင်တွေ ကမ္ဘာမကျော်ရင်တောင် ကြည့်ပျော်တဲ့ အဆင့်လေး ရောက်စေချင်တဲ့ စေတနာ အရင်းခံနဲ့မို့ပါ။ ကိုရီးယားတွေကတော့ မီဒီယာနဲ့ သူတို့နိုင်ငံ လူသိအောင် ယဉ်ကျေးမှုကို သိအောင် ဖေါက်ထွက်လာကြတယ်။ ဒါမျိုးကို အတုယူပြီး ကမ္ဘာကျော်အောင် လုပ်သင့်တာ။
Shwe Ei
September 12, 2011 at 3:11 pm
ကိုရီးယားဇာတ်လမ်းတွဲတော့ ရှည်လျားထွေပြားလွန်းလို့ ဇာတ်လမ်းဆုံးအောင် တခါမှ မကြည့်ဘူး။ မင်းသားချောလို့ တခွေ ၂ခွေလောက်ကြည့်ဖြစ်တာမျိုးဘဲရှိတယ်။ 😀
moonpoem
September 12, 2011 at 4:27 pm
ကိုရီးယားမင်းသားတွေရော မင်းသမီးတွေရော လန်းတဲ့နေရာမှာ လန်းအောင်ပြင်ပေမယ့် ဇာတ်ကားထဲမှာ ဆင်းရဲသားဆိုရင်လည်း သဘာဝကျကျလေးတွေနဲ ့ကြည့်လို ့ကောင်းတယ်။ မြန်မာ ကားတွေထဲမှာ လူကသာ ပဲပြုတ်ရောင်းစားပေမယ့် မျက်တောင်တုတောင်တပ်လိုက်သေး ဟေဟေ့။
ဆူး
September 12, 2011 at 8:14 pm
http://myanmargazette.net/29262/arts-humanities
ကိုရီးယားကားနဲ့ ပတ်သတ်ပြီး ပရိတ်သတ်ကို ဖမ်းစားပြီး သူတို့နိုင်ငံကို လူသိအောင် ဓလေ့ကို သိအောင် လုပ်တဲ့ အကြောင်း အရင်က ရေးဖူးတယ်။