နေ နဲ့ လ (သို့) ကျွန်တော် နဲ့ ထား

မတ်လ နေ့လည်နေ့ခင်းအချိန်၊ အပူတပြင်းတိုက်ခတ် လာသော လေပူများကြား ကြွေလွင့်နေသော သစ်ရွက်အိုဟောင်းလေး များက လေဟုန်စီးပြီး

ပျော်ပါးနေသလိုပင်။ အငြိုးတကြီး ဖြင့် ခြစ်ခြစ်တောက် ပူခြစ်လှသော နေမင်းကလည်း ခေါက်ထီးလေးတစ်ချောင်းအောက် ထိုင်နေသော ကျွန်တော် တို့ အတွဲအား ကွင်းကွက် ၍

ထိုးထားသလိုဖြစ်နေသည်။နားထင် မှ တွယ်စီး လာသောချွေးစက်များအား လက်ဖမိုးနှင့် ပင့်သုတ်လိုက်သည်။

” ကို… ထား ဟိုနေ့ကသူငယ်ချင်းတွေ နဲ့ လျှောက် သွားတာကို ကို စိတ်ဆိုးနေတာလား ဟင်… ” ထား ဆီမှ ပထမဆုံးအသံပင်။ ကျွန်တော် ထား

လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။

” မဟုတ်ပါဘူး ထားရယ်..ကို နားလည်နိုင်မှာပါ… ” ဟုဆိုပြီး သက်ပြင်းဖွ ဖွလေးချမိသည်။ ထား ကျွန်တော့လက်ကလေး ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းလေးကို

ပုခုံးပေါ် မှီချလိုက်သည်။

  ” ထား ….”

                          ” ဘာလဲ ကို ”

                        ” ကို ပုံပြင်လေး တစ်ပုဒ် ပြောပြမလို့ ”

                        ” ဟုတ်…ပြောပြလေ… ထားနားထောင်နေတယ်… ”ဟု ပြန်ဆိုသည်။ အမှန်ဆို ပြောစရာပုံပြင်မရှိပါ။ ခေါင်းထဲ မှာ ရှိတာက ပြီးခဲ့ပြီးတဲ့ ၂ ရက်လောက် က ထား

သူငယ်ချင်းတွေ နဲ့ကျူရှင် မတက်ပဲ လျှောက်သွားသည့် ကိစ္စပင်။ ကောင်မလေးတွေချည်း ပဲ ဆိုမပြောလို…သို့သော် …ထား ကို ကြိုက်နေသော ကောင်လေးကပါ ပါနေသောကြောင့်

ဖြစ်သည်။ ထားဘက် က တော့ဘာစိတ်မှမရှိ ဘူးဆိုတာ တစ်ထစ်ချ ယုံကြည် နိုင်သည်။ ရှေးလူကြီးတွေ ပြောသလို တင်းလွန်းရင်လည်း ပြတ်၊ လျော့လွန်းရင်လည်း တခြားသူနောက်

ပါသွားမှာ စိုးလှသည်။

မိုးထားသော ထီးအရိပ်အောက်မှ အပေါ်မော့ကြည့်လိုက်၏။ ထား နှင့် အတူလောကကြီး တစ်လုံးကပင် ပုံပြင်နားထောင်ရန် မှင်သက် ငြိမ်သက်နေသလိုပင်။

                           ” ပုံပြင်ရဲ့ခေါင်းစဉ်က နေနဲ့လ တဲ့ ”

                             ” ဟုတ် ”

                             ” ဟိုးရှေးရှေးတုန်းက နေမင်းနဲ့ လမင်းတို့ က ချစ်သူစုံတွဲတွေတဲ့..နေမင်းကလည်း အရမ်းချစ်သလို လမင်းစန္ဒာကလည်း ပျောက်မခံဘူုးတဲ့.. .

အရမ်းချစ်လွန်းတော့ လည်း လမင်းကို အစစအရာရာအလိုလိုက်ထား တာတဲ့…နေမင်းက ညဘက်ဆို လမင်းကို လာတွေ့တယ်..လမင်းက နေ့ဘက်ဆို နေမင်းဆီ

လာတယ်…အဲ့လိုနဲ့ပဲ လောကကြီးက နေ့မှန်း ညမှန်းမသိအောင် သာယာနေတာပေါ့..တနေ့ ကျတော့ လမင်းက နေမင်းမသိအောင် သူငယ်ချင်း ကြယ်လေးတွေနဲ့

နဂါးငွေ့တန်းဆီကို လျှောက်လည် ကြတယ်တဲ့… နေမင်း ကသိလည်း သိကော ဒေါသတွေ တအားထွက်ခဲ့တယ် တဲ့…” စကားစ ကို ဖြတ်ပြီး ထား ၏ခေါင်းလေးကို

သပ်မိလိုက်သည်။အမှန်က ဘာဆက်ပြောရမှန်း စဉ်းစားနေတာဆို ပိုမှန်မည်။

စကားစကို ပြန်ဆက်လိုက်၏။ ” အမှန်က လမင်း ပေါင်းနေတဲ့ သူငယ်ချင်းတွေ ထဲမှာ လမင်းကို ကြိုက်နေတဲ့ ဓူဝံကြယ် က ပါနေလို့တဲ့…နေမင်းက လမင်းကို

စိုးရိမ်ပြီးတော့ မေးခွန်းတစ်ခု မေးလိုက်တယ်…အဲ့မေးခွန်းကတော့  နေမင်းကို ရွေးမလား သူငယ်ချင်းကြယ်လေးတွေနဲ့ပဲ ပျော်ပါးမလားပေါ့…လမင်းက

ခဏကြာစဉ်းစားပြီး အဖြေတစ်ခု ပြန်ပေးခဲ့တယ်….အဲ့အဖြေ က တော့ ကြယ်လေးတွေ ဝန်းရံပြီး ကောင်းကင်ကြီးပေါ်မှာပဲ နေချင်တယ်တဲ့…..အဲ့လိုနဲ့ပဲ နေမင်းက

အရမ်းဝမ်းနည်းသွားပြီး လမင်းနဲ့  ကမ္ဘာတစ်ခု ခြားကို ထွက်ခွာခဲ့တယ်တဲ့…. လမင်းကိုလည်း နေမင်းက သူ့ဆီအလာမခံ သလို…နေမင်းကလည်း လမင်းဆီကို

မသွားတော့ဘူးတဲ့…  လမင်းကတော့ သူ့သူငယ်ချင်း ကြယ်လေးတွေ နဲ့ ကောင်းကင်ကြီးပေါ်မှာ ပဲ ပျော်ပါးနေတယ်တဲ့.. ဒါပေမယ့် ဓူဝံကြယ်ကိုတော့ အနားအကပ်

မခံခဲ့ဘူး…. တစ်ခါတစ်ရံမှာတော့ သူ့ချစ်သူ နေမင်းကို လွမ်းလွန်းလို့ နောင်တ မျက်ရည် တွေ ကျမိတယ်တဲ့… အဲ့မျက်ရည်တွေ က ကောင်းကင်ကြီးတစ်ခုလုံး ကို

ပြည့်လျှံသွားပြီး မှောင်မဲသွား လို့ လမင်းရဲ့မိုက်မဲမှု အတွက် လမိုက်ည လို့ ခေါ်တယ်တဲ့…. တကယ်ဆို သူသာ နေမင်းကို ရွေးလိုက်ရင် နောင်တရမှာမဟုတ်သလို

မျက်ရည်လည်း မကျရဘုူးလေ… အခုတော့ သူ့ရဲ့ရွေးချယ်မှုက သူ့ကို ဒဏ်ခတ်ထားသလိုဖြစ် နေတော့ ပြင်ဆင်လို့လည်းမရတော့ ဘူးပေါ့… ကဲ ပုံပြင်ကတော့

ဒါပဲ….”

                               ” ဟုတ်…လမင်းကလည်းနော် နေမင်းကိုရွေးလိုက်ရင် ပြီးရော… ”

                           ” အင်း …ကို မေးချင်တာ က ထားကို ကို က အဲ့မေး ရင် ထားဘယ်လိုဖြေမလဲ “ ထား ဘက် က အဖြေမလာသလို ဘာအသံမှလည်းမကြားတော့။ခေတ္တ

တိတ်သွားသည်။နားထင် မှ တွယ်စီးလာသော ချွေးစက်များအား တစ်ရှုးစလေးထုတ် ကာ သပ်လိုက်သည်။ ဆုံးဖြတ်ချက် ချနေသလို ခေါင်းလေးကို လေးပင်စွာညှိတ်လိုက်ပြီး

အနည်းငယ် ကြာတော့

                            ” ထား ကို့ကို အရမ်းချစ်တယ်…အဲ့လိုပဲ ထားနောင်တလည်း မရချင်ဘူ…. ထားနောက်ဆို ကိုမကြိုက် တာမလုပ်တော့ပါဘူး…” ဟုဆိုကာ ကျွန်တော့

ခါးကို သိုင်းဖက်လိုက် ၏။ ထား ၏ ခေါင်းလေးကို ဖက် ပြီးရင်ခွင်ထဲ သို့ဆွဲ သွင်းလိုက်သည်။ပုံပြင်က ရှိမရှိ လည်းမသိ၊ ခေါင်းထဲ ရှိရာ ကိစ္စကိုသာ ဦးတည်လိုက်တာကိုတော့

ကိုယ့်ဘာသာကိုယ် သိသည်။

မတ်လ၊နွေနေ ကတော့ ပူလောင်နေဆဲ။ နေရာတိုင်း ကြည့်လိုက်လျှင် အခိုးအငွေ့တွေ နှင့် မြေငွေ့ တို့ ပျံနေပြီ။ ကြွေကျသော သစ်ရွက် အိုများက လည် လေထဲမှာ

တင် ပြာဖြစ်မတက် အိုမင်းနေပြီ။ သို့သော် ကျွန်တော့ ရင်ထဲက နှလုံးသားက တော့ ရေခဲရိုက်ထားသော ပန်းသီးတစ်လုံးကဲ့သို့ ခဲမတက်ပင်အေးနေပြီ။ ဪ….ထားက

ကျွန်တော့ရင်ထဲ ရောက်နေပြီလေ..။

မောင်ရေချမ်း

 

 

 

6 comments

  • မောင်ရေချမ်း

    September 11, 2011 at 1:26 pm

    ကွန်နက်ရှင်က မကောင်းလို့ Reload လုပ်ရင်းနဲ့ ၂ ခုတင်သလိုဖြစ်သွားပါတယ်…တောင်းပန်ပါတယ်.. .အမှားများသာ ပါခဲ့လျှင် စာရှု့သူတို့ ငါ့မောင်ရင် ချမ်း တယ်နုနယ်သေးပါလား ဆိုပြီး ပြင်ဆင်ဖတ်ရှု ပေးကြပါလို့…………..ဆက်လက်၍ ကြိုးစားပါဦးမည်။

  • MaMa

    September 11, 2011 at 2:40 pm

    ပညာရှိမောင်ရေချမ်း ပညာသားပါပါနဲ့ ပြောဆိုနားချတတ်တော့ နာမည်နဲ့လိုက်ဖက်အောင် အေးချမ်းတဲ့ ဘဝလေးကို ရရှိသွားလေသတည်း ပေါ့။

  • hmee

    September 11, 2011 at 2:40 pm

    ချစ်သူနှစ်ဦး ကြည်ကြည်နူးနူး ရှိနေပုံကို မြင်အောင် ဖွဲ့နိုင်ပါတယ်။ ဆက်ရေးပါ အားပေးနေပါ့မယ်။

  • manawphyulay

    September 11, 2011 at 5:54 pm

    အယ် ဘယ်ရွေးလို့ရမလဲ…. နေမင်းက လမင်းကို ရွေးလိုက်ရင် နေ့နဲ့ည ဘယ်ရှိတော့မလဲ လုပ်ပြီ မောင်ရေချမ်းကတော့ ခုတောင် မနားရတာ နေ့ကြီးပဲ ရှိလို့လည်းမရသလို ညကြီးပဲလည်း ရှိလို့မဖြစ်သေးဘူးလေ….

  • ကြောင်ကြီး

    September 12, 2011 at 9:53 am

    ချစ်သူစကားကို
    မရစ်သူထား
    အသစ်ထူကာ
    မသွားခဲ့လို့
    အစ်သူခင်မျာ
    နွားခဲ့ရပါပေါ့လား…
    အီး ဟီး ဟီး ရွှတ်ဖတ်..။ 😥

  • မောင်ရေချမ်း

    September 12, 2011 at 7:52 pm

    နို့…နောင်ကြီးကြောင်ရဲ့….အီး ဟီး ဟီး ရွှတ်ဖတ် ဆိုတော့ ဟိုသဟာ ကိုသတိရသဗျ..ဘာတဲ့…ဒေါသက ထစ်ဆို ဖင်ကဗျစ်ခနဲတဲ့…..အဲ…မြန်မာတွေ ခြေမြန် လက်မြန်ဆုံးဖြတ်တတ် တာကို ဟပ်သဗျ… 😀

Leave a Reply