အခြေခံကျကျ တွေးကြည့်ကြရအောင်
ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး အကြောင်းတွေ သတင်းမှာကြားရ ဖတ်ရတာများနေပေမယ့် ဖာသိဖာသာပဲ နေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မအနေနဲ့က ဆင်းရဲသားအခြေအနေထဲမှာမပါသလို ဆင်းရဲသားတွေကို ကူညီပေးနိုင်တဲ့ သူဌေးအခြေအနေထဲမှာလဲမပါဘူး။ ရာထူးအာဏာနဲ့ကူညီပေးနိုင်သူလဲမဟုတ်လေတော့ ဒီကိစ္စ ကျွန်မနဲ့မဆိုင်ဘူးလို့သာ သဘောထားခဲ့ပါတယ်။
ဒီအပတ် ဟင်းချက်စရာဝယ်ဖို့ ဈေးသွားတဲ့အခါမှာ အတွေးတစ်ခု တွေးမိသွားပါတယ်။ ကျွန်မက ပုံမှန်အားဖြင့် တစ်ပတ်တစ်ခါ city mart မှာ လိုအပ်တာတွေဝယ်ပါတယ်။ လှည်းတန်းဈေးမှာ အသီးအရွက်သားငါး ဝယ်ပါတယ်။ ဈေးဝယ်တဲ့အခါတိုင်းမှာ ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးတွေဆီမှာ ဝယ်လေ့ဝယ်ထ နဲပါတယ်။ ဒီအပတ်တော့ စိတ်ကူးပြောင်းလိုက်တယ်။ လမ်းဘေးက ဗန်းကလေးတွေနဲ့ ချရောင်းရတဲ့ ဈေးသည်လေးတွေဆီက ဈေးမဆစ်ပဲနဲ့ ဝယ်ပါတယ်။ သူတို့ဆီမှာ မရနိုင်တာကိုမှ ဆိုင်ကြီးကြီးကနေ ဝယ်တယ်။ ဆင်းရဲနွမ်းပါးမှုလျော့နည်းရေးမှာ တစ်နိုင်တစ်ပိုင်ကူညီချင်တဲ့စိတ်နဲ့ပေါ့။
ပစည်းတွေ မနိုင်မနင်းဖြစ်နေပေမယ့် အမြဲတမ်းလမ်းလျှောက်ပြီး အိမ်ပြန်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ ဆိုက်ကားစီးပြီးပြန်လိုက်ပါတယ်။ ကျွန်မလဲ ပင်ပန်းတာသက်သာသလို ဆိုက်ကားဆရာကိုလဲ တတ်နိုင်တဲ့ဘက်က အားပေးလိုက်တယ်။
အိမ်သန့်ရှင်းရေးကို အမြဲတမ်း ကိုယ့်ဟာကိုယ်ပဲလုပ်ပါတယ်။ ပိုက်ဆံအပိုမကုန်ချင်သလို သူများလုပ်တာလဲ စိတ်တိုင်းမကျတာလဲပါတာပေါ့။ ဒီအပတ်တော့ သန့်ရှင်းရေးလုပ်တဲ့အမကြီးတစ်ယောက်ကိုခေါ်ပြီး အိမ်သန့်ရှင်းရေးအတူလုပ်လိုက်ပါတယ်။ သန့်ရှင်းရေးလုပ်ပြီး လုပ်အားခ ငွေ ၂၀၀ဝ ပေးလိုက်ရတာကို ဒီတစ်ခါ နှမြောစိတ်လုံးဝ မဖြစ်မိလိုက်ပါဘူး။
အလုပ်ထဲရောက်မှ ရုံးခန်းထဲက ရေနွေးနဲ့ကိုယ့်ဟာကိုယ်ကော်ဖီဖျော်သောက်တဲ့ အလေ့အကျင့်ကနေ ဆင်းရဲလို့ ရုံးမှာကပ်ပြီး ကော်ဖီမစ် တီးမစ်တွေကို လိုချင်တဲ့အခန်းထဲအထိ လိုက်ပို့တဲ့စနစ်နဲ့ ရောင်းနေရတဲ့ အဒေါ်ကြီးဆီကနေ ကော်ဖီတစ်ခွက် ဝယ်သောက်လိုက်ပါတယ်။ ကော်ဖီတစ်ခွက် တစ်ရာပိုကုန်မှာကိုတောင် နှမြောတတ်တဲ့ကျွန်မက အဲဒီလိုစိတ်ထားမျိုးပြောင်းလိုက်ပါတယ်။ ကျွန်မအတွက် ငွေတစ်ရာက အကြောင်းမဟုတ်ပေမယ့် သူတို့အတွက် တစ်ဖက်တစ်လမ်းက အကူအညီရသွားတာလဲ မနဲဘူးမဟုတ်လားလို့ တွေးမိသွားလို့ပါ။
တကယ်တော့ ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး။ ကျွန်မရဲ့ မတူသောအတွေးတစ်ခုကို ဖော်ပြချင်စိတ်နဲ့ရေးလိုက်မိတာပါ။
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေက ငွေများငွေနိုင်တဲ့ခေတ်ဖြစ်နေပါတယ်။ အရင်းအနှီးများများမတတ်နိုင်လို့ ရပ်ကွက်ထဲမှာပဲ တိုရှည်လုပ်ရောင်းနေရတဲ့ ကုလားမဆိုပါတော့။ သူ့မှာမရှိလို့တိုရှည်လုပ်ရောင်းရပါတယ် …. သူ့အနားက လက်ဘက်ရည်ဆိုင်က နံပြား ပလာတာ ဆမူဆာတွေအပြင် တိုရှည်ကိုပါလုပ်ရောင်းလိုက်တဲ့အခါ ကုလားမဆီမဝယ်စားတော့ပဲ စားပွဲကုလားထိုင်နဲ့စားရတဲ့ လက်ဖက်ရည်ဆိုင်မှာ သွားစားကြတော့တာပေါ့။
ရှိစုမဲ့စုငွေနဲ့ ဆိုင်ခန်းလေးတစ်ခန်းနဲ့ ဆေးဆိုင်ဖွင့်ထားရတဲ့ဆိုင်လေးဘေးမှာ ဆိုင်ခန်း ၃ ခန်းတွဲလောက်နဲ့ အပြင်အဆင်ကောင်းကောင်း အရင်းအနှီးများများနဲ့ ဆေးဆိုင်တစ်ခု လာဖွင့်လိုက်တော့ ဘေးကဆိုင်ကလေး ဒုက©ရောက်ရတာတွေ၊ နောက်ဆုံးအရင်းပြုတ်လို့ သူ့ဆိုင်ခန်းလေးကိုတောင် ရောင်းပစ်လိုက်ရတဲ့ အဖြစ်အပျက်တွေ၊ အရင်းအနှီးနဲအောင် မိတ္တူစက်အဟောင်းလေးနဲ့ ကူးစားနေရတာကို ဘေးမှာလာပြီး စက်အကောင်းစားနဲ့ ဈေးလျော့ပြီးလာကူးလို့ မိတ်ပျက်ပြီး ဆိုင်ပြုတ်သွားရတာတွေ၊ ဆိုက်ကားနင်းစားနေရတဲ့လူတွေနေရာမှာ ဆိုင်ကယ်ကယ်ရီတွေ အစားထိုးဝင်ရောက်လာတာတွေ၊ ဈေးထဲမှာဗန်းနဲ့ချရောင်းခွင့်မရှိလို့ ဆိုင်ခန်းတစ်ခန်းမတတ်နိုင်ပါက ရောင်းစားခွင့်မရှိဖြစ်ပုံတွေ၊ စသည် .. စသည်ဖြင့် …. အမျိုးမျိုး အဖုံဖုံကြုံနေကြရပါတယ်။
အရင်းတုန်းက ပစ္စည်းတစ်ခု နိုင်ငံခြားကိုပို့တဲ့အခါ ကြားထဲကလူတန်းစားများစွာက အဆင့်ဆင့် အကျိုးအမြတ်ခံစားကြရပါတယ်။ ဥပမာ ကျောက်ပုဇွန်တစ်ကောင်ဆိုပါစို့ … ပထမဆုံး ဖမ်းလိုက်တဲ့ တံငါသည်အရင်ပိုက်ဆံရပါတယ်။ သူ့ဆီကဝယ်လိုက်တဲ့ ရွာထဲကပုဇွန်ဒိုင်ကလူ တစ်ခါရတယ်။ အဲဒီလူက မြို့ပေါ်က ဒိုင်ဆီကို လာရောင်းပါတယ်။ မြို့ပေါ်ကဒိုင်ကနေတဆင့် ရန်ကုန်ကိုပို့တယ်ဆိုရင် အလုပ်သမားနဲ့ ကား (သို့မဟုတ်) လေယာဉ်က တစ်ခါ စားရပါတယ်။ အဲဒီနောက် ရန်ကုန်က ကုမ္ပဏီက တစ်ခါ မြတ်ပါတယ်။ သူကမှ တဆင့် မလေးရှား၊ ထိုင်ဝမ်၊ ဟောင်ကောင် စတဲ့နိုင်ငံတွေကို ပို့ပါတယ်။
အခုတော့ နိုင်ငံခြားကုမ္ပဏီတွေက ပင်လယ်ထဲအထိလာပြီး ကိုယ်တိုင်ဖမ်းပါတော့တယ်။ တံငါသည်တွေဖမ်းခွင့်လိုင်စင် မရှိတော့ပါဘူး။ လမ်းခရီးအဆင့်ဆင့်လဲ မဖြတ်တော့ပါဘူး။ သူ့နည်းသူ့ဟန်နဲ့သူ့နိုင်ငံအရောက် တိုက်ရိုက်ပို့ပါတော့တယ်။ ပုဇွန်တစ်ကောင်အပေါ်မှာမှီပြီး စားရတဲ့ အိမ်ထောင်စုပေါင်းများစွာ အဆင်မပြေဖြစ်ရပါတော့တယ်။
အခုလုပ်ငန်းရှင်တွေက မူရင်း source ကို လိုက်လေ့ရှိပြီး အားလုံးချုပ်ကိုင်နိုင်အောင် ကြိုးစားကြပါတယ်။ တလောကပဲ ကျွန်မအသိ တရုတ်တစ်ယောက်ရန်ကုန်လာလည်တာကို သွားတွေ့ရင်း ရန်ကုန်မှာအခြေကျနေထိုင်ပြီး စီးပွားရေးလုပ်နေတဲ့ တရုတ်လူမျိုးတော်တော်များများကို တွေ့လိုက်ရပါတယ်။ သူတို့က ကျွန်မကိုတောင် အကြံဉာဏ်တွေအများကြီးပေးလိုက်ကြသေးတယ်။ သူတို့တွေ လယ်ယာမြေတွေထဲအထိ ကိုယ်တိုင်ဆင်းပြီး အရောင်းအဝယ်လာလုပ်နေကြတာဖြစ်ပါတယ်။
ဆန်စက်အသေးလေးတွေကို ဆန်စက်အကြီးကြီးတွေက ဝါးမြိုသွားပါတယ်။ စက်မှုလုပ်ငန်းသေးသေးလေးတွေကို လုပ်ငန်းကြီးတွေက လက်ဝါးကြီးအုပ်ပစ်လိုက်ပါတယ်။ ဆိုင်အသေးလေးတွေကို ဆိုင်အကြီးတွေက သိမ်းပိုက်ပစ်ပါတယ်။ လူနေအိမ်တွေမှာလည်း အိမ်ကြီးကိုရောင်းပြီး အိမ်အလတ်ကိုရွှေ့၊ အိမ်အလတ်ကိုရောင်းပြီး အိမ်အသေးကိုရွှေ့၊ အိမ်အသေးကနေ ကျူးကျော်အဆင့်အထိရောက်လို့ နောက်ဆုံးဘဝပျက်ရတဲ့အထိဖြစ်သွားတဲ့သူတွေ အများကြီးတွေ့ရပါတယ်။ ဒီလိုနဲ့ လူလတ်တန်းစား စီးပွားရေးသမားတွေ လုပ်ငန်းပျောက်ကုန်ပြီး တဖြည်းဖြည်းနဲ့ ဆင်းရဲ ချမ်းသာ ကွာဟမှုများလာခြင်းဖြစ်လာပါတယ်။
ကျွန်မရေးနေတာတွေက ဈေးထဲမှာကျင်လည်နေတဲ့ သာမန်အရပ်သူတစ်ယောက်နေရာကနေ ရေးတာဖြစ်လို့ အတွေးအခေါ်အယူအဆတွေ အခြေခံကျလွန်းနေပါတယ်။ စီးပွားရေးဈေးကွက်လည်းမသိ၊ ဘာမှနားမလည်ပဲ လျှောက်ရေးထားတာမို့လို့ သီးခံပြီး ဖတ်ပေးပါလို့ တောင်းပန်ရင်း ….
ကျွန်မလဲ တတ်နိုင်သလောက် ဆင်းရဲနွမ်းပါးမှုလျော့ချရေးမှာ တစ်ဒေါင့်တစ်နေရာက ကူညီနေပါလားလို့ ကြီးကြီးကျယ်ကျယ်တွေးရင်း ဒီပို့စ်ကို ရေးဖြစ်သွားပါတော့တယ် …
24 comments
kai
September 13, 2011 at 2:53 pm
သာမန်အားဖြင့်တော့ …လူတွေက..အဲဒီလောက်စိတ်ထားကောင်းကောင်းမထားနိုင်ကြပါဘူး..
ဝန်ဆောင်မှုပိုကောင်း..ပိုဈေးသက်သာတဲ့ဆီ ရွေ့သွားကြတာပါပဲ..။ ရွှေ့လည်းရွှေ့သင့်တာပေါ့..။
ဒီလိုမျိုးက.. ခေါင်းဆောင်တွေနဲ့.. နိုင်ငံရေးသမားတွေ..နောက်တော့..အစိုးရ..
အဲဒီအသိုင်းအဝိုင်းက စဉ်းစားတွေးခေါ်ရတာတွေပါ…။
လူတွေကို… အလုပ်အကိုင်အခွင့်အလမ်း..ဖေါ်ပေးတာပေါ့လေ…။
weiwei
September 13, 2011 at 5:26 pm
ဟုတ်ပါတယ် သူကြီးရယ် …
အခုလဲ သူများနဲ့မတူတဲ့အတွေးပေါ်တုန်းရေးလိုက်တာပါ …
ကျွန်မကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာတော့ လုပ်ငန်းငယ်လေးတွေ တဖြည်းဖြည်း မရပ်တည်နိုင်ပဲ ပျောက်ပျက်သွားတာတွေ မြင်နေရပါတယ် … ကိုယ်တွေ့လဲ ပါတယ်ဆိုပါတော့ ….
windtalker
September 13, 2011 at 8:27 pm
ကောင်းတာတွေ လုပ်နေတဲ့
မဝေ တစ်ယောက်
ကောင်းကျိုးတွေ ကို
မုချ မသွေ ခံစားရမှာ
အမှန်ပါပဲ လို ့
ကွန်မင့်လေး နဲ ့
အားပေးလိုက်ပါရစေ
Shwe Ei
September 13, 2011 at 3:06 pm
ဟင်းရွက်သယ်လေးတွေဆီက ဈေးမဆစ်ဘဲဝယ်တာတော့ တူသွားဘီ မဝေရေ။ သူတို့မှာ ၅၀၊ ၁၀ဝ နဲ့လုပ်စားရတာ မသက်သာလှဘူး။ လုပ်ငန်းသေးလေးတွေကို လုပ်ငန်းကြီးသမားတွေဝါးမြိုကုန်တာတော့ ပိုများလာသလိုပါဘဲ။ အိမ်နားက ကုန်စုံဆိုင်လေးနဲ့ မလှမ်းမကမ်းမှာ မီနီမတ်လေး ၂ဆိုင် အပြိုင်အဆိုင် လာဖွင့်တော့ ကုန်စုံဆိုင်ရောင်းအားကျသွားတယ်လို့ထင်မိပါတယ်။ ဘာလေးလိုလို ကိုယ်တိုင်လဲ မီနီမတ်ကိုဘဲ ပြေးဝယ်မိလို့ပါ။
Moe Z
September 13, 2011 at 3:10 pm
“လမ်းဘေးက ဗန်းကလေးတွေနဲ့ ချရောင်းရတဲ့ ဈေးသည်လေးတွေဆီက ဈေးမဆစ်ပဲနဲ့ ဝယ်ပါတယ်။ သူတို့ဆီမှာ မရနိုင်တာကိုမှ ဆိုင်ကြီးကြီးကနေ ဝယ်တယ်။ ဆင်းရဲနွမ်းပါးမှုလျော့နည်းရေးမှာ တစ်နိုင်တစ်ပိုင်ကူညီချင်တဲ့စိတ်နဲ့ပေါ့” အဲဒီစိတ်ကူးလေးသဘောကျတယ်မမဝေ။ တစ်ချို့တွေများ ကုန်တိုက်မှာ ဈေးကြီးပေးဝယ်ကြပေမယ့် လမ်းဘေးဈေးသည်လေးတွေဆီမှာ မတရားဈေးဆစ်ကြတာ ဘေးကလူတောင် အမြင်ကပ်တယ်..
etone
September 13, 2011 at 3:14 pm
မဝေရေ .. ဆင်းရဲ နွမ်းပါးမှုလျော့ချရေးမျာ အခြေခံကျကျပါဝင်နေတယ် သိရတာဝမ်းသာပါတယ် … ။
ဒါပေမဲ့ etone တို့ကတော့ ရုံးသွားရုံးပြန် သီရိမင်္ဂလာဈေးနားက ဖြတ်ရလို့ အမြဲမြင်နေလို့လား မသိဘူး … ပစ္စည်းချင်း အတူတူတောင် လမ်းဘေးဈေးသယ်လေးတွေဆီက မဝယ်ချင်ဘူး မဝေရဲ့ …. ။ ဒန့်သလွန်သီးတွေများ ပေါင်ကြားညှပ်ပြီး ကားစီးတာ … ။ သဘောင်္သီးတွေ ဆို ခြေနင်းခုံအောက် အင်းထိုးထည့် … ခရမ်းချဉ်သီးသေတ္တာတွေဆို ထင်ရူးပုံးလေးတွေနဲ ့.. ဖင်ခုထိုင်လိုထိုင် … အာ … တကယ့်ကို ဂျောက်ဂျက်ပဲ … ။ သီးနှံစုံအဲ့လိုနော် … တချို့ နာနတ်သီးလိုမျိုးတွေဆို လူတွေက ကားပေါ်က တက်ဆင်းဆို ဖိနပ်ကြီးနဲ့ ဖျက်ခနဲ့ နင်းဖြတ်သွားတာပဲ …သူတို့က လမ်းလည်ခေါင်မှာ ချချထားတော့ . မနင်းချင်လည်း နင်း .. နင်းချင်လည်း နင်းပဲ … မြင်ရတာနဲ့ကို အန်ချင်တယ် …
နောက်…….ဈေးမှာ မြေကြီးပေါ် ဗန်းချရောင်းတဲ့ဟာလည်း တကယ့်ကို စားရတာ မသတီဘူး … ဘယ်တော့ တီကောင် သွားကြားညှပ်မလဲတွေးပူနေရလွန်းလို့ …. ပြောရင်းဆိုရင် း မျက်စိထဲမြင်ယောင်ပြီး အန်ချင်လာပြီ 🙄
R Ga
September 13, 2011 at 3:28 pm
ကျွန်တော်လည်း ဆင်းရဲပပြောက်မှု တိုက်ဖက်ဦးမှ မဝေ လိုလေ။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ ကျွန်တော် ကသူတို့ထက်များပိုဆင်းရဲနေမလားလို့လေ..။
ဥပမာ- သူတောင်းစားတစ်ယောက်ရဲ့ ဝင်ငွေက တစ်နေ့ကို ရထောင်ကနေ့ ၁သောင်းဝန်းကျင်ရှိတာမျိုးပေါ့။ နောက် လမ်းဘေးမှာဈေးရောင်တဲ့လူတစ်ယောက်ရဲ့ (မြို့လယ်ကလူ)ဝင်ငွေကလည်း ကျွန်တော်ရတဲ့လခထက် အစများစွာသာနေသတဲ့..။
ဆိုက်ကားသမားတောင် တစ်နေ့ ၅၀၀ဝလောက်အမြတ်ကျန်သတဲ့..။
ဒီတော့ ကျွန်တော်တွေးမိတာက ကျွန်တော့်ကိုယ် ကျွန်တော်များပြန်ပြီး ဆင်းရဲမှုတိုက်ဖျက်ရမလိုပဲဖြစ်နေတယ်။
mr.lone
September 13, 2011 at 3:56 pm
သတ္တဝါတစ်ခုကံတစ်ခုပေါ့မဝေရယ်။ ဆိုက်ကားသမားတွေ ဟင်းရွက်သည်တွေများ အထင်မသေးလိုက်နေနဲ့ ။ စားရင်သာ ငါးပိရည်နဲ့စားမယ်။ စုဆောင်းတတ်ကြတယ်နော်။ ကိုယ့်ဘက်ကဝယ်သင့်မှဝယ် ။ စီးသင့်မှစီးပေါ့။ အမှန်တကယ်ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက်ကတော့ … တာဝန်ရှိသူများမှာသာ တာဝန်ရှိတာပါ။(မြန်မာသတင်းတွေမှာပါတယ်လေ။ သတင်းကြေငြာသူက “တာဝန်ရှိသူများက ပြောကြားသွားပါတယ်” ဆိုပြီး ပြောလေ့ရှိတယ်လေ။ အဲဒါကြောင့် တာဝန်ရှိသူများကိုသာ နေ့စဉ်မေတ္တာပို့ပေးပါ။) တာဝန်ရှိသူများတာဝန်ကျေဖို့လိုတယ်လေ။
weiwei
September 13, 2011 at 5:32 pm
ဝန်ကြီးတစ်ယောက်က ပြောဖူးလို့ပါ … အားလုံးမှာ တာဝန်ရှိတယ်တဲ့ … လူတိုင်း လူတိုင်းမှာ တာဝန်ရှိပါတယ်တဲ့ …
mr.lone
September 14, 2011 at 8:17 am
ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်နိုင်မှာပေါ့
မဝေရယ်….. မဝေပြောတာလည်းမှန်ပါတယ်……
TTCG
September 13, 2011 at 4:47 pm
@weiwei
I am reading ur blog and there are so many spam comments. u should put image captcha like “http://www.captcha.net/” to post a comment. It will make ur blog spam free.
weiwei
September 13, 2011 at 5:34 pm
ဟုတ်ပါတယ် … အဲဒီ blog ကိုလဲ စိတ်ပျက်လွန်းလို့ မသုံးဖြစ်တာ ကြာပါပြီ … ခဏခဏ အဟတ်ခံရတယ် … စပန်းတွေလဲ အရမ်းဝင်ပါတယ် … ဘာမှလဲမဟုတ်ပဲနဲ့ အလုပ်ရှုပ်ရလွန်းလို့ အခုနောက်ပိုင်း ဒီရွာထဲမှာပဲ ရေးချင်တာရေးလိုက်တော့တယ် ….
zaw min
September 13, 2011 at 8:10 pm
ဆင်းရဲနွမ်းပါးမူ ပပျောက်ရေးမှာ…အဓိကတော့ တာဝန်ရှိသူတွေပေါ့ဗျာ…ဒီလိုပဲစီပွါးရေးလုပ်ငန်းရှင်တွေက အလုပ်အကိုင်ကောင်းတွေ အာမခံရှိတဲ့အလုပ်တွေ များများပေးနိုင်မယ်ဆိုရင်တော့ လျော့ကျသွားနိုင်ပါတယ်…ဒါကြောင့်လည်း ကမ္ဘာ့အချမ်းသာဆုံးစရင်းဝင်တဲ့ မက္ကစီကိုက သူဌေးကြီးက ပရဟိတလုပ်ငန်းတွေနဲ့တင် ဆင်းရဲနွမ်းပါးမူကို မလျှော့ပါးစေပါဘူးတဲ့..သူတို့တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေများစွာဖန်တီးလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်လို့ပြောကြားဖူးပါတယ်….
မဝေရဲ့စိတ်ကူးလေးလည်းကောင်းပါတယ် ကုသိုလ်လည်းရဝမ်းလည်းဝ ဆိုသလိုမိမိတတ်နိုင်တဲ့ဘက်ကကူညီဆောက်ရွက်ခြင်းလည်းဖြစ်ပါတယ်…
nature
September 13, 2011 at 9:00 pm
ဝေဝေရေ ဆင်းရဲမွဲတေမှု ဘာကြောင့်ဖြစ်ဆိုတဲ့ post တခု တင်ဖို့စဉ်းစားထားပါတယ်။
koyinmaung
September 13, 2011 at 9:45 pm
ဒေါ်ဝေခင်ဗျာ လူတိုင်းဆိုတာထက် နိုင်ငံခေါင်းဆောင်တွေကတာဝန်အရှိဆုံးပါ
တိုင်းပြည်တခုမှာ အုပ်ချုပ်တဲ့သူက ကိုယ့်တိုင်းပြည်ကြီးပွားစေချင်တဲ့
စိတ်ထားရှိဘို့လိုပါတယ်..
ကိုယ့်အမျိုးကောင်းစားဘို့တခုဘဲကြည့်တတ်တဲ့ခေါင်းဆောင်တွေကြောင့်
ကျွန်တော်တို့တိုင်းပြည်နစ်နာနေရတာပါ ဆင်းရဲမွဲတေနေရတာပါ
တရုတ်နိုင်ငံကိုကြည့်ပါ တိန်ရှောင်ဖိန်း ဆိုတဲ့ခေါင်းဆောင်ကောင်းကြောင့်
တရုတ်ပြည်ကြီးနေ့ချင်းညချင်းတိုးတက်ကြီးပွားလာတာပါ
ကျွန်တော်တို့ခေါင်းဆောင်တွေနဲ့ယှဉ်ကြည့်စေချင်ပါတယ်
ရေမြေအနေအထားကောင်းပြီး ကမာ္ဘမှာအဆင်းရဲဆုံးနိုင်ငံစာရင်းထဲပါနေတာကိုက
ရှက်ဘို့အလွန်ကောင်းပါတယ်
မရှက်တတ်တဲ့သူတွေလက်ထဲရှိနေသဤကတော့ …….
surmi
September 14, 2011 at 12:42 am
ကြံ ့ဖွတ် သူခိုး မို့ ဆင်းရဲသား တို ့ပိန် ချုံး မည် ၊ အကျိုး ထူး ပေးတော ့မယ် တဲ ့ဗျ ။ မပူပါနဲ ့သူတို ့တွေ ငွေချေးပေး နေကြတယ် ။ ဆင်းရဲသား ၂၅% အိမ် ကမိန်းမ ၇၅% ။
MaMa
September 14, 2011 at 7:39 am
ဈေးဝယ်ရင် အသက်သာဆုံးဖြစ်ချင်တာ၊ ကိုယ်ဝယ်တာ တန်တယ် သက်သာတယ်ဆိုတာမျိုး ဖြစ်ချင်စိတ်နဲ့ မရမက ဈေးကို အတင်းဆစ်၊ အပိုတောင်း၊ တစ်ဆိုင်ပြီးတစ်ဆိုင် လျှောက်မေးပြီးမှ အသက်သာဆုံးကို ရွေးဝယ်တတ်တယ်။ အဲဒီအကျင့်ကို အဖေကသိလို့ “ကိုယ်ဈေးရောင်းရင် အဲလို ကုတ်ကုတ်ကပ်ကပ် ဆစ်ရင် စိတ်ဆိုးတယ်။ မကြိုက်ဘူး မဟုတ်လား။ သူတို့လည်း မြတ်ပါစေ။” လို့ ပြောတယ်။ ခုတော့ ကိုယ်ချင်းစာတယ်ဆိုတဲ့ စကားရဲ့ အတိမ်အနက်ကို သိသွားပြီး ကိုယ့်အကျင့်ကို တတ်နိုင်သလောက် ပြုပြင်နေရတယ်။ 🙁
etone
September 14, 2011 at 9:19 am
Ma Ma ရေ ပြောမဲ့သာ ပြောတာ ဈေးဆစ်တတ်တဲ့ ပညာကလည်း သေးတာမဟုတ်ဘူး … ။ etone တို့ဆို …များမှန်းသိပေမဲ့… ဈေးမဆစ်မိတာက များတယ် …
ဈေးဆစ်ပြီး သူပြန်ညည်းပြမဲ့ စကားသံမကြားချင်လွန်းလို့ပါ …
ဆစ်လို့ ရမယ့်တန်ဖိုးနဲ့ သူကြူကြူပါအောင် ညည်းပြမဲ့ အသံနားထောင်ရမှာ စိမ်မချမ်းသာဘူးလေ 🙄
weiwei
September 14, 2011 at 9:35 am
အန်တီမမက တရုတ်လူမျိုးတွေနဲ့ တူနေပြီ … သူတို့က ဈေးဆစ်တာ အရမ်းဝါသနာပါတယ် …. တရုတ်ပြည်မှာ ဈေးဝယ်ရတာ အရမ်းစိတ်ညစ်ဖို့ကောင်းတာပဲ … ဈေးဆစ်မယ်ဆိုတာ ကြိုသိနေကြတော့ ဈေးတွေကို မတရားတင်ထားကြရော … ကျွန်မတို့လို ဈေးမဆစ်ချင်တဲ့သူတွေ ဒုက္ခရောက်တယ် …
အကောင်းဘက်ကကြည့်ရင်တော့ တရုတ်တွေကြီးပွားချမ်းသာနေကြတာ အဲဒီလို စစ်စီတတ်လို့နေမှာပေါ့နော် ….
ကြောင်ကြီး
September 14, 2011 at 8:20 am
ငါးလေးကို ငါးကြီးစားတာ သဘာဝဖြစ်ပါတယ်။ ကိုယ်လုပ်နိုင်တာ ငါးလေးကို သူ့ရဲ့အားသာချက်တွေ မြင်တတ်အသုံးချတတ်လာအောင် ကူညီညွှန်ပြပေးဖို့ပါ။ ဘယ်လိုလုပ်မလဲ၊ တပိုင်တနိုင် အတိုုးနှုန်းမဲ့ ငွေချေးပါ (လူတိုင်းမှာ မိမိယုံကြည်နိုင်တဲ့ အရင်းအနှီးလိုနေတဲ့ လုပ်နိုင်ကိုင်နိုင်သူ တဦးစီတော့ ရှိပါမယ်)။ အကျိုးမဲ့နေရာတွေမှာ မဖြုန်းတီးအောင် သင်ပေးပါ။ စုဆောင်းတတ်၊ တိုးပွားတတ်အောင် နည်းလမ်းပြပါ။ တဖက်ကလည်း အန်တီဝေပြောသလို ဈေးဝယ်အားပေးပါ။ ဆင်းရဲမှုပပျောက်ရေးအတွက် ကိုယ်နိုင်တဲ့ဖက်က ဆောင်ရွက်တဲ့ နည်းလမ်းများ ဖြစ်ပါတယ်။
လက်တွေ့မှာတော့ ပျံကျဈေးသည်၊ ဆိုင်သေးလေးတွေဆီက ဝယ်ယူအားပေး၊ အသေးစားချေးငွေထောက်ပံ့ခြင်း (micro finance) ဆိုတာ ပြောသလောက် ထိရောက်မှု မရှိကြောင်း စစ်တမ်းများမှာ တွေ့ရပါတယ်။ သာဓကအားဖြင့် အင်္ဂလိပ်ခေတ် မွန်သူဌေးကြီး ဦးနာအောက်ရဲ့ သင်္ဘောလုပ်ငန်း ကျဆုံးရတာ၊ နိုင်ငံခြားသားဆိုင်ရှင်၊ ပြည်ပကုန်ပစ္စည်းတွေကို ပြည်တွင်းတံဆိပ်တွေထက် ဝယ်ယူသုံးစွဲကြတာ မျိုးချစ်စိတ်ဓာတ် အမြင့်ဆုံးရောက်နေတဲ့ ကိုလိုနီခေတ်မှာတောင် မတားဆီးနိုင်ဘူး။ လူဆိုတာ ပိုကောင်းသက်သာတာကို ရွေးပါတယ်။ ဆိုင်ကြီးနဲ့ဆိုင်သေးမှာလည်း ဒီသဘောပါပဲ။ အရည်အသွေးပိုကောင်း၊ ဈေးပိုသက်သာတာကို ရွေးတာမဆန်းပါဘူး။ သိရမှာ သူ့အားနည်းချက် ကိုယ့်အားသာချက်တို့ပါ။ ဒါမှ ဈေးကွက်ထဲမှာ ရှင်သန်နိုင်ပါမယ်။
ပိုက်ဆံချေးတော့လည်း ပိုထွက်လာတဲ့ငွေကို ပြန်အသုံးချတတ်အုံးမှပါ။ လုပ်ငန်းချဲ့ထွင်ဖို့၊ စုဆောင်းတတ်ဖို့ မစဉ်းစားဘဲ ပိုစားပိုအိပ် ပိုနှစ်လုံးသုံးလုံး ဆော့ကြမယ်ဆိုရင် ထူးခြားမှု ရှိမှာမဟုတ် သဲထဲရေသွန်သလိုသာ ဖြစ်ပါမယ်။
အခုပြောနေတာတွေက အောက်ခြေလူတန်းစားများအတွက် သိပ်မြင့်နေလို့ လက်တွေ့ကျပါဆို မိမိနိုင်တဲ့လူကောင်းကို အကျိုးအမြတ် မစဉ်းစားဘဲ ဖေးမကူညီပါ။ ငွေတသောင်းချေးလိုက်ယုံ၊ နေစဉ်ဝယ်ယူအားပေးယုံမျှမက သူတို့ လုပ်ငန်းပြသနာကို စဉ်းစားဖြေရှင်းပေးပါ။ ဒါဆို မိမိမှာလည်း ညဏ်ရည်ညဏ်သွေး မြင့်တက်လာမယ်။ အများစုလုပ်နိုင်ကြပါတယ်။ ငွေလေးမဖြစ်စလောက်နဲ့ ပိုင်ရှင်တဦးလို စဉ်းစားတွက်ချက်ခွင့်ရဖို့ဆိုတာ ဧရာမအခွင့်အရေးကြီး ဖြစ်ပါတယ်။ လောကမှာ အကြံပေးရတာလောက် လွယ်တာမတွေ့ဘူးသေးပါ။ 😛
weiwei
September 14, 2011 at 9:44 am
ဦးကြောင်ကြီးပြောသလို ကျွန်မအရင်က အကြံပေးတာမျိုး လုပ်ကြည့်ဖူးတယ် … ကျွန်မနေခဲ့တဲ့ ပတ်ဝန်းကျင်က ဆင်းရဲကြတယ် … သူတို့ကို အာဟာရပြည့်ဝပြီး ချွေတာနိုင်တဲ့နည်းလမ်းတွေ ပြောပြပေးတယ် … ကိုယ်တိုင်လဲ လုပ်ပြပါတယ် … ဒါပေမယ့် နောက်ဆုံးရလဒ်က ကျွန်မကို ကတ်စေးနဲတဲ့လူလို့ပဲ မြင်သွားကြတယ် … 😛
zawmaung
September 14, 2011 at 9:57 am
ကြောင်ကြီးပြော တာ အရမ်းမှန်ပါတယ်။ မပြောင်းလဲနိူင်ခင် ဝေဝေ့ လိုကူညီပေးရင်လဲ ကိုယ့်စေတနာ ဝေဒနာ မဖြစ်အောင်လူကြည့်ကူညီပါ။
ိ
ိ
မီးမီး သော်
September 14, 2011 at 12:08 pm
အော် စိတ်ပျက်ဖို ့တော်တော်ကောင်းတဲ့ အနိုင့်အထက်လုစားနေသူတွေပါလား။မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုတာ ဟုတ်လား။
ဆူး
September 23, 2011 at 8:25 pm
အလုပ်သေးသေး လုပ်နေတဲ့ လူတွေကို အားပေးသင့်ပါတယ်။
လောကကြီးမှာ အကြီးက အသေးကို မြိုတတ်စမြဲပါပဲ။
အကြီးက မြိုသွားရင် အသေးတွေက အကြီးနဲ့ တဖက်တလမ်းက တွဲလုပ်ပြီး ဆက်လက်ရှင်သန်ရမှာပဲ.. ဒီတော့ သူဌေးနဲ့ ဆင်းရဲသား ၂မျိုးပဲ ဖြစ်ပြီး လူလတ်တန်းစား ဆိုတာ ပျောက်သွားမယ် ထင်တယ်။
တကယ်လို့သာ ပိုက်ဆံ များများ ရှိတဲ့ ပရဟိ လုပ်ငန်း တခု အနေနဲ့ စဉ်းစားမယ် ဆိုရင်တော့ လတ်တလော အတွေးပေါ်တာ တခုတော့ ရှိတယ်။ ဆင်းရဲသားတွေ အတွက် အလုပ်အကိုင် အခွင့်အလန်း တခုလုပ်ပေးမယ်။ ဥပမာ သူတို့ ဘာကျွှမ်းကျင်လဲ..မုန့်လုပ်တဲ့ လုပ်ငန်း ဆိုရင် မုန့် လုပ်ရောင်းလို့ ရမယ် ပစ္စည်းတွေ ထောက်ပံ့ပေးမယ်။ လူသုံးကုန် ပစ္စည်း ထုတ်လုပ်မှု တတ်သလား ဒါဆိုလည်း တခုခု လုပ်နိုင်ဖို့ ပူးပေါင်းပေးမယ်။ ကျွှမ်းကျင်တဲ့ လုပ်ငန်း တခု ကို တည်ထောင်ပေးမယ် အလကားတော့ မဟုတ်ဘူး အလုပ်ပေါ် မူတည်ပြီးတော့ နှစ်ရှည် စီမံကိန်း သဘောမျိုး မဖြစ်စလောက် အတိုးလေးနဲ့ အရင်းပြန်ပေးရမယ်။ ဒါမျိုးလေး လုပ်ပေးရင် ကောင်းမလား တွေးမိတာပဲ။ ထမင်းတနပ်ကျွှေးတာ ရေတို ဖြေရှင်းနည်း ရေရှည် အတွက်ဆိုရင် သူတို့ အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေတာမျိုး လုပ်သင့်တယ်။ စဉ်းစားမယ် ဆိုရင် အများကြီးပေါ့။