တဒင်္ဂဒေါသ အမှား..
“အမ… အစ်ကိုရှိလား” ခြံဝကနေ မီးဖိုချောင် ဝင်ပေါက်တံခါးဘောင်ကို မှီပြီးရပ်နေတဲ့ အမေ့ကို မြင်ပြီး လှမ်းမေးတာပါ။ အမေက ခေါင်းငြိမ့်ပြတော့ ခြံထဲလှမ်းဝင်လာပါတယ်။ အိမ်အောက်ဖက် တန်းလျားမှာ အဖေထိုင်နေပေမဲ့ အရှေ့ဘက် လမ်းမကနေ ဖုန်မဝင်အောင် ကာထားတဲ့ ထရံကွယ်နေလို့ မမြင်ရပါဘူး။ “ဘယ်သူတွေတုံး” အဖေကလည်း ဝင်လာတဲ့ လူတွေကို မြင်ရအောင် တန်းလျားလက်တင်ကို လက်ထောက်ကာ ကဲကြည့်ပြီး မေးတော့ “ အစ်ကို ကျွန်တော်တို့ပါ” ပြန်ဖြေရင်း အုတ်ခုံပေါ်လှမ်းတက် အဖေ့မျက်နှာခြင်းဆိုင် တန်းလျားမှာ ဝင်ထိုင်ပါတယ်။ “ဘာကိစ္စ ရှိလို့တုံး” “ဘာမှတော့ အထွေအထူး ရှိပါဘူး။ အစ်ကို့ မတွေ့တာ ကြာလို့ ဝင်လာတာ” “နင်… အရှေ့ကမ်း ရွှေ့သွားပြီဆို” အသစ်ထပ်ခတ်လာတဲ့ ရေနွေးကြမ်းအိုးကို ချရင်း အမေကမေးတော့ “ဟုတ်တယ်အမ တအောင့်နေပြန်မှာ ပဲမျိုးလေး နဲနဲ လိုတာနဲ့ လာဝယ်ရင်း အစ်ကိုနဲ့ မတွေ့တာ ကြာလို့” “အော်…ပဲကော ရပြီလား” “ရပြီ အမ” ကျွန်မလည်း မီးဖိုထဲမှာ ညစာချက်ပြုတ်နေတာ ခဏရပ် ကြောင်အိမ်ထဲက မုန့်ဘူးကိုထုတ် ပန်းကန်ပြားထဲ မုန့်ထည့်ပြီး သွားချပေးရတယ်။ ကျွန်မကို မြင်တော့ “ဟ..ငါ့တူမကြီး ပြန်ရောက်နေတာကိုး..”လို့ နှုတ်ဆက်တာကို ပြုံးပြီး ခေါင်းငြိမ့်ပြ မီးဖိုထဲ ပြန်ဝင် လုပ်စရာရှိတာ ဆက်လုပ်ရင်း တခါတခါ အဖေတို့ စကားဝိုင်းဘက် နားစွင့်လိုက် တချက်တချက် ထရံအပေါ်ပိုင်း အကွက်ကျဲကြားကနေ လှမ်းကြည့်လိုက်ပေါ့။ အဲ့လိုပဲ အဖေအိမ်မှာ ရှိလို့ကတော့ လူမစဲဘူး။ ကိုယ့်ဝိုင်းထဲက လူတွေ တခါတခါတော့ အရှေ့ဝိုင်းကလူတွေ ကိစ္စရှိလို့ လာသလို လမ်းကြုံလို့ ဝင်တာလည်း ရှိရဲ့။ တခြားရွာကလည်း အဖေ့ဆီပဲ ရည်ရွယ်ပြီး လာသူ၊ သူ့ကိစ္စနဲ့သူ လာပေမဲ့ အိမ်ရှေ့လမ်းမက ဖြတ်သွားတာ မြင်လို့ “ဟကောင်ရ ဝင်ပါဦးကွ။ ရေနွေးသောက်လေး”လို့ အဖေ ခေါ်လို့ ဝင်လာသူ အိုး..စုံလို့ပါပဲ။ အမေကလည်း နှစ်ပေါင်း (၄၀)ကျော် ပေါင်းလာတဲ့ ယောက်ကျားအကျင့်ကို အတော်ကို နောကျေ နေပါပြီ။ အဖေ ဧည့်ဝတ်ကျေ တတ်မှန်းသိလို့ ဘယ်အချိန် ဧည့်လာလာ ရေနွေးကြမ်းက အရန်သင့်။ ဓါတ်ဗူးနှစ်လုံး အပြည့် အပြင် ရေနွေးကြမ်းအိုးကြီးထဲလည်း အမြဲ အပြည့်။ လင်မယား နှစ်ယောက်လုံး ရေစိမ်းမသောက်ပဲ ရေနွေးကြမ်းပဲ သောက်တာလည်း ပါတာပေါ့။ ကြောင်အိမ်ထဲမလဲ အမြည်းလုပ်စရာ မုန့်လည်း အပြတ်ကို မခံပါဘူး။ “ အမလည်း သမီး ပြန်ရောက်တာနဲ့ အအားရပြီပေါ့” ရီသံနှော ပြောတာကို “အေးဟေ့….လာတုန်းလာခိုက် နားရတာ။ နင့်မို့ဆို တနှစ်လုံး သူတို့ အတွက် ကုန်းရုန်းနေရတာနဲ့ နားရတယ် မရှိဘူး” လို့ ပြန်ဖြေရင်း တချက် ရီလိုက်ပါတယ်။ အဲ့ကနေ စပြီး ပြောလိုက်တာ ရွာထဲက သတင်းတွေလည်း ပါရဲ့ လယ်အကြောင်း မိုးအကြောင်း စုံလို့ပါပဲ။ ကျွန်မလည်း မကြားတချက် ကြားတချက်။ နောက်ဆုံး ဘယ်ရောက်သွားလည်း ဆိုတော့ ဓါးအကြောင်း ရောက်သွားပါတယ်။ လုပ်ငန်းလိုအပ်လို့ ဆောင်တာကတကြောင်းပေမဲ့ အမြဲတစေ ဆောင်တာဟာ မကောင်းဘူးလို့ ဆိုတဲ့ အကြောင်းပါ။ နှစ်ယောက်လုံး ဓါးမြှောင်ဆောင်တာ အဖေက သိတာကိုး။ လူနဲ့ မခွဲ မခွာ လွယ်နေကြ သူတို့ အိတ်ထဲမှာ ဓါးအိမ်ပါတဲ့ ဓါးမြှောင်တချောင်းစီ ပါတယ်လေ။ အဖေက“ မင်းတို့ အဲ့လို ဓါးဆောင်တာ အစ်ကိုတော့ မကြိုက်ဘူး” “ဘာလို့တုံး အစ်ကို” သောက်လက်စ ရေနွေးကို ဆက်မသောက်ပဲ ခွက်ကို ပြန်ချရင်း ဦးဆန်းဝင်းက မေးပါတယ်။ “လူ့ဒေါသဆိုတာ ထိန်းရခက်တယ်လေကွာ တဒင်္ဂဒေါသ ထွက်လာရင် ဘာမှမြင်တာ မဟုတ်ဘူး။ မင်းမှာ ဓါးပါရင် မင်းဓါးနဲ့ ထိုးမယ် တုတ်ပါရင် တုတ်နဲ့ ရိုက်မယ် ဘာမှမပါရင်ကွာ မင်းလက်သီးနဲ့ ထ်ိုးမှာပေါ့ မဟုတ်ဘူးလား။ ဒေါသကလည်းထွက် ရန်ပြုစရာ လက်နက်ကလည်း အသင့်ဆိုတော့ ခံရလည်းမကောင်း လုပ်ရလည်း မကောင်းဘူးကွာ” အဖေ့စကားဆုံးတော့ ဦးဆန်းဝင်းက သူ့လက်ထဲက လက်ကျန်ရေနွေးကို တချက်တည်း မော့ချလိုက်ပြီး ”အင်း…အစ်ကို ပြောတာလည်း ဟုတ်သလိုပဲ”လို့ ထောက်ခံပါတယ်။ ဦးလှကို ကတော့ “ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် ဆောင်တာပါ အစ်ကိုရာ” သူ့သဘောကို လေးလေးကြီး ထုတ်ပြောလာတယ်။ “ဘာပဲ ဖြစ်ဖြစ်ပေါ့ကွာ မဆောင်တာက ပိုကောင်းတယ်လို့ အစ်ကို ကတော့ ထင်တာပဲ” လက်ထဲက ဆေးလိပ်က ပြာကို ပြာခွက်ထဲ တချက်ခါချရင်း အဖေက ထပ်ပြောတော့ နှစ်ယောက်လုံး စကားမဆက်တော့ဘူး။
“အစ်ကို..အစ်ကို….လှမေကြီးသေပြီ” ခြံစည်းရိုး သစ်သားချောင်းကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး စည်းရိုးပေါ်မေးတင်ကာ အိမ့်အောက်မှာ ဘက်ထရီမီးချောင်း အလင်းနဲ့ နှီးဖြာနေတဲ့ အဖေ့ကို ခပ်တိုးတိုး လှမ်းပြောတာက အရူးတင်စိုး။ “ဟာ..ဒီအရူးတော့ ဘာတွေလာပြောနေတာတုံး” လက်ထဲက ခွာလက်စ နှီးချောင်းကို ပြစ်ချလိုက်ပြီး အမေက အော်တော့ “တကယ်ပါဆို ငါ ညာဘူး လှကို ဓါးနဲ့ ထိုးတာ” “သွား..သွား ပြန်တော့ မိုး ဒီလောက်ချုပ်နေတာကို လျှောက်သွားနေတယ်” အမေ အော်လွှတ်တော့ “ငါ တကယ်ပြောတာလို့” သူမှန်ကြောင်း ထပ်ပြောနေလို့ “အေး… အေး ပြန်တော့ ပြန်တော့ မှောင်မဲနေတာပဲ မြွေပါး ကင်းပါးနဲ့” အဖေက ချော့ချော့မော့မော့ ပြောမှ “ငါညာပါဘူးဆို” လို့ တိုးတိုး ရေရွတ်ရင်း လှည့်ထွက်သွားလေရဲ့။ လက်ထဲက ဖြာလက်စ ဝါးနဲ့ဓါးကို အသာချရင်း ရှေ့မှာထိုင်ပြီး နှီးဖြာကူနေတဲ့ ဦးလေးကို “သွား ကြည့်စမ်းကွာ ဒီအရူးကတော့ မဟုတ်ပဲ မပြောလောက်ဘူး” ထိုင်လျှက် ဘယ်ဖက်ဒူးကို ထောင်ကာ ခြေဖဝါးနဲ့ နှီးချောင်းကို နင်းထားပြီး ကျန်ညာဖက်ခြေထောက်ကို လှဲကာ ခြေသန်းဖက်စောင်းနဲ့ နှီးမွှထားတာ တဝက်လောက်ကို ဖိကာ ကျန်တာကို လက်နှစ်ဖက်က အသာထိန်းကာ နှီးမျှင်ရအောင် လက်ချိန်လက်ဆ မှန်မှန်နဲ့ တချောင်းခြင်း ခွာနေတဲ့အမေက “တော်ကလည်း အရူးစကားများ ယုံလို့ သူနဲ့ မတည့်တဲ့ လူတိုင်းကို ပြောနေကျဟာ။ ဟုတ်ရင် အခုလောက်ဆို အနောက်ဝိုင်း တဝိုင်းလုံး ပွက်နေလောက်ပြီ” ဦးလေးမှာ အလုပ်ပဲ ဆက်လုပ်ရမလို သွားပဲ သွားရမလို အဖေ့ကြည့်လိုက် အမေ့ကြည့်လိုက်ပေါ့။ အဖေက “သွား” ဆိုတဲ့ သဘောနဲ့ မေးဆတ်ပြမှ ထိုင်ရာကထ ပုဆိုးမှာ ကပ်နေတဲ့ ဝါးအမှုန်တွေကို ခါကာ ပြင်ဝတ်ရင်း ထွက်သွားပါတယ်။ ကျွန်မလည်း မလုပ်တတ် လုပ်တတ် နှီးဖြာကူနေတာ သုံးခါဆွဲမှ တပင်လောက် အကောင်းရတယ်။ အမေကတော့ တခါဆွဲတချောင်း မြန်မှမြန် အမေ့အတုယူပြီး ဆွဲလိုက် ပြတ်လိုက်မို့ သေချာစိတ်ဝင်တစား လုပ်နေတာနဲ့ ခုနက ကိစ္စမေ့သွားပါရော။ “ဟုတ်တယ် အစ်ကို” ဆိုတဲ့ ခြံဝက ဦးလေး အသံကြောင့် ဖြာလက်စ နှီးကိုချ အမေ့ဘေး ဖျတ်ဆို ကပ်လိုက်မိတယ်။ “ ဖြစ်တာက မလှမေ သမီး အကြီးမနဲ့ ကွမ်းယာဝယ်ရင်း တယောက်တခွန်း စကားများကြတာ။ သူတို့က သိတဲ့အတိုင်း အဆဲက မကြားဝံ့မနာသာ ဆဲတော့ မခံနိုင်လို့ ဓါးနဲ့ ထိုးခဲ့တာတဲ့။ အိမ်ပေါ်ကနေ ဆဲသံကြားလို့ မလှမေက သူ့သမီးကို ဆင်းဆွဲပြီး ခြံထဲသွင်း ခြံတံခါးလှည့်အပိတ် တံခါးကြားကနေ ထိုးလိုက်တာတဲ့ ချက်ကောင်းထိပုံရတယ် အထိုးခံရပြီးပြီခြင်း အိမ်ပေါ်တွဲတင်တာ အိမ်ပေါ်တောင် မရောက်လိုက်ဘူး ခွေးကတက်မှာ သေတာပဲ။ ငါရောက်သွားတော့ အလောင်းကို ခြင်းနဲ့ အုပ်ထားပြီ” ဦးလေးစကားဆုံးတော့ “စိတ်မကောင်းလိုက်တာဟယ် ညနေကပဲ မလှမေတယောက် ငါနဲ့ စကားလာပြောနေသေးတာ” အမေပြောမှ သူထိုင်ခဲ့တဲ့ တန်းလျားဘက် လှည့်ကြည့်မိပြီး ကျွန်မမှာ ကြက်သီးတွေထလို့။ နဂိုကတည်းက သူရဲဆို အသည်းငယ်သူမို့ပါ။ “ငါပြောတာ ဘယ်လောက် ကြာသေးလို့လဲနော့ အမြိုင်။ ဓါးမဆောင်ပါနဲ့ ပြောတာကို နားမထောင်လို့ တဖက်ကလည်းသေ ဒင်းလည်း ဒုက္ခရောက်ပြီ” အဖေ့မှာ နှစ်ဦးနှစ်ဖက် အတွက် စိတ်မကောင်း ဖြစ်ပြီး အလုပ်တောင် ဆက်မလုပ်တော့ဘူး။ အမေလည်း ကပျာကယာ လုပ်လက်စတွေသိမ်း ဦးလေးလည်း သူ့အိမ်ဖက် ပြန်ကူးသွားပါတယ်။
တပတ်လောက်ကြာတော့ နေ့လည်ထမင်းစားပြီးစအချိန် ကျွန်မက ပန်းကန်တွေ သိမ်းတုန်း အမေက မီးဖိုရှေ့မှာ ခွေးကျွေးနေတယ်။ အဖေကတော့ ထမင်းစားပြီးလို့ ရေနွေးကြမ်းသောက်ရင်း ထိုင်နေလေရဲ့။ ဦးဆန်းဝင်းတယောက် မီးဖိုအဝမှာ အမေ့ကို မြင်လို့ “အစ်ကို ရှိလား အမ”ဆိုကာ ရှိကြောင်းသိတာနဲ့ မီးဖိုထဲ တန်းဝင်လာပါတယ်။ မီးဖို အဝင်က ဝက်တွေ မဝင်အောင် တားထားတဲ့ တန်းကို ကျော်ရင်း “အစ်ကိုရယ် မှန်လိုက်တာဗျာ” လို့ အရင်းမရှိ အဖျားမရှိ ပြောပါရော အဖေက “ဘာတုံးကွ မင့်ဟာက ထိုင်ပါဦး” “ဓါးမဆောင်ဖို့ အစ်ကို ပြောတာလေ” “အော်..ဒါလား” “ကျွန်တော်လည်း အစ်ကိုပြောလိုက်ကတည်းက အိမ်လည်း ပြန်ရောက်ရော ဓါးကို ထုတ်ထားလိုက်တယ်ဗျာ။ လှကို ဖြစ်တဲ့နေ့က ကျွန်တော် အရင်ဖြစ်တာ အစ်ကိုရ” အဖေလည်း အံ့အားတသင့် “ဘာဖြစ်တာတုံး” “ကျွန်တော့်သမီး အငယ်မလေးကို အရှေ့ဝိုင်းက ကောင်လေး ဆိုင်ကယ်နဲ့ တိုက်မိတာ။ ကလေးတွေ ရှိနေတာသိရဲ့နဲ့ ဆောက်ရမ်းမောင်းရမလားလို့ ဒေါသထွက်ဖြစ်နေချိန် မျက်စိရှေ့တင် ကိုယ့်ကလေးကို တိုက်ချသွားတော့ ဒေါသထွက်ထွက်နဲ့ ထိုးမလို့ အိတ်ထဲစမ်းတာ မပါလို့ နင့်မို့ဆို သေတယ် ကျွန်တော်လည်း ထောင်ကျပေါ့။ ဓါးမပါတာနဲ့ အစ်ကို ပြောသလို လက်သီးနဲ့ပဲ ထိုးလိုက်မိတယ် ဒါတောင် လူကြီးအိမ်မှာ ရှင်းလိုက်ရသေးတာ။ ညကြတော့ လှကို ဖြစ်တာပဲ ကျွန်တော်လည်း အတော်လန့်သွားမိတယ်ဗျာ။ အဲ့ကတည်းက အစ်ကို့ ဆီလာမလို့ ကျေးဇူးတင်လွန်းလို့ပါ ဒီဘက်မရောက်ဖြစ်တာနဲ့” ရှီခိုးမတတ် ပြောနေတာကို ကြည့်ပြီး အဖေကတော့ “ရပါတယ် ငါ့ညီရာ” ဆိုပြီး နှစ်သိမ့်နေလေရဲ့။ “ အေးကွာ မနေ့ကပဲ မြို့ရောက်လို့ ဟိုကောင်ကို ဝင်ကြည့်ခဲ့သေးတယ်။ ငါ့မြင်တော့ အစ်ကို့စကား နားမထောင်လို့ ဖြစ်တာဗျာဆိုပြီး ငိုနေလို့ ငါ့ အတော်စိတ်မကောင်းဘူးကွာ”။ အမေကတော့ ခွေးကျွေးပြီးတာတောင် မီးဖိုထဲ ပြန်ဝင်မလာသေးပဲ အပြင်မှာ ရပ်နေပါတယ်။ စိတ်မကောင်း ဖြစ်နေဟန် တူပါတယ်။ ကျွန်မလည်း အမေတို့လောက် မဟုတ်ရင်တောင် စိတ်ကတော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်ကမှ ကျွန်မကိုတောင် ရီရီမောမော နှုတ်ဆက်နေသေးတာလေ။ လူတွေ လူတွေ မဆောင်သင့်တာကို ဆောင်လို့ တဒင်္ဂဒေါသ ထွက်လာချိန်မှာ မထိန်းနိုင်ပဲ ဘာမှမဟုတ်တာလေးနဲ့ အမှားတွေ ကျုးလွန်ကြတာ ဘယ်လောက်တောင်များ များနေပါလိမ့်လို့ သံဝေဂတွေ အထပ်ထပ် ရနေပါတော့တယ်။
15 comments
alinsett
September 13, 2011 at 6:18 pm
မှီ..ရေ..။ ဒေါသ ကို တော့ ကိုယ် လည်းကြောက်တယ် ။ကိုယ် ့ဒေါသ ကိုရော…။ တခြားသူတွေရဲ ့ဒေါသကိုရော..။
ဒေါသ တွေ ထွက်နေရင် ဆင်ခြင်နိုင်စွမ်းဆိုတာ မရှိသလောက်ပဲ..နော် ။ မီတွေ လို တဟုန်းဟုန်းတောက် ပစ်လိုက်ရမှ..ကို ကျေနပ်သွားချင်တာလေ။
ကိုယ် လည်း..ဒေါသ မဖြစ်အောင် နေတယ် ။ ဒါပေမယ် ့မရပါ ဘူး။
hmee
September 14, 2011 at 3:49 pm
ဒေါသကြောင့် မထိန်းနိုင်ပဲ သတ်တာတွေ အများကြီးပဲ ပညာမတတ်တာလည်း ပါတာပေါ့။ တချို့ဆို ဘာမဟုတ်တာလေးနဲ့ သေရတာတွေ မြင်ရတာ စိတ်မကောင်းဘူး။ မှီတို့ အရပ်မှာတော့ ပညာမတတ်တာရယ် စာမဖတ်တာရယ်ကြောင့် ခိုက်ရန် ဓါးခုတ်ပွဲတွေ ခဏခဏကို ဖြစ်တာ။
“ဘီလူးကြီး”ogre
September 13, 2011 at 7:02 pm
ကျွန်တော်လည်းလူတစ်ယောက်ကိုဓါးမဆောင်ဘို့ပြောဘူးပါတယ်
အကြိမ်ကြိမ်ပြောလဲနားမထောင်ပါဘူး …နောက်တော့
အခုအဖြစ်အပျက်လိုပါပဲ
အဲဒီလူက သူများမင်္ဂလာဆောင်မှာ
ခွေးသားချက်ပြီးအရက်တိုက်တာကို သူကိုခွေးသားမကြွေးလို့ဆိုပြီး
သတို့သမီးရဲ့ မောင် ကို ဓါးနဲ့ထိုးတာပွဲချင်ပြီးပါတယ် မင်္ဂလာဆောင်လဲပျက်တာပါပဲ
windtalker
September 13, 2011 at 7:52 pm
မမှီ ရဲ ့ပို ့စ် ကို ဖတ်ပြီး
တဒင်္ဂ စိတ်ခံစားချက်လေး နောက်ကို
လိုက်မိသွားရင် မှားကြတာပေါ့ နော်
လို ့အသိတရား ရမိပါတယ်
nature
September 13, 2011 at 8:33 pm
ဒါးဆောင်ထားတတ်တဲ့သူတွေဟာ အများအားဖြင့် လက်ယဉ်နေသူတွေဖြစ်တတ်ပါတယ်။ ဒီလိုမျိုးကိုကသတ်လိုက်ရင် ကိုယ်လဲထောင်ကျမယ်။ ကိုယ်ထောင်ကျရင် ကိုယ့်ကို မှီခိုနေတဲ့မိသားစု အသိုက်အမြုံလေးပါပျက်စီးသွားစေနိုင်ပါတယ်။ ကိုယ်သတ်လို့ သေသွားတဲ့ မိသားစုက လဲကိုယ့်ကို ပြန်သတ်ချင်နေမယ်၊ သတ်ဖို့ အခွင့်အရေးစောင့်နေမယ်ဆိုတာ သိသာပါတယ်။ တဒင်္ဂ ဒေါသနဲ့ တဘဝပျက်သွားစေနိုင်ပါတယ်။ ရန်ကို ရန်ချင်း မတုန့်နှင်းနဲ့လို့ မြတ်စွာဘုရားကဆုံးမခဲ့ပါတယ်။
မီးမီး သော်
September 13, 2011 at 10:52 pm
မမမှီရေ စိတ်ဝင်စားလိုက်တာ မျောပါသွားတယ်။ဒါနဲ ့မမရေ အလောင်းကိုခြင်းနဲ ့အုပ်တာဘာကြောင့်လဲဟင်။ပြောပြပါဦးနော့။
hmee
September 14, 2011 at 3:46 pm
မီးမီးသော်ရေ… အမှန်ကတော့ လူတွေလာကြည့်ကြတော့ သေနေတာ သွေးရဲသန်ရဲမို့ မမြင်ရအောင် ကာတဲ့ သဘောပါ။ မှုခင်းလည်းဆိုတော့ ရဲမစစ်ခင် နေရာမပျက်စေချင်တာလည်း ပါတာပေါ့။ ဖျာနဲ့ အုပ်ရအောင်ကလည်း မမှီတို့ အရပ်က သင်ဖြူးဖျာ မသုံးပဲ ဝါးအပေါ်အကြောကို ယက်တာက ဖျာကောင်း အတွင်းသားကို ယက်တာက ဖျာကြမ်း အဲ့လိုဖျာပဲ သုံးတာလေ ဖျာက တောင့်ပြီး ကြီးတာမို့ ခွေးကတက်လို နေရာကျဉ်းမှာ သုံးလို့ အချိုူးမကျ အဆင်မပြေလေ ဒါကြောင့် ပဲမှော်လို ကောက်ရိုးလို ဟာတွေ ထည့်တဲ့ တည်ခြင်း အကြီးကြီးနဲ့ အုပ်ထားတာပါ။
မှော်ဆရာ
September 13, 2011 at 11:30 pm
ခက်လိုက်တာ မီးမီးသော်ရယ် လူမြင်မကောင်းလို့ မမြင်ရအောင် အုပ်တာပေါ့ဗျ…
ကျွန်တော်ကတော့ အိပ်ရာခေါင်းရင်းမှာ ဒုတ်တစ်ချောင်းဆောင်ထားတယ်
ညရေးညတာ အတွက်
ဒါပေမယ့် လက်လွန်မှာ ကြောက်လို့ ဆတ်တဲ့အသား ကွဲရုံလောက်ပဲ ဖြစ်နှိုင်တဲ့ အသားကိုပဲ အနေတော်လောက်ထားတာပါ
ဒါးကတော့ လက်လွန်မှာစိုးလို့ မထားကို မထားဘူး
ကြောင်ကြီး
September 14, 2011 at 11:05 am
ဟုတ်တယ်အန်တီမှီရေ…သိုင်းတတ်ရင်လည်းဒီလိုပဲ၊ မြောက်ကြွမြောက်ကြွနဲ့ အရာရာကို အင်အားသုံး ဖြေရှင်းဖို့ပဲ စဉ်းစာတော့တယ်။ လူအများစုက ကိုယ်လုံပညာထက်ပိုပြီး တိုက်ခိုက်ရေးပညာအဖြစ် သုံးချင်စမ်းချင် ကြတယ်လေ။ ကိုယ်တိုင်လည်း ငယ်စဉ်က မတတ်တခေါက် ကရာတေးလေးသင်ပြီး နည်းနည်းဆို လက်သီးဆုပ်မိတယ်။ တကယ်တော့ ဘာမှတတ်တာလည်း မဟုတ်ဘူး၊ တကယ်ဆိုးတဲ့ကောင်နဲ့တွေ့ရင် သေမှာ..။
hmee
September 14, 2011 at 4:03 pm
ကိုယ်တတ်ထားရင်လည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင်ပဲ ထားသင့်တယ်။ မဟုတ်ပဲ ငါသိုင်းတတ်တယ်ကွလို့ လူမြင်အောင်လုပ်နေရင် အမြင်ကတ် ပုဒ်မနဲ့ အသတ်ခံရမှာ။ တခါသား မှီတို့ရွာမှာ သိုင်းဆရာတယောက် သိုင်းတတ်တယ် ဆိုပြီး ဗိုလ်လာကျတာလေ ရန်လည်းဖြစ်ရော စိတ်နာနာနဲ့ လုပ်လိုက်တာ ဘယ်သူ သတ်မှန်းကို မသိဘူး။ တရွာလုံး သူအနိုင်ကျင့် ခံထားရတဲ့လူတွေ စိတ်နာနာနဲ့ ဝိုင်းခုတ်ပြစ်တာ။ 🙁
etone
September 14, 2011 at 11:52 am
မမှီရေ … etoneလည်း စိတ်ကြီးတယ် သို့သော် ဓါးမဆောင်ပါဘူး … လက်ဝါးစောင်းတော့ ထက်ပါရဲ့ .. ။
စိတ်တိုပြီး သွေးပူနေတဲ့ အချိန် လုပ်မိလုပ်ရာ လုပ်ဖြစ်ပေမဲ့ … ပြန်စဉ်းစားတော့မှ ဒီနေရာမှာ ဒီလိုလေး ထိန်းလိုက်လျှင် ဘာဖြစ်မလဲဆိုတာတွေ ပြန်တွေးမိတယ် … အခုတော့ အတတ်နိုင်ဆုံး စိတ်တိုတာလေး ထိန်းကြည့်နေတယ် … ။ 😛
hmee
September 14, 2011 at 4:11 pm
တုံရေ သွေးပူတဲ့ အချိန် လုပ်လိုက်မိပြီး သွေးအေးရင် နောင်တမရအောင် ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းထား။
MaMa
September 14, 2011 at 2:39 pm
တဒင်္ဂလေးကို မထိန်းနိုင်လို့ ဘဝနဲ့ချီပြီး နှောင်းနောင်တတွေရကြရတာကို ပညာပေးဆန်ဆန် တင်ပြထားတာ ကောင်းလိုက်တာ။
အမျှော်အမြင်ကြီးတဲ့ မှီ့အဖေလို လူမျိုးရဲ့ ဆုံးမဩဝါဒကို နားထောင်ပြီး ခုလို အဖြစ်ဆိုးက လွဲသွားတဲ့ ဦးဆန်းဝင်းအတွက်ကတော့ ကလျာဏမိတ်ကောင်းရဲ့ ဆောင်မမှုကို ရလိုက်တာ မင်္ဂလာတစ်ပါးပေ့ါ။
pan pan
September 14, 2011 at 2:39 pm
ဒေါသကြောင့်ဖြစ်သွားတာတွေကို အများဆုံးမှုခင်းသတင်းတွေမှာ ဖတ်ရပါတယ်
အပေါ်မှာ မမှီပြောသွားသလိုပဲ
ခဏလေးစိတ်မထိန်းနိုင်တာနဲ့ အားလုံးထိခိုက်ကုန်ရော
rain pricess
September 14, 2011 at 6:05 pm
မမှီရေ
အဲ.ဒါတကယ်အဖြစ်ပျက်လားဟင်