မဆုံးတဲ့…သီချင်း—၃ဝ
သုံးယောက်သား အရက်ဆိုင်ကနေ အဆောင်ကိုပြန်ရောက်တော့ ထုံးစံ အတိုင်း ရေချိုး ထမင်းစားပြီးတော့ ကိုမျိုးနဲ့ ကိုမြင့်ဇော်က နောက်တစ်နေ့ ဖြေရမဲ့ စာမေးပွဲ အတွက် စာအုပ်ကိုယ်စီနဲ့ ….စာကြည့်စားပွဲထိုင်နေပြီ..။ နေဝန်းနီ တစ်ယောက်ထဲ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်းမသိဘူး…။ စာကျက်စရာကမရှိတော့ဘူးလေ..။ စာမေးပွဲက ပြီးခဲ့ပြီ..။ တစ်ယောက်ထဲ အခန်းထဲပြန်ဝင်ပြီး သိမ်းစရာရှိတာတွေ သိမ်းဆည်းနေရင်း ….။ ညကိုးနာရီလောက်ကျတော့ အမူးနဲနဲပြေသွားပြီ…။ မျက်နှာထသစ် သွားတိုက်ပြီး အိပ်ဖို့ ကုတင်ပေါ်နေရာယူလိုက်တယ်…။ အိပ်လို့မရဘူး…။ အရင်ဆိုရင် ဒီအချိန် စာကျက်ရင်းနဲ့ အရက်ဆက်သောက်နေကျလေ….။ ဟိုတစ်ဘက်ခန်းက ကိုမြင့်ဇော်တို့က တော့ စာကျက်နေတုန်း…။ အဆောင်ထဲမှာလည်း စာမေးပွဲပြီး တာနဲ့ ပြန်ကုန်လိုက်တာ လူအတော်နဲသွားပြီ…။ ကျောင်းသားဆိုလို့ လေးငါးယောက်ပဲ ကျန်တော့တယ်…။ ကျန်တဲ့သူတွေက ဝန်ထမ်းတွေကော ဈေးသည်တွေကော…။ သူတို့က အေးဆေးတယ်…။ နေဝန်းနီတို့ ကျောင်းသားအဖွဲ့တွေ များရင်သာဆူညံနေတာ…။ ခုတော့ တိတ်ဆိတ်နေလိုက်တာ….။ အဲဒါနဲ့ စောစောက သိမ်းလက်စ ကျန်နေသေးတဲ့….စာအုပ်ပုံထဲက စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်တော့ “ သိန်းဖေမြင့်” ရဲ့ “ အရှေ့က နေဝန်းထွက်သည့်ပမာ” ပထမတွဲဖြစ်နေတယ်…။ အသာချထားပြီး ကိုမြင့်ဇော်ကို လှမ်းခေါ်လိုက်တယ်..။ “အပြင်သွားဦးမလား”
ဆိုတော့
“မသွားတော့ဘူး”
လို့ ပြန်ပြောတယ်..။
“ရှိသေးလို့လား”
လို့ မေးလိုက်တော့
“နိုး”
တဲ့…။ အဲဒါနဲ့
“ခင်ဗျားတို့ စာကျက်မပျက်အောင် ကွန်တော်သွားဝယ်ပေးမယ်”
ဆိုတော့
“အိုကေ”
တဲ့…။ သူတို့ အခန်းတံခါးမဖွင့်ဘူး…။ စာထဲမှာတော်တော်လေး စိတ်နှစ်နေပုံပဲ…။ အဲသဟာနဲ့ မနှောက်ယှက်တော့ဘဲ လမ်း80 ဘက်ထွက်လာပြီး ပါဆယ် တစ်လုံး ဝယ်လိုက်တယ်…။ အမြည်းကတော့ အနီးနားရှိတဲ့ စမူဆာသုပ်နဲ့ ကုလားဗယာကြော် ဝယ်လိုက်တယ်…။ အရက်ပုလင်း ခါးကြားထိုးပြီး အဆောင်ကို သီချင်းဆိုရင်းပြန်လာခဲ့တယ်…။ အဆောင်ရောက်တော့ ကိုယ့်အခန်းထဲ အရင်ဝင် စောစောက ချထားတဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာ ကိုယူ စာအုပ်ကိုချိုင်းကြားညှပ်ြပြီး အမြည်းထုတ်ဆွဲရင်နဲ့ ကိုမြင့်ဇော်တို့ အခန်းတံခါးကိုခေါက်လိုက်တယ်…။ ကိုမျိုးနဲ့ ကိုမြင့်ဇော်က တစ်ခန်းထဲ အတူနေကြတာပါ..။ နှစ်ယောက်ခန်းဆိုတော့ ကုတင်နှစ်လုံးကြားမှာ စာကြည့်စားပွဲ အလယ်မှာချထားပြီး တစ်ယောက်တစ်ဖက်နေရာယူပြီး စာကျက်နေကြပါတယ်…။ တံခါးခေါက်လိုက်လို့ တံခါးထဖွင့်ပေးတာနဲ့ နေဝန်းနီက အခန်းထဲဝင်သွားပြီး အမြည်းထုတ်ကိုချ ခါးကြားက အရက်ပုလင်းကို စားပွဲပေါ်တင်ပေးလိုက်ပါတယ်…။ ကိုမြင့်ဇော်က တံခါးထဖွင့်ပေးပြီး စာပြန်ကြည့်နေပါတယ်..။ အဲဒိတော့ နေဝန်းနီဖာသာပဲ… ဖန်ခွက်ရှာ အမြည်း ပန်းကန်ရှာပြီး သူတို့ အဆင်သင့်သောက်လို့ရအောင်ပြင်ပေးလိုက်ပါတယ်..။ ဧည့်ခန်းထဲက ကုလားထိုင် တစ်လုံးယူပြီး သူတို့ စာကြည့်စားပွဲမှာ ဝင်ထိုင်လိုက်တော့ …။ ကိုမြင့်ဇော်က မော့ကြည့်တယ်..။ ချိုင်းကြားထဲက ယူလာတဲ့စာအုပ်မြင်သွားတော့ မျက်လုံးပြူးကြည့်ပြီး ပြုံးသွားတယ်..။ ကိုမျိုးကတော့ ချထားပေးတဲ့ အရက်ခွက်ကို ကြည့်နေတဲ့စာအုပ် အကြည့်မလွဲပစ်ပဲလှမ်းယူလိုက်တယ်…။ မော့သောက်ပြီးတော့ နေဝန်းနီကိုလှမ်းကြည့်လိုက်တယ်..။ ပါးစပ်ကို သုတ်ပြတယ်..။ လက်သုတ်ပုဝါပေးဦး ပေါ့လေ….။ အရက်ဆိုင်မှာ စားပွဲထိုးကို လှမ်းတောင်းသလိုမျိုး ..။ နေဝန်းနီကလည်း ကိုမျိုးရဲ့ကုတင်ဘက်ခြမ်းက ကြိုးတန်းပေါ်က သူ့ရေလဲပုဆိုးကို ဆွဲယူပေးလိုက်တယ်လေ..။ မှတ်ကရော…။ သုံးယောက်သား အသံတိတ်ရယ်လိုက်ကြတယ်..။ ချစ်စရာကောင်းတဲ့ ကျောင်းသားဘဝကို လွမ်းမိရင်တော့ တမ်းတမိသား…။ ကိုမြင့်ဇော်က –
“ မောင်နေ လေးကို သွားမစပါနဲ့..။ ဘယ်လောက်ချစ်စရာကောင်းလဲ..။ စာမေးပွဲပြီးတာတောင်မှ မပြန်သေးဘဲ တို့ကို အရက်ဝယ်တိုက် အရက်ငှဲ့ပေး လုပ်နေတာ…။ စာအုပ်တစ်အုပ်ကိုင်ပြီး တို့ကို အားပေးမလို့ ဝင်လာတာ ကြည့်”
“ သူငယ်ချင်းကောင်း ယောင်းမတို့ ရေ……. ပေါ့…လေ”
ကိုမျိုးက ပြောရင်း ကြည့်နေတဲ့စာအုပ်ချပြီး နောက်ဖေးဘက်ထွက်သွားတယ်..။ သောက်ဖော်ချင်း အဲဂလိုချစ်ကြတာ..။
နောက်တစ်နေ့ အားလုံးစာမေးပွဲပြီးသွားတော့ စီစဉ်ထားတဲ့အတိုင်း 35 လမ်းက စင်းရှင်းဆိုင်မှာ ငါးယောက်သားဆုံကြတယ်..။ အရက်သောက် သက်အနုဆုံး ကိုအောင်ဂျမ်းက အများဆုံးသောက်ပြီး ကိုမောင်မောင်က စတိလောက်ပဲသောက်သွားပါတယ်..။ ကိုအောင်ဂျမ်းကို သူ့အိမ်ပြန်ပို့ပြီး နေဝန်းနီတို့ အဆောင်မှာ လေးယောက်သားဆက်လက် နှုတ်ဆက်ရင်း အိမ်ပြန်ဖို့ ပြောဖြစ်ကြတယ်..။ အချိန်တန်တော့လည်း အိမ်ပြန်ရဦးမှပေါ့…။ အိမ်ပြန်ရောက်ရင် အရက်က သောက်လို့မရ တော့ဘူးဆိုတာ သိနေလို့ ပြန်ကို မပြန်ချင်သေးတာလေ..။ ကျောင်းသားရယ်လို့ သိပ်မကျန်တော့မှ… နေဝန်းနီလည်း အိမ်ကိုပြန်ခဲ့တာပေါ့…။ နေဝန်းနီပြန်တဲ့ညက ကျောင်းသားနောက်ဆုံးအသုတ်လို့တောင်ပြောလို့ရတယ်…။ ဒီကောင်တွေက စာမေးပွဲအပြီး ပြင်ဦးလွင် ဘက်သွားကဲ ကြတဲ့ကောင်တွေ…။ နေဝန်းနီတို့က တော့ အရက်သောက်နေတာနဲ့ ဘယ်မှမရောက်ဖြစ်ပါဘူး…။ နောက်နှစ်ပေါ့လေ… ။ ပြန်ဆုံကြဦးမှာပေါ့…။
နေဝန်းနီ
2 comments
windtalker
September 15, 2011 at 1:24 pm
မနေ ့ညက မန်းထားတဲ့ဟာ
အခု မတွေ ့ရတော့ လို ့ပြန်မန်းလိုက်ဦးမယ် ဗျာ ။
ဒီကမှ စချင်လို ့နောက်ချင်လို ့
ကွန်မင့် ရေးထားပါတယ်ဆို
သူကြီး ရေ..
ထပ်မဖျက်နဲ ့တော့နော် ။
ဗိုလ်နီ ရဲ ့“ မဆုံးတဲ့သီချင်းတွေ ကို ဖတ်ရင်းနဲ ့ပေါ့နော် ”
အင်းပေါ့နော်…။
နေဝန်းတော့ နေဝန်းပါပဲ ပေါ့နော်
အရက်ဆိုင်ထဲ ကနေ ယိုင်တီးယိုင်တိုင် နဲ ့ထွက်လာတဲ့
နေဝန်းနီ လို ့မြင်သွားမိပါတယ်ပေါ့နော်..
( စိတ်ဆိုးရဘူးနော် )
naywoonni
September 18, 2011 at 11:08 pm
ဟုတ်တာပေါ့ မောင်ပေရယ်..။ သောက်နေတုန်းကတော့ သတိမထားမိပါဘူး…။ ခုမသောက်တာ ဆယ်နှစ်လောက်ရှိမှ ကိုယ့်ကိုကိုယ် အဲဒိတုန်းက ဘယ်လိုရှိမလဲ ဆိုတာ ပြန်ပြီးတွေးကြည့်မိတယ်..။ ဟီးးးး ရှက်စရာကြီး..။ နောက်လာဦးမယ်…။ ပွဲဈေးတန်းထဲမှာ သော့ ပျောက်ပါတယ်ဆိုပြီး လူသွားလူလာတွေကြားထဲက အသာငုတ်တုတ် ထိုင်ပြိး ရှူးရှူးတွေ တွေ ပေါက်တာ…။ အဲဒိတုန်းကတော့ ပျော်စရာ ထင်ပြီး လုပ်ခဲ့တာပေပဲ…။