အမိမြေနဲ့ အပိုင်းအစများ
အမိမြေနဲ့ အပိုင်းအစများ
ဘယ်နယ်ကလဲတဲ့ …..
အလယ်ကလူ စကားမဝဲပါ
ငါဟာ …..
ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။
ဘေးနားက အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ် ရွှေမင်းသမီးလေးပါ။
တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။
ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။
ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။
ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။
ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ အဓိကပါ။
နိုင်ငံရေး၊ပညာရေး
လူမှုရေး
ဘာရေးမှ မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။
သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။
မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။
အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်……”သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့”
နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။
ငါတို့မှာ ….
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။
နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး
ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။
ဒါပေမဲ့ ငါတို့ဟာ ….
ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ……
ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။
ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင် ပြန်လာကြမှာပါ …..။
အနည်းဆုံးတော့ …..
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။
မှတ်ချက်။ ။ အလွန်တရာ နှစ်ခြိုက်မိပါသဖြင့် Face book မောင်ရင်ငဇေ မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။
7 comments
koyinmaung
September 16, 2011 at 10:02 am
ကောင်းလိုက်တဲ့ကဗျာလေးပါဘဲ
အင်…တို့လဲအချိန်မတန်သေးလို့ပါ
ကိုယ့်မြေကိုယ့်ရေကိုယ့်လေ…
လွမ်းဆွတ်လှပါပေါ့…
နီလေး
September 16, 2011 at 10:25 am
“မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။”
အဲစာသားက ရေလည်လန်းတယ်နော် အဲလိုလူမျိုးတွေ မင်းလုပ်အုပ်ချုပ်နေမှတော့ ငါတို့မြန်မာပြည် …………ဆက်ပြောတော့ဘူး ဘာမှအပြောဘူးနော်
darlay
September 16, 2011 at 10:28 am
ငါတို့ဟာဆော်လမွန်ငါးတဲ့လား…….သိတ်မှန်တာပဲ…..အမေ့အိမ်ကိုလွမ်းတဲ့စိတ်နဲ့…အားပေးသွားပါတယ်။
zawmyothu
September 16, 2011 at 11:59 am
ကောင်းတယ်ဗျာ ဘာတဲ.
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်……”သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့”
alinsett
September 16, 2011 at 1:50 pm
ကောင်းပါတယ် .။
ဒါမျိုး ထိရောက်တဲ ့ စာသားလေးတွေ.ကို နောက်တေါ ့ရင် လည်း..ဝေမျှပေးပါဦးနော့။
မီးမီး သော်
September 16, 2011 at 2:00 pm
သိပ်ထိမိတဲ့ စကားလုံးလေးတွေပါလားနော်။ဒီနေရာကို အကြိုက်ဆုံးပါ………
အနည်းဆုံးတော့ …..
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။
Shwe Ei
September 16, 2011 at 2:50 pm
ကောင်းလိုက်တဲ့စာသားေတွေ။ ရေးသူကရေးသလို ခံစားတတ်တဲ့သူက တင်ပေးလို့ ဖတ်ခွင့်ရပါတယ်။
ကျေးဇူးပါဗျာ။