ကျွန်မအမေနဲ့ ကောင်မလေးတွေ တညနေ….
“အဖေကြီး…..အမေက ကလေးမွေးခ ပေးလိုက်ပါဦးတဲ့”
“ဟ…ဒီကောင် ဘယ်နှယ့်ပြောလိုက်တာတုံး”
လမ်းမက အော်သံနဲ့ မရှေးမနှောင်း အိမ်ပေါ်မှာ တီဗွီကြည့်နေတဲ့ အဖေရဲ့ စိတ်ပျက်လက်ပျက် အသံထွက်လာပါတယ်။
“ဒီ..မဲတူဟာလေ ပြောရော့မယ်”
အမေက ပြုံးပြုံးကြီးနဲ့ အလုပ်သမားခ လာရှင်းနေတဲ့ လေးမတင်အေး ဘက်လှည့်ပြောလိုက်တော့
“ပြောမနေနဲ့ မမြိုင်ရေ ဒီကောင် ဘာမှနားလည်တာမဟုတ်ဘူး။ ကိုယ်ပြောတာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဘူး။”
“မသိတဲ့လူက ငါနဲ့ပဲ မွေးလို့ အခလာတောင်းသလိုလို တကဲ့ကောင်” အိမ်ပေါ်ပြတင်းပေါက်မှာ ရပ်ပြီး မီးဖိုရှေ့ တန်းလျှားမှာ ထိုင်နေတဲ့ အမေတို့ကို ငုံကြည့်ပြီး ပြောပါတယ်။
“ဟဲ့..ကောင်လေး…ဒီဘက်ကိုလာ” အိမ်ရှေ့ ခြံစည်းရိုးမှာ ရပ်နေလို့ မီးဖိုဖက်ကို လာဖို့ အမေက လှမ်းခေါ်။ ဒါတောင် ခြံထဲ ဝင်မလာပဲ ရပ်နေလို့
“ဟဲ့…ဝင်ခဲ့လေ..ဘာရပ်လုပ်နေတာတုန်း။ ဘယ်လောက်တဲ့တုံး”
“၅၀၀ဝတဲ့ အမေက”
“ပြောလိုက် နင့်အမေကို စားဖို့လည်း ငါပဲ၊ သာရေးနာရေးလည်း ငါပဲ၊ အခု ကလေးမွေးခလည်း ငါပဲ ကိုယ့်ဘာသာ တခြားက ရှာကြဦးလို့ ငါ့မှာ ငွေတွင်း မရှိဘူးလို့ ကြားလား”
ပါးစပ်ကလည်းပြော လက်ကလည်း စာအုပ်ခြင်းထဲက စာအုပ်တအုပ်ထဲမှာ ညှပ်ထားတဲ့ ပိုက်ဆံကို ရေပြီး လှမ်းပေးလိုက်ကာ အလုပ်သမားခ ယူငွေ စာအုပ်ထဲ တလက်စတည်း စာရင်းသွင်း။
“တော်ကသာ ပြောနေ ဒီကောင် လုံးစေ့ပတ်စေ့ ပြန်ပြောတတ် ကံကောင်း” လေးမတင်အေးက ပိုက်ဆံယူပြီး ပေစောင်းပေစောင်း ပြန်သွားတာကို ကြည့်ပြီး အားမလို အားမရ ဝင်ပြောပါတယ်။
“အေးဟယ် ဒီလောက်အ ဒီလောက်ထူတာ ငါ့ တသက် မြင်ဘူးဖူး။ ဘယ်အချိန် ကြည့်ကြည့် အဝတ်အစားမပါ လုံးတီး။ အေးလည်း ဒီပုံ ပူလည်း ဒီပုံ။ ငရဲသားဘဝကများ လာသလားမပြောတတ်ဘူး”
မျက်မှန်ကို ဘယ်ဖက်လက်နဲ့ တချက် ပင့်တင်ကာ စောနက လုပ်လက်စ စာရင်းစာအုပ်ကို ပြန်ဆွဲယူပြီး ပြန်တွက်ပါတယ်။ ကျွန်မ ပြန်ရောက်နေလို့ စာရင်းတွေ နောက်ကြောင်းအေးအေး ရှင်းနေနိုင်တာပါ။ မဟုတ်လို့ကတော့ အလုပ်ရှုပ်နေချိန် ရှင်းဖို့လာလို့ကတော့ အော်ခံရမယ်မှတ်။
“ဒီမယ်အေ…ညည်း ယူသုံးထားတာက နှစ်သောင်းနဲ့ ခုနှစ်ထောင်၊ ညည်းတို့ သားအမိတွေ နေ့စားလိုက်ထားတာက သုံးသောင်း။ နှုတ်လိုက်တော့ သုံးထောင် ပိုတယ်အေ့။ ပိုတာ ညည်း ယူမှာလား မှတ်ပေးထားရမလား”
“ဆန်တပြည် ပေးဦး။ ကျန်တာကို ပိုက်ဆံသာ ပေးလိုက်တော် တိုတိုထွှာထွှာ ဝယ်ရမယ်”
“လေးလေး…ခွေးကြည့်ပါဦး” တန်းလျှားအောက် တချက် ငုံကြည့်ပြီး ခွေးမရှိကြောင်း သေချာမှ
“မရှိဘူး..ဝင်ခဲ့ ဝင်ခဲ့”
ကောင်မလေး သုံးယောက် ခွေးကိုက်မှာ ကြောက်လို့ ဘေးဘက်တွေကို ကျီးကြည့် ကြောင်ကြည့် ကြည့်ပြီး ကပြာကယာ အပြေး အမေ့ရှေ့က တန်းလျှားမှာ ဝင်ထိုင်ပါတယ်။ ထိုင်တာကိုလည်း ကြည့်ဦး ခွေးဆွဲမှာ စိုးလို့ ခြေထောက်တွေ အပေါ်တင်ထားတာက ရီချင်စရာ။
“ကောင်မတွေ…ညည်းတို့ လာမယ်ထင်သား။ ညနေက ကိုလှ ရုံက ညည်းတို့ လင်ကား ကြေညာကတည်းက ရွပိုးထိုးနေတာ မဟုတ်လား။ အိမ်က ကောင်မလည်း ဗွီဒီယိုဖိုး လိုချင်လို့ ငါ့ အတင်းလွှတ်နေတာ”
“လေးမတင်အေးကလည်း ပြောရော့မယ်”
“ရော်..ညည်းတို့ မဟုတ်လို့လား”
“ဟီးဟီး…ဟုတ်တယ်”
“ဘယ်အချိန်ကတည်း ချောင်းနေတာတုန်း ငါ့ကို။ အေး…ငါ့သမီး ရောက်နေလို့ ရှင်းပေးနိုင်တာတော် နို့မရဘူး”
“သိပါတယ် လေးလေးရဲ့ မမကြီး ရောက်နေမှန်း သိလို့ ဒီအချိန် လာတာပါ”
ဘေးမှာချထားတဲ့ စာအုပ်လက်ဆွဲခြင်းထဲက စာအုပ်တွေကို လက်တဖက်နဲ့ ထိန်းကိုင်ထားပြီး ကျန်တဖက်နဲ့ တအုပ်ခြင်း ဘေးကပ်ကာ လိုချင်တာကို ရှာပါတယ်။ လိုချင်တာရတော့ ဆွဲထုတ် စားပွဲပေါ်တင် စာအုပ်ကို လှန်ကာ နာမည် ရှာပါတယ်။ နာမည်တွေ့တော့ ဂဏန်းပေါင်းစက်ယူ အလုပ်လုပ်ခတွေပေါင်း ဘေးမှာချရေး။ ပြီးတော့ နောက်တအုပ် ထပ်ထုတ် ယူငွေပေါင်းကာ ပြန်နှုတ်။ လိုရင် ပြန်မှတ် ပိုတော့ပေးလိုက်။ စာရင်းရှင်းပြီးပြီဆို ကန့်လန့်ဖြတ် မျဉ်းဆွဲဖို့ ဆွဲခြင်းထဲက နှစ်ပေမီးချောင်းကို ထုတ်လိုက်ပါတယ်။ ဒါကတော့ အမေမျဉ်းဆွဲစရာ ရှိတိုင်း ပေတံအစား သုံးနေကျမို့ ဘယ်သူမှ အထူးအဆန်း မဖြစ်ဘူး။ မီးချောင်းနဲ့ မျဉ်းဆွဲ မျဉ်းပေါ်မှာ ရှင်းပြီးလို့ရေး ရက်ဆွဲထိုး။ ဒါဆို စာရင်းရှင်းပြီးတဲ့ သဘော။ သူ့ဘက် ကိုယ့်ဘက် သံသယ ဝင်စရာရှိရင် မှတ်တမ်း မှတ်ရာနဲ့မို့ စကား အပို ပြောစရာ မလိုလို့ အဖေ တခါက သင်ပေးထားတာ မှတ်မိလို့ အမေ လုပ်နေတာ ကြည့်ပြီး ကိုယ့်ဖာသာ ပြုံးလိုက်မိတယ်။ အားလုံး စာရင်းရှင်းပြီးတော့ ငွေပိုသူလည်း သူ့ပိုငွေသူယူ။ မပိုပဲ လိုငွေပြလည်း ထပ်ယူ စာရင်း ထပ်မှတ်။ နောက် အလုပ်ရှိရင် ပြန်ပြီး အလုပ်လုပ်ပြီးဆပ်။ ဒါဟာ တနှစ် ပတ်လုံး ဒီလိုပဲ ကျေသွားလိုက် ပြန်ယူလိုက် ပြန်လုပ်ပေးလိုက်ပဲမို့ သိပ်ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
“ညည်းတို့တွေ ဗွီဒီယို သွားကြည့်မှာလား ဒီည” “အဟီး…” သုံးယောက်သား စပ်ဖြဲဖြဲ။
“အေး..ငါ့သမီးတို့ သွားတာလည်း သွားပေါ့။ မကြည့်နဲ့လို့ မတားပါဘူး။ ဒါပေမဲ့ အဖော်မပါပဲတော့ သိပ်အတင့်မရဲနဲ့ပေါ့အေ ကိုယ်က မိန်းခလေး ဆိုတာ မမေ့နဲ့”
“ဟုတ်ကဲ့ပါ လေးလေး”
“အဲ…မမြိုင် တော်..ကြားပြီးပလား”
“ဘာတုံးဟဲ့”
“ဟော့ တောင်ဖက်ရွာက ကောင်မလေး အကြောင်းလေးတော်”
“အေးဟယ်…ငါ့..ကြားစက စိတ်ကို မကောင်းဘူး”
“ဟုတ်ပါ့တော် ကျုပ်ရောပဲ။ သေတာတောင် အရှက်တကွဲ။ ဘယ်သူသတ်လို့ သတ်မှန်းတောင် မသိဘူး။ အဖြစ်ဆိုးချက်တော့”
“အဲ့ဒါက သူကအပြစ်လည်း မကင်းဘူးအေ့”
“ဘာလို့တုံး လေးလေးရဲ့”
ကောင်မလေးတွေ စာရင်းရှင်းပြီးတာတောင် မပြန်နိုင်သေးဘူး။ အမေတို့ ပြောနေတာကို စိတ်ဝင်စားနေလေရဲ့။
“ဒီလိုအေ့…ကိုယ်က မိန်းမ ယောက်ကျားတွေနဲ့ ပြိုင်မမိုက်သင့်ဘူး။ ဘယ်လောက်ပဲ အစွမ်းအစရှိပါစေ ယောက်ကျားနဲ့ သွားမယှဉ်နဲ့။ အချို့နေရာတွေမှာ ယှဉ်လို့ရရင်ရပေမဲ့ ယှဉ်လို့မရတဲ့ နေရာတွေ အများကြီး။ ငါက အရာရာရင်ဆိုင်နိုင်တယ် စွမ်းတယ်။ ယောက်ကျားကို နင်ဘာမှ မစွမ်းဘူး ဒါကြောင့် ငါ့အစား နင်ဗိုက်ကြီးလို့ လုပ်လို့ရတာ မဟုတ်ဘူးအေ့။ ပြိုင်မိုက်ဦးတော့ နာစရာရှိ ကိုယ်ပဲနာမှာ။ ယောက်ကျားနဲ့ မတုနဲ့ သဘာဝကြီးကိုက မတူအောင် ဖန်တီးထားတာ။ ကိုယ်က ဘာမို့လို့တုံး။ အခု ကောင်မလေးလည်း လူကလည်းလှ၊ ကိုယ်လုံးက တောင့်တောင့်တင်းတင်း သားကောင်းမိခင်ပုံ၊ မိဘကလည်း လယ်ပိုင် ယာပိုင်နဲ့ အဆင်ပြေပြေ။ ဒါတွေဟာ သူ့အတွက် မာန်တက်စရာတွေကြည့်ပဲ။ အဲ…ပြီးတော့ သူက သိုင်းကောင်းကောင်းတတ်တော့ တော်ရုံယောက်ကျား နှစ်ယောက်လောက် အသာလှဲနိုင်တာ။ ဒီတော့ ဘာဖြစ်လဲ မာနပေါ် မာန်ဆင့်တော့ ပိုဆိုးရော။ ဒါ ငါ အပြစ်ပြောနေတာ မဟုတ်ဘူးနော်။ ညည်းတို့ နမူနာယူပြီး မမှားစေချင်တာ။ သူ့မှာ အကုန်ပြည့်နေလို့ မာနတော့ ထားသင့်တယ်။ အေး..တလွဲမာနတော့ မဖြစ်သင့်ဘူး။ မှတ်ထား…ငါ့သမီးများ မထားအပ်တဲ့ တလွဲမာနထားတော့ ဘာဖြစ်လဲ ကိုယ်ပဲ ဒုက္ခဖြစ်တာပေါ့အေ.”
အမေပြောနေတာကို အားလုံး စိတ်ဝင်တစား။ ကျွန်မလည်း ထမင်းပွဲပြင်နေတာကိုရပ် မီးဖိုအဝမှာ အလိုလို ရပ်လျှက်မိသား။
“သမီး..အမေ့ကို ရေနွေးတခွက်ပေးစမ်း”
ကမန်းကတန်း ရေနွေးဌဲ့ပြီး သွားပေးတော့ စကားခဏရပ်ကာ ရေနွေးကို တကျိုက်သောက် ခွက်ကို စားပွဲပေါ် ပြန်ချရင်း စကားဆက်ပါတယ်။
“ယောက်ကျားဆိုတာ သူတောင်းစားပဲ ဖြစ်ပါစေ သူ့မှာ အငုံ့မာနတော့ ရှိတာပဲ။ ကိုယ်ကသာ အငုံ့စိတ်ကို သွား မစမိစေနဲ့။ အညှီရှိရင် ယင်အုံတာ ဓမ္မတာပဲ။ ဒါကို မအုံပါနဲ့လို့ ပြောမရဘူး။ ကိုယ်က လိမ္မာပါးနပ်စွာ ကာကွယ်တတ်ဖို့ပဲ လိုတာ။ ကိုယ့်ကို ချစ်ခင်စုံမက်လို့ ပြောတာပဲ မကြိုက်ရင် မကြိုက်ဖူးလို့ ယဉ်ယဉ်ကျေးကျေး ပြောပေါ့။ မိုက်မိုက်ရိုင်းရိုင်း ပြန်မပြောရဘူး။ မုန်းစေလို ခံတွင်းလက်လေးသစ်၊ ချစ်စေလို ခံတွင်းလက်လေးသစ်တဲ့အေ.။ ချစ်ခြင်း မုန်းခြင်း ဒီပါးစပ်ကပဲ ဖန်တီးတာ။ လေးလေး သမီးတွေကို သင်ထားတယ် ကိုယ်က ဘယ်လောက် စိတ်ထဲမှာ မနှစ်သက်ပါစေ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလို့။ ကိုယ်ကသာ မူမှန်ပါစေ ရှေ့မတိုးရဲပါဘူးအေ။ စော်လည်း မစော်ကားဝင့်ပါဘူး။ ကိုယ်နဲ့သူနဲ့ နှစ်ယောက်ခြင်းဆုံတုံး မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောဦးတော့ ဟိုက မွှန်နေလို့ နာရကောင်းမှန်း မသိရင်တောင် လူကြားထဲတော့ မလုပ်ရဘူး။ အေး အဲ့လို လုပ်လို့ တဖက်က ရှက်ပြီး ချစ်စိတ်ကို ရှက်စိတ်လွှမ်းပြီး ရှက်ရမ်းရမ်းလည်း ကိုယ်ပဲ အရှက်ကွဲမှာ။ အငြိုးထားပြီး အကောက်လည်း အကြံခံရနိုင်တာပဲ။ ကိုယ်က မိန်းခလေး ကြံစည်ပြီး လုပ်တော့ မခံရလား။ အခုကြည့် …သေသာ သေသွားတာ ဘယ်သူသတ်မှန်းမသိဘူး။ သူ လူကြားထဲ အရှက်ခွဲခဲ့သူ လုပ်တာပါလို့ လူတွေက အထင်နဲ့ မှန်းသာပြောနေတာ ဘယ်မလဲ သက်သေ။ ဟုတ်ရင် ရဲက ဖမ်းမှာပေါ့ ဘယ်နေလိမ့်မတုန်း။ ဟုတ်ခဲ့သည် မှန်ဦး သက်သေတခုမှ မရတာ ဘာလုပ်လို့ ရမတုံး။ ကိုယ်က တောမှာနေတာ မမြင်ကွယ်ရာတွေ အများသားအေ.။ ငြိုးတဲ့လူက အကွက်ကျကျ ချောင်းပြီးလုပ်တော့ ကိုယ့်မှာ အရှက်လည်းရှုံး၊ အသက်လည်းဆုံး။ ပျောက်သွားတော့ လင့်နောက်ပဲ လိုက်သလိုလို။ ရိုးထဲမှာ မြုပ်ထားတာကို ပုတ်လို့ ခွေးဖော်မှ သေမှန်းသိတာကလား။ လူလည်းအစော်ကားခံရ သတ်လည်းသတ်ခံရအေ ကြားရတာများ မိဘတွေ အစား ရင်နင့်လွန်းလို့ ဒါမျိုး ထပ်ကို မကြားချင်ဘူး။” စကားအရှည်ကြီးကို တောက်လျှောက်ပြောပြီး အာခြောက်လို့ ထင်ပါရဲ့ လက်ကျန်ရေနွေးကို ကောက်မော့လိုက်ပါတယ်။
“ညည်းတို့ကိုလည်း ငါ့သမီးတွေလို မှတ်လို့ ပြောလိုက်မယ် ကိုယ်က မိန်းခလေး။ သဘာဝက ကိုယ်က အားနည်းချက်တွေနဲ့ ဖန်တီးပေးထားတာ။ ဘယ်တော့မှ ပြိုင်မမိုက်လေနဲ့ ကိုယ်ပဲ ဘဝပျက်မယ်မှတ်။ ယောက်ကျား၊ မိန်းမ တန်းတူ အခွင့်အရေးဆိုတာကလည်း ရသင့်ရထိုက်တဲ့ နေရာမှာပဲ ယူတာကောင်းတယ်။ တလွဲတော့ မယူမိစေနဲ့ ဒုက္ခရောက်တတ်တယ်။ ကဲ…ကဲ…မိုးလည်းရှုပ်လှပြီ ပြန်တော့”
“ဟုတ်ကဲ့..လေးလေး”
“အမလေး ….မမြိုင်ရယ် တော်..ပြောတာကောင်းလိုက်တာတော်။ ကျုပ်မပြောတတ်ဘူး။ အိမ်ကကောင်မတွေကို မနက်ဖြန်မှ လွှတ်လိုက်ဦးမယ်။ ပြောပေးပါဦးတော်။ နေရာတကာ ကြက်ခေါင်းဆိတ်မခံတော့ တယောက်ယောက်က တေးပြီး လုပ်သွားမှာ ကြောက်နေရတာ။”
အမေက ခေါင်းညိမ့်ပြမှ ပြုံးပြုံးကြီး ပြန်သွားလေရဲ့။ အပြင်မှာ အလင်းရောင်လည်း ပျောက်နေပြီမို့ အမေလည်း စာအုပ်တွေ ခြင်းထဲ ကောက်ထည့်ပြီး အိမ်ပေါ်တက်ဖို့ ပြင်ပါတယ်။ ကျွန်မကရော ကျွန်မလည်း အခုမှ ထမင်းပွဲ လင်ဘန်းကြီး ခေါင်းပေါ်ရွက်ပြီး အိမ်ပေါ်မှာ ဗိုက်ဆာဆာနဲ့ ထမင်းစား စောင့်နေတဲ့ အဖေ့ဆီ အပြေးသွားရပါတော့တယ်။
14 comments
windtalker
September 28, 2011 at 7:10 pm
အော်..
အန်တီမှီ တို ့ငယ်တုန်းက
ကျေးလက်ဘက်တွေ မှာ
တော်တော် ဆိုးခဲ့တာပဲနော်
ဆူး
September 28, 2011 at 9:09 pm
လိမ်မာရေးခြား ရှိတဲ့ သမီးကောင်းတွေ များပါစေ။
ကြောင်ကြီး
September 29, 2011 at 7:36 am
ရွာသူတယောက်ယောက်ကိုများ ပြောချင်တာလား။ သူက ဘယ်သူမှ ကြောက်ဖူးတဲ့။ ကြောင်ကြီးကြောက်ကြောက်ပါ။ 🙄
hmee
September 29, 2011 at 1:23 pm
မည်သူ့ကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ။ ကိုကြောင်ရေ ငယ်ငယ်တုန်းက တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အဲ့တုန်းက အမေ ကျွန်မတို့ ညီအမကို ပြောခဲ့တဲ့ စကားတွေကို ဖတ်ကောင်းအောင် တန်ဆာဆင်ထားတာပါ။ ကျွန်မစာကို ဖတ်ပြီး တယောက်လောက်လေးဖြစ်ဖြစ် ဒါမျိုးတွေ ဖြစ်တတ်ပါလားလို့ သိသွားရင် ကျေနပ်မိမှာပါ။
Tony
September 29, 2011 at 7:59 am
“ညည်းတို့ကိုလည်း ငါ့သမီးတွေလို မှတ်လို့ ပြောလိုက်မယ် ကိုယ်က မိန်းခလေး။ သဘာဝက ကိုယ်က အားနည်းချက်တွေနဲ့ ဖန်တီးပေးထားတာ။ ဘယ်တော့မှ ပြိုင်မမိုက်လေနဲ့ ကိုယ်ပဲ ဘဝပျက်မယ်မှတ်။ ယောက်ကျား၊ မိန်းမ တန်းတူ အခွင့်အရေးဆိုတာကလည်း ရသင့်ရထိုက်တဲ့ နေရာမှာပဲ ယူတာကောင်းတယ်။ တလွဲတော့ မယူမိစေနဲ့ ဒုက္ခရောက်တတ်တယ်။ ကဲ…ကဲ…မိုးလည်းရှုပ်လှပြီ ပြန်တော့”
အင်း……….ပြိုင်မမိုက်နဲ့ ပြောမယ့်သာပြောတာ။ ကောင်းလေးတွေနဲ့ ပြိုင်မိုက်နေတဲံ ကောင်မလေးတွေ တပုံးကြီးရှိသေးတယ်။ ဘဝပျက်မယ်ဆိုပြီး အခုခေတ်မှာတော့ နောင်တရမယ်လို့ မထင်။
etone
September 29, 2011 at 11:12 am
မမှီပေးချင်တဲ့ msg ကတော့ ညဖက် အပြင်သွားလျှင် အဖော်နဲ့ သွားတဲ့ 😛
နွယ်ပင်
September 29, 2011 at 11:23 am
မမှီရေ ရေးထားတာလေးရော ပေးချင်တဲ့ msg ရော အရမ်းကောင်းပါတယ် …
pan pan
September 29, 2011 at 12:16 pm
အယ်တော်!!
မetoneက မမှီပေးချင်တဲ့ မက်ဆေ့ချ်ကိုပြောတယ်
မနွယ်ပင်က မမှီပေးချင်တဲ့ မက်ဆေ့ချ် ကောင်းတယ်တဲ့
😛 😛
etone
September 29, 2011 at 1:28 pm
ဟီးဟီး .. နွယ်ပင်က ကောင်းတယ်ဆိုလည်း .. ကောင်းတယ်မှတ်ပေါ့ ပန်ပန်ရယ် …. သက်ကြီးစကား ၊ သက်ငယ်ကြားတဲ့ .. ဟီးဟီး
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
September 29, 2011 at 12:40 pm
ဘယ်လို အဖော်လဲ ပြောကြပါအုံးဟ။နင်တို ့ချည်း လက်တို ့မနေကြနဲ ့။
nozomi
September 29, 2011 at 1:00 pm
အခု တီဗီမှာ မြန်မာဇာတ်လမ်းတွဲ လာနေတာရှိတယ် “ရွာ” ဆိုတာ ၊
လူသစ်လေးတွေနဲ့ ကြည့်လို့ကောင်းတယ်
မမှီ ပို့စ်တွေကိုလဲ ခေါင်းစဉ်တစ်ခုနဲ့ အခန်းဆက် ရိုက်သင့်တယ်
ဒါရိုက်တာတွေ မမှီ ပို့စ်တွေ မဖတ်ဖူးသေးဘူး ထင်တယ်
hmee
September 29, 2011 at 1:28 pm
နိုဇိုမီရေ ရွာအကြောင်းပြောမယ်ဆို ကုန်နိုင်မယ်တောင် မထင်ဘူး။ တိုက်ဆိုင်လို့ ပြောမိတိုင်းလည်း အဲ့တုန်းက အချိန်ကို ပြန်ရောက်သွားသလိုလို ဘာလိုလို။ မမှီက ဝါသနာပါလွန်းလို့သာ ရေးတာပါ အဲ့ဒီအဆင့်ရောက်ဖို့ တော်တော်လိုသေးတာ ကိုယ့်ဘာသာ သိလို့ မမှန်းရဲပါဘူးရှင်။
etone
September 29, 2011 at 1:31 pm
ရဲတိုက် ၊ အေးမြတ်သူ နဲ့ မို့မို့မြင့်အောင် ရိုက်ထားတဲ့ ရွာရော မကောင်းဘူးလား ….. ။ ဖုတ်ဝင်နေတဲ့ကားလေ… ။ 😛 ရှုခင်းတွေလှသလောက် အတော် အူလည်လည်နိုင်တဲ့ ကားပဲ .. အားလုံး ဖုတ်ဝင်တဲ့လူနဲ့ … ဝိဉာဏ်တွေနဲ့ ချည်းပဲ …. ။ လူကောင်းတွေကလည်း အူကြောင်ကြောင်ရယ် 😀
nozomi
September 30, 2011 at 8:58 am
မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပျဉ်းမကန် ကျေးရွာအနီး ပဲစင်းငုံစိုက်ခင်း အတွင်း စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီအချိန်ခန့်က နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး မေ့မြောနေကြောင်း သတင်းအရ ကျောက်ပန်းတောင်း သုဂတိရှင်နာရေး ကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်၍ ကျောက်ပန်းတောင်း ဆေးရုံသို့ပို့စဉ် နိုင်ငံခြားသူ အမျိုးသမီးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ သေဆုံးသွားသူ နိုင်ငံခြားသူမှာ ဂျပန်လူမျိုး မစ္စရှီရာမတ်စု ချီဟာရု Ms Shiramatsu Chiharu ဆိုသူဖြစ်ပြီး အသက် ၃ဝ ဝန်းကျင် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂ရ ရက်နေ့ ညနေပိုင်းက ပုဂံ-ညောင်ဦး မြို့သို့လေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့ရှိ တည်းခိုခန်းတစ်ခု တွင် တည်းခိုနေသူဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျပန်အမျိုးသမီး သည် အခင်းဖြစ်နေ့ နံနက် ၉ နာရီခန့်တွင် ညောင်ဦးမြို့မှ ကျောက်ပန်းတောင်းမြို့သို့ လိုင်းကားဖြင့် လိုက်ပါလာကြောင်း၊ ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ရှိ ကားဂိတ်ရောက်သောအခါ မောင် — (၃၉ နှစ်) သာယာအေးရပ်နေသူ မောင်းနှင်သော ဆိုင်ကယ်တက္ကစီ အား ငှားရမ်း၍ ပုပ္ပားသို့သွားရောက် လည်ပတ်ခဲ့ကြောင်း၊ ထို့နောက် ကျောက်ပန်းတောင်းမှ ညောင်ဦးသို့ အဆိုပါ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဆိုင်ကယ်တက္ကစီသမားမှ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ပြုကျင့်ရာတွင် အော်ဟစ်မည်စိုး၍ ပါးစပ်အားပိတ်ရာမှ အသက်ရှူကြပ်၍ သေဆုံးသွားကြောင်း၊ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း ၍ ကျောက်ပန်းတောင်း ရဲစခန်းမှ ဆိုင်ကယ်တက္ကစီသမားအား ဖမ်းဆီးကာ စုံစမ်းစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မနေ့ ညနေက weekly website မှာ တွေ့တာပါ ၊ မမှီ ပို့စ် လေးနဲ့ ခပ်ဆင်ဆင်ပေါ့ အခု ကိစ္စ ကတော့ နိုင်ငံရဲ့ မျက်နှာ အိုးမဲသုတ်တဲ့ လုပ်ရပ်ပါပဲ