ထွက်ပေါက်
”ဟေ့ ဘာသာမဲ့ကြီး“
”အော်… လာ. ထိုင် သူငယ်ချင်း“
”အေးပါ အေးပါ ထိုင်မှာပါ။ ဘာမတူတာတွေများ ကြံလုံးထုတ်နေလဲ“
”အင်း ကြံလုံး ကြံလုံး…ကြံလုံးဆိုတာ ဘယ်လိုဟာမျိုး ဘယ်လိုပုံစံမျိုး လို့ သိထားလို့လဲ“
”လုပ်ပြီ“
“ကိုယ်တကယ်သိပါတယ်လို့ ထင်တဲ့စကားတွေကို ကိုယ်တကယ်သိရဲ့ လားဆိုတာလောက်တော့ ဆင်ခြင်မိကြဖို့ကောင်းတယ်”
“ငါ့ကို ခေါင်းခြောက်အောင်လုပ်တော့မယ်ပေါ့”
“မစဉ်းစား မဆင်ခြင်လျှင်တော့ ကိုယ့်ရှေ့က လမ်းညွှန်ချက်တွေကို ဟုတ်သလားလည်း မသိ မဟုတ်ဘူးလားလည်း မသိ ယောင်ဝါးဝါး ဖြစ်ကြဖို့ ရှိတယ်”
“မစဉ်းစား မဆင်ခြင်ကြပဲ လူတွေက နေနေကြလို့လား”
“ဒါကိုပေါ်လွင်ဖို့ ကိုယ့်ဘဝကို လမ်းညွှန်တဲ့ အသိပေးချက်တွေဟာ တကယ်ပဲ ကိုယ့်အတွက် လမ်းညွှန်ချက်ဖြစ်ရဲ့လား။ ဖြစ်တယ်ဆိုရင် ကိုယ် ဘယ်လောက် အတိုင်းအတာအထိ ကျင့်သုံးသလဲ ဆိုတာနဲ့ တိုင်းတာကြည့် ရင် ပေါ်လွင်မှာပါ”
“လမ်းညွှန်ချက်ဖြစ် မဖြစ်ကို ဘယ်လိုတိုင်းတာချင်လို့လဲ”
“ကိုယ့်ရဲ့ စား ဝတ် နေရေးတွေမှာ ကိုယ်ဖတ်မှတ် နာကြားထားရတဲ့ အရာတွေက ကိုယ့်ဘဝနဲ့ ကိုယ့်ဝန်းကျင်အတွက် ဘယ်လောက် အကျိုး ကျေးဇူးဖြစ်ထွန်းစေသလဲ ဆိုတာလောက်နဲ့ အနည်းဆုံး တိုင်းတာလို့ ရနိုင် တာပဲ”
“အဲဒီလောက်အထိ စဉ်းစားမကြည့်မိဘူး”
“နားထောင်ဖတ်မှတ်ရတဲ့ စာတွေ စကားတွေဆိုတာ လူတွေရဲ့ အဖြစ်တွေကို ကိုယ်စားပြုထားတဲ့ သင်္ကေတတွေလို့ မှတ်ယူပြီး ကိုယ့်ဆီမှာ ရှိနေတဲ့ အသိတွေနဲ့ ဆင်ခြင်လို့ အသိတစ်ခုအဖြစ် သိလာတဲ့ အထိ ဖြစ်အောင် နားထောင်ဖတ်မှတ်တာမျိုး လုပ်ကြဖို့ လိုတာပါဘဲ”
“ဪ…”
“စာဖတ်တာဟာ စာဖတ်တာမှာဘဲ ဆုံးနေရင်ဖြစ်ဖြစ် စကားနားထောင် တာဟာ စကားနားထောင်တာမှာဘဲ ဆုံးနေရင်ဖြစ်ဖြစ် နားထောင်ဖတ်မှတ် သင်ကြားခံရပေမဲ့ လမ်းညွှန်ချက်ဆိုတာ ဖြစ်မလာနိူင်ဘူး”
“ပြောစမ်းပါဦး”
“အသိဉာဏ်ဆိုတာ မဖြစ်မှတော့ ပြောဆိုသင်ကြားပေးသူတွေဟာ ကောင်းကောင်းဆိုးဆိုး ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့ ခိုင်းတာလုပ် သူတို့ ပြောတာနားထောင်ပြီး သူတို့အောက်မှာဘဲ ပြားပြားမှောက်နေကြရဖို့ ရှိတာပေါ့”
“ဟ ကြောက်စရာကြီးပါလား”
“ကိုယ့်ရဲ့စား ဝတ် နေရေးတွေမှာ ကိုယ်ဖတ်မှတ် နာကြားထားရတဲ့ အရာတွေက ဘာဦးဆောင်လမ်းညွှန်တာမှ မရဘူးဆိုရင် ကိုယ့်အသိနဲ့ကို အသက်မွေးရသလို ဖြစ်မနေပေဘူးလား”
“အဲသလိုတော့ ဖြစ်နေကြတာပဲ”
“ကိုယ့်အသိနဲ့ကို အသက်မွေးနေရတာကြောင့် ကြပ်တည်းကျဉ်း မြောင်းရတဲ့အထဲမှာ အဲသည် စာတတ်ပေတတ်ဆိုသူတွေရဲ့ ဝန်ထုပ်ကိုပါ ထမ်းနေရတာဆိုတော့ ဗူးလေးရာ ဖရုံဆင့်ဆိုသလို လူတွေမှာ အပိုဝန် အပိခံ ကြရတော့တာပေါ့”
“တို့တွေကလည်း ဒီလိုအခြေအနေမျိုးမှာဘဲ အသားကျလာခဲ့တာ ကြာခဲ့ပြီဆိုတော့ ဒါတွေကို ဝန်ထုပ်ဝန်ပိုးလို့တောင် မသိတော့ပါဘူး”
“မသိတာ.. မသိတာ ခံတော့ ခံနေကြရတယ်နော်”
“ဟုတ်တော့လည်း ဟုတ်တယ်”
“ဒါကို ကျော်လွှားချင်စိတ် ပေါက်ရလိမ့်မယ်”
“ကျော်ပြစမ်းပါဦး”
“နာကြားဖတ်မှတ်ရတာတွေကို နာကြားဖတ်မှတ်ရတာအတိုင်း မထားနဲ့ ”
“ ဘယ်လိုထားရမှာတုန်း ”
“ နာကြားဖတ်မှတ်ရတာတွေဟာ လူ့အဖြစ်တွေဟုတ်ရဲ့လား လူမှာဖြစ် လို့ရရဲ့လားဆိုတာ ဆင်ခြင်ရမယ် ”
“ ဆင်ခြင်ရင် ဘာဖြစ်မှာလဲ ”
“ ဆင်ခြင်ပြီး လူ့အဖြစ်တွေ မဟုတ်ရင်ဖြစ်ဖြစ် လူမှာဖြစ်လို့ မရရင်ဖြစ်ဖြစ် ဒါတွေကို လိုက်မလုပ်မိဖို့ ကြိုးစားရမှာပေါ့ ”
“ ဒီလောက်ဆိုရပြီလား ”
“ ဒီလောက်လေးဆိုပြီး အထင်တော့မသေးလိုက်နဲ့ ။ ဒီလုပ်ရပ်က လူကို အသိဉာဏ်ဖြစ်ဖို့ လမ်းပွင့်သွားစေလိမ့်မယ် ”
“ ဒါလေးက…”
“ လူတွေကို ပိန်းပိတ်အောင် အသိဉာဏ်ကန်းနေစေတာဟာ ဒါကလေးကဆိုတာကို တကယ်လိုက်နာ ပြီးသွားလျှင် လိုက်နာပြီးသွားသူ ကိုယ်တိုင် အံ့ဩကြီးစွာ တွေ့ရလိမ့်မယ် ”
“ စာတွေ စကားတွေဆိုတာ လူ့အဖြစ်တွေဖြစ်ရမယ်ပေါ့ ”
“ လူ့အဖြစ်မဟုတ်တဲ့ စာတွေ စကားတွေကို လူက ဘယ်လောက်ကြီး စိတ်ဓာတ်နဲ့ လိုက်လုပ်ချင်ပေမယ့် ဘယ်တော့မှ လုပ်လို့ ရမှာမှ မဟုတ်တာပဲ”
“ ငါတို့ကပဲ ပါရမီ မပါလို့များလားမှ မသိတာ ”
“ လုပ်ပြီ အခုပဲ သတိပေးခဲ့တယ် ။ အခုပဲ သတိလက်လွတ် ပြောတော့ တာပဲကိုး ။ ပါရမီဆိုတာ လူမှာ ဘယ်လိုဖြစ်တဲ့ဟာလဲ သိအောင်မဆင်ခြင်ပဲ ကိုယ်မသိတဲ့ ပါရမီဆိုတာနဲ့ ဆင်ခြေဆင်လက်တွေ ပေးတော့မလို့လား ”
“ ဒီလိုပဲ ပြောနေကြတာပဲ ”
“ အပြောအဆို အပြုအမူတွေဆိုတာ အတွေးအမြင်တွေရဲ့ အကောင်အထည်တွေဆိုတော့ လူ့အဖြစ်မဟုတ်တာတွေနဲ့ အကြောင်းပြဖို့ ကြိုးစားနေမယ်ဆိုရင် နာကြားဖတ်မှတ်ရတာတွေဟာ လူ့အတွက် လမ်းညွှန် ချက် ဖြစ်လာစရာ အကြောင်းမရှိနိုင်ပါဘူး ”
“ ဒီလိုလား ”
“ ပြဿနာတွေ တစ်ပုံတစ်ထွေကြီးနဲ့ လုံးထွေးရစ်ပတ်နေရတဲ့ လောကကြီးထဲမှာ အကြောင်းမဟုတ်တာကို အကြောင်းလုပ်မနေမိပါမှ ပြဿနာတောထဲကနေ ထွက်ပြီး ရပ်နိုင်တော့မှာပေါ့ ”
“အကြောင်းဟုတ်တာကိုသာ အကြောင်းလုပ်မိရမယ်ပေါ့”
“အဲဒီလို ဖြစ်ရမှာ ဖြစ်ပေမယ့် စာတွေ၊စကားတွေရဲ့နောက်လိုက်ပြီး စာတွေ၊စကားတွေရဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်နေရတယ်ဆိုရင်တော့ စာတွေရဲ့ကျေးကျွန်၊စကားတွေရဲ့ကျေးကျွန်တွေပဲဖြစ်နေတာကြောင့် လူ့ထွက် ပေါက်ကို ဘယ်မှာလာပြီး ရှာတွေ့တော့မှာလဲ”
“သူ့ကျွန်အဖြစ်က လွတ်စေတာ ဖြစ်ရမယ်ပေါ့”
“ဟုတ်တယ် လူတွေဟာ သဘောတရားတွေရဲ့ ကျေးကျွန်အဖြစ် တလျှောက်လုံး အဖြစ်ခံလာကြရတာဆိုတော့ လူ့လောကဟာ ဗရမ်းဗတာနဲ့ ကိုယ့်တာဝန်လည်း ကိုယ်မသိ၊ ကိုယ့်အခွင့်အရေးလည်း ကိုယ်မသိ၊ တာဝန် မကျေတဲ့သူနဲ့၊ အခွင့်အရေး ပိုယူတဲ့သူနဲ့ဆိုတော့ လူတွေဟာ အမှိုက်တော ထဲနေရသလိုဖြစ်ပြီး လူ့လောကို ငြီးငွေ့စိတ်ပျက်နေကြရတော့တာပေါ့”
“ဟုတ်တော့လည်းဟုတ်တယ်”
“ဖတ်၊မှတ်၊နားထောင်ရတဲ့ စာတွေ၊စကားတွေဆိုတာကလည်း စိတ် ကြွဆေးသုံးစွဲတဲ့လူလိုပဲ။ သုံးစွဲတုန်းတော့ စိတ်ကိုကြွစေပေမယ့် နောက် တော့လည်း ဒုံရင်းပဲ ပြန်ရောက်တာမဟုတ်လား။ ဟိုစာအုပ်က ဘယ်လိုပြော တာ၊သည်စာအုပ်က ဘယ့်နယ်ပြောတာ၊ ဟိုဆရာတော်ကြီးက ဘယ်လိုပြော သွားတာ၊သည်ဆရာတော်ကြီးက ဘယ့်နှယ်ပြောသွားတာနဲ့ပဲ ဆုံးနေကြ၊ငြင်း နေကြရတော့တာ”
“စာတွေဆိုတာ လူမှာဖြစ်ထွန်းပြချက်တွေ ဖြစ်ရမယ်ပေါ့”
“သည်အတွက် မဟုတ်တဲ့စာဟာ လူ့အတွက် ဘာအသုံးချလို့မှ မရတာ ဆိုတော့ အမှိုက်သရိုက်ပဲပေါ့”
“မင်းကသာ အမှိုက်သရိုက်လို့ ပြောနေတာ အဲသည် အမှုိုက်သရိုက် တွေကိုပဲ ခေါင်းပေါ်တင်ထားကြတဲ့သူတွေပဲ လူ့ထိပ်ခေါင်တင်တွေ ဖြစ်နေကြ တာနော”
“ဒါ့ကြောင့်လဲ လူတွေခမျာ ထွက်ပေါက်ပိတ်နေကြရတာပေါ့”
“ဟူး…မလွယ်ပါလား”
“ဟုတ်တယ် ဖြစ်နေတာတွေရဲ့ အဖြစ်မှန်တွေကို မှုံမှုံမှေးမှေးလေးဖြစ် ဖြစ်တော့ မြင်နိုင်ကောင်းရဲ့ဆိုပြီး ပြောလိုက်တာပါ”
“သည်လိုမြင်ပြသူဆိုတာကလည်း အရှားသားရယ်”
“မကောင်းတဲ့အဖြစ်ဆိုရင် မင်းလည်းမဖြစ်ချင်ဘူး ငါလည်းမဖြစ်ချင်ဘူး ဘယ်သူမှလည်း ဖြစ်ချင်မှာမဟုတ်ဘူး။ ဖြစ်တာ မဖြစ်ချင်တာ မဖြစ်အောင် ကြတော့ ဘယ်သူမှမတတ်နိုင်ကြဘူးမဟုတ်လား”
“အဲတော့ ဘယ်လိုလုပ်မလဲ”
“အဖြစ်တစ်ခုတိုင်းမှာ အဲသည်အဖြစ်နဲ့လျှော်တဲ့ အကြောင်းတရားဆို တာရှိတယ်”
“ဟုတ်ပြီ”
“အဲသည်အကြောင်းတရားတွေကို သိအောင်လုပ်ရမယ်”
“အဖြစ်တွေက အများကြီးရယ်”
“လောကမှ အဖြစ်တွေက အမျိုးမျိုးရှိတာဆိုတော့ ဒါတွေအကုန်လုံးရဲ့ အကြောင်းတရားတွေကိုတော့ လူက ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ”
“ရာသီဥတု၊အာဟာရနဲ့ စိတ်တွေရဲ့အကြောင်းတွေကိုတော့ လူတွေ ဟာ အတော်ကြီးကိုသိနေကြပြီနော်”
“ဒါတွေရဲ့ အသုံးချစရာနဲ့ ဘေးရန်တွေမှာ နွားကို နဖားကြိုးထိုးပြီး အသုံးချသလိုကို အသုံးချနေကြပြီပဲ”
“ဓာတ်ကြီးလေးပါးရဲ့ အကြောင်းတွေကို သိမြင်အသုံးချနေကြပြီဆိုပါ တော့”
“တို့တိုင်းပြည်ဖြင့်ကွာ ပြောရမှာတောင်အားနာတယ်”
“ဒါတွေကလည်း လူ့ထွက်ပေါက်တော့ မဟုတ်သေးဘူးနော်”
“အေးပါ ငါကလည်း ဒါတွေကို လူ့ထွက်ပေါက်လို့ ဆိုလိုတာမဟုတ်ပါ ဘူး။ လုပ်ကြတာတွေမှာ လုပ်ကြတာတွေအလျှောက် တိုးတက်ဖြစ်ထွန်းနေ ကြတာကို မြင်စေချင်တာပါ”
“အလုပ်မှန်ရင် ဖြစ်ထွန်းမှုရှိရမယ်ပေါ့”
“အလုပ်တွေတော့ လုပ်နေရပြီး သည်အလုပ်က ဘာမှမဖြစ်ထွန်းဘူးဆို ရင် လူ့ခွန်အားတွေ အဆုံးရှုံးခံရတာကြောင့် လူ့လောကို နစ်နာစေရုံပဲရှိတော့ မှာပေါ့”
“ပထဝီ၊တေဇော၊အာပေါ၊ဝါယောတွေရဲ့ ဖြစ်ပုံပျက်ပုံ အခြေအနေမှန် တွေကို ကြောင်းကျိုးလိုက်နိုင်ကြတာကြောင့် ရေဒီယို၊ကက်စက်ကအစ ညူ ကလီးယားဆိုတာထိတောင် ဖြစ်ထွန်းအသုံးချနေကြပြီလေ”
“အဖြစ်တစ်ခုရဲ့ အကြောင်းအကျိုးကို အမှန်အတိုင်း သိမြင်ကြိုးစားကြ ရဲ့သက်သေပေါ့”
“အကြောင်းမဟုတ်တာကို အကြောင်းလုပ်နေမိသမျှ ကောင်းတာဖြစ် လည်း ကောင်းတာရဲ့အကြောင်းကိုမသိ၊မကောင်းတာဖြစ်လည်း မကောင်း တာရဲ့အကြောင်းကိုမသိနိုင်ဖြစ်ပြီး ဟိုဟိုဒီဒီတွေကိုပဲ လှီးလွှဲပြီး ပြောဆိုညွှန် ပြနေကြရတော့တာ”
“ဒါဖြင့် စစ်မှန်တဲ့ လူ့ထွက်ပေါက်က ဘာလဲ”
“လူနဲ့လူချင်း ပဋိပက္ခမဖြစ်ချင်တာပဲ”
“ဟုတ်ရဲ့လားကွာ”
“လူနဲ့လူချင်း ပဋိပက္ခဖြစ်ရတာထက် ကြီးမားတဲ့ဆင်းရဲဆိုတာ မရှိသလို ဒီကနေ့အချိန်ထိ လူတွေမဖြေရှင်းနိုင်သေးတာလည်း သည်ဆင်းရဲပါပဲ”
“ဒါဆိုရင် ဒါရဲ့အကြောင်းကရော ဘာလဲ”
“လူဆီမှာ ပေါ်လွင်ထင်ရှားနေတဲ့ ဟန်ပန်သွင်ပြင်ကို လူနဲ့ ခွဲပြီး မသိ မ မြင်ကြတာပဲပေါ့”
“နားတောင် မလည်တော့ဘူး”
“ဘယ်သူမဆိုလိုလို ကိုယ်သိတဲ့အတိုင်း ပြောဆို၊ပြုမူကြတာမှာ အဲ သည် ပြောဆို၊ပြုမူကြတာတွေရဲ့ အလျှောက်အတိုင်း သူ့ရဲ့ဟန်ပန်သွင်ပြင် တွေဆိုတာ အဲသည်သူဆီမှာ ရှိမနေနိုင်ဘူးလား”
“ဒါတော့ရှိရမှာပေါ့”
“အဲသည်ဟန်ပန်သွင်ပြင်တွေနဲ့ အဲသည်ဟန်ပန်သွင်ပြင်တွေရဲ့ အဖြစ်ခံ ရတဲ့ ”လူ“ကို ခွဲခြားမသိကြသ၍ လူ့ပဋိပက္ခဟာ ငြိမ်းနိုင်စရာမရှိဘူး”
“လူနဲ့ လူ့ဟန်ပန်သွင်ပြင်က ခွဲရလို့လား”
“တစ်နေရာဆီကွဲနေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ကွဲနေတာရဲ့ အ ဖြစ်ကို မြင်အောင်ကြည့်ဖို့ပြောတာ”
“ဘယ်လိုလဲ”
“လူတစ်ယောက်က လူတစ်ယောက်ကို အထင်ကြီးတာတို့ အထင် သေးတာတို့ဆိုတာ မရှိကြဘူးလား”
“ရှိတာပေါ့”
“အထင်ကြီးတော့ အားကိုးစိတ်တွေ သိမ်ငယ်စိတ်တွေ အဝင်ခံရပြီး၊ အ ထင်သေးတော့ မထီလေးစားတာတွေ ဘဝင်မြင့်တဲ့စိတ်တွေ အဝင်ခံရပြီး ဒါ တွေကပဲ လူတွေကို ပဋိပက္ခဖြစ်စေတာမဟုတ်လား။ ဒါတွေဖြစ်ပြီဆိုရင် အ ဖြစ်ခံရသူဆီမှာ ဟန်ပန်သွင်ပြင်တွေဆိုတာ ပေါ်လွင်ထင်ရှားနေလိမ့်မယ်”
“ဪ…”
“ဒီအဖြစ်တွေက လူဆီမှာ အမြဲတမ်းဖြစ်နေတာမဟုတ်ပေမယ့် အခွင့် သင့်တိုင်း အဖြစ်ခံရတာကြောင့် လူတွေမှာ ပင်ပန်းဆင်းရဲကြရတော့တာ”
“ဒါကို ဘယ်လိုရှင်းမလဲ”
“လူကိုမကြည့်နဲ့”
“လူကိုမကြည့်လို့ ငါက ဘာကိုကြည့်ရမှာတုန်း”
“ပဋိ်ပက္ခဟာ လူမှာဖြစ်ပေမယ့် လူဆီမှာ အမြဲတမ်းရှိတာမဟုတ်တော့ ပဋိပက္ခကိုပဲကြည့်ပြီး အဲသည်ပဋိပက္ခဟာ ဘာ့ကြောင့် လူဆီမှာလာပြီး ဖြစ်ဖြစ်နေရတာလည်းဆိုတာကို ဆင်ခြင်ကြည့်ရမှာပေါ့”
“ဘာ့ကြောင့်ဖြစ်တာလဲ”
“ကိုယ်မှန်တယ်ထင်လို့”
“ပဋိပက္ခဖြစ်နေတာတောင်မှဘဲ ကိုယ်မှန်တယ်လို့က ထင်သေးတာ လား”
“ကိုယ်ပြောတာ ကိုယ်လုပ်တာကို မှန်တယ်လို့ထင်ကြတာကလည်း လူ့ အလေ့လို ဖြစ်နေကြတာဆိုတော့ ဘယ်သူနဲ့ ဘယ်လောက်ကြီးပဲ ပဋိပက္ခ တွေဖြစ်နေပါစေ ကိုယ်မှန်တယ်လို့ပဲ လုပ်နေကြတာ”
“ဒါဆို သူမှန်တယ်လို့ လုပ်ရမှားလား”
“အဲလိုလုပ်ရင် ကိုယ်ပျောက်သွားမှာပေါ့”
“မင့်ဟာက သူမှန်တယ်လို့လည်းမလုပ်ရဘူး၊ ကိုယ်မှန်တယ်လို့လည်း မလုပ်ရဘူးဆိုတော့ ဘယ့်နှယ်လုပ်ရမှာတုန်း”
“ပဋိပက္ခကိုပဲကြည့်လို့ ပြောခဲ့ပြီပဲ”
“မင့်ဟာကလည်း ရှုပ်ရှက်ကို ခတ်နေတာပါဘဲလား”
“ကြည့်စ မရှိသေးလို့ပါ။ကိုယ့်ပဋိပက္ခကို မဖြေရှင်းဘူးပေမယ့်(ဖြေရှင်း ဘူးကြပါတယ်) သူများတွေရဲ့ ပဋိပက္ခကိုတော့ ဖြေရှင်းပေးဘူးလောက်ပါ တယ်”
“ဒါတော့ လုပ်ဘူးတယ်”
“သည်လိုဖြေရှင်းတာမှာ လူကိုဖြေရှင်းလိုက်တာလား ပဋိပက္ခကိုပဲဖြေ ရှင်းလိုက်တာလား”
“လူတွေကိုပဲ ဖြေရှင်းလိုက်တာမဟုတ်ဘူးလား”
“လူတွေကို ဖြေရှင်းလိုက်တာဆိုရင် အခု အဲသည်လူတွေမရှိတော့ဘူး လား”
“အေး…ကွာ…”
“စစ်မှန်တဲ့ လူ့လိုအင်ဟာ လူနဲ့လူခြင်း ပဋိပက္ခမဖြစ်ခြင်တာလို့ ပြောခဲ့ တယ်နော်”
“အေး”
“ပဋိပက္ခဖြစ်ရတာဟာ ကိုယ်မှန်တယ်ထင်လို့ လို့လဲ ပြောခဲ့တယ်”
“ဟုတ်တယ်”
“သူမှန်တယ်လို့ လုပ်ရမှာမဟုတ်ဘူးဆိုတာလည်း ပြောခဲ့ပြီ။ ကိုယ့် ကိုယ်ကို သိမ်းပိုက်ထားတာနဲ့ သူများကသိမ်းပိုက်ထားတာကို လွတ်အောင် ကြည့်နိုင်ရင် ပဋိပက္ခတွေငြိမ်းလိမ့်မယ်”
“ကိုယ့်ကိုယ်ကို သိမ်းပိုက်မထားရဘူးလား”
“ကိုယ်ကိုယ်ကို သိမ်းပိုက်မထားရဘူးဆိုတာနဲ့ ကိုယ့်ကိုယ်ဟာ ကိုယ်မ ဟုတ်ဘူးလို့လည်း မလုပ်လိုက်နဲ့အုံး”
“သည်လိုပဲ ပြောနေကြတာ”
“ကိုယ့်ကိုယ်မှ ကိုယ်မဟုတ်ရရင် ဘယ်သူ့ကိုယ်လို့ လုပ်ရမှာလည်း။ ကိုယ်မဟုတ်တာကို ကိုယ်ကပဲ သိနေရပါလျှက် ကိုယ်မဟုတ်ဘူးလို့ကလည်း အတင်းလုပ်နေကြတော့တာကိုး”
“ပွဲထဲကလူတွေလို ဖြစ်နေကြတယ်ဆိုပါတော့”
“ဘယ်လိုလဲ”
“ထွက်ဟ ထွက်ဟဆိုလို့သာ ထွက်လာခဲ့တာ ထွက်လာပြီးကာမှ ကိုယ် ဘာကောင်မှန်းမသိလို့ ကိုယ်စွပ်လာတဲ့ခေါင်းစွပ်ကို ချွတ်ကြည့်ရဆိုပဲ”
“တော်သေးတာပေါ့ သူ့ကိုသူ ပြန်ကြည့်မိလို့”
“အေး ကိုယ့်ကိုယ်မှ ကိုယ်မသိတာဆိုတော့ ကိုယ်လုပ်တာ၊ကိုယ်တွေး တာကို မှန်တယ်လို့ကလည်း မှတ်ယူကြတော့မှာပေါ့”
“ဒါ့ကြောင့်လည်း အလွဲလွဲ အမှားမှားတွေဖြစ်ပြီး ထွက်ပေါက်တွေပိတ် နေကြတာပေါ့”
“သည်လိုဆိုတော့ ကိုယ့်ကိုယ်ကို ကိုယ်လို့ လုပ်မယ်ပေါ့”
“ဟုတ်တယ် ဒါပေမယ့် ကိုယ့်ကိုယ်မဟုတ်တဲ့ ကိုယ်တစ်ခု ရှိနေသေး တယ်ဆိုတာကိုလည်း သိရလိမ့်အုံးမယ်”
“ဘယ်လိုလဲကွာ မင့်ဟာက လူတစ်ယောက်ထဲမှာဘဲ ကိုယ်ဟုတ်တာ ရော ကိုယ်မဟုတ်တာရောနဲ့ နှစ်ယောက်ပူးကြီးပါလား”
“ပူးနေတာမှ ပူးနေမှန်းမသိအောင်ကို ပူးနေတာ”
“မင်း စိတ်တော့ ကောင်းပါသေးတယ်နော် မင်းပြောတဲ့စကားတွေကို ဘယ်လိုနားလည်ရမှန်းမသိတော့ဘူး”
“ဟုတ်မှာဘဲ နတ်ကတော်ဆိုတာတွေတော့ တွေ့ဘူးမှာပါ”
“မတွေ့ချင်အဆုံး တွေ့နေရတာတွေဘဲ”
“သည်သူတွေကို နတ်ပူးတဲ့အလုပ် မလုပ်ခင်က နတ်ကတော်တွေလို့ ဘယ်သူမှ မခေါ်လောက်ပါဘူး”
“ဒါတော့ ဘယ်ခေါ်မလဲ”
“သူတို့မှာ နတ်ကလည်း အမြဲပူးနေတာတော့မဟုတ်ဘူးနော်”
“အေးပေါ့”
“အခွင့်သင့်ရင်တော့ ပူးလိမ့်မယ်”
“ဒါပေါ့”
“အခွင့်မသင့်သေးရင် သာမာန်လူ အခွင့်သင့်တော့ နတ်ကတော်ဆိုပြီး လူတစ်ယောက်ထဲမှာကို အဖြစ်နှစ်ခုရှိနေတာနော်”
“အဲလိုတော့လည်းဟုတ်တယ်”
“သည်အဖြစ်နှစ်ခုမှာ ဘယ်အဖြစ်က ကိုယ်အစစ်ဖြစ်ပြီး ဘယ်အဖြစ်က ကိုယ်မဟုတ်ဘူးဆိုတာ ပေါ်လွင်မနေဘူးလား”
“မြင်သာပါတယ်”
“နတ်ပူးပြီဆိုရင် ကိုယ့်မှာ နတ်ပူးနေပါလားလို့ သိသေးတော့ရဲ့လား”
“ဘယ်သိတော့မှာလည်း”
“ကိုယ့်မှာဖြစ်နေပါလျှက်နဲ့ ကိုယ်က မသိတာနော်”
“ဟုတ်တယ်”
“အဲသည့်ကိုယ်ဟာ ကိုယ်ဟုတ်ရဲ့လား”
“ကိုယ်မဟုတ်ဘူလား”
“နတ်ပူးနေတာကို နတ်ပူးခံရသူက သိနေရင် နတ်ပူးတယ်ပြောမရဘဲ သိမနေပါမှ နတ်ပူးတယ်ပြောရတာဆိုတော့ ကိုယ်မဟုတ်ဘူးပြောရပြီပေါ့”
“ဒါ့ကြောင့် ကိုယ်ပြောတာတိုင်း ကိုယ်မှန်တယ်မလုပ်နဲ့လား”
“သူပြောတာတိုင်းလည်း သူမှန်တယ် မလုပ်သင့်ပါ့မလား”
“ကိုယ်မဟုတ်တဲ့ အကောင်က ကိုယ်ဟုတ်တဲ့အကောင်ကို စီးပိုးပြီး သူ ခိုင်းတာလိုက်လုပ်နေရပြီဆိုတော့ ဒါကို သည်လိုသိပြသူမရှိရင် သိခွင့်ရှိနိုင်ပါ့ မလား”
“အမှန်အကန်အသိပေချက်ရဖို့က အတော်လိုအပ်တာပဲ”
“ဗမာစကားကို လေ့လာမယ်ဆိုတဲ့ နိုင်ငံခြားသားကြီးလို မဖြစ်ဖို့လိုတာ ပေါ့”
“ဘယ်လိုလဲ”
“ဗမာစကားလေ့လာမယ်ဆိုပြီး ဈေးသည်တစ်ယောက်နဲ့တွေ့တော့ ဘာ တွေရောင်းတာလဲပေါ့။ သည်တော့ ဈေးသည်က တိုလီမိုလီ လို့ ဖြေဆိုပဲ”
“အဲတော့…”
“တိုလီမိုလီဆိုတဲ့ပြောစကားကို နားမလည်တော့ တိုလီမိုလီဆိုတာ ဘာကိုပြောတာလဲလို့ မေးရတာပေါ့။ ဈေးသည်က တိုလီမိုလီဆိုတာ စုံစီနဖာ ကိုပြောတာ။ ဒါလည်း နားမလည်တော့ ထပ်ပြီးမေးရပြန်တာပေါ့”
“နားလည်သွားရော့လား”
“ဘယ်ကလာ။ စုံစီနဖာဆိုတာ ဟိုဟာနည်းနည်း ဒီဟာနည်းနည်းကို ပြောတာပါ။ ဒါလည်း ခေါင်းကုပ်နေရတာပဲ။ ဒါနဲ့ ဟိုဟာနည်း ဒီဟာနည်းဆို တာ ဟိုဟာတတို့ ဒီဟာတတို့နဲ့ ထပ်ပြီးရှင်းပြရပြန်တာပေါ့”
“နားလည်သွားပြီဆိုပါတော့”
“သည်မှာတင် နိုင်ငံခြားသားကြီး ခေါင်းခါခါ ခြေခါခါနဲ့ ထွက်သွားရော ဆိုပဲ”
“ဒါနဲ့ ဘယ်လိုပတ်သက်လို့လဲ”
“စာတွေ စကားတွေရဲ့နောက်ကိုပဲလိုက်နေလို့ကတော့ ဘာအသိမှဖြစ် လာမှာမဟုတ်ပဲ စာတွေ စကားတွေကပေးတဲ့ ဒုက္ခပိုလာတာကလွဲပြီး ဘာအ သိမှမဖြစ်တာရဲ့ သက်သေပဲ”
“ဒါဖြင့် ဘယ်လိုလုပ်ရမှာလည်း”
“တိုလီမိုလီလို့ပြောသူကို မြင်အောင်ကြည့်ရမှာပေါ့”
“ဒါတော့ မမြင်ဘဲရှိပါ့မလားကွာ”
“မြင်ပြစမ်းပါအုံး”
“သည်လူကြီးမြင်လို့ သည်လူကြီးနဲ့တောင် အမေးအဖြေတွေလုပ်နေမှ ပဲ သည်လူကြီး မြင်တာမဟုတ်ဘူးလားကွာ”
“မင်းက လူကောင်ကြီး ကြည့်တာကိုး။ မင်းမှမဟုတ်ပါဘူး အားလုံးဟာ သည်လိုတွေချည်းပါပဲ”
“လူကောင်ကြီးမကြည့်လို့ ဘာကိုကြည့်ရမှာတုန်း”
“တိုလီမိုလီလို့ပြောတဲ့သူဟာ လူကောင်ကြီးဖြစ်ပေမယ့် သူ့ရဲ့လုပ်ငန်း ဖြစ်တဲ့ တိုလီမိုလီ ဈေးရောင်းသူရဲ့ အဖြစ်ကိုပါ မြင်အောင်ကြည့်ရလိမ့်မယ်။ လုပ်ငန်းရယ်၊ လူရယ်၊ အဲသည်သူရဲ့ ပြောစကားရယ်ကို ဆက်ဆက်စပ်စပ် ကြည့်မြင်နားထောင်နိုင်ပါမှ သူ့ကိုမြင်တယ်ပြောရမှာ”
“လုပ်ငန်းနဲ့ လူကိုတွဲမြင်ပြီး သူ့စကားကိုနားထောင်ရမယ်ဆိုပါတော့”
“လူမှာမတတ် စာမှာပဲတတ်ပြီး စကားလုံးနောက်ပဲ လိုက်နေလို့က တော့ ကိုယ့်မျက်စေ့အောက်မှာ တွေ့နေရပါလျှက်နဲ့တောင် ပြောစကားတွေ ရဲ့ အဓိပ္ပာယ်တွေကို နားမလည်နိုင်ဘူးဆိုတာ ထင်ရှားတယ်မဟုတ်လား”
“မလွယ်ပါလား”
“ဒီနေ့တော့ နားကြအုံးစို့”
5 comments
မီးမီး သော်
September 18, 2011 at 12:54 pm
“လူနဲ့လူချင်း ပဋိပက္ခဖြစ်ရတာထက် ကြီးမားတဲ့ဆင်းရဲဆိုတာ မရှိသလို ဒီကနေ့အချိန်ထိ လူတွေမဖြေရှင်းနိုင်သေးတာလည်း သည်ဆင်းရဲပါပဲ”
ကိုရိုးရေ ဘာသာမဲ့ ကို eng လို ဘယ်လိုခေါ်လဲဟင်။ပြောပြပေးပါနော့။
koyo
September 20, 2011 at 2:34 pm
မီးမီးသော်ရေ ဘာသာမဲ့ကို eng လို တိတိကျကျအဓိပ္ပာယ်ဖွင့်ဆိုဖို့ အခက်အခဲရှိမယ်ထင်ပါတယ်။
ဘာ့ကြောင့်လည်းဆိုတော့ ဘာသာမဲ့ဆိုတဲ့ မြန်မာစကားရဲ့အဓိပ္ပာယ်ကိုတောင် မြန်မာတွေက သူ
တို့နားလည်ချင်သလို နားလည်နေကြတာမဟုတ်လား။ eng လို အဓိပ္ပာယ်ဖွင့်ဆိုချင်တယ်ဆိုရင်
တော့ ကိုယ့်ငါးချင် ကိုယ်ချင် ဆိုသလိုဖြစ်နေပြီထင်ပါ့။ ကိုရိုးရေးတဲ့ ပို့စ်တွေကို ကိုယ့်ဘဝရဲ့ လမ်း
ညွှန်ချက်ရသွားပြီး အသုံးချလို့ရတဲ့အထိဖြစ်အောင် ဖတ်ပြီးရင် ကိုယ်နားလည်သလိုသာ ဘာသာ
ပြန်ပါလို့ပဲပြောလိုက်ပါရစေ။
kai
September 20, 2011 at 3:10 pm
http://en.wikipedia.org/wiki/Atheism
http://en.wikipedia.org/wiki/Freethought
အဲဒီအပေါ်ကလင့်၂ခုကို သေသေချာချာဖတ်ကြည့်ပါ..။
အေးသီးစ် က.. ဖန်ဆင်းရှင်ကို မယုံတဲ့သူတွေကို ခေါ်တာဖြစ်တာမို့.. တချို့က..ဗုဒ္ဓသာသနာဝင်တွေကိုလည်း ခေါ်ကြတယ်..။
ဖရီးသင့်ခါကတော့… လွတ်လပ်စွာတွေးခေါ်စဉ်းစား.. ကိုယ့်ကိုယ်ကိုယ်..ကိုးကွယ်သူတွေထင်မိတယ်..။
ကိုရိုးကို.. ဖရီးသင့်ခ်ကာ( Freethinker )လို့အမည်တပ်ရင်..ပိုကိုက်မလားပဲ..။
တချို့က.. ဂေါတမဗုဒ္ဓကိုယ်တော်တိုင်ကိုက.Freethinker . ဆိုကြတာရှိလို့လေ..။ 🙂
koyo
September 25, 2011 at 3:57 pm
ကို kai ပြောသလို Freethinker လို့ ပြောမယ်ဆိုရင်လည်း Freethinker ရဲ့ အဓိပ္ပာယ်ကို နားလည်
မူမလွဲအောင် ပြောဆိုဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် ကိုယ့် ကိုယ်ကို ကိုးကွယ်ရမယ်ဆို်တဲ့ စကားကို အခုချိန်ထိ လူတွေ နားမလည်နိုင်သေးဘူးဖြစ်နေလို့ပါ။ စကားတစ်လုံးတိုင်းမှာ ပြည့်ဝတဲ့ အဓိပ္ပာယ်တွေရှိနေကြတာဖြစ်ပေမယ့် ဒီအဓိပ္ပာယ်တွေကို ဖွင့်ဖော်ပြီဆိုရင် လူသားတို့ လက်လှမ်းမမှီတာတွေရဲ့ ဖွင့်ဖော်ချက်တွေက လူတွေဆီမှာ လက်ဦးမူ ရယူခံထားကြရတာကြောင့် အဲဒါတွေရှင်းဖို့ လိုမယ်လို့ ပြောပါရစေ။
Shwe Ei
September 20, 2011 at 4:56 pm
စာတွေ၊ စကားတွေနောက်လိုက်ရင်း ဘာအသိမှမရဘဲ အဲဒါတွေရဲ့ ကျေးကျွန်ဖြစ်သွားလို့ ထွက်ပေါက်ပိတ်ကြရတယ်ဆိုတဲ့ အယူအဆကိုတော့ကြိုက်သွားဘီ။ ဆိုလိုချင်တာက အဖြစ်အပျက်တိုင်းကို မျက်စိရှေ့ မြင်နေတာအပြင် ကိုယ်ပိုင်အသိနဲ့ပေါင်းပီး တွေးတောဆင်ခြင်သင့်တယ်လို့ ပြောချင်တာပေါ့နော်။
(အထင်သာဖြစ်ပါသည်။)
ဆက်လက်အားပေးပါမယ်။