ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၇)
ကောင်မလေးက သူ့ကို နားမလည်နို်င်စွာနဲ့ကြည့်တယ်။ သူကသာ ပြူးပြူးပျာပျာတွေဖြစ်နေပေမယ့် ကောင်မလေးက ဘာမှမသိတဲ့ပုံမျိုး။ သူ့က ဘာမှမဖြစ်တဲ့အကြောင်းအရာကို ဖြေရှင်းချင်နေတယ်။
” မြတ်နိုး ဒီမှာလေ နှမ်းဆုပ်တွေ လာ ဒီကောင် ချာလီက နင့်တစ်ယောက်တည်းအတွက်တဲ့ မတရားပါဘူး။ ဒါကြောင့် ငါလုစားတာ..ရော့ နင်လည်းစား”
“ဟုတ်လား ငါ သိပ်ကြိုက်တာ ချာလီ နင့်အိမ်က ဒီ နှမ်းဆုပ်က ပိုစားကောင်တယ် အန်တီကလုပ်ပေးမယ်ပြောတယ်နော် လုပ်ပြီးရင်တာ နင်ယူလာပေး မနေ့ညက ငါ ဝတောင် မဝ..ဘူး”
“ရပါတယ် အမေလုပ်ပြီးရင် ငါယူလာပေးပါ့မယ် ”
မီကျော်ကတော့ စားချင်တာစားရလို့လားမသိဘူး အူမြူးနေတယ်။ ကောင်မလေးကလည်း မရှက်တန်း မီကျော်နဲ့အပြိုင် နှမ်းဆုပ်တွေစားနေလိုက်တာများ မြိန်ရည်ရှက်ရည်ရှိတယ်။ သူကတော့ ဘေးနားကနေ ကျေနပ်နေရုံလေးတင်ပါ။ သူ ကောင်မလေးနဲ့ မီကျော်တို့ကို ကျောခိုင်းပြီး အလံတိုင်ရှေ့ကို ထွက်လာခဲ့တယ်။ ကျောင်းတက်ခါနီးပြီဆိုတော့ တစ်ချို့က တန်းစီဖို့ အလံတိုင်ရှေ့မှာ စကားပြောရင်း၊ အုပ်စုလိုက်ထိုင်ရင်း ဟိုနားတစ်ဖွဲ့ ၊ ဒီနားတစ်ဖွဲ့။ အလံတိုင်ရှေ့မှာ ကျောင်းသားတွေတော်တော်လေးကို စုံနေပြီ။ ဟိုသုံးကောင်ကိုလည်းတွေ့လိုက်တယ်။ ဒီကောင်သုံးကောင်ကတော့ အချိန်မှန်ပဲ။ ဘယ်မှရှာမရရင် အလံတိုင်ရှေ့တာရောက်အောင်သွားကြည့်လိုက် ဒီကောင်သုံးကောင် သေချာပေါက်ရှိတယ်။ ကြည့်ရတာ ဒီနေ့လည်း မုန့်ဖိုးမပါဘူးထင်ပါရဲ့။
ဖိုးလွင်၊ဖိုးကျော့၊လွင်ဦးက သူ့ကိုမြင်သွားတယ်။
“ဟေ့ကောင် ချာလီ ဒီကိုလာ”
သူလည်း ဒီကောင်တွေရှိရာဆီကို သွက်သွက်လေးလှမ်းလိုက်တယ်။
“ဟေ့ကောင် မနေ့ညက မိမိ အိမ်ကနေ ထွက်သွားလို့ဆို ပြီးတော့ ဆရာမတို့ ပြန်လိုက်ပို့တယ်ဆိုတာ ဟုတ်လား ။ မင်းအိမ်မှာတောင် စကားတွေပြောသွားသေးတယ်ဆို..”
ဖိုးကျော့ရဲ့ ဆက်တိုက်အမေးကြောင့် သူရယ်လိုက်တယ်။
“ဟုတ်တယ် မင်းဟာ မေးလိုက်တာ သတင်းထောက်ကြနေတာပဲ။ဘာလဲ…ဘာလုပ်မလို့လဲ။”
“ဘာမှမလုပ်ပါဘူး ။ ဒီနေ့ မိမိအိမ်ကိုဝင်ခေါ်တော့ ကျောင်းကိုခွင့်တိုင်ခိုင်းတယ်။ ခြေထောက် ဆိုင်ကယ်တိုက်လို့တဲ့။”
“ဟုတ်တယ်။ မိမိ ကိုတိုက်တာလည်းဆရာမပဲလေ..ဆရာမက ဆေးဖိုးတွေအကုန်အကျခံတာကွ..။ သဘောကောင်းလိုက်တာ။”
“ဒါနဲ့ မင်း ဒီနေ့ မုန့်ဖိုးပါတယ်မလား ။ပါရင် မုန့်ဝယ်ကျွေးကွာ။ ငါတို့ မင်းကိုစောင့်နေတာ။ ”
“မပါဘူးကွ….။”
လွင်ဦးက သူ့ကို ကြည့်ပြီး ပြုံးတယ်။
“လွင်ဦး ဘာပြုံးတာလဲကွ …”
လွင်ဦးက သူ့ကိုဘာမှမပြောပါဘူး။ဒါပေမယ့် သူ မလုံသလိုခံစားရတယ်။
“ချာလီရာ မင်း ကျောင်းကိုလာတုန်းက အထုပ်တစ်ထုပ်ဆွဲလာပါတယ်။ ခုဘယ်မှာလဲ အဲဒီအထုပ်။ လာဘတ်မယ်တော့ မကြိုးစားနဲ့နော်။ ငါတို့သိတယ်။ လွင်ဦးတဲ့ နာမည်နှစ်လုံးတည်းရှိတယ်..။ပြော..ကွာ…ပြော..ပြော”
သူအကျပ်ရိုက်သွားတယ်။ ဟုတ်တယ်။ နှမ်းဆုပ်ထုပ်ကို ယူလာတာမှန်ပေမယ့် ကောင်မလေးအတွက်ပဲ စိတ်ကရှိနေတော့ သူ ဒီကောင်တွေကို မေ့ထားမိတယ်။ ဟုတ်သားပဲ။ မုန့်ဖိုးမပါပေမယ့် ဒီနှမ်းဆုပ်ကလည်း မုန့်ဖြစ်နေတာကို။ ဒီကောင်တွေမြင်လိုက်ရပြီး မစားလိုက်ရတဲ့အတွက် သူ့ကို စိတ်ဆိုးနေတာကို သူသိလိုက်ပါတယ်။
“အေး ပါတယ်ကွ..။ ဒါပေမယ့် မီကျော်နဲ့ မြတ်နိုးကိုကျွေးလိုက်ပြီ”
“ဟေ့ကောင် မလှိမ့်နဲ့ မင်း မီကျော်ကို ကျွေးချင်လို့ ယူလာတာမဟုတ်ပါဘူး..မြတ်နိုးကိုမလား..”
ဖိုးလွင်ကသူ့ကို ပြောင်လှောင်တဲ့မျက်နှာပေးနဲ့မေးတယ်။ သူသိတာပေါ့။ဒီကောင်တွေပါးစပ်ကို ပိတ်ပေးရတော့မယ်ဆိုတာ..။ ဒါပေမယ့် သူ ဒီနေ့ မုန့်ဖိုးမပါလာဘူးလေ။
“ဒီမယ် ဟေ့ကောင်တွေ နောက်နေ့ကျရင် မင်းတို့ကိုမုန့်ကျွေးမယ်ကွာ။ ဟုတ်လား။ ဒီနေ့တော့ ငါလည်း မုန့်ဖိုးမရဘူးကွ ။ အချိန်ပိုကြေးရလာလို့ မတောင်းလာတာ။ နို့မို့ဆို အချိန်ပိုကြေးလည်းပေးရသေး မုန့်ဖိုးလည်းပေးရသေးဆိုပြီး အဖေက ရွတ်နေဦးမှာကွ ။ နက်ဖြန် ကျောင်းပိတ်တယ်မလာ။ မနက်ဖြန် ဖိုးလပြည့်တို့နဲ့ ပိုက်ဆံထုတ်ကြေးဆော့မယ် ။ မင်းတို့ တစ်ယောက်ကို ငါးကျပ်လောက်တော့ ရအောင် ဖန်ခဲ့ကွာ။ ငါ့လက်စွမ်းပြမယ်။ ဖိုးလပြည့်လက်ထဲက မုန့်ဖိုးတွေ ငါတို့ ရအောင် လုပ်ရမယ်။ ဘယ်လိုလဲ”
“ခွေးကောင် ။ ဟုတ်ပြီကွာ။ မနက်ဖြန် ဘယ်မှာလဲ။ ကျောင်းနောက်နားက မင်းကျောင်းကွင်းမှာလား..။”
ဖိုးကျော့က ဒါမျိုးဆို စိတ်ဝင်စားတယ်။ ပိုက်ဆံထုတ်ရာမှာတော့ လက်ဖြောင့်တယ်။ ဒါပေမယ့် အငြင်းသန်တာလေးတော့ရှိတယ်။ လွင်ဦးကတော့ စွန်သမား။ စွန်တွေဖိုက်တဲ့နေရာမှာတော့လာမလုပ်နဲ့။ လျှော့ပြဒါးလား၊ ဆွဲပြဒါးလား။ သူကရပ်ကွက်ထဲမှာဆရာကြီး။ ပြဒါးတိုက်ဖို့ဆို ဒီကောင့်ကို မုန့်ဝယ်ကျွေးပြီး လုပ်ခိုင်းရတာ။ ဒါဆိုရင် ဒီကောင်က အမှိုက်ပုံတွေမှာ မီးလုံးတို့၊ဖန်ချောင်းတို့လိုက်ကောက်။ ကော်ဝယ်။ ဆုံထဲထည့်ထောင်းနဲ့ တစ်နေကုန်အလုပ်ရှုပ်တော့တာ။ ဖိုးလွင်ကတော့ အပြေးသမား။ နောက် ဒီကောင်က သရည်ပင်နည်းနည်းပစ်တတ်တယ်။ ရပ်ကွက်ထဲမှာတော့ ဒီကောင်က အပြေးချန်ပီယံ။ ခြေတံရှည်ကြီးနဲ့ ပြေးတာများ မှုန်လို့။ ရပ်ကွက်ကလုပ်တဲ့ လွတ်လပ်ရေးနေ့ဆိုရင် သူဗိုလ်ဆွဲလာတာ နှစ်နှစ်ရှိပြီ။
“ဟုတ်တယ် ငကျော့။ လွင်ဦးတို့မင်းရောလာမှာလား။ဟိုကောင် ဖိုးလွင်ရောလာမှာလား”
“အေးလာမယ်ကွာ”
“ငါရော လာခဲ့ပါ့မယ်”
“ဒေါင်..ဒေါင်..ဒေါင်..ဒေါင်”
ကျောင်းတက်ပြီ။ ကျောင်းသားတွေ အလံတိုင်ဆီကိုတရွေ့ရွေ့လာနေကြတယ်။ ခပ်လှမ်းလှမ်းမှာ မီကျော်နဲ့ကောင်မလေး လက်ချင်းတွဲပြီ လာနေတယ်။ ကျောင်းသားများအားလုံးနီးပါးစုံတော့ ဆရာမတွေကလည်း စုံသလောက်ရှိနေပြီ။ ဒေါ်ငြိမ်းအေးလည်းရောက်လာပြီ။ ဒါဆို ဒီနေ့ကျောင်းအုပ်ကြီး မလာဘူးပေါ့။ ကျောင်းအုပ်ကြီးမလာတဲ့ရက်တွေမှာ ဒေါ်ငြိမ်းအေးက မိန့်ခွန်းဩဝါဒတွေချွေတတ်တယ်။ အလံတိုင်ကိုကြည့်လိုက်တော့ ငြိမ်သက်နေတယ်။ သူတို့ကျောင်းက ရှစ်တန်းထိပဲရှိတဲ့အလယ်တန်းကျောင်းတစ်ကျောင်းပါ။ ကျောင်းထဲမှာ အတန်းအကြီးဆုံးဖြစ်တဲ့ ရှစ်တန်းက ကျောင်းသားတွေက နေ့တိုင်း အလှည့်ကျ တန်းစီတိုင် နိုင်ငံတော် သီချင်းကို တိုင်ပေးရပါတယ်။ ဟော ကျောင်းသားတစ်ယောက်ထွက်လာပြီ။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုပြီးနောက်မှာတော့ ဒေါ်ငြိမ်းအေးက လှုပ်ရှားလာတယ်။ ဒေါ်ငြိမ်းအေးပြောနေကျစကားတွေကိုတော့ အလွတ်တောင်ရနေပါပြီ။
“ကျောင်းဝန်းထဲမှာ စည်းကမ်းရှိရမယ်”
“အမှိုက်မချရဘူး။ သူများ ပစ္စည်းမခိုးရဘူး။ စာကြိုးစားရမယ့်။ အားကစားဘက်မှာလည်း အခြားကျောင်းတွေထက် ထူးချွန်အောင်ကြိုးစားရမယ်။ ”
စတဲ့အကြောင်းတွေကတော့ ဒေါ်ငြိမ်းအေးရဲ့ လိုရင်းအချက်တွေပေါ့။ တန်းဖြုတ်ပြီ။ တန်းဖြုတ်ရင်လည်း ဒီအတိုင်းပြေးထွက်လို့မရပါဘူး။ တန်းစီပြီး အခန်းထဲရောက်တဲ့အထိသွားရပါတယ်။ လက်ပိုက်ပြီး သွားရတယ်။ သူတို့အတန်းထဲရောက်တော့ မကြာခင်လေးမှာပဲ အန်တီဆရာမက ရောက်လာတယ်။ အန်တီဆရာမကို နူတ်ဆက်ပြီးတော့ တက်/ပျက် စာရင်းခေါ်တယ်။ ဖိုးကျော့က မိမိရဲ့ခွင့်စာလေးကို ဆရာမဆီသွားပေးတယ်။
“ဆရာမ မိမိ ခွင့်စာပါ”
“အေး အေး ကလေးမ သက်သာရဲ့လား သားတို့အိမ်နဲ့နီးလား။”
“ဟုတ်ကဲ့ နီးပါတယ် ဆရာမ…”
“အေး ညနေကျောင်းဆင်းရင် ဆရာမဆီ သားလာခဲ့ဦး ကလေးမအတွက် ဆရာမ ထည့်ပေးလိုက်စရာရှိလို့။ ”
“ဟုတ်ကဲ့ ဆရာမ..”
သူကလည်း အချိန်ပိုကြေးပေးဖို့ ဆရာမဆီ ထွက်လာခဲ့တယ်။
“ဆရာမ…..”
“ဪ သား…ဘာလဲ”
“အချိန်ပိုကြေးပေးမလို့ပါဆရာမ…”
“ဪ….နေဦးသား ကျန်တာ သားတို့ ခြောက်ယောက်မလား”
မီကျော်ကိုလှမ်းကြည့်လိုက်တော့ လွယ်အိတ်ထဲက ပိုက်ဆံကို ထုတ်ရင်းထွက်လာတာတွေ့လိုက်ရတယ်။
“သမီးကတော့ အပြည့်မပါသေးဘူး…အမေက ၁၀ဝ အရင်ယူသွားဆိုလို့ ၁၀ဝ ယူလာတယ်ဆရာမ ၅ဝ ကနောက်တစ်ရက်နှစ်ရက်လောက်မှ ပေးရင်ရလား..ဟင် ဆရာမ”
မီကျော့် စကားဆုံးတော့ အန်တီဆရာမက ပြုံးတယ်။ ပြီးတော့ မီကျော့်ခေါင်းကလေးကိုပွတ်ပြီး-
“သမီးလည်းပေးစရာမလိုတော့ဘူး။ သားလည်း မပေးတော့နဲ့ ဆရာမမနေ့က ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး မသက်နိုင်တဲ့ကလေးတွေကို လျှော့ပေါ့ပေးဖို့ပြောလိုက်တယ်။ ဆရာမအတန်းထဲက ခြောက်ယောက်ရှိတယ်ဆိုတော့ ကျောင်းအုပ်ကြီးက မင်းတို့လေးတွေကို လွှတ်ပေးလိုက်တဲ့။ ပြန်ယူသွားပါကွယ်။ သားတို့ သမိးတို့ မိဘတွေကိုပြန်ပေးလိုက် ကြားလား…”
ဆရာမက အဲလိုပြောတော့ သူပျော်သွားတယ်။ ဟိုကောင်တွေကလည်း ပျော်နေတယ်။ ဒါပေမယ့် အတန်းသားတွေရဲ့အကြည့်ကိုတော့ သူတို့ပျော်ပျော်ကြီး ပြန်မကြည့်ရဲပါဘူး။ ဆရာမ စာသင်ပြီးသွားတာတောင် သူ စိတ်မဝင်စားလိုက်ဘူး။ ဆရာမရဲ့ သူတို့အပေါ် စိတ်ကောင်းရှိမှုတွေကို သူ ကျေနပ်နေတယ်…။
××××××××××××××××××
“မိမိ နင်ခြေထောက်နာသေးလား”
“မနာတော့ဘူး…ဟ သက်သာနေတယ် ။ မနေ့ကဆိုရင် နာလွန်းလို့ငိုတောင် ငိုရတယ်။”
သူကျောင်းဆင်းပြီးတော့ အိမ်မပြန်သေးပဲ မိမိ ရဲ့အိမ်ကိုလိုက်လာလိုက်တယ်။ ညနေကျောင်းဆင်းရင် ဆရာမက လာခဲ့ဦးဆိုလို့ ဖိုးကျော့က သွားတော့ ဆရာမက မိမိအတွက် အိုဗာတင်းတစ်ဗူး၊ ကိတ်မုန့်ခြောက်တစ်ထုပ်၊ အချိုရည် တစ်ပုလင်း၊ ဆေးတွေ ထည့်ပေးလိုက်တယ်။ ကောင်မလေးကလည်း မိမိအတွက်ဆိုပြီး စာအုပ်ကလေးတစ်အုပ်ပေးလိုက်တယ်။ ဘ ာစာအုပ်လေးမှန်းမသိပေမယ့် သူ့မျက်စိအမြင်မှာတော့ တော်တော်လေးကိုလှနေတယ်။လွင်ဦး၊ဖိုးလွင်၊ဖိုးကျော့ကတော့ မိမိကိုင်ထားတဲ့ ကြွပ်ကြွပ်အိတ်ထဲက မုန့်တွေအပေါ်မှာ မျက်လုံး ကျွတ်မတတ် ငေးလို့။ သူက-
“မိမိရယ် နင် ဒီကောင်တွေကို မသနားဘူးလား။ ကြည့်ဦး လဒမျှော် မျှော်နေကြတာ…။”
“မိမိရေ…….မိမိ”
ဟော မီကျော်။ ဒီလိုမျိုးအချိန်ဆိုရင် မီကျော်တို့က နတ်မျက်စိ၊ နတ်နားများရှိလာမသိဘူး။ ရောက်ရောက်လာတတ်တယ်။
“ဟာ ပွတာပဲ။ ထင်တော့ထင်သား။ ဒီကောင်တွေ နင်အိမ်ထဲကို အုပ်စုလိုက်ဝင်သွားကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့။ “
“ဒါကြောင့် နင်လိုက်လာတာမလား…..ကျီးကန်းမရဲ့”
ဖိုးလွင်က မီကျော်ကို အသားလွတ်ဝင်ဆော်လိုက်တယ်။
“အောင်မာ မသာကောင်..ဘာဖြစ်လဲ ငါ့ သူငယ်ချင်းဆီလာတာ..နင်တို့ကသာ ဆရာမပေးလိုက်တဲ့ဟာတွေ ငတ်ချင်လို့ ထိုင်မျှော်နေတာ”
ဖိုးလွင်တို့ ဖင်တွေ ကြွကြွလာတယ်။ မနေနိုင် မထိုင်နိုင် ကျီးကန်းမလို့ပြောမိလို့ ခံလိုက်ရတာ။ ဖိုးကျော့နဲ့ လွင်ဦးက ပြန်ပြောတယ်။
“ဘာဖြစ်လဲ ငါတို့က စေတနာနဲ့ ယူလာပေးတာ ။ စေတနာကို ပြန်ရမှာက မိမိ ဟုတ်တယ်မလား မိမိ”
“သေနာတွေ ကျွေးပါ့မယ် ။အလကား ခြေထောက်လာမေးပြီး ပြန်ငတ်သွားမယ် ငတ်သာကျတွေ”
“အလကား စေတနာတွေပါ။ မီကျော်တို့ကမှ စေတနာ သန့်သန့်လေးနဲ့လာမေးတာ…ရော့ မိမိ နင့်အတွက် စာပြန်ကူးဖို့စာအုပ်…နင့်ကောင်တွေကြည့်ဦး နင်ကျောင်းမတက်နိုင်လို့ စာအုပ်ငှားပေးမယ့်ကောင်တစ်ယောက်မှ မပါဘူး။ ငါကသာ နင့်သူငယ်ချင်း အစစ်အမှန်…”
“အေးပါဟယ် သွား မီးဖိုထဲမှာ ရှိတယ်….”
“ဟယ် ဘာတွေလဲ……ဟင်”
” မန်ကျည်းစေ့တွေ”
“သေနာမ…….”
“ဟား…ဟား…ဟား..ဟား…”
“မန်ကျည်းစေ့တွေတဲ့ မီကျော် နင်တစ်ယောက်တည်းစားနော်..ဟား..ဟား..ဟား..”
သူတို့ကလှောင်တော့ မီကျော်က လိုက်ထုတယ်။ ကျောပြင်တွေကို လိုက်ထုလို့ မိမိတို့ရဲ့ ခနော်ခနဲ့အိမ်ကလေးမှာ ပက်ပြေးလိုက်ရသေး။ မိမိကတော့ အော်ပြောတယ်–
“….သူငယ်ချင်းတို့ရယ် တော်ပါတော့် ခနော်ခနဲ့အိမ်ကလေးပြိုသွားဦးမယ် အဖေတို့အမေတို့ပြန်လာရင် ဆူလိမ့်မယ် ရော့ ကိတ်မုန့်ဖောက်လိုက် လွင်ဦး မြန်မြန်စား မြန်မြန်ပြန်တော့ နင်တို့အိမ်က လိုက်လာဦးမယ်”
“ကျေးဇူးတင်လိုက်တာ ..ဟီးဟီး ပွတာပဲ ဟေ့ကောင်တွေရော့ ..မီကျော်လာ နင်က ငါတို့နားကပ်စားမှ စားရမှာ”
“သေလိုက်ပါလား မသာ…ပေး ငါ ဝေစု”
“ဝေစု တဲ့ ကြီးကြီးကျယ်ကျယ် ရော့ တစ်ယောက် တစ်ထုပ်ပဲ ပိုတဲ့တစ်ထုပ် မိမိကိုပြန်ပေးလိုက်”
မိမိပြန်ကျွေးတဲ့ ကိတ်မုန့်ခြောက်ကို သူတို့ ငါးယောက်က လက်ပံပင် ဆက်ရက်ကျသလို ကျွတ်ကျွတ်ညံအောင် ဝိုင်းလုစားကြတာ ပျော်စရာကြီး…။အဲဒီအချိန်မှာ-
“ကိုဦး..ကိုဦး မမိမိ ကိုဦးရှိလား”
လွင်ဦးရဲ့ ညီလေးအသံ..။
“ရှိတယ် ရှိတယ် ဘာလဲ”
“ကိုဦး အဖေလေ…ဟီးဟီး..ဟီးဟီး”
ဆက်ရန်
သော်ဇင်(လွိုင်ကော်)
21th-Sep-2011
3 comments
manawphyulay
September 22, 2011 at 11:57 am
ကိုဦးအဖေက ဘာဖြစ်တာလဲ မြန်မြန်ဆက်ပါဦး။
ကိုရီးယားကားကျနေတာပဲ ဇာတ်လမ်းကောင်းရင် ရပ်ထားပြီ။
ကြေငြာက ဝင်ချင်သေးတယ်….
chitsu
September 22, 2011 at 12:09 pm
ဖတ်ရတာလည်းဆန့်ငင်ဆန့်ငင်နဲ့နော်
နွယ်ပင်
September 22, 2011 at 12:42 pm
ဇာတ်လမ်းလေးက ကောင်းလို့ ဖတ်လာလိုက်တာ အပိုင်း (7) တောင်ရှိနေပြီ
ကိုဦးအဖေ ဘာများဖြစ်တာပါလိမ့် မြန်မြန်လေးရေးပါဗျို့ စောင့်ဖတ်နေပါတယ် ….