ကိုရင်နှင့် လံကဓော

koyin sithuSeptember 21, 20111min1893

ကောင်းကင်နှင့် မြေကြီးအကြားတွင် ရှိသော ဝိရောဓိလေညင်းများကို ကျွန်တော် အကြာကြီးစောင့်စားခဲ့သည်။ တိမ်မည်းမည်း တစ်ဆုပ်သည် အဝေးဆီသို့ တရွေ့ရွေ့မျောသွားကြသည်။ သော့ခတ်ထားခြင်းမရှိသော်လည်း တချို့တံခါးများမှာ ဖွင့်လို့မရ။ လေပြည်တွေ တသုန်သုန် တိုက်ခတ်နေ၏။ ဘဝမှန်ကို ထိုသူတို့အား မပြောလိုပါ။ ဖြည်းဖြည်းချင်တော့ ဖြစ်သွားမှာပဲပေါ့။ အချိန်တန်သည့် တိုင်အောင် နတ်ရုပ်ထုတွေ ကိုးကွယ်မှုက  ပျောက်မသွား။ သဘောက ဉာဏ်ကိစ္စအရာမှာ ချို့ယွင်းဆဲ။ ကျွန်တော် အချိန်တော်တော်များများမှာ လူပြိန်းဖြစ်ခဲ့ဖူးသည်။ လေအေးပေးစက် အခန်းထဲတွင် ထုံထိုင်းညံ့ဖျင်းခဲ့တာလည်း အမှန်ပင်ဖြစ်သည်။ ရာသီတစ်ပတ်နွမ်းလေးတွေ နောက်ပြန်လည်တုန်း ကိုငှက်ကြီး သီချင်းတွေ ကြိုက်တတ်ခဲ့၏။

မနက်ဖြန်တွေကို ဖုန်းတစ်လုံးထဲမှာ နှိုးစက်ပေးခဲ့၊ ဇယားကွက်ရေးဆွဲရင်း အကြာကြီး လူဖြစ်ဖို့ အားထုတ်နေမိ၏။ မရိုးသားဘူးဆိုလည်း ပြောတဲ့အတိုင်းရှိစေတော့။ ရိုးသားတယ်ဆိုရင်လည်း ဂုဏ်ယူတတ်ဖို့ ကျွန်တော် ပျင်းခဲ့ပါပြီ။ ဗို့စ်အား များများစဉ်းစားကြ၊ စင်ဒရဲလားရဲ့ ဆံပင်တွေကို ခိုးဝှက်ထား၊ အချစ်စစ်ဟာ ရယူခြင်း၊ နေညိုသွားရင် ဘာလုပ်ကြမလဲ။ မီးဟုန်းဟုန်းတောက် လေပြည်ညှင်းတစ်ခွက်။ “တကယ်ချစ်ရင် ဒီလိုမလုပ်ပါနဲ့” လို့ ကောင်မလေးတွေ ပြောနေကျ၊ ရန်သူများက ရန်သူလိုနေ၏။ မိတ်ဆွေများက မိတ်ဆွေလို မနေ။ ဘယ်သူက လေးစားဖို့ ကောင်းသလဲ။ အဓိပ္ပါယ် သတ်မှတ်ချက်ဆိုတာရော အဓိပ္ပါယ်ရှိပါအုန်းမလား။

အမှတ်စဉ်တွေ ရေတွက်ပြီး ဘဝကို ဖြတ်သန်းမယ်ဆိုရင်တော့ အစဉ်အလာတွေကို မေ့ပစ်။ ကျော်ပြီး ရေတွက်ဖို့ ပြင်ထား။ ဘယ်တော့မဆို အရှူံးမရှိကြောင်း အရှူံးခံပြီး သက်သေပြကြ။ ဒါမှ လူအထင်ကြီးမှာ။ စနစ်ဆိုတာ တော်တော် အရေးပါကြောင်း ဒီလောက် လူဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ သိဖို့ကောင်းပြီ။ ခင်ဗျားတို့ ညံ့နေတာကိုက ဂိုဏ်းဂဏတွေ ထောင်ဖို့ ကြိုးစားနေကြတာပဲ။ နှစ်ယောက်တည်းရှိရင်တောင် ရန်ဖြစ်တတ်တဲ့ ကျွန်တော်တို့ လူမျိုးရဲ့ သဘာဝကို မသိဘူးလား။ ဒါလေးများ…. သွားစမ်းပါ။ တောအလှူမှာ သွားပြောရမယ့်စကားတွေ။ ဘဝတစ်လျှောက်လုံး လောကဓံ ကိစ္စတွေကို ရင်းနှီးလာခဲ့တာ အခုဆိုရင် အနှစ်နှစ်ဆယ်ကျော်လာပြီ။

တစ်… နှစ်… သုံး… လေး… ငါး… ကျွန်တော်ပြောတာ ရှင်းရဲ့လား။ အန်ကယ်တို့ကတော့ လူငယ်တွေကို အားပေးပါတယ်ဆိုတဲ့ အသံ။ ရယ်ချင်စရာကြီး။ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်တဲ့ လောလောဆယ်တော့ မျောက်ကုပ်တာခံနေရ၏။

ဒုက္ခအတိပြီးတဲ့ ရက်စွဲတွေကို လိုလိုချင်ချင်ပဲ ပိုင်ဆိုင်ခဲ့ရသော ကျွန်တော်ဟာ ခရေပွင့်လေးတွေရဲ့ ရနံ့ကို ရင်ခုန် ယုံကြည်နေခဲ့ပါတယ်။ တစ်ခါတစ်လေ ယုံကြည်မှုတွေ ပျောက်ဆုံးသွားလို့ ပျော်ရွှင်မှုအတုတွေနဲ့ အစားထိုးခဲ့ရသေးရဲ့။ ဒီလိုနဲ့ ကျွန်တော့် ရက်စွဲအချို့ကို နတ်ဝှက်ခံလိုက်ရပါတယ်။ ဝှက်တဲ့ နတ်က ဘယ်နတ်မှန်းမသိပေမယ့် နတ်ကိုပဲ ရမ်းသန်း ကျေးဇူးတင်ခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွန်တော့် ဘဝစုတ်ချက်တွေဟာ အမည်းရောင်နဲ့တူတဲ့ အနက်ရောင်တွေချည်း ဖြစ်ခဲ့ရတယ်။ အတုတစ်ချို့ကို အစစ်လေသံဖြင့် မြင်တွေ့လေရှိရတိုင်း ကျွန်တော် ရွံ့ရှာနေတတ်သည်။ မိမိ၏ နုံ့နဲညံ့ဖျင်းမှုတွင် ထိုကိစ္စမပါဝင်အောင် ကျွန်တော်စွမ်းသရွေ့သန့်စင်၏။ ကာလရှည်ကြာစွာရှိသော အိပ်မက်များအကြောင်းကို ရံဖန်ရံခါတွင် ကျွန်တော် မေ့သွားချင်ပါပြီ။ နီးရာဓါးကို မကြောက်မိဘဲ မမြင်ရတဲ့ ဝမ်းတစ်ထွာကို ကျွန်တော် ကြောက်နေရတဲ့အဖြစ်၊ တစ်ဘဝလုံးစာ မိုးစိုပြီးသားကောင်ကို ထီးဆောင်းခိုင်းတာ မလွန်ဘူးလား။ ဘာကိုမှ မသိပါဘူးဆိုတဲ့ မိန်းမတွေဟာ အားလုံးကို သိတယ်၊ တတ်ပါတယ်ဆိုတဲ့ ယောက်ျားတွေထက် ပိုဖြူစင်ကြောင်း ကျွန်တော် အသိနောက်ကျခဲ့သည်။

လူတစ်ချို့ကို လမ်းခွဲရန် ကျွန်တော် လိုက်လံနှုတ်ဆက်တော့ ဘယ်သွားမလို့လဲဆိုတဲ့ မေးခွန်းတစ်ခွန်ကို သူတို့က ပြန်မေးကြသည်။ ဘယ်ကိုမှ ထွက်မသွားဘဲ လမ်းခွဲရန် နှုတ်ဆက်တယ်ဆိုသော အဓိပ္ပါယ်အား သူတို့မကျွမ်းဝင်ကြပါ။ ကျွန်တော် ကောင်းကင်ကို မော့ကြည့်မိသည်။ ငှက်ခါးတစ်ကောင် တစ်ဟုန်ထိုးအထက်ဆီသို့ ပျံသန်းသွားတာ မြင်ရ၏။ တိမ်တို့ ရယ်သွမ်းကြကုန်၊ လမ်းတစ်ခုလုံး တိတ်ဆိတ်၊ အိတ်ထောင်ထဲမှာ အကြွေသံများ တချွင်ချွန်မြည်လို့။ ဒါသည်ကကို ဘဝရဲ့ အော်ပရေးရှင်း တစ်ခုလား။

အချိန်ကာလနှင့် အဆုံးအစမရှိသော မဟာစကြာဝဌာ၌ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ကျုံကျစ်ပေးထားခဲ့ရသည်မှာလည်း ကြာပြီမဟုတ်ပါလား။ အသစ်အသစ်သော ဖန်တီးမှုအတွက် ဟောင်းနွမ်းမှုကို နန်းချ၊ ကမာ္ဘမြေဆိုတဲ့ မျဉ်းကွေးလေးပေါ်မှာ ပြတ်သားလိုက်ကြ၊ ရင်ခုန်လိုက်ကြ၊ နာခံလိုက်ကြ၊ ငြိမ်းချမ်းလိုက်ကြ၊ ခံပြင်းလိုက်ကြ၊ ရဲရင့်လိုက်ကြ၊ အမှန်… အမှား… အမှား အမှန်… အမှား အမှန်။

ဒီလိုပါပဲ လူဘဝဆိုတာ အမှန်၊ အမှားကြားထဲက ရှင်သန်မှုအတု။

ကျွန်တော် ရင်ထဲမှာ တိမ်ပြိုနေသော ကောင်းကင်တစ်စင်းရှိနေသည်။

တိုက်ခတ်လိုက်သော လေနုအေးအေးလေးများကို မျက်နှာချင်းဆိုင်၍ ကျွန်တော် မာနထားကြည့်မိသည်။ နေလုံးသည် ဖြည်းဖြည်းချင်း အနောက်ဘက်သို့ ငုပ်ဝင်သွားလေပြီ။ ဒီအချိန်မျိုးကို သူမနှင့် အတူတူကြည့်ဖို့ ဆိုသည်မှာ အခုတော့ ပို၍ ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ ကျွန်တော့် အတ္တတို့ကို နောင်တရချင်စရာကောင်းလောက်အောင် ဒီလူလောကကြီးထဲတွင် သူမတစ်ယောက်တည်းက ဖြားယောင်းထားနိုင်ဆဲဖြစ်၏။

3 comments

  • kai

    September 22, 2011 at 4:10 am

    အတောင်ကျိုးခဲ့တာတော့မဟုတ်ဘူး
    စကတည်းက တောင်ပံမပါတဲ့ တေလေငှက်တစ်ကောင်ဟာ ငါဖြစ်ခဲ့ရဲ့………….
    ငှက်ဆိုတာ အတောင်ပါမှတဲ့..
    အတောင်မဲ့ငှက်… ကြက်လို့အမည်တပ်ချင်ရဲ့
    ဟေ့…
    ကြက်တော့ကြက်… အသေခွပ်တဲ့ တိုက်ကြက်။

  • Moe Z

    September 22, 2011 at 12:06 pm

    ”ကျွန်တော် ရင်ထဲမှာ တိမ်ပြိုနေသော ကောင်းကင်တစ်စင်းရှိနေသည်”
    အင်း..မကြာခင်မိုးရွာတော့မယ် ထင်ပါရဲ့..

  • amatmin

    September 22, 2011 at 2:20 pm

    “ပြတ်သားလိုက်ကြ၊ ရင်ခုန်လိုက်ကြ၊ နာခံလိုက်ကြ၊ ငြိမ်းချမ်းလိုက်ကြ၊ ခံပြင်းလိုက်ကြ၊
    ရဲရင့်လိုက်ကြ၊ အမှန်… အမှား… အမှား အမှန်… အမှား အမှန်။”

    တေလေငှက်.ကိုရင်ရဲ့ လံကဓော ကိုဖတ်ပြီး..ရင်ထဲမှာမောသွားတယ်…ဒါပေမဲ့.အမောကောင်းဗျ..
    (သူကြီးကဖတ်လို့ကောင်းပါတယ်လောက်နဲ့ မန့် လို့ရဘူးဆိုလို့နဲနဲတော့ညစ်ရတယ်.
    .ဖတ်ပြီးရင်လဲကောင်းကြောင်းလေးတော့ပြောချင်ရှာသား)

Leave a Reply