etone ပြောတဲ့ ကျွန်မအကြောင်း
ရွာထဲမှာကျွန်မအစ်ကို ဆော့တဲ့အကြောင်း တင်တော့ ….. etone တစ်ယောက်ဘယ်လိုများ ပေါက်ကျော်လုပ်ခဲ့သလဲ သိချင်တဲ့ လူတွေရှိနေလို့ …. ဒီတစ်ခါ အဆော့မက်တဲ့ etone အကြောင်းလေး နည်းနည်းဖွပါမယ် …. ကျွန်မပြောတဲ့ ကျွန်မ အကြောင်းပေါ့ … ။ ငယ်ငယ်က အရမ်းဆော့လွန်းလို့ … ဖိုးဖိုးက နောက်ပြီးနာမည် ပေးခဲ့ဖူးတယ် မိငိုတဲ့လေ … မိငိုဆိုလို ့…. ကျွန်မက ငိုတာ မဟုတ်ပါဘူး … ကျွန်မကို ထိန်းတဲ့ လူတွေ ငိုချင်လောက်အောင် စိတ်ညစ်ရတာမျိုးပါ … သူများကို ငိုချင်အောင် စိတ်ညစ်အောင်လုပ်လို့ မိငိုဆိုပြီး နောက်ခေါ်ခဲ့တာ … ။ ကလေးသဘာဝတုန်းကတော့ ဘာအပူပင်မှ မရှိပါဘူး … အဖေနဲ့အမေက ဘာပြသနာဖြစ်ဖြစ် မားမားမတ်မတ်ရပ်တည်မယ်လို့ ခံယူထားတာကြောင့်ပါ … ။ ပြသနာ ဖြစ်တိုင်းလည်း မိဘတွေရှိတာပဲဆိုတဲ့ အတွေးတွေနဲ့ .. .အရမ်းဆော့ခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ် … ။ ကျွန်မတို့ အိမ်ရှေ့မှာ အပျိုကြီးနှစ်ယောက်နေ့တယ် … သူတို့က ဝဝကြီးတွေဖြစ်ပြီး အရမ်း သနပ်ခါးကြိုက်ကြတယ ်… သူတို့အိမ်သွားတိုင်းလည်း …. သနပ်ခါးတုံးသွေးနေတာ အမြဲလိုလိုတွေ့ရတယ်… ညီမနှစ်ယောက်စလုံး သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းကြတယ်လေ … ။ သွေးပြီးလို့ အပွေးကုန်သွားတဲ့ သနပ်ခါးတွေဆိုလျှင် … အတုံးကိုစက်နဲ့ ..သွားကြိတ်တယ် …. ပြီးတော့ လက်တစ်ဆုပ်စာ အတုံးလေးတွေလုပ်ပြီး နေပူပူမှာ လှမ်းတတ်ကြတယ် …။ တပတ်လောက်လှမ်းပြီး သနပ်ခါးတုံးလေးတွေ မာခဲလာမှ ပုလင်းသန့်သန့် နဲ့ ထည့်သိမ်းတတ်ကြတယ် … ။ လိုလျှင် လိုသလို လိမ်းတယ်လို့တော့ ပြောတာပဲ … ။ အမြဲလိုလို သနပ်ခါးတွေစုနေတတ်တဲ့ ညီအစ်မကို ကျွန်မတို့ မအံ့ဩတော့ပါဘူး .. ဝါသနာပါလို့ပဲ မှတ်ယူထားပါတယ် … ။ တစ်နေ့ .. အိမ်မှာ မျောက်ရှုံးအောင် ဆော့ပြီးလို့ … ဘယ်လိုထပ်ဆော့လျှင်ကောင်းမလဲ တွေးနေတုန်း နေခြောက်လှမ်းထားတဲ့ … သနပ်ခါးဗန်းကြီး လှမ်းထားတာတွေ့တော့ … ယူဆော့ချင်စိတ်ပေါက်လာခဲ့တယ်လေ … ။ ဒါနဲ့ပဲ … အိမ်ရှေ့အိမ်က မသိအောင် သနပ်ခါးကြိတ်ဖတ်အတုံး တတုံး … လစ်ယူလာခဲ့ပါတယ် … လိုချင်တာပဲ သိပြီး သူများပစ္စည်းမသိအောင် ယူတာ ခိုးယူခြင်းအပြစ်ရှိတယ်ဆိုတာမျိုး … တွေးတောင် မတွေးခဲ့မိဘူး … အဲ့ဒီအချိန်က ဆော့ရဖို့အရေ း.. ဒို့အရေးဖြစ်နေချိန်ကိုး .. ။ သူများအိမ်ရှေ့မှာ လှမ်းထားတာကို တိုလာတဲ့ ကျွန်မက အိမ်ရောက်တော့ လူကြီးတွေ မသိအောင် တိတ်တိတ်လေးဖွက်ပြီး အိမ်ခန်းထဲက ကျောက်ပြင်မှာ ရေစက်လေးချပြီး မပျစ်မကျဲလေးသွေးပါတယ် … ။ ပြီးတော့ … ရှိသမျှ အရုပ်တွေကို တန်းဆီပြီး သနပ်ခါးလိမ်း ပါးကွက်ကွက်ပေးပါတော့တယ်… ငယ်ငယ်က အရေမရ အဖတ်မရ အရုပ်တွေကို ပါးကွက်ကွက်ပေးတာ အတော်ဝါသနာပါခဲ့တယ် 😛 အရုပ်တွေက အများကြီး သနပ်ခါးတုံးလေးက လက်တစ်ဆုပ်စာဆိုတော့ .. ကုန်သွားတာပေါ့ … ဒါနဲ့ ပထမနည်းအတိုင်း နောက်တတုံး သွားခိုးပါတော့တယ် … ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ … လမ်းမမှာ ချလှမ်းထားတာဆိုတော့ .. နေပူတဲအခါ ဗန်း အရိပ်လေးကျနေတဲ့နေရာက အိုအေစစ်လေးဖြစ်နေတာပေါ့… အဲ့ဒီအရိပ်အောက် ခွေးသေးသေးလေး တစ်ကောင်လှဲအိပ်နေပါတယ် … ။ အဲဒီခွေးကို ကျွန်မမမြင်ပဲ သနပ်ခါးတုံးလိုချင်စိတ်ပြင်းပြနေတာကြောင့် .. ခွေးကို တက်နင်းမိပါတယ် … ။ ခွေးလည်း အိပ်မက်ထဲမှာ ခေါင်းဆင်နင်းခံရတာ မက်သမို့ လန့်ဖျန့်ပြီး ခုန်လိုက်တာ … သနပ်ခါးဗန်းကြီး မှောက်ပါတော့တယ် … ဗန်းမှောက်တယ်ဆိုတဲ့အသိနဲ့ ပြေးရမယ်ဆိုတဲ့ အသိ တသားတည်းကျတာကြောင့် .. ဖနောင့်နဲ့ တင်ပါး တသားထဲ ကျအောင် အိမ်ပေါ် ပြန်တက်ပြေးပါတော့တယ် …. ။ အဲ့ဒီညက အဗျင်းခံလိုက်ရတယ် .. အိမ်မှာ လက်ဆောင်ရတဲ့ သနပ်ခါးတုံးလည်း တောင်းပန်ပြီ အလျှော်သဘောမျိုး ပြန်ပေးလိုက်ရတာ ဘဝမှာ မှတ်မှတ်ရရပါပဲ ..ဘယ်ကနေ ချောင်းနေမှန်းမသိတဲ့ .. သနပ်ခါးကြိုက်တဲ့ ညီအစ်မက ကျွန်မကို မြင်မိသွားပြီး အိမ်ထိလာ တိုင်လိုက်တာကြောင့်ပါ … 😛 နောက်တစ်ခု အဖြစ်ပျက်လေးကတော့ … မှတ်မှတ်ရရပါပဲ …အဲ့ဒီအကြောင်းလေး အရင် ပို့စ်တစ်ခုမှာ တစ်ခါရေးဖူးတယ် … 😛 စောင်ကြီးပတ်ပြီး ကတာ …. လှမ်းထားတဲ့ အဖွားထီးပေါ် ဖင်ထိုင်လျှက်ချော်လဲလို့ …. ထီးကျိုးသွားရတဲ့အဖြစ်လေးပါ … 😀 အခုအဖြစ်ပျက်လေးကတော့ … အိမ်ရှေ့အိမ်က အတိုင်ခံထားရလို့ … အိမ်ရှေ့ထွက်မျက်နှာ မပြရဲတဲ့ ကျွန်မ … အိမ်နောက်ဖေးတံခါးဖွင့်ပြီး အင်္ဂတေပြင်ညီခင်းထားတဲ့ အပေါ်မှာ ဘေးအိမ်က အသက်တူ သူငယ်ချင်းကောင်မလေးနဲ့..ကွမ်းယာရောင်းတိုင်း ဆော့နေခဲ့တာပါ …. ခူးထားတဲ့ သစ်ရွက်တွေကို ကွမ်းရွက်လုပ်ပြီး ၊ ထုံးအနေနဲ့ …. ရွံ့တွေရေဖျော်ပြီး ဆော့ခဲ့တာပေါ့ … ။ ဖြစ်ချင်တော့ ….. ငယ်ငယ်တုန်းက ကျွန်မတို့အိမ်နားမှာ ကွမ်းယာဆိုင်ရှိပါတယ် … နောက်ဖေးလမ်းကြားကနေလှမ်းကြည့်လျှင် မြင်နေရပါတယ် … ။ သူငယ်ချင်းနှစ်ယောက် ဆော့နေတုန်း … ကျွန်မသူငယ်ချင်းကပြောတယ် .. ထုံးက ရွံ့လို နီနီမှ မဟုတ်တာတဲ့.. အဖြူရောင်ဖြစ်သင့်တယ်တဲ့လေ … ။ ငါတို့ ဟို ကွမ်းယာဆိုင်က ထုံးသွားခိုးမယ်တဲ့… ကျွန်မကလည်း တစ်ခါ အတိုင်ခံရထားတာမို့ … နင်ယူရဲလျှင် သွားယူလို့ မြှောက်ပေးတော့ .. ကျွန်မသူငယ်ချင်းက ကွမ်းယာဆိုင်နောက်ဘက်မှာ အသင့်ဖျော်ရင်ထားတဲ့ ထုံးပြစ်ပြစ် ပုံးကို … ပုံးလိုက်မ လာပါတယ် … (တခြား ကွမ်းယာဆိုင်တွေကတော့ တနေ့ရောင်းကုန်သလောက်ပဲ ဖျော်တယ်ထင်တယ် .. ကျွန်မတို့နားက ဆိုင်ကတော့ … တပတ်စာများကြိုဖျော်ပြီး ခွဲခွဲသုံးသလား မှတ်တယ် ) သူငယ်ချင်းပုံးလိုက်မပြေးလာတာကို …ကွမ်းယာဆိုင်ကလူမြင်တော့ … အော်ရင်းနောက်ကလိုက်ပါတယ် ….. သူငယ်ချင်းကလည်း ဒီလောက်လမ်းအရှင်းကြီးကို ဘယ်လိုများကြောက်ပြီး ပြေးသလဲမသိ ကျွန်မနားမရောက်ခင်မှာ မှောက်ထိုးလဲပါတယ် … ဒီတော့ ထုံးပုံးလည်း မှောက်တယ်ပေါ့… နောက်ဆုံးတော့ မိအေး ပဲ နှစ်ခါနာပါတော့တယ် … ။ မိအေးအိမ်ကို လာတိုင်ခံရပြီး အလျှော်ပေးလိုက်ရပါတယ် …. ။ မိအေးလည်း အဗျင်းခံလိုက်ရတယ် … ဒါပေမဲ့ ထုလေမာလေ ငါးဖယ်အမျိုးမို့ … အမှတ်မရှိသေးပါဘူး… ။ မိအေးတို့ နှစ်ခါခံရပြီး သုံးခါမခံရတော့ဘူးများ မှတ်သလား … မထင်နဲ့နော် … နောက်တခါ ကြုံပါသေးတယ် … ဒီတစ်ခါတော့ ဘယ်သူမှ အလျှော်မတောင်းတဲ့ အပြင် သဘာဝတရားက ဒဏ်ခတ်တာကိုပဲ အလျှော်အဖြစ်ပေးလိုက်ရပါတယ် … ။ အဲ့ဒီအဖြစ်ပျက်လေးကတော့ …ကျွန်မအဖွား အသစ်ဆောက်ထားတဲ့ … ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ ရပ်ကွက်က တိုက်မှာပါ … အသစ်ဆောက်ပြီးပြီးချင်းလူမနေသေးတာမို့ … အလှဆင်နေတဲ့ အချိန်ပေါ့ …. ။ ထိန်းရတာ ခက်တယ့်အတူတူ … ကျွန်မကိုလည်း အိမ်သစ် ပြင်ဆင်ခြင်း …လုပ်ငန်းခွင်ကို ခေါ်သွားပါတယ် … အိမ်က နှစ်ထပ်တိုက်လေးပါ … လှေခါးက အတွင်းလှေခါးလေးကို နှစ်ဆစ်ချိုးကြောင်လိမ် ပုံစံမို့ … လျှောစီးချင်စရာကောင်းပါတယ် (လှေခါးလက်ရမ်းကို ခွပြီး 😛 ) လူကြီးတွေအလစ်မှာ ကျွန်မအစ်ကိုက လှေခါးလက်ရမ်းကို ခွခွစီးတာ မြင်ဖူးတာမို့ .. တစ်နေ့ လူကြီးတွေ အလစ် ကျွန်မလည်း သူ့လို လိုက်ခွစီးပါတယ်… တစ်ခါဆိုလျှင် ဆိုသလို ကျွန်မမှာ ကံမကောင်းခဲ့ပြန်ဘူး … ကျွန်မအစ်ကိုကတော့ ခြေထောက်မှီတော့ .. ထိန်းဆင်းလို့ ရပေမဲ့ . ကျွန်မအရပ်နဲ့ ..ခွထိုင်လျှင် ခြေထောက်ကလွတ်နေလို့ …ထိန်းရခက်နေပါရဲ့ …. ။ ဒါကို သတိမထားမိပဲ … ကျွန်မအစ်ကို လုပ်တဲ့အတိုင်းလိုက်ခွစီးတဲ့အခါ … အမြင့်ကနေ တအိအိလျှောချတုန်း ..လေးငါးစက္ကန့် အကြာ ကိုယ့်ဝိတ်ကိုယ် မထိန်းနိုင်ပဲ … ဘေးကို ယိုင်ကျပါတယ် .. ကံဆိုးစွာပဲ ယိုင်ကျတဲ့ဘက်က လှေခါးထစ်ဘက်မဟုတ်ပဲ … အမြင့်ဘက်မို့လို့ … အောက်ထပ် တမံသလင်းပေါ်ကို ပြုတ်ကျပြီး ညာဘက်မျက်ခုံးကွဲသွားခဲ့တယ် … ။ မှတ်မှတ်ရရ ..ငယ်ငယ်က ဆော့လွန်းလို့ ရခဲ့တဲ့ ဒဏ်ရာ အခုထိတောင် မပျောက်သေးပါဘူး … ။အမာရွတ်ထင်ကျန်နေခဲ့တယ် …. အဲ့ဒီနောက်ပိုင်း ကိုယ့်သွေးကိုယ်မြင်ပြီးမှ ကျွန်မသိပ်မဆော့တော့ဘူးလေ … မှန်ကြည့်တိုင်း ကိုယ့်မျက်ခုံးပေါ်ကဒဏ်ရာက ငယ်ငယ်က ဆော့လွန်းခဲ့တဲ့ အထိမ်းအမှတ်အဖြစ် … နောင်တတွေရနေတုန်းပါပဲ… ။ ။
18 comments
နွယ်ပင်
September 22, 2011 at 4:37 pm
etone ရဲ့ ငယ်ငယ်တုန်းက အကြောင်းက အခုချိန်မှာ ဖတ်ရတော့ ရီစရာလဲကောင်းသလို
တော်တော်လေးလဲ ရှာရှာကြံကြံ ဆော့ခဲ့တဲ့ပုံပါပဲ
နွယ်ပင်လည်း ငယ်ငယ်တုန်းက တော်တော်လေး ဆော့ခဲ့တာပေါ့
မှတ်မှတ်ရရကတော့ လေထီးစစ်သမီးလုပ်တာ သစ်ပင်ပေါ်က ပြုတ်ကျလို့ ဒူးခေါင်းကွဲခဲ့တာလေးပေါ့ … 😀
pooch
September 22, 2011 at 6:56 pm
တော်သေးတာပေါ့ ခွေးကိုက်မခံရတာ ဟိုက ယောင်ယမ်းပြီး ကိုက်လိုက်လို့ကတော့ သွေးသံတရွှဲရွှဲနေမှာ တူမလေးတစ်ယောက် ခွေးကိုက်ခံရတာ ခေါင်းကို ၁ဝ ချက်လောက်ချုပ်လိုက်ရတယ်။ ကလေးကအကြောက်လွန်ပြီး မပြေးပဲ ငုတ်တုတ်လေးသူ့လက်လေးနဲ့ ကာရှာတာ လက်မှာ သွားခြစ်ရာတွေနဲ့ ။ တုန်မမ လည်း သူ့အကို စံချိန်ကို အမှီလိုက်ခဲ့ပုံ ရတယ်… 🙂
MAUNG
September 22, 2011 at 7:15 pm
ဪ မိအေး မိအေး ၊ အဲ … ဟုတ်ပေါင် ..အိတုံ အိတုံ းD
zaymdy
September 22, 2011 at 8:35 pm
တူတူပဲ ကျွန်တော်လည်း ညာဘက်မျက်ခုံးကွဲဖူးတယ် ကျွန်တော်ကွဲတာကကြောင်ကို လွတ်ပြစ်လိုက်တာ ကြောင်ကအင်္ကျီကို ကုတ်ထားတော. ကျွန်တော်လည်း ကိုယ်ကို.ကို မထိန်းနိုင်ပဲ တစ်ခါတည်း လှေခါးအောက်ပါသွားတာ နည်းနည်းလေးပါ လေးချက်တည်း အစိမ်းချူပ်တာ ဟီး…
small cat
September 22, 2011 at 9:51 pm
ကျွန်တော်ကတော့အိမ်အလယ်က တိုင်ကို ပတ်ပြေးနေတုန်း..
ဗြုန်းဆို မီးကပျက်သွားတော့ ဘာကိုတိုက်မိတယ်မသိ
ခြေချော်ပြီး ရေအိုးကိုခေါင်းနဲ့ပြေးဆောင့်လိုက်တယ်…
အဲဒါက အကျိုးရှိပါတယ်
အရွယ်ရောက်လို့မှတ်ပုံတင်လုပ်တော့
ကိုယ်တွင်ထင်ရှားသည့်အမှတ်အသားကိုဖြည့်တဲ့အခါ …..
ယာနဖူးအမာရွတ်ရှိ ဆိုပြီးဖြည့်လို့ရသွားတယ်လေ။ ။
windtalker
September 22, 2011 at 11:45 pm
အခုတော့….ပေါ့နော်
အဲဒီ ဒဏ်ရာလေးပဲပေါ့
မောင့် ရဲ ့( ကိုကိုဒေါက်တာ ) ရဲ ့
စွဲတမက်မက် နဲ ့
အာပွားပေးတဲ့
နေရာလေး ဖြစ်လာတာပေါ့နော်
ဟီဟိ
etone
September 23, 2011 at 8:15 am
အဲ … ကိုပေတော့ ဖွပြီ 🙄 အဲ့ဒီ အမာရွတ်ရှိတဲ့နေရာ မျက်ခုံးမွှေးမပေါက်လို့ …. ခဲတံအားကိုးနဲ့ ဖုံးကွယ်ထားပါတယ် ဟဲဟဲ 😛
surmi
September 23, 2011 at 12:21 am
ဘစ် ကား ပေါ် ၊ ရထား ပေါ် ၊ ပန်း ခြံ ထဲ မှာ မဟုတ် တာ လုပ် မည့် သူ များ ညာ ဘက် မျက် ခုံး တွင်
အ မာရွပ် ရှိ သူ အမျိုး သမီး ကို ရှောင် ကြ ပါ ။ မရှောင် လျှင် M G တွင် ဓတ် ပုံ ပါ သွား မည် ။၊၊၊၊၊
နောက် တာ နော် —ဒီ ပို ့စ် ကို ဖတ် ပြီး ကျုပ် နည် း နည်း ပြန် ငယ် သွား တယ် ဗျ ။
etone
September 23, 2011 at 7:58 am
ဖတ်ပြီးပျော်ရတယ်ဆိုလျှင် ကျေးဇူးတင်ပါတယ် … ပို့စ်ရဲ့ အပေါ်ဆုံးမှာ Rating ပါပါတယ် …စမ်းကြည့်ကြပါဦးနော် … ။
နွယ်ပင်
September 23, 2011 at 9:20 am
စမ်းကြည့်လိုက်ပါပြီ လက်မထောင်ထားတာလေးနဲ့ ….. 😛
ကြောင်ကြီး
September 23, 2011 at 8:12 am
ပို့စ်ထဲက အီးတုံမ်းရဲ့ ကြောင်ပုံက ဂီတာပါနေလို့ပေါ့၊ နို့မို့ရင် သဂျီးဆင်ဆာ အဖြတ်ခံထိမယ်။
etone
September 23, 2011 at 8:16 am
မြင်လည်း မြင်တတ်ပါပေ့ ကိုကြောင်ကြီးရေ 😛
စုံ စုံ
September 23, 2011 at 8:51 am
etone ရေ ငယ်ငယ်ကအဖြစ်တွေကလဲခုချိန်မှာအမှတ်တရတွေပေါ့
ဒါတွေပြန်ရဖို့မဖြစ်နိုင်တော့ဘူးနော်
ငယ်ငယ်ကအပူအပင်ကင်းကင်းနဲ့ဆော့ချင်တိုင်းဆော့ခဲ့တာတွေ
အခုချိန်မှာတော့ ကိုယ်တကယ်ဆော့ခဲ့ရဲ့လားဆိုတာပြန်တွေးမိတဲ့အထိ
ပူပင်သောကတွေနဲ့ရှိနေတာလူတိုင်းလိုလိုပါဘဲ
ဒီပို့စ်ကိုဖတ်ပြီးငယ်ဘဝကိုပြန်တွေးမိပါတယ်
manawphyulay
September 23, 2011 at 10:17 am
etone အကြောင်းက ဦးကြောင်ကြီးက ဘယ်ကပါလာရတာလဲ ပြောပြပါဦး ဦးကြောင်ကြီးနဲ့ ငယ်သူငယ်ချင်းလား။
လူတိုင်းမှာ ငယ်ဘဝဆိုတာတွေက မမေ့နိုင်စရာတွေများပါတယ်။ ကျွန်တော့်ချစ်သူပြောသော သူ၏ချစ်သူအကြောင်းကို အားကျနေမိလို့လားညီမလေး…
ငယ်ဘဝကို ပြန်စဉ်းစားရင် ပြန်မရနိုင်မှန်းသိပါတယ်။ ဒါပေမယ့် အပူအပင်ကင်းတဲ့ဘဝကို ပြန်လိုချင်နေမိတာတော့အမှန်ပါပဲ။
etone
September 23, 2011 at 10:22 am
အစ်မမနော အိပ်ချင်မူးတူးနဲ့ .. ဘာတွေပြောနေတာလဲနော် 😀
ဦးကြောင်အကြောင်းလည်း မရေးထားပဲနဲ့ လျှောက်ပြောတယ် 😳
(((ကျွန်တော့်ချစ်သူပြောသော သူ၏ချစ်သူအကြောင်းကို အားကျနေမိလို့လား ))) ဆိုတော့ …အ ဲ့ဒါဘာလဲဟင် .. စာအုပ်နံမည်လား သိတောင် သိဘူး အဟီး 😛 😛
weiwei
September 23, 2011 at 10:24 am
ငယ်ငယ်တုန်းကဆိုလို့ ၅ တန်းနှစ်တုန်းက အဆော့မက်ပြီး စကတ်ပျောက်ခဲ့တာ မှတ်မိသေးတယ် ….
ကြိုးခုန်တန်းကစားတော့ စကတ်က တုတ်နေတာနဲ့ ချွတ်ပြီး ကစားတာလေ … အဲဒီခေတ်တုန်းက အတွင်းခံဘောင်းဘီက ပိတ်စနဲ့ခပ်ကြီးကြီးဘောင်းဘီနော် (အခုလို အတွင်းခံမဟုတ်) … ကစားပြီးမှ စကတ်ရှာမတွေ့တော့လို့ ငိုပြီး အိမ်ပြန်လာတာ မှတ်မိသေးတယ် …. ကျောင်းထဲမှာလဲ တော်တော်နံမည်ကြီးသွားတာပေါ့ … 😛
moethidasoe
September 24, 2011 at 11:40 am
ဝေဝေရယ် အဲဒီတုန်းက ငါးတန်း ဆိုတော့ ၁၁ နှစ်ပေါ့ .. တော်သေးတာပေါ့ ..
အီးတုံး ခေါင်းပေါက်အောင် လျှောစီးတာရေး ဘယ်နှနှစ်ကလဲ (ဘယ်အရွယ်ထိ ဆော့သလဲ သိချင်လို့)
အခုခေတ် ကလေးတွေက ငါးတန်းဆိုရင် ဖီးလိမ်းပြုပြင်နေကြပြီ .. ကိုးတန်းဆို ရည်းစားနဲ့
ဆယ်တန်းဖြေပြီးရင် xxxxxxx
etone
September 26, 2011 at 8:24 am
ဒေါက်တာရေ ကျွန်မက မှတ်မှတ်ရရ မျောက်ရှုံးအောင်ဆော့တဲ့ အရွယ်က သုံးနှစ်ကနေ ခုနှစ်နှစ်ကြားပါ … ။(လူကြီးတွေ ပြောလို့ 😛 ) အိမ်မှာ အခန်းတစ်ခန်း သီးသန့် လုပ်ပေးရတယ် …အန္တရာယ်ကင်းကင်းနဲ့ … ဆော့ဖို့ အခန်းပါ အထဲမှာ ကစားစရာတွေက အစ စက်ဘီးလေးပါ ထည့်ထားပေးတယ် … 😛
လှေခါးကိုလျှောစီးတဲ့ အရွယ်က ဆယ့်သုံးနှစ်လောက်ပဲရှိသေးတယ် 😛
(ဆော့တာကတော့ အခုလည်း ဆော့တုန်းပဲ … တူလေးကို ထိန်းရင်းနဲ့ တစ်ခါတစ်လေ ကိုယ်ပါ ငပေါကြီးဖြစ်သွားတယ် 😀 )