Best Teacher (တပည့်ဝတ်)

TTNUSeptember 27, 20111min3877

Best Teacher (10) တပည့်ဝတ် ကျေပွန်ကြပြီလားကွယ်။

 

ဆရာတော် ဆရာကောင်း တွေ လိုအပ်နေပြီ၊ သိပ်အရေးကြီးတယ် လို့ ပြောနေကြတဲ့ တပည့်တွေ အကြောင်း စဉ်းစားကြည့်ကြစို့။ တပည့် တွေမှာ တပည့်ဝတ် (၅)ပါး ရှိ တယ်နော်။

 

(၁) ညီညာထကြွ
(၂) ဆုံးမနာယူ
(၃) လာမူကြိုဆီး
(၄) ထံနီးလုပ်ကြွေး
(၅) သင်တွေးအံရွတ်  ။        ။   တပည့်ဝတ် မချွတ် ငါးခုသာ တဲ့။

 

ဆရာဆရာမ အတန်းထဲ ဝင်လာရင် အားလုံးမတ်တပ်ရပ်ပြီး  “ မင်္ဂလာပါ ဆရာ / ဆရာမ”
လို့ ညီညာထကြွ နှုတ်ဆက်ကြပါတယ်။ လမ်းမှာတွေ့ ရင်လည်း လက်အုပ်လေးချီပြီး ၊ ခေါင်းကလေးငုံ့ပြီး ၊ ဂါရဝ တရားပြကြ ပါတယ်။

 

မပြောပလောက်တဲ့ လူနည်းစုတော့ ရှိတာပေါ့လေ။ နှုတ်ဆက်ရမှာ ကြောက်လို့၊ ဝန်လေးလို့၊
ကျောင်းထွက်သွားမှ ပြန်တွေ့ ရတာဆိုရင်လည်း ဆရာ/ ဆရာမ က မိမိကို မမှတ်မိတော့မှာစိုးလို့၊ စသဖြင့်သော အကြောင်းကြောင်းတို့ကြောင့်မျက်နှာလွှဲ သွားကြတဲ့ တပည့်တွေလည်းတွေ့ဖူးပါတယ်။ တစ်ချို ့ကျတော့လည်း သူတို့က သိပ်ချမ်းသာသွားပြီး
ဆရာ / ဆရာမ က အိုမင်းနွမ်းစုတ်နေပြီမို့ ပိုက်ဆံ ချေးမှာ စိုးပြီး မသိချင် ဟန်ဆောင် တာမျိုးလည်း ရှိတတ်တာပါပဲ။

 

ဆုံးမနာယူဆိုတဲ့ အချက်လေးကြည့်ကြရအောင်။ ကလေးတိုင်းနီးပါး လိုက်နာကြပါတယ်။
မောင်သာရ ပြောသလိုပါပဲ ကလေးတွေဟာ သူတို့ ဆရာမ ကို ကမ္ဘာပေါ်မှာ အချောဆုံးလို့
ထင်ကြတာတဲ့၊ (KG တန်းနေမှာပါနော) ။ တစ်ခါတစ်လေ မိဘတွေ ကျမဆီ လာအပ်လေ့ ရှိတယ်။ ကလေးက ဆရာမချီးကျူးတာမှ ခံချင်လို့ တို့၊ကလေးက ဆရာမ ပြောတာမှ နားထောင်တာတို့၊ သူတို့ပြောလို့ မနိုင်တဲ့ အခါ စစ်ကူလာယူလေ့ရှိတတ်ကြပါတယ်။ တစ်ခါတစ်လေ လည်း ဝင်တိုက်ကူလို့ နိုင်ပါရဲ ့၊ တစ်ခါတစ်လေလည်း ကိုယ်ပါ အလံဖြူပြလိုက်ရတာမျိုး လည်း ကြုံဖူးပါရဲ ့။

 

ကဲ. လာမူကြိုဆီးလေး ကို ဆက် ကြည့်ရအောင်။ အတန်းငယ်စဉ်တုန်းကတော့ ဘာကြိုသလဲ
မမေးနဲ့တော့။ ဆရာမ လက်ထဲ ပါသမျှ ဆွဲ ကူသယ်လိုက်ကြတာမှ။ သယ်စရာ ပစ္စည်းလုရင်း  ရန်တောင်ဖြစ်ကြရတယ်။

 

 

 

အေး… အတန်းလေးလည်း ရလာရော ဆရာ/ ဆရာမ လာရင် ကြိုရမှာ ကို ရှက်ပြီ။ သူတို့ စိတ်ထဲမှာတော့ ကြိုချင်မှာပါ။ အချင်းချင်း က ဆရာမ ကို  ဖါးတယ် လို့ ထင်မှာစိုးတဲ့ အငုံ့စိတ်ကြောင့်ပေါ့။ High School မှာ သင်တုန်းက အတွေ့အကြုံလေးတစ်ခုပြောပြမယ်နော်။

 

(၉)တန်းကို သင်ဖို့သွားတာ ထုံးစံအတိုင်းExercise Books တွေ တစ်ထပ်ကြီးပွေ့ပြီးပေါ့။
(၉)တန်းက မြဝတီဆောင် အပေါ်ထပ်မှာ၊ မုန့်စားကျောင်းပြန်တက်ချိန် ဆိုတော့ ကလေးတွေ
ဟိုနားဒီနား ရှိနေဆဲပဲ၊  မနေသာတဲ့ ကျောင်းသားတစ်ယောက်က ပြေးကြိုရှာပါတယ်၊ အဲဒီ
အချိန်မှာ ဝရံတာမှာရှိနေဆဲ ကျောင်းသားအုပ်စု ထဲက အော်သံကြားလိုက်တယ်။
 “ဟေ့ ကောင် မဖားနဲ့ ”  တဲ့။ ဒါနဲ့ ကျမ အတန်းထဲဝင် မင်္ဂလာပါ နှုတ်ဆက်၊ ပြီးတာနဲ့
မုန်တိုင်းမစခင် လေပြေဝင်လိုက်တယ်၊ စာအုပ်တွေ သယ်ပေးတဲ့ ကလေးကို ကျေးဇူးတင်ကြောင်းပြောတယ်။ ပြီးတော့ ခုနက (ဟေ့ကောင် မဖားနဲ့ ) စကားလုံးလေး
များပိုင်ရှင်ကို မတ်တပ်ရပ်ခိုင်းလိုက်တယ်။

 

“ငါ့ သားဘာကြောင့် အဲဒီ စကားပြောတာလဲ”

 

……………………………………………………( ခေါင်းငုံ့ရပ်နေ၊ ဘာမှပြန်မပြော)

 

“မင်းက တီချာ ကို မကြိုချင်တာလား။ သူများကြိုတာ မကြိုက်တာလား”

 

…………………………………………………….( ခေါင်းငုံ့ရပ်နေ၊ ဘာမှပြန်မပြော)

 

“ကောင်းပြီ ၊ နောက်နေ့တွေ မင်းတို့ Exercise Books တွေကို တီချာကိုယ်စား မင်း
ကဆရာများနားနေ ခန်းမှာ လာယူရမယ်နော် ၊ အဲဒီလို လုပ်တာကို တီချာကတော့ မင်း
ဖားတယ်လို့ မထင်ပါဘူးကွယ်။  ကျန်တဲ့ ကလေးတွေကော မြင်ကြလားဟင်”

 

“ မမြင်ပါဘူးတီချာ”…..( တစ်တန်းလုံး အော်ဖြေ)….

 

ပြီးတော့မှ တစ်တန်းလုံးကို Ethics အကြောင်းစတင် ဟောကြားလိုက်တာ အဲဒီနေ့ စာမ
သင်လိုက်ရပါဘူး။ ကျမ အောင်မြင်သလား မအောင်မြင်သလားတော့ မသိပါဘူး။ အဲဒီ
ကလေး နေ့တိုင်း စာအုပ်တွေလာသယ်ရင်း ဆရာများနားနေခန်းကနေ သူတို့ အတန်းအထိ
ဆရာမဘေးမှာအတူလိုက်ပါလာပြီး မင်္ဂလာပါဆရာမ လို့ နှုတ်ဆက်ကြချိန်မှာ သူက အတန်းရှေ ့ မှာရပ်နေရတာကိုပဲ ဂုဏ်ယူနေပုံပါပဲရှင်။ ပြုံးပြုံးကြီးပါ့။

 

တပည့်ဝတ်အမှတ်(၄) ဖြစ်တဲ့ ထံနည်းလုပ်ကျွေး ကိစ္စကတော့ အခုခေတ်အခါမှာ ဆောင်ရွက်
နှိုင်ဖို့ ခက်ပါတယ်။ ရှေးတုန်းကတော့  ဒိသာပါမောက္ခ ဆရာကြီး ထံမှာ (၃)နှစ် (၃)မိုး ပညာ
သင်ကြားပြီး အလုပ်အကျွေး ပြုကြရတာကလား။ ဒီ ဝတ္တရားကိုတော့ ကျောင်းသင်ပညာရေး
မှာ exception ထားခဲ့ ကြပါစို့။

 

နောက်ဆုံးအချက် ဖြစ်တဲ့ သင်တွေးအံရွတ် ကိစ္စ ကတော့ တပည့်များ အတွက် မလုပ်မဖြစ်
လုပ်ကိုလုပ်ရမဲ့ ဝတ္တရား ပါ။ ကျောင်းသားဖြစ်ပါလျက်ကနဲ့ သင်ကြားတတ်မြောက်ထားသမျှ
မှတ်မိသဘောပေါက်လာအောင် အထပ်ထပ်အခါခါ အားထုတ်လိုစိတ် မရှိဘူးဆိုရင် ဘာမှ
အသုံးဝင်တန်ဖိုး မရှိတော့ဘူးပေါ့။

 

ကလေးတွေကို ကျမ ပြောနေကျ စကားလေး တစ်ခုရှိတယ်။ အိမ်က စာသင်ခန်းမှာလည်း
ချိတ်ထားတယ်။  “အမေ ဘယ်လို သိပ်သိပ် ကိုယ်အိပ်မှပျော်မယ်” လို့။

 

ရယ်စရာအဖြစ်လေးတစ်ခု ပြောပြရဦးမယ်။ ဒီစာတန်းလေးကို ကလေးတွေ ဖတ်မိကြ၊ နားလည်ကြပါတယ်။ ဒါပေမဲ့  တပည့်လေးတစ်ယောက် ကမေးပါတယ်။

 

“ တီချာ ဝေါထင်တာက ဝေါတို့ မာမားဘယ်လောက် တီးတီး ရိုက်ရိုက် ဝေါတို့ ကိုယ့်
အိမ်မှာပဲ ကိုယ် နေရတာပျော်တယ်” “တီချာ့ ဆိုင်းဘုတ်က အဲလို ပြောချင်တာလားဟင်” တဲ့။

 

သေပြီဆရာ။ ချယ်ရီမြေမောင်တင်ထွန်းကို အိမ်ခဏပင့်ရရင်ကောင်းမလား၊ ဆရာနေဝင်းမြင့်
ကို အကူအညီတောင်းရရင်ကောင်းမလား။ ကိုယ်ကိုယ်တိုင်ပဲ အင်္ဂလိပ်စာ သင်တန်း အပြင်
မြန်မာစာ အဆစ်သင် (2 in1) ရင်ကောင်းမလား ဇဝေဇဝါ ဖြစ်ခဲ့ရပါတယ်။

 

အော်.. လိုရင်းအချက်ပြန်သွားရအောင်။ ခုခေတ် ကလေးတွေ လေ အဲဒီ သင်တွေးအံရွတ်
ကိစ္စကို ကိုယ်တိုင် အားထုတ်ရမှာကို (၁) Study Guides (၂) ကျောင်းကဆရာဆရာမ
(၃) ကောင်းပေ့ဆိုတဲ့ ကျူရှင် အဲသလို ဝိုင်းကလော်မှ စာတော်တယ် ထင်နေကြပြီ။ ဒီကိစ္စမှာ ကျောင်းက ဆရာဆရာမ စာသင်တယ် စာမသင်ဘူး ညံ့တယ် တော်တယ် ဆိုတဲ့ အငြင်း
ပွားဖွယ်ရာ ကိစ္စ ကို ကျမ ဒီ ရသထဲမှာ မရောစေချင်ပါဘူး။ ( ငြင်းခုန်နေကြတာ ဖတ်ရတာ
ငိုချင်လို့ပါ။)

 

ကလေးတွေ လေ အဲဒီလို (၆) ဘာသာ ဆရာ (၁၈) ယောက် သင်ပြီး မတော်ကြ မတတ်ကြတာ Self-reliance နည်းလို့ ဆို တာ အမှန်ပါပဲ။ ကျမ တို့ငယ်ငယ်တုန်းက ဆရာ ဆရာမတွေ မှတ်စုခေါ်ပေး။ ရှင်းပြ။ တစ်ယောက်ချင်းစာမေး။ ဒါထက်ပိုကောင်းတဲ့ Teaching
Methods တွေ မသုံးခဲ့ကြပါဘူး။ တပည့်တွေ ရဲ ့ သင်တွေးအံရွတ် အပိုင်းကတော့ အားသာခဲ့တာ အမှန်ပါ။ ကျမ လေ ငယ်ငယ်တုန်းက သမိုင်းဆရာကြီးဦးကံညွန့် သင်ပေးခဲ့
တဲ့ ပထမ ကမ​္ဘာစစ် ဖြစ်ပွားရခြင်းအကြောင်းရင်းများမှာ….. (ဂျာကြီး၊ ပြင်ဂျာ၊ ဂျာလိပ်၊
တီးရှား၊ မော်ရို၊ ဘာဘက်၊ မိတ်၊ ဖာဒီ)  လို့ မှတ်မိဆဲပါ။ ဒီလိုလေ ဂျာမဏီအင်အားကြီးမားလာခြင်း။
ပြင်သစ်နှင့်ဂျာမဏီ မသင့်မတင့်ဖြစ်ခြင်း။
ဂျာမဏီနှင့် အင်္ဂလိပ်အားပြိုင်ခြင်း။
ဩစတီးယားနှင့် ရုရှားစစ်ရေး အခြေအနေ။
မော်ရိုကိုနယ်မြေကိစ္စ။
ဘာလင်နှင် ဘက္ကဒက်မြို ့ ရထားလမ်းဆက်သွယ်ရေး။
မဟာမိတ် အပြိုင်ဖွဲ့ကြခြင်း။
ဖာဒီနန်မင်းသားအသတ်ခံရခြင်း။
အဲဒီလို အတိုကောက်မှတ်ထားပြီး အပြည့် အစုံကိုတော့ မိမိနားလည်သလို ပြန်ရေးနိုင်အောင်
သင်တွေးအံရွတ် ခဲ့ရတာပါရှင်။ ကျမ အခု အသက် (၆၀) ကျော်အထိ မှတ်မိနေသေးတာ ဒီ သင်တွေးအံရွတ် ရဲ ့ ကျေးဇူးကြောင့်ပါပဲ။

 

ကျမတို့ တစ်တွေ ကိုယ့်တာဝန်  ကိုယ်ကျေပွန်ကြမယ်ဆိုရင် ဘယ်သူ့ကိုမှ လက်ညှိုးငေါက်ငေါက် ထိုးနေစရာ မလိုတော့ဘူး မဟုတ်ပါလားကွယ်တို့ရေ။။

 

 

 

7 comments

  • thit min

    September 27, 2011 at 5:11 pm

    ဟုတ်ပါတယ်၊ဆရာမကြီးခင်ဗျာ….
    လူတော်တော်များများကကိုယ်တာဝန်ကိုယ်ကျေဖို့ထက်တခုခုဆိုရင်
    ၁.လက်ညိုးထိုးမယ်။
    ၂.ဆင်ခြေပေးမယ်။
    ၃.အပြစ်ပြောစရာလူမရှိရင်”ကံ”ကိုကမကောင်းတာတဲ့။
    ကံမကောင်းလို့ဖြစ်ခဲ့တာမျိုးလဲရှိပါတယ်၊လက်ခံပါတယ်။နေရာတကာတော့မဟုတ်ပါဘူး။
    ကိုယ်လုပ်နိုင်တာမလုပ်ပဲ”အမေထူ”တာစောင့်နေတာများပါတယ်။
    Expectation မြင့်ပြီး(လောဘနဲ့)လိုခြင်တာလုပ်မရတာမျိုးတွေကိုလက်ညိုးထိုးစရာရှာကြတာအတွေ့များပါတယ်။
    ၂ယောက်ပေါင်းလုပ်လို့ရှိရင်လဲရေရှည်မှာမတဲ့ကြပါဘူး။”မင်းကြောင့်လို့”လက်ညိုးထိုးပြန်ပါတယ်။
    ၁ ယောက်ထဲထိုင်နေရင်တောင်ဟိုးဘက်တိုးအုန်းဆိုတဲ့လူမျိုးကအများသားပါ။
    ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
    ကျနော်လဲကိုယ်ဟာကိုယ်တာဝန်ကျေရဲ့လားလို့(အဂတိမလိုက်စားပဲ)ခဏခဏပြန်မေး၊စစ်ဆေးပါမယ်ခင်ဗျာ။
    ကျေးဇူးတင်စွာဖြင့်
    TM

    • TTNU

      September 27, 2011 at 7:34 pm

      (အမေထူတာ စောင့်နေတယ်) ဆိုတဲ့ စကားလေးကြိုက်တယ်။
      ကျမတို့ ကလေးတွေက တစ်ဆွေလုံး တစ်မျိုးလုံးထူတာ စောင့်နေတာ ဆရာ သစ်ရေ။

  • windtalker

    September 27, 2011 at 6:23 pm

    ဒေါ်သန်းသန်းနု ရဲ ့ပို ့စ် ကို ဖတ်ပြီး
    ဦးဖိုးကျား ရဲ ့ဝတ္ထုတို လေး ကို ပြန်သတိရမိတယ် ဗျာ
    တစ်ခုခုဖြစ်ရင် တစ်ယောက်ကို တစ်ယောက် အပြစ်တန်းတင်ကြတဲ့ မိသားစုရယ်
    တစ်ခုခုဖြစ်ရင်..ဘယ်သူ ့ကြောင့်ဖြစ်ဖြစ် ၊ ကိုယ့်အပြစ်လို ့တန်းခံယူတဲ့ မိသားစုရယ်
    ဒီနေ ့ကျွန်တော် တို ့လုပ်ငန်းခွင်တွေ မှာလဲ
    ထစ်ခနဲ တစ်ခုခု မကောင်းဖြစ်ရင် ၊ မှားရင်
    တစ်ဘက်သား ၊ တစ်ပါးသူပေါ် အပြစ်တင်တတ်သူတွေ ရဲ ့ဘဝတွေဟာ
    မကြီးပွား နိမ့်ပါးတာ ကို မြင်နေရပါတယ်
    သူတစ်ပါးအပြစ်ကို မိမိအပြစ်အဖြစ် ပြောင်းလဲတတ်သူတွေ ကတော့
    ဘော့စ် တွေ ဖြစ်နေတာကို မြင်ရပါတယ်

    • TTNU

      September 27, 2011 at 7:40 pm

      ဆရာ Wind ရေ
      တစ်ခါတစ်လေ ကျတော့ လည်း ( ကိုယ့် အပြစ် သူများအပေါ်ချည်းပုံချတတ်သူ တွေ ကောင်းစား
      ချည်းနေတာ တွေ့ ရပြန်တော့လည်း) ငါ့နှယ် အ ရန်ကော လို့ ဖြေသိမ့် တွေးမိတတ်ပါတယ်။
      အ အ သာဖြစ်လိုက်ရတယ်။ မကောင်းစားခဲ့ရပါဘူးကွယ်။

  • တညင်သား

    September 27, 2011 at 7:45 pm

    မင်္ဂလာပါ ဆရာမ…..
    ဒီရွာထဲမှာလဲ ဆရာမ တပည့် pooch ကို အမြင်မတော်တာတွေ့ရင် ဆုံးမနိင်ပါတယ် ဆရာမကို အပ်ပါတယ် .. 😛 😛

  • ကြောင်ကြီး

    September 28, 2011 at 7:25 am

    ဂေဇက်ရွာသူ/သားများ – မင်္ဂလာပါဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ။
    ဆရာမ TTNU – ဟဲ့ဟဲ့နေကြအုံးလေ၊ ငါဘာမှတောင် မပြောရသေးဘူး။ ကဲကဲ စာအုပ်ထုတ်၊ စာအံရမယ်။
    ဂေဇက်ရွာသူ/သားများ – အင်တာနက် ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ စာအုပ်ခဲတံ မသုံးတာ ကြာပါပြီဆရာမ။ လက်ပ်တော့ပ်၊ နက်ဘွတ်ခ်၊ တက်ဘလက် တို့သာရှိပါတော့တယ် ဆရာမ။
    ဆရာမ TTNU – ဒုက္ခော၊ ငါလည်းကောင်းကောင်း မသုံးတတ်ပါလား။ ပြန်သင်ပေးကြပါအုံး တပည့်တို့။
    ဂေဇက်ရွာသူ/သားများ – အဲဒါဆို ဆရာမ သိတတ်ပါ။
    ဆရာမ TTNU – အေးပါကွယ်၊ ဝဋ်ဆိုတာ ဒီဘဝမှာတင် ပြန်လည်တတ်တယ်ဆိုတာ သိထားပါတယ်။ မင်္ဂလာပါ ရွာသူ/သားများ၊ ကျေးဇူးတင်ပါတယ် ရွာသူ/သားများ။ 🙁

    • TTNU

      September 29, 2011 at 2:43 pm

      ဆရာကြီးကြောင်
      မောင်မင်းရဲ ့ Sense of Humour ကိုတော့ သိပ်ကြိုက်သွားပြီ။ မင်္ဂလာပါ ဆရာကြီးရှင့် ၊ ဘာလေးများပြန်သိတတ်ရရင်ကောင်းမလဲ။ ပြည်ပမှာ ဆိုရင် ငပိကြော် ပို့ပေးရ ရင် ကောင်းမလား။(မြန်မာပြည် အလွမ်းပြေ)။
      ပြည်တွင်းမှာ ဆိုရင် မုန့် ပုံးပို့ရ ရင် ကောင်းမလား။( သားသမီးတွေ များခဲ့သော်)။

      ကျေးဇူးနော် ။

Leave a Reply