ပြယ်လွင့်ခဲ့ရသော… အစိမ်းရောင်…

koyin sithuSeptember 27, 20111min2212

ပြာရီမှုံမှိုင်းနေသော မိုးတိမ်တိုက်ကြီးတစ်ခုအောက်တွင် နောက်ဆုံးတစ်ဖွာကို ရှူရှိူက်လိုက်ပြီး ဖင်စီခံနားကို မီးရောက်လာသည့်အတွက်ေ ကျွန်တော်က စီးကရက်ကို လက်ခလယ်နှင့် ကော်ထုတ်လိုက်သည်။ မိုးရေစက်များ ဖွဲဖွဲကျလာနိုင်သည်ဟု တွေးလိုက်မိပြီး ရင်ခုန်မိသွား၏။ ရန်ကုန်သည် သူမ တစ်ခုခုကို နားကျဉ်းရမည်ဆိုလျှင် ဘာကို ရွေးချယ်နာကျဉ်းမလဲဆိုတာ ကျွန်တော် သိချင်နေသည်။ သဘာဝတရားဟာ အချက်အလက် မခိုင်လုံ၊ မပြည့်စုံဘဲနှင့် သွေဖည်နေတတ်တာလည်း ကျွန်တော်အသိ။ ကျပ်ကျပ်ညှပ်ညှပ် ဒီဦးခေါင်းခွံထဲမှာ ကြီးထွားလာနေတဲ့ ဦးနှောက်ကြီးကို ဘယ်လိုလုပ်ရမယ် ကျွန်တော်မသိပါ။ ဘလော့ဂါတွေ စတင်ခဲ့တဲ့ ဘလော့ဂင်းအတတ်နဲ့ ကျွန်တော့် ပို့စ်လေးတွေ နေသားကျလာတော့မှ ကျွန်တော်နည်းနည်းအသက်ရှူချောင်လာ၏။ ကျွန်တော့် တောင်တန်းတွေဟာလည်း ဒီလိုနဲ့ တဖြည်းဖြည်း ပြာမှိုင်းနေတတ်ခဲ့ပါပြီ။

အထက်တန်းကျောင်းသားဘဝက ကျွန်တော့် မျက်စိရှေ့မှာပင် တဖြည်းဖြည်းလှလာသော သူငယ်ချင်း ကောင်မလေးကို ကျွန်တော်က ဖြူစင်မြဲ ဖြူစင်နေအောင် ကြိုးစားခဲ့ပါသည်။ ဆိုက်ကားမစီးနိုင်လို့ မကြိုက်ဘူးဟု ပေါ်တင်ပြောခဲ့ဖူးသော မိန်းကလေးတစ်ယောက် အပြစ်တင်ဖို့ ကျွန်တော် စိတ်မကူးမိ။ ဒါ…. သူ့လွတ်လပ်ခွင့်ပဲမဟုတ်လား။ ဒါပေမဲ့ ကျွန်တော်လည်း မျက်နှာပျက်မိတာပေါ့။ ဖြေဆေးတွေ လိမ်းကျံထားတဲ့ အတ္တအရွတ်ကြီးဟာ တဖြည်းဖြည်းနဲ့ ပျောက်ကင်းစ ပြုနေပါပြီ။ ရယ်သွမ်းလိုက်ဖို့ စိတ်ကူးမိလိုက်တိုင်း ကျွန်တော့် ပတ်ဝန်းကျင်ဟာ ငိုချင်းတွေနဲ့ ဝေစည်နေတတ်ပါသည်။ သိက္ခာကို လောင်းကြေးထပ်မှ ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲတော်တော်များများမှာ ကျွန်တော်သည် အစွမ်းထက်နေလေ့ရှိ၏။

ခန္ဓာကိုယ်ထဲမှာ အာဟာရဓါတ်တွေ တစ်နေ့တစ်ခြား နည်းလာပေမယ့် ကျွန်တော့်ဦးနှောက်ကတော့ ဆန့်ကျင်စွာပဲ ဝေါဟာရတွေ များပြားလာခဲ့သည်။ စိတ်ကူးတည့်သလို အကြောင်းအရာ၊ အဖြစ်သနစ်တွေကို လွမ်းနေတတ်တဲ့ ကျွန်တော် အနာဂတ်ဟာ ကျွန်တော်ရေးပြီး ကျွန်တော် မကြိုက်ဖြစ်နေတဲ့ ကဗျာတစ်ပုဒ်လိုဖြစ်နေပါပြီ။ အားလုံး လိုအပ်ချက်တွေ၊ အားနည်းမှုတွေ အပြည့်နဲ့။ ဘဝသည်မရ…၊ အာဟာရသည်မရ…၊ သစ်ပင်သည်မရ…၊ သွပ်မိုးတို့သည်လည်းမရ၊ ကဗျာတွေလည်း မရ၊ အယ်ကိုဟောလ်တော့ ရသည်။ ဓါတ်ဆားနဲ့ အိုင်အိုဒင်းဆား ဘယ်ဟာ ပိုငန်သလဲ မေးတဲ့ လူတစ်ယောက်ကတော့ ပါရာဒိုကား စီးလျက်ထွက်ခွာသွားလေ၏။

ချစ်သူ… မင်း သိပါသလား၊ မိုးရွာပြီးစ အချိန်လေးနဲ့ သန့်စင်မှုတွေဟာ တစ်စုံတစ်ယောက်ရဲ့ ရင်ထဲ စွဲစွဲထင်အောင် ကျန်ရစ်ခဲ့ရင် ထိုသူဟာ ရင်ခုန်မှုကို ပြီးမြောက်စေတာပေါ့။ ပေါင်မုန့်တစ်လုံးအတွက်နဲ့ မိတ်ဆွေ အရင်းအချာတစ်ယောက်ကို သစ္စာဖောက်ဖို့ ကျွန်တော် ကြံစည်ခဲ့ဖူးပါ၏။ ကြံစည်မှုဟာ အထမမြောက်ခဲ့ပေမဲ့ အခွင့်အခါသင့်တိုင်း ကျွန်တော် အဲ့ဒီဖြစ်ရပ်ကို လိပ်ပြာမသန့် ဖြစ်ခဲ့ရသည်။ ကျွန်တော်ဟာ အမြဲလိုလို ဟန်ကျပန်ကျ ရှိမနေခဲ့ပါ။ ရက်ရက်ရောရောနဲ့ ပျော်ရွှင်ခြင်းတွေ ဘဝမှာ ရှားပါးလွန်းတာကြောင့် ထိုကိစ္စသည် အထူးအဆန်း တစ်ရပ်လိုပင် ဖြစ်နေပါပြီ။ ဟုတ်တိပတ်တိနဲ့ ဟန်ရေးပြပြီး ပယ်နယ်တီလွဲချော်ခဲ့တဲ့ ဘောလုံးသမားပုံစံကို စိတ်ထဲမှ ကျိတ်ပြီး သဘောကျမိသည်။

ရန်သူများလွန်းလို့ အနာ္တရယ်ကင်းနေရ၏။ အိပ်မက်သစ်တွေ ရဲတောက်စိုစွတ်နေ၏။ အဖေ့ကို ပြရမည်။ မည်းမှောင်နေတဲ့ ပဉ္စလက်ကောင်းကင်ဆီ မျှော်လင့်တကြီး ငိုက်မှေးခဲ့ဖူး၊ အချိန်မတိုင်ခင်ဘဲ တချို့အက်ဆစ်တွေလည်း ချိုခဲ့၊ ငရဲတွေလည်း ချိုခဲ့၊ အဆိပ်တွေလည်း ချိုခဲ့။ ကျွန်တော် မမှားနိုင်ပါဘူး။ အမေ့ အိပ်ရာလောက်တော့ နွေးထွေးလုံခြုံမှုမရှိဘူးပေါ့။ ကျွန်တော့်အတွက် အနာဂတ်ဆိုတာကလည်း သဲတရှပ်ရှပ်နဲ့။ အပြင်းစားတွေ တောက်တောက်ပြောင်ပြောင် ရှိတဲ့ ဝါကျမျိုး ရွတ်ချင်စမ်းရဲ့။ လောလောဆယ်တော့ ချစ်သူရော၊ ချစ်ချင်သူရော တစ်ယောက်မှ မရှိကြဘူး။ အလွန်အကျွံအတွက် အားယူကြစမ်း။ အချိန်တွေအကြာကြီး လေးလေးပင်ပင် ရှိခဲ့တာက မျက်ခွံတွေပဲ။ ကျွန်တော် တစ်ဦးတည်းရဲ့ အလိုအရဆိုရင်တော့ လူဟာ သတ္တဝါတွေထဲမှာ အပင်ပန်းဆုံး သတ္တဝါပင်ဖြစ်သည်။

ကိုယ့်အိပ်မက်ထဲမှာ ကိုယ်ငိုနေတုန်းက ချောမော့ခဲ့သူဟာ အပြင်မှာတော့ မမစိမ်းပဲ ဖြစ်သင့်တာပေါ့။ အဲ့ဒီညက အိပ်မက်ထဲမှာ လပူဆာလှုံနေတဲ့ ကျွန်တော့်ဆီကို ဂျစ်တိုက်တတ်တဲ့ နတ်သမီးလေးတစ်ပါး ရောက်လာခဲ့၏။ ပြီးတော့ မသိကိန်းတွေကို မျှော်စင်တစ်ခုဆောက်လို့ရအောင် အများအပြားထားရစ်ခဲ့ပြီး ပြန်သွားတယ်။ နောက်ပိုင်းမှာ ကျွန်တော့် အနာဂတ်မီးအိမ်လေး ထွန်းပလာတော့သည်။ အရင်တုန်းက သိက္ခာဆိုတာ ဝယ်ယူလို့ရမှန်း ကျွန်တော် မသိခဲ့ဘူး။ ဟုတ်တယ် မဟုတ်လား မမစိမ်းရယ်။။ ဘဝဆိုတာ ဂျော်ဒန်းနိုးဝတ်ပြီး ကော်ဖီမစ် သောက်ရတာလောက် ဘယ်စမတ်ကျနိုင်ပါ့မလဲ။ ကျွန်တော် လူတတ်ကြီးလုပ်ပြီး ဒဏ်ရာတွေကို တန်းဖိုးဖြတ်ပြသောအခါ ထိုနေ့က မိုးရွာပါသည်။

မမစိမ်းရယ်… အဲ့ဒီနေ့က နင်ဝတ်ထားတဲ့ အစိမ်းပုတ်ရောင် အကျီလေးကို ကျွန်တော် သတိရလိုက်တာ။ ကျွန်တော့်ရဲ့ သီးသန့် တိုင်းပြည်လေးမှာ ကိုယ်ပိုင်အလံလွှင့်ထူခွင့်ရတဲ့ တစ်နေ့မှာ အဲ့ဒီ အစိမ်းရောင်နဲ့ အလံကို ချယ်မှုန်းချင်သည်။ ကျွန်တော်က အဲ့ဒီအလံလေးကို ဝံ့ဝံ့ထည်ထည်ဖြစ်အောင် လေပြည်တွေကို အမိန့်ပေးမည်။ အဲဒီအခါကျရင် မသိခြင်းတွေကို ကျွန်တော် မျှော်စင်ဆောက်မည်။

အခုတော့ မြေစိုင်ခဲတွေကို တူးဆွပြီး မြက်စိုက်ဖို့ ပြင်ဆင်နေတဲ့ ကျွန်တော်ဟာ အရူးတစ်ယောက်သာ ဖြစ်ပါသည်။ ချစ်သူရေ…. ငါတို့ သတင်းတွေမှာရော နှင်းဆီရနံ့တွေ မွှေးရဲ့လား။ ကျွန်တော့် အမှတ်တရပေးခဲ့တဲ့ ရေမွှေးဘူးလေးရော မွှေးနေသေးရဲ့လား။ အနမ်းတွေကိုရော နင်သတိရရဲ့လား။ တွေးရင်းနဲ့ ကျွန်တော် ဝမ်းနည်းလာသည်။ တခါတုန်းက အချစ်အကြောင်းများကို ကျွန်တော်တို့ ငြင်းခုန်းကြစဉ်က မမစိမ်းသည် အနိုင်ရသူဖြစ်ပါသည်။

ချစ်ခင်စွာဖြင့်

ကိုရင်စည်သူ

2 comments

  • Koyin Sithu

    September 27, 2011 at 9:53 pm

    ကျွန်တော် အရင်က ဘလော့ခ်ရေးခဲ့ပါတယ်… ဒီပို့စ်လေးက ကျွန်တော့် ဘလော့စ်ကနေ ပြန်ယူပြီး တင်ပေးထားတာပါ။ ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ အလွမ်း၊ ပျော်ရွှင်မှုဖြစ်ဖြစ် ခံစားမှုကသာ စာပေ တစ်ခုရဲ့ အနှစ်သာရမဟုတ်ပါလား… ကျေးဇူးတင်ပါတယ်ခင်ဗျာ..

  • min min san

    October 10, 2011 at 12:21 pm

    I love green at the same time i hate green when i read this post,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,.

Leave a Reply