အလိမ်ခံထားရတဲ့ဘဝ…

who whoSeptember 28, 20111min24011

ဒီနေ့တော့ ကိုယ့်ရဲ့ အလိမ်ခံထားရတဲ့ ဘဝလေးအကြောင်း မရှက်တမ်းပြောပြရပါတော့မယ်။
မွေးကတည်းက ခုထိ ဘာတွေများ အလိမ်ခံထားရပါလိမ့်မယ်ဆိုတာလေး စစ်တမ်းထုတ် ကြည့်မိနေလို့ပါပဲ။

အော်..ငါတော့ အလိမ်ခံနေရပါပေါ့လားဆိုတာ တွေးရင်းမှ ရေးရေး ပေါ်ပေါ်လာရပါပြီ။ ဘာတွေများ အလိမ်ခံနေရပါလိမ့်နော်။ စဉ်းစားကြည့်ကြပါဦး။ သူများတွေတော့မသိ၊ ကျနော်တော့ ဒါတွေ အလိမ်ခံနေရပါတယ်။

အမေ မွေးလို့ ပါလာတဲ့ မျက်လုံးနဲ့ မြင်နေ၊ သိနေရတာတွေကို ခိုင်တယ်မြဲတယ်လို့ ထင်ထားခြင်းသည်ပင် အလိမ်ခံနေရခြင်း မဟုတ်ပါလား။
တစ်ခါ ဒုက္ခကို ဒုက္ခပါလားလို့ မသိရှာတော့ ဆင်းရဲနေတာကိုပဲ ချမ်းသာတယ်လို့ ထင်ပြီး ကျေနပ်နေပြန်တယ်နော်။ ဒါလည်း အလိမ်ခံရတယ်ဆို မမှားပါဗျာ။
ဒါ့အပြင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာရယ်လို့ အပိုင်တွက် အတ္တကြီး ရှေ့တန်းတင်နေတာ ကရော? အလိမ်ခံရတာ မဟုတ်လို့ ဘာလဲ?။
ဒါတင်ပဲလားဆိုတော့ ဘယ်ကမလဲ တစ်မျိုးထပ်ပြီး အလိမ်ခံထားရသေးတယ်လေ။ အဲဒါက တော့ စက်ဆုပ်ရွံရှာဖွယ် ခန္ဓာတွေအပေါ် သာယာဖွယ် လိုချင်ဖွယ် အဖြစ် မှတ်ထင်လို့ စွဲလမ်း တွယ်တာနေတာပဲပေါ့။ အင်း…ခုမှပဲ အလိမ်တွေ ပေါ်ကုန်ပါပြီ။

တကယ်တမ်းကျတော့ ဒါတွေဟာ အလိမ်ခံနေရပါလားလို့ ဉာဏ်မျက်လုံးလေးပွင့်နိုင် မှသာ မြင်ခွင့်ရမှာပါနော် ။ ဘယ်သူကများတို့ကို လိမ်ထားပါလိမ့်မယ်…??? စဉ်းစားကြည့်ကြပါစို့ ဆိုတော့
ဒီအကြောင်းလေးကို ဥပမာလေးနဲ့ ပြောပြချင်တယ် ။

ငယ်တုန်းက ကြားဖူးတဲ့ ပုံပြင်လေး လိုပါပဲ ။

တစ်ခါက လူတစ်ယောက်ဟာ ခရီးတစ်ခုကို သူရဲ့ နွားလှည်းနဲ့ ခရီးနှင်ခဲ့တယ် ။ လမ်းခုလတ် မှာ ခဏနားကြတဲ့အခါ နွားတွေကို အစာကျွေးဖို့ အစာရှာလိုက်တော့ မြက်ခြောက်တွေသာတွေ့ တယ်တဲ့။ ဒါနဲ့နွားတွေကို ရှိတဲ့ မြက်ခြောက်ပဲ ချကျွေးတာပေါ့။ ဒီတော့ နွားတွေက လုံးဝမှ မစားကြဘူးလေ။ မြက်ခြောက်ကြီးကိုး။ ဘယ်စားပါ့မလဲ ။

ရှိတာကလည်း မြက်ခြောက်ပဲ ရှိတယ်။ ဒါမှ မစားကြရင်လဲ ခရီးဆက်ဖို့ ခက်တော့မယ်။ မဖြစ်ဖြစ်အောင် ကြံမှပဲ ဆိုပြီး အကြံ ထုတ်တော့တာပေါ့။ နောက်ဆုံး အကြံရတဲ့အတိုင်း ဒီနွားတွေကို မျက်မှန်စိမ်းတွေ တပ်ပြီးမှ ကျွေးလိုက်တယ်လေ။ ဒီတော့ နွားတွေက ဒီမျက်မှန်စိမ်းနဲ့ ကြည့်တဲ့ အတွက် မြက်ခြောက်လို့ မမြင်တော့ပဲ စိမ်းနေတဲ့ မြက်တွေလို့ပဲ မြင်တော့တာပေါ့။

ဒါနဲ့ အပြေးအလွှား အလုအယက်ကိုပဲ မြက်စိမ်းတွေ အထင်နဲ့ အားရပါးရ စားကြပါတော့ တယ်တဲ့။ ဒီတော့မှပဲ ဒီလူရဲ့ အကြံလည်း အောင်မြင်လို့ လိုရာခရီးရောက်ပါတော့တယ် ။

ကဲ ဒီပုံပြင်လေးအတိုင်း တို့ကိုယ်တို့ နှိုင်းယှဉ် စဉ်းစားလိုက်ရင် တကယ့် အရှိတရားဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဆိုတာက မြက်ခြောက်တွေပေါ့ ။

ဒါကို အမှန်အတိုင်းမြင်တဲ့အခါ တို့တောင် မတို့ဝံ့ကြဘူးလေ။

အမှန်သိတော့ မလိုချင်တော့ဘူးပေါ့ ။

ဒါပေမယ့် ဒီအမှန်တရားကို မျက်မှန်စိမ်းနဲ့တူတဲ့ အဝိဇ္ဇာ ကဖုံးကွယ်ထားလေတော့ “အနိစ္စ”ကို “နိစ္စ” လို့မြင်တယ်၊ “ဒုက္ခ” ကို “သုခ”လို့ မြင်တယ်၊ “အနတ္တ”ကို အတ္တ လို့လက်ခံထားတယ်။ နောက်ပြီး “အသုဘ” ကို “သုဘ” လို့ထင်ပြီး ခင်တွယ်နေကြပြန်ပါတယ်။
ဒီလို မျက်မှန်စိမ်းနဲ့တူတဲ့ အဝိဇ္ဇာ အမှောင်ဖုံးခံထားရတဲ့ အထဲ ခရီးသွား ယောက်ျားနဲ့ တူတဲ့ “တဏှာ” က ခိုင်းပြီလေ။ “နင်မြင်နေရတာက မြက်စိမ်းတွေပဲ၊ စားဟဲ့” လို့ခိုင်းသလိုမျိုး “အခု တွေ့နေရတာတွေက ခင်စရာ၊ စွဲလမ်း စရာတွေပဲ၊ နင် မရရအောင် ကြိုးစားလိုက်စမ်းဟဲ့၊ အားထုတ် လိုက်ပါဦးလား” လို့ တဏှာက နှင်တံနဲ့ တို့ပြီး နောက်ကနေ အတင်းခိုင်းနေတော့ ဘာပြော ကောင်းပါ့မလဲ ၊ ရုန်းရရှာပြီ။ လျှာကိုထွက်လို့။

လူပင်ပန်း၊ စိတ်ပင်ပန်း၊ မောရမှန်း မသိ၊ ပန်းရမှန်း မသိ၊ ပျော်ပျော်ကြီးနဲ့ ကျွန်ခံနေရပြီလေ။ ဒီမှာ တစ်ခုရှိတာက ဟိုနွားကတော့ မြက်စိမ်းအထင်နဲ့ ဝါးလို့ ဗိုက်တင်းသွားပြီးရင် အလုပ်လုပ်နိုင်ပြီ နော်။ သူ့မှာက ကိုယ်စားရတဲ့ အရသာ အပေါ်မှာ အကောင်း၊ အဆိုး ဝေဖန်နိုင်တဲ့ ဦးနှောက်မှ မရှိတာပဲ။ တို့ကတော့ လူတွေမဟုတ်လား။ လူနဲ့ တိရိစာ္ဆန် ရဲ့ ကွာခြားချက်က ဘာလဲ။ အသိဉာဏ်ပဲလေ။ ဒီ အသိဉာဏ်ပေါ် မူတည်ပြီးမှ ကောင်း၏ ဆိုး၏ ဆိုတာတွေ အဖြေထွက် လာရမှာမလား။

ဟိုနွားမှာတော့ မြက်ခြောက်ကို မြက်စိမ်းထင်ပြီး အားရပါးရ မြိန်ရေ ၊ ရှက်ရေ စားပေမယ့် အညာခံရမှန်း ဝေဖန်နိုင်တဲ့ အသိဉာဏ်မျိုး မရှိရှာဘူးလေ။ တို့တွေကတော့ သိသင့်တာပေါ့။ အင်း ငါ အစကတော့ လိုချင်စရာ၊ စွဲမက်စရာလို့ ထင်ခဲ့လို့ ရအောင်ကြိုးစားခဲ့ပြီးပြီ။ အခု ရလာတာတွေက တော့ ချမ်းသာသုခလား၊ ဆင်းရဲဒုက္ခလား ဆိုတာ ဆန်းစစ်ဝေဖန်ရမယ်လေ။ ဒီလိုဝေဖန်နိုင်မှ ကိုယ့်ရှေ့ မှာ ကာထားတဲ့ အဝိဇ္ဇာ မျက်မှန်ကြီး ချွတ်ကြည့်ဖို့ လမ်းစပေါ်လာမှာပေါ့။

မဟုတ်ရင်တော့ ဘဝဟာ အလိမ်ခံ ဘဝနဲ့သာ ရေစုန် မျှောလို့ စုန်းစုန်းမြှုပ်ပြီလို့သာ တွေးလိုက်ပေတော့။
ဒီတော့ တို့တွေ ဘာလုပ်သင့်သလဲ ?

ခု လက်ရှိ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝတစ်လျှောက်လုံးမှာကိုပဲ လောကဓံ ရိုက်ချက် တွေကြောင့် ဒဏ်ရာတွေ ပရပွနဲ့ ရစရာ မရှိဖြစ်နေရပြီ။ ဒီတော့ နောက်ထပ် ဒီလိုဒုက္ခတွေ ထပ်မခံရအောင် ဘဝရဲ့လက်ကျန် အချိန်တိုလေးမှာ ဉာဏ်ဦးစီးမှုရဲ့အောက်မှာနေပြီး လူဖြစ်ရကျိုးနပ်အောင် ကြိုးစားကြရမှာပေါ့နော်။

တစ်သံသရာလုံးက အညာခံလာရတဲ့ ဒီအဝိဇ္ဇာ မျက်မှန်စိမ်းကြီးကို ချွတ်နိုင်ဖို့ ဝိဇ္ဇာဉာဏ် မျက်လုံးလေး မြန်မြန်ပွင့်ဖို့ အရေးကြီးလာပါပြီ။
တို့မှာ ဒီ ဝိဇ္ဇာဉာဏ်မျက်လုံးလေးပွင့်လို့ အမှန်ကို အမှန်အတိုင်း မြင်နိုင်ပြီဆိုရင်တော့ ဒီတဏှာက ဘယ်လိုပဲ ခိုင်းခိုင်း သူခိုင်းတဲ့ အတိုင်း မလုပ်တော့ပါဘူး။ ဘာလို့လဲ သူက မြက်ခြောက် ကို စား၊ စားဆိုပြီး အတင်းကျွေးမှာလေ။ ကိုယ်က မြက်ခြောက်ကြီးမှန်း သိနေမှတော့ ဘယ် စားချင်တော့မှာလဲနော်။

ဒါဆို တဏှာရဲ့ ကျေးကျွန်ဘဝက တစ်စတစ်စ လွတ်အောင် ရုန်းနိုင်ပြီမို့ အလိမ်ခံဘဝက ရုန်းနိုင်ပြီပေါ့။ ဒါမှသာ တကယ့် အစစ်အမှန်ဖြစ်တဲ့ ချမ်းသာစစ်နဲ့တွေ့ဖို့ တံခါးပွင့်နိုင်ပြီပေါ့နော်။

ဒါလေးကတော့ ကျွန်တော့အနေနဲ့ သဘောပေါက်လွယ်အောင် ပုံဥပမာနဲ့ ခိုင်းနိုင်းထားတာ ဖြစ်တဲ့အတွက် တိရိစာ္ဆန်နဲ့ နှိုင်းတယ်လို့ မယူဆပဲ ဒီပုံပြင်ကနေ ကိုယ့်အတွက် အမြတ်အနေနဲ့ “အသိတရား” လေးတွေ ထွက်လာဖို့ပဲ ရည်ရွယ် ရေးထားတာပါနော်။
ကဲ ဒီလောက်ဆိုရင်တော့ တို့ရဲ့ အဝိဇ္ဇာ မျက်မှန်ကြီး မြန်မြန်ချွတ်ကြဖို့ အချိန်ရောက်နေပြီ ဆိုတာ သဘောပေါက်လောက်ပါပြီနော်။

တို့အားလုံး အဝိဇ္ဇာ အညာခံဘဝမှ ဝိဇ္ဇာ ဉာဏ်ပိုင်ရှင်ဘဝသို့ အမြန်ဆုံး တက်လှမ်းနိုင်ဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ ။

“မသိလို့…လိုချင်၊ လိုချင်တော့…စွဲလန်း၊ စွဲလန်းတော့…ပြုလုပ်၊ ပြုလုပ်တော့… ရရှိ၊ ရရှိတော့ … ခံကြပေတော့”။

11 comments

  • pan pan

    September 28, 2011 at 9:57 am

    အဝိဇ္ဖာကြောင့် အမှန်မမြင်နိုင်တာလည်း သိပါရဲ့
    အကြောင်းအကျိုးကိုလည်း အနည်းငယ်သဘောပေါက်ပါရဲ့
    တဏှာခိုင်းသမျှ လုပ်နေရတာလည်း သိပါရဲ့
    သဘောတရားပဲသိတာပါ
    အသိပဲရှိတာပါ
    ဉာဏ်မရှိ/မရသေးတော့လည်း ဒုံရင်းပါပဲရှင်
    ဒီတော့လည်း လိမ်ပါစေတော့….လို့….ရူးချင်ယောင်ဆောင်…
    ကျွန်မလည်း ပိုစ့်ကိုဖတ်လိုက်ရတော့ ကိုယ့်ကိုကိုယ် “တယ်မိုက်တဲ့ ငါပါလား” လို့ တွေးမိသွားတယ်
    ဒါပေသည့် မျက်မှန်စိမ်းကြီးတော့ မချွတ်နိုင်သေးပါဘူး
    မြက်ခြောက်ကြီးပဲ မြက်ခြောက်မှန်းသိသော်လည်း မသိချင်ယောင်ဆောင် စားနေတာ
    အငတ်မှ မခံနိုင်ဘဲကိုး….. 🙂

    • whowho

      September 28, 2011 at 5:55 pm

      ကြည့်စမ်း…တဏှာက အဲဒီ အဝိဇ္ဇာမျက်မှန်ကို ချွတ်တာနဲ့ ငတ်လိမ့်မယ်လို့တောင် ခြောက်ထားတာပေါ့လေ။ ငတ်ချင်ငတ်ပါစေ။ သူ့လက်ကလွတ်ပြီးရောဆို ချမှဖြစ်တော့မယ်ထင်တယ်။

  • ကြောင်ကြီး

    September 28, 2011 at 10:27 am

    အချိန်တန်
    နွားပိန်ကန်တဲ့
    အလိမ်ခံရပေါ့..
    အိမ်အပြန်
    ကြိမ်ဒဏ်မို့
    ဇိမ်ခံဖို့ဝေးစွ..
    ဟူးဟူးရေ
    ဘယ်သူ့ကိုတ..။ 😥

    • whowho

      September 28, 2011 at 10:33 pm

      ဟူးဟူးဘဝ
      “ဒုက္ခ” မှတစ်ပါး
      “တ”စရာရှိသေးလေလိမ့်လား…

  • windtalker

    September 28, 2011 at 11:34 am

    မသိလို ့လိုချင် = မိန်းမ
    သိပြီးတော့ = ငြိငြင်
    ရုန်းရကန်ရ = ကိုယ်ပင်
    အလုပ်ကအပြန်ကြ = အိုဘဝင်
    အိုသခင်
    ဂိုဂွင်
    ချိုချဉ်

  • rocket

    September 28, 2011 at 10:40 pm

    အပျိုစင် . အဲလေ ဟိဟိ
    ချိုချဉ်ပီးတော့ အပျိုစင်ပဲ ရှိတော့တာကိုးနော ။
    မျက်မှန်စိမ်းလေးတပ်ပီး ကြည့်တော့ အိုသခင် ဂိုဂွင် ချိုချဉ် ဟိုက်ရော့ အပျိုစင် ….

  • unclegyi1974

    September 28, 2011 at 10:45 pm

    လောကထဲနေရင်လောကီကမပါမပြီး
    ကိုုယ်လည်းလေလောကီသားပေမို့
    နေပူမှာစိုးလို့မျက်မှန်စိမ်းတပ်ထားရတယ်
    ခွင့်လွှတ်ပေတော့ဟူးရေ
    ပုံပြင်ကပုံပြင်ပါကွယ်ဘယ်နွားမှမျက်မှန်စိမ်းတပ်ပေးလို့
    မြက်စိမ်းထင်ပြီးမစားပါဖူးကွယ်အငတ်ဘေးကြုံနေရင်တမျိုးပေါ့
    ဘုရား ရဟန်းတာကလွဲလို့ဘယ်သူမှလောကမလွတ်မြောက်နိုင်သေးလို့
    သံသယာမှာကူးနေကြရတယ် အသိကလေးဝင်ပြီးသံသရာကလွတ်မြောက်အောင်
    လုပ်ကြဖို့တော့လိုတာပေါ့နော်

    • whowho

      September 30, 2011 at 9:17 am

      “အသိကလေးဝင်ပြီးသံသရာကလွတ်မြောက်အောင်
      လုပ်ကြဖို့တော့လိုတာပေါ့နော်”
      ဟုတ်ကဲ့။ ဒီစကားလေးအတွက် ကျေးဇူးတင်ပါတယ်။
      အသိလေးဝင်အောင် မနည်းကြိုးစားနေရပါတယ်။

  • True Answer

    September 30, 2011 at 9:36 am

    ဒုက္ခ သုံးမျိုးရှိလေသည်။
    ၁) ဒုက္ခ ဒုက္ခ
    ၂) ဝိပရိဏာမ ဒုက္ခ
    ၃) သင်္ခါရ ဒုက္ခ

    (ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး ဒုက္ခများ၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊ စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု ဒုက္ခများ စသည့်ဖြင့် ကျွန်ုပ်တို့ နားလည်နေသော ဒုက္ခ များဖြစ်လေသည်။) သဲအင်းဂူဆရာတော်ကြီးများကတော့ ကလေးကအစ လူတိုင်း သိနားလည်သော ဒုက္ခမျိုးဖြစ်သည် ဟု ဟောထားလေသည်။

    ၂) ဝိပရိဏာမ ဒုက္ခ

    (အထက်ပါ ဒုက္ခ ဒုက္ခများ မဖြစ်ပေါ်စေဖို့အတွက် မိမိကိုယ်ခန္ဓာနှင့်တကွ မိမိလက်လှမ်းမီသလောက် ကြိုတင်ကာကွယ်မှု၊ စောင့်ရှောက်မှု၊ ရေချိုးပေးရမှု၊ ထမင်းကျွေးပေးရမှု၊ မညောင်းမညာအောင် ပြုပြင်ထိန်းသိမ်းနေရမှု စသော maintenance ဒုက္ခ များဖြစ်လေသည်) နံပါတ်တစ်ဒုက္ခမျိုးထက် ပိုမိုသိနားလည်ဖို့ လိုအပ်သော ဒုက္ခမျိုးဖြစ်လေသည်။)

    မိုးကုတ်ဆရာတော်ကြီးမှ အဝတ်ဝတ်နေရ ခြင်း ၊ အစားစားနေရခြင်းသည်ပင်လျှင် ပတ်တီးစီးနေရခြင်း၊ ဆေးသောက်နေရခြင်း ဟု ဟောကြားထားသည်။

    ၃) သင်္ခါရ ဒုက္ခ

    (တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု ….မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းဖြစ်နေသော မမြဲမှု-ပျက်စီးနေမှု) ဖြစ်သည်။

    ဒုက္ခဆင်းရဲအပေါင်းမှာ အမှန်တကယ် လွတ်ကင်းရေး အတွက် ……သိရှိ နားလည်ဖို့ မမေ့ဖို့ အရေးကြီးဆုံးဖြစ်ပြီး၊ မှန်ကန်စွာလမ်းညွှန်နိုင်သော ကလျာဏမိတ္တ၏အကူအညီဖြင့် နားလည်ဖို့ ကြိုးစားအားထုတ်မှသာ နားလည်နိုင်သော ဒုက္ခမျိုးဖြစ်သည်။ အထက်ဖော်ပြပါ နံပါတ်(၁) နှင့် (၂) ဒုက္ခနှစ်မျိုးမှ လွတ်ကင်းရာ(ဒုက္ခအားလုံးမှလွတ်ကင်းရာ) ကို ရောက်ရှိ သိရှိဖို့အတွက် မမေ့ဖို့ – နှလုံးသွင်းဖို့ ဗုဒ္ဓ ကိုယ်တိုင် နည်းပေး မှာကြားခဲ့သည့် ဒုက္ခ အမျိုးအစားဖြစ်လေသည်။

    http://realenlightenment.multiply.com/journal/item/27

  • True Answer

    September 30, 2011 at 9:37 am

    ဒုက္ခ သုံးမျိုးရှိလေသည်။
    ၁) ဒုက္ခ ဒုက္ခ
    ၂) ဝိပရိဏာမ ဒုက္ခ
    ၃) သင်္ခါရ ဒုက္ခ

    ၁) ဒုက္ခ ဒုက္ခ
    (ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး ဒုက္ခများ၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊ စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု ဒုက္ခများ စသည့်ဖြင့် ကျွန်ုပ်တို့ နားလည်နေသော ဒုက္ခ များဖြစ်လေသည်။) သဲအင်းဂူဆရာတော်ကြီးများကတော့ ကလေးကအစ လူတိုင်း သိနားလည်သော ဒုက္ခမျိုးဖြစ်သည် ဟု ဟောထားလေသည်။

    ၂) ဝိပရိဏာမ ဒုက္ခ

    (အထက်ပါ ဒုက္ခ ဒုက္ခများ မဖြစ်ပေါ်စေဖို့အတွက် မိမိကိုယ်ခန္ဓာနှင့်တကွ မိမိလက်လှမ်းမီသလောက် ကြိုတင်ကာကွယ်မှု၊ စောင့်ရှောက်မှု၊ ရေချိုးပေးရမှု၊ ထမင်းကျွေးပေးရမှု၊ မညောင်းမညာအောင် ပြုပြင်ထိန်းသိမ်းနေရမှု စသော maintenance ဒုက္ခ များဖြစ်လေသည်) နံပါတ်တစ်ဒုက္ခမျိုးထက် ပိုမိုသိနားလည်ဖို့ လိုအပ်သော ဒုက္ခမျိုးဖြစ်လေသည်။)

    မိုးကုတ်ဆရာတော်ကြီးမှ အဝတ်ဝတ်နေရ ခြင်း ၊ အစားစားနေရခြင်းသည်ပင်လျှင် ပတ်တီးစီးနေရခြင်း၊ ဆေးသောက်နေရခြင်း ဟု ဟောကြားထားသည်။

    ၃) သင်္ခါရ ဒုက္ခ

    (တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု ….မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းဖြစ်နေသော မမြဲမှု-ပျက်စီးနေမှု) ဖြစ်သည်။

    ဒုက္ခဆင်းရဲအပေါင်းမှာ အမှန်တကယ် လွတ်ကင်းရေး အတွက် ……သိရှိ နားလည်ဖို့ မမေ့ဖို့ အရေးကြီးဆုံးဖြစ်ပြီး၊ မှန်ကန်စွာလမ်းညွှန်နိုင်သော ကလျာဏမိတ္တ၏အကူအညီဖြင့် နားလည်ဖို့ ကြိုးစားအားထုတ်မှသာ နားလည်နိုင်သော ဒုက္ခမျိုးဖြစ်သည်။ အထက်ဖော်ပြပါ နံပါတ်(၁) နှင့် (၂) ဒုက္ခနှစ်မျိုးမှ လွတ်ကင်းရာ(ဒုက္ခအားလုံးမှလွတ်ကင်းရာ) ကို ရောက်ရှိ သိရှိဖို့အတွက် မမေ့ဖို့ – နှလုံးသွင်းဖို့ ဗုဒ္ဓ ကိုယ်တိုင် နည်းပေး မှာကြားခဲ့သည့် ဒုက္ခ အမျိုးအစားဖြစ်လေသည်။

    http://realenlightenment.multiply.com/journal/item/27

    • whowho

      September 30, 2011 at 9:40 am

      အဲဒီသုံးမျိုးထဲက အဆိုးဆုံးကတော့ နောက်ဆုံး (၃) နံပါတ် ဖြစ်တဲ့ သင်္ခါရဒုက္ခပဲဆိုတာကို ခါးသီးမုန်းတီးစွာ ထောက်ခံလိုက်ရပါတယ်။

Leave a Reply