သူရဿဝါနှင့် နာမည်ကြီးအဆိုတော်ဖြစ်နည်း
“သူရဿဝါနှင့် နာမည်ကြီးအဆိုတော်ဖြစ်နည်း”
သူရဿဝါ တစ်ယောက် ယခုတလော ရောဂါထ နေသည်။ ၉၆ ပါး ရောဂါထဲ များအနက် တစ်ခုမှ မဟုတ်။ အဆိုတော် ဖြစ်ချင်သော ရောဂါ ဖြစ်၏။ မီဒီယာ တစ်ခုက သီချင်းဆို ပြိုင်ပွဲ အစီအစဉ် တစ်ခု တင်ဆက်ရာ နာမည်ကျော် သွားခြင်းမှ အစပြုသည်။ ထိုပြိုင်ပွဲသို့ နိုင်ငံအဝှမ်းမှ ဂီတ ဝါသနာရှင် များစွာ လာရောက် ယှဉ်ပြိုင် ကြသည်။ ဂီတ အကြောင်း လုံးစေ့ပတ်စေ့ နားလည် သူများမှ စ၍ ရေချိုးခန်းထဲ အပျင်းပြေ သီချင်းညည်း ကြသူများ အဆုံး တရုန်းရုန်း စင်ပေါ်တက်၍ တီဗီဖန်သားပြင် မှတဆင့် အစွမ်းပြကြ၏။ နိုင်ငံကျော် ဂီတ ပညာရှင်များ၊ အဆိုတော်များက မိမိ၏ အဆိုစွမ်းအင် အပေါ် ဝေဖန် သုံးသပ် ဆုံးဖြတ်မှု ပြုသည်ကို ရရှိသဖြင့် သဘောလည်း ကျကုန်၏။ အသံ ကာလာ လှတာ၊ ဘယ်သံ၊ ညာသံ၊ အသက်ခိုးရှူပုံ၊ ပစ်ချ်ယိုင်တာ၊ အိတ်စ်ပရက်ရှင် ကောင်းတာ၊ ညံ့တာ .. ဟူသော စကားတို့ကို လူအတော် များများ သိရှိနားလည် သုံးစွဲ လာကြ၏။ အဲဒီနောက်ပိုင်း အခြား အဆိုပြိုင်ပွဲ များလည်း အားကျမခံ ပေါ်ပေါက် လာသည်။ တစ်ပတ် ခုနစ်ရက်တွင် ခြောက်ရက်ခွဲ လောက်က အဆိုပြိုင်ပွဲ ထုတ်လွှင့်သော နေ့များ ဖြစ်ကုန်၏။ ရိုးရိုး တန်းတန်း အဆိုပြိုင်ပွဲ များအပြင် ဆန်းဆန်းပြားပြား အဆိုပြိုင်ပွဲ များလည်း ပေါ်ပေါက်လာ၏။
စင်ပေါ်မှ လူက သီချင်း ဆိုရသည်။ အောက်မှ ဒိုင်လူကြီး လေးငါး ခြောက်ယောက်က ၎င်းတို့၏ ရှေ့စားပွဲတွင် လူနာတင်ယာဉ်မှ မီးလုံးများ တပ်ဆင်၍ ယိုင်လျှင် သော်လည်းကောင်း၊ မလှလျှင် သော်လည်းကောင်း၊ ကီးအောက်လျှင် သော်လည်းကောင်း၊ အိတ်စ်ပရက် “ရှင်” ရမည့် နေရာတွင် မရှင်ဘဲ သေနေလျှင် သော်လည်းကောင်း .. တဂျောင်းဂျောင်း မြည်အောင် မီးလုံးများကို အပြိုင်အဆိုင် နှိပ်ကြ လေ၏။ စင်ပေါ် ဆိုနေသော သူမှာ မျက်လုံးလေး အပြူးသားဖြင့် ဒိုင်များ အခြေအနေကို ကြည့်ကာ ဆိုရ၏။ တစ်လုံး လင်းသော် ကိစ္စ မရှိသေး၊ နှစ်လုံး လင်းသော် အခြေအနေ သိပ်မကောင်း၊ သုံးလုံး လင်းသော် အဆိုလည်းရပ်၊ တီးလုံးလည်း ရပ်၍ အောင်ဖျာလိပ် ရ၏။ ဘာနှင့် တူပါသနည်း။ မီးပွိုင့်နား ကားတစ်စီး ရောက်လာ၍ စိမ်းနေလျှင် ဆက်သွား၊ ဝါနေလျှင် သတိထား၊ နီနေသော် ဘရိတ်ဆွဲ၍ ရပ် ဟူသော Process ကို အခြေခံသဖြင့် ဒိုင်များ စိတ်အေး လက်အေး မျက်လုံးကလေး မှိတ်၍ နားထောင် နေသော် မီးစိမ်းသည် ဖြစ်၍ ဆက်ဆို၊ တစ်ဦးနှင့် တစ်ဦး ခေါင်းချင်းဆိုင်ပြီး ဆိုနေသူကို လက်ညှိုးထိုး၍ ပွစိပွစိ ပြောဆို နေကြသော် မီးဝါသည် ဖြစ်၍ သတိ အနေအထား၊ ဘာမပြော ညာမပြော လက်ကို ရှေ့သို့ထုတ်ကာ မီးလုံးနှိပ်သည် ရှိသော မီးနီသည် ဖြစ်၍ ရပ်။ လူတကာက “မီးလင်းပြိုင်ပွဲ” ဟု အလွယ် ကင်ပွန်းတပ် သညာပြု ကြသော ထိုပြိုင်ပွဲကို သူရဿဝါက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် နာမည်ပေး ထားသည်။ “ရပ် ကြည့် သွား ပြိုင်ပွဲ” ဟူ၍။
ထိုပြိုင်ပွဲများ အကျိုး ကျေးဇူးကြောင့် ဝါသနာရှင်များ ဂီတအကြောင်း ကောင်းကောင်း နားလည် လာကြ၏။ လူရိပ် လူခြေ ကြည့်တတ် လာ၏။ ပါဖောမန့်များ ကောင်းကြ ကုန်၏။ လူကြီးများ သာမက စကား ပြောတတ်ခါစ ကလေး များလည်း အဆိုတော် ဖြစ်ကုန်ကြ၏။ ဒါတွေကို အမြဲတွေ့ နေရသော သူရဿဝါလည်း အထက်တွင် ပြောခဲ့သည့် အတိုင်း အဆိုတော် ဖြစ်ချင်သည့် ရောဂါပိုးများ တစ်နေ့တခြား တိုးပွားလာ၏။ အဆိုတော် ဖြစ်အောင် ကြိုးစားတော့မည်။ ဘယ်ကနေ စမလဲ .. စဉ်းစားကြည့်၏။ အရေးကြီး တာက နာမည် .. အနုပညာ နာမည်ပေါ့။ ကိုယ်ရွေးတဲ့ နာမည်က လူစိတ်ဝင်စားတဲ့ နာမည်မျိုး ဖြစ်မှ။ လက်ရှိ နာမည်ကြီး နေတဲ့ အဆိုတော် တွေရဲ့ နာမည်တွေကို လေ့လာကြည့်သည်။ Rဇာနည်၊ Lလွန်းဝါ၊ Lဆိုင်းဇီ၊ Nကိုင်ရာ၊ Aနွန်၊ Dဖြိုး … ဟိုက်ရှားဘား။ သူရဿဝါ သဘော ပေါက်သွားပြီ။ နာမည်ရှေ့တွင် အင်္ဂလိပ် စာလုံး တပ်သူများ နာမည်ကြီး အဆိုတော် ဖြစ်ကြသည်။ သူရဿဝါလည်း ဒီအတိုင်း နာမည်ပေးမည်။ အရင်ဆုံး မိမိ၏ နာမည်အရင်းမှ ရှေ့ဆုံး တစ်လုံးဖြစ်သည့် “ဘုန်း” ကို ယူလိုက်သည်။ ပြီးလျှင် အင်္ဂလိပ်စာလုံး တစ်လုံးကပ်မည်။ E-book, E-Library စတာတွေ တွင်ကျယ်သော Electronic ခေတ် .. ဆိုတော့ကာ ကိုယ့်နာမည်ကို အားကျမခံ “E ဘုန်း” လို့ပေးရင်ရော။ အသံထွက်၍ ရွတ်ကြည့်တော့ “အီးပုံး” ဖြစ်သွား၏။ ဟိုက် .. အမြန် ပြန်ပြောင်းမှ။ ဒါဖြင့် ကိုယ်ကြိုက်သည့် အဆိုတော် ကိုဂျီလတ်ကြီးနဲ့ ခပ်ဆင်ဆင် ဆိုရင်ရော … “G ဘုန်း”။ အသံထွက် ကြည့်တော့ “ဂျီပုန်း” ဖြစ်နေသည်။ ဘုန်းကညာ တစ်ပါး လုံးရာက ပြားမယ့် ကိစ္စ .. မဖြစ်ချေပြီ။ ဒီလောက်တောင် ရှိလှတာ … ဘယ်သူမှ မရွေးတဲ့ စာလုံး I နဲ့ ကပ်မယ်ကွာ .. ဆိုပြီး နာမည်ရွတ် ကြည့်တော့ အိုင်ဖုန်း (iPhone) ဖြစ်နေပြန်၏။ နောက်ဆုံး ဗေဒင်ဆရာဆီ သွားမှ “ဝေထူးသက်လွင်ရစ်ချတ်ဒင်” ဟူသော နာမည်ရ၍ ကိစ္စငြိမ်း၏။
သီချင်း ကောင်းဖို့ ကတော့ သိပ်ပြီး ပူစရာမလို။ အနှစ်နှစ် အလလ ကြိုးစားပမ်းစား စုထားသည်။ သူငယ်ချင်းများ ရေးသမျှ သီချင်းတွေကို အကုန်လိုက် ခိုးထားတာ။ Own Tune အမည်ခံ လိုက်မည် .. ဘယ်သူသိတာ မှတ်လို့။ ပြီးတော့ နာမည်ကြီး တေးရေးဆရာဆီ တစ်ပုဒ် နှစ်ပုဒ် အပ်လိုက်မည်။ ဒါဆို သီချင်းတွေ စိတ်တိုင်းကျ ဖြစ်ပြီ။ အရေးအကြီးဆုံး တစ်ချက် ကျန်သေးသည်။ သီချင်း တစ်ပုဒ်လောက် ပေါက်သွားဖို့ အရေးကြီးသည်။ ဒါမှ နာမည်ကြီး အဆိုတော် ဖြစ်မည်။ လူတွေ ပါးစပ်ဖျားမှာ တဖွဖွ ဖြစ်လျှင် ပေါက်ပြီ။ ဘယ်လို လုပ်ရမလဲ … အကြံထုတ် ကြည့်သည်။ အခွေကို တီဗီမှာ ကြေငြာ လျှင်ရော ..။ မကောင်း … ပိုက်ဆံ အတော်ကုန်မည်။ အခွေထုတ်ဖို့ ပိုက်ဆံတောင် မနည်းရှာရမှာ။ အကုန်အကျ များလွန်းသည်။ အကုန်အကျ နည်းပြီးတော့ ထိရောက်မည့် နည်းလမ်းကို စဉ်းစားရမည်။ တစ်ရက် .. နှစ်ရက် .. သုံးရက် မြောက်တော့ အလွန်ကောင်းသော နည်းလမ်း နှစ်သွယ်ကို စဉ်းစား၍ ရသွားပြီ။ နှစ်နည်း စလုံးသည် “ပေါက်” သီချင်း အဖြစ် အသွင်ပြောင်းဖို့ အကောင်းဆုံး ဖြစ်နေသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိရသည်။ ထိုသို့ဖြင့် သူရဿဝါ အခွေတစ်ခွေ ထုတ်လိုက်သည်။
အခွေထွက်ပြီး ရက်သိပ် မကြာခင် အင်တာနက်ဆိုင် တစ်ဆိုင်သို့ သွားသည်။ G-mail ကို ဖွင့်သည်။ အခွေထဲမှ သီချင်းတွေ အကုန်လုံးကို Mail တွင် Attach တွဲသည်။ ထို့နောက် Account ထဲမှ ရှိသမျှလူ အကုန်လုံးဆီ Forward Mail အနေဖြင့် သီချင်းတွေ ပို့လိုက်သည်။ ကိုယ့်သီချင်းကို နားမထောင် ကြမှာ စိုးသဖြင့် ပစ်စာလိုလို ထည့်ရေး လိုက်သေး၏။ “ယခု Forward Mail တွင် ပါဝင်သော သီချင်းများ အားလုံးကို ထူးဆန်းသော အိပ်မက်အရ ပို့လိုက်သည်။ နားထောင် ဖြစ်အောင် နားထောင်ပါ။ နားထောင်လျှင် ကံစမ်းမဲ ဖောက်ပေးမည်။ နားမထောင်ပါက ဘုရားစူးမည်၊ မိုးကြိုးပစ်မည်၊ မြွေကိုက်မည်၊ ကျားကိုက်မည်၊ ကာလနာ တိုက်မည်။ ရွှေပြည်သာမှ ပဲပြုတ်သည် မဘုမ နားမထောင် မိသဖြင့် ပဲပြုတ်တောင်း ခေါင်းပေါ်မှ လွတ်ကျသည်။ နောက်မှ အသိတရား ရပြီး ပြန်နားထောင် မိသဖြင့် နှစ်လုံးထီ ငါးဆယ်ဖိုး ပေါက်သည်” စသည်ဖြင့်ပေါ့။ အဲဒီလို လုပ်ပြီး သိပ်မကြာခင် သီချင်းတစ်ပုဒ်က လူကြိုက်များ သွားသည်။ Forward လုပ်ခြင်းရဲ့ အကျိုးကျေးဇူး တွေပေါ့။ ကဲ .. နောက်တစ်နည်း လုပ်လိုက်ရင် ပွဲသိမ်းပြီ။ ချက်ချင်း အကောင်အထည် ဖော်ရမည်။ ဝမ်းရေးအရ လမ်းပေါ်တွင် သီချင်းဆို၍ တောင်းစားသော ကလေးတွေဆီ သွားသည်။ အွန်လိုင်းတွင် ပေါက်သော သီချင်း တစ်ပုဒ်ကို နှုတ်တိုက် သင်ပေး လိုက်သည်။ အလုပ်လုပ်လျှင် ဒီသီချင်းလေး ဆိုကြပါကုန် … ဟူ၍။ သူရဿဝါ စောင့်ကြည့်သည်။ သူတို့ ဝါးဆစ်ပိတ် ကလေး တဒေါင်ဒေါင် တီး၍ သီချင်း ဆိုကြသည်။ သူရဿဝါ ဝမ်းမြောက်ဝမ်းသာ အိမ်ပြန်၏။
သိပ်မကြာပါ။ ထိုသီချင်းကို နေရာအနှံ့တွင် ကြားလာရသည်။ လက်ဖက်ရည်ဆိုင်တွင် ဖွင့်ကြသည်၊ အင်တာနက် သုံးသူများ ထိုသီချင်းကို Mail ထဲမှ ဖွင့်၍ နားထောင်ကြသည်။ လမ်းပေါ်တွင် တဒေါင်ဒေါင် တဒင်ဒင် ဝါးဆစ်ပိတ် သံလေးများဖြင့် ကြားရသည်။ “နဖူးပေါ် လက်တင် .. စဉ်းစားလိုက်ရင် .. ငါလေ ရင်မောတယ်” သီချင်းကို ဝါးဆစ်ပိတ် တီး၍ မဆိုကြတော့။ မြန်မာ နိုင်ငံတွင် အွန်လိုင်းမှ ပေါက်သော သီချင်းများနှင့် နေရာတကာ တောင်းရမ်း စားသောက် သူများ တွင်တွင်ကျယ်ကျယ် ဆိုလျှင် ထိုသီချင်း နာမည်ကြီးလေ့ ရှိသည့် ထုံးစံ အတိုင်း ထိုနည်းလမ်း နှစ်မျိုးစလုံးကို အသုံးပြုခဲ့သည့် သူရဿဝါမှာ “ပေါက်” သီချင်း တစ်ပုဒ်နှင့် အတူ ဂီတလောကတွင် နေ့ချင်းညချင်း တန်းဝင် အဆိုတော် ဖြစ်ကာ နာမည်ကြီးသွား လေတော့သည်။
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 100 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါးသရုပ်ဖော်ပုံကို ကာတွန်းနေကြီးမှ ကျေးဇူးပြုရေးဆွဲပေးပါသည်)
သူရဿဝါ
စက်တင်ဘာ ၂၈ ၊ ၂၀၁၁ ခုနှစ်
5 comments
ကိုကိုလူဆိုး
September 28, 2011 at 6:06 pm
ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောသွားဦးမယ် ဗျာ . .
ညညတီဗွီထဲမှာလာတယ်လေ.. အရေးကြုံရင်ကြေးမုံ ရှိတယ်ဆိုတာလေ..အဲ့ဒါတကယ်ဟ.. ကိုယ်တွေ့ .. ရထားပေါ်မှာလေ မမရဲ့ မီးရထားကြီးပေါ့.. မီးမလာ.ရေမရှိနဲ့.. ငါ့မှာလေ..အိမ်သာထဲထိုင်ရင်း ကိစ္စပြီးမှ ရေမလာမှန်းသိတာ .. ထွက်မရ. ပြုမရနဲ့.. တော်သေးတယ်.. အရေးကြုံတုန်း ကြေးမုံ ကယ်သွားတာ… ကျေးဇူးပဲ ကြေးမုံ
ပေစုတ်စုတ်
September 28, 2011 at 6:36 pm
ကြိုက်သဗျာ… ပိုစ့်နဲ့ပတ်သက်ပြီး… ကောင်းရာကောင်းကြောင်းဘာဆွေးနွေးရမလဲတော့မသိဘူး… ကြိုက်လို့.. ကြိုက်တယ်ပဲပြောတော့မယ်ဗျာ…
yokesoe
September 28, 2011 at 6:52 pm
ဆိုးပါ့ ဘာကိုမန်းရမလဲ ဝင်လာခဲ့ပီးမှ မထူးဘူး လာထား နားကျပ် ဟိဟိ
အဆိုးထဲက အကောင်းလေးပေါ့ ရုပ်ဆိုးရာ ။
windtalker
September 28, 2011 at 7:03 pm
ကွန်ဒီတာ ကြီး ရဲ ့
အရေးအသား အိုင်ဒီယာ တွေ ကို
အရမ်းကြိုက်တယ် ဗျို ့
photwenty
October 1, 2011 at 11:07 am
တစ်ခါတစ်ခါကျ လမ်းဘေးက အိုက်ဒီ အဆိုတော်လေးတွေကိုအားကျတယ်ဗျာ
ညနေရုံးဆင်းချိန်ဆို သူတို.က ဆိုင်ကြီးတွေမှာအကြွေလဲပေးနေတာ လက်ထဲမှာ ခြင်္သေ.တွေအထပ်လိုက်ပဲ
ဟေးဟေး