အားကိုးရှာကြရာဝယ်…………

who whoSeptember 30, 20111min1310

မြစ်ရေယဉ်က တစ်ဝေါဝေါနဲ့ အရှိန်ကောင်းစွာ စီးဆင်းနေဆဲ။ တစ်ချို့နေရာတွေမှာလည်း ဝဲကတော့တွေက စုပ်ယူဖို့ အဆင်သင့် စောင့်လို့ နေလေပြီ။ အန္တရာယ် ကတော့ အများသားပါလား။ ကူးခပ်နေရတာကလည်း မောလှပါပြီ။ စိုးရိမ်တထိတ်ထိတ်နဲ့ ။ ဘယ်အချိန်များ နှစ်သွားမှာပါလိမ့်လို့ ကြောက်လန့်စွာနဲ့ ကူးခတ်နေရပါပြီ။ ဝဲနဲ့တွေ့လို့ ရှောင်လာနိုင်ခဲ့ပေမယ့် ထပ် တွေ့ရဦးမှာတွေကို တွေးလို့ ကြောက်မိနေပါပြီ။ အော်…ရေနစ်သူအတွက်က တော့ ကောက်ရိုးတမျှင်သည်လည်း အားကိုးရာဖြစ်ရပါပြီ။
ခက်တာက ဒီမြစ်ထဲက ကမ်းပေါ်တက်နိုင်ဖို့ ဘာကိုများအားကိုးရပါ့ မလဲဆိုတာပါပဲ။ သံသရာ မြစ်ပြင်ကျယ်ကြီးထဲမှာ ကူးခတ်နေရတဲ့ သံသရာ ခရီးသည်တစ်ယောက်အဖို့ အားကိုးရှာရပါတော့မယ်။
အစကတော့ မိဘကို အားကိုးရာလို့ ထင်လို့ မိဘတွေကို မှီပြီး ဆွဲလိုက်ပါရော။ သူတို့ရှိရင်တော့ ငါ့အတွက် ပူစရာမလိုတော့ဘူးလို့ အားကိုးထားလိုက်တာ။ သူတို့ကလည်း ကမ်းနားသစ်ပင်လေ။ ပျက်စီးတတ်တဲ့ ခန္ဓာကို ရထားတာမို့ ပျက်စီးပြန်ရော။ ဘယ်မလဲ အားကိုးစရာက။
အဲဒီကမှ အပေါင်းအသင်း မိတ်ဆွေ ၊ သူငယ်ချင်း၊ ဆရာ၊ ဆရာမ စသဖြင့် အားကိုးရာလို့ ထင်လို့ လှမ်းပြီး ဆွဲလိုက်တိုင်း အားလုံးက အနိစ္စ ခန္ဓာပိုင်ရှင်တွေဖြစ်နေတာကြောင့် အို၊ နာ၊ သေဆိုတဲ့ ကမ်းပါပြိုပြီး ကူးနေရင်း ဆွဲလိုက်တဲ့ လူပေါ်ပိကျတော့တာပါပဲ။
အင်း…မြစ်ထဲ မြောလာတဲ့လူက ကမ်းနားသစ်ပင် လှမ်းဆွဲလိုက်သလို ဖြစ်နေပါပေါ့လား။ အင်း ကိုယ်ဆွဲလိုက်တဲ့ အရာတွေကိုက ကမ်းနားသစ်ပင်တွေလို မခိုင်မြဲသော၊ အစိုးမရသော အရာတွေဆိုတော့ အမြစ်ပါကျွတ်ထွက်ပြီး ကိုယ့်ပေါ်တောင် ပိလာပါရောလားနော်။ ဒီသဘောပါပဲ။ ကိုယ်စိတ်ထဲမှာ အားကိုးရာလို့ ထင်ထားတဲ့ အရာတွေကို စွဲမိသွားတာနဲ့ အဲဒီ စွဲမိတဲ့ အရာက ကိုယ့်ကို ပြန်ပြီး ဝန်ပိစေတော့တာပါပဲ။
ကိုယ်စွဲမိတဲ့ အရာကပဲ ကိုယ့်ကို သောကတွေ ဖြစ်စေတယ်။ ငိုကြွေးမှုတွေကို ရစေတယ်။ စိုးရိမ်ပူပန်မှုတွေကို ပေးပြန်တယ်။ အဲဒီလို ပရိဒေဝ သောကတွေနဲ့သာ လုံးလည်လိုက်လို့ ကိုယ်ပေါ်မှာပိလို့ စုန်းစုန်းမြုပ်သွားရတာမျိုးတွေလည်း ဒုနဲ့ ဒေးပါပဲနော်။ အင်း ကိုယ်က ကူးနေရတဲ့ မြစ်ပြင်ကနေ ကုန်းပေါ်ရောက်ဖို့ လှမ်းဆွဲလိုက် တိုင်း ဆွဲလိုက်တဲ့အရာတွေကြောင့် ဒုက္ခတွေ ပိုရပြန်တော့တာမို့ ကုန်းပေါ် ရောက်ဖို့ နေနေသာသာ ပိုလို့တောင် နစ်နေရပါတော့တယ်။
ဒါကြောင့် ဒုက္ခရောက်လို့ အားကိုးရှာ ၊ ရှာလိုက်တဲ့ အားကိုးက ပေးတဲ့ ဒုက္ခကို ထပ်ရပြန်တာကြောင့် ဝန်က နှစ်ဆတိုးလို့ မြုပ်သည်ထက်မြုပ်ဖို့သာ ရှိပါပေါ့လားလို့ ကိုယ်တွေ့ ကြုံ ရတော့ သိလာရပြီပေါ့။
ဒီလိုဆို အားကိုးရာ အစစ်သည် အဘယ်ပါနည်း။ လို့ အဖြေထုတ်ရပါတော့မယ်။ မိမိကိုယ်သာ အားကိုးရာဆိုတဲ့အတိုင်း ကိုယ့်ကိုယ်ကိုသာ အားကိုးရပါလိမ့်မယ်နော်။
ဒီနေရာမှာ ပိုပြီး နားလည်လိုက်တာကတော့ မိမိကိုယ်ကို အားကိုးပါဆိုလို့ အမေမွေး ပေးထားတဲ့ ရုပ်ခန္ဓာကြီးကို အားကိုးရမယ်လို့တော့ မအောက်မေ့လိုက်ကြပါနဲ့။ ဘာလို့လဲဆိုတော့ ဒီရုပ်ခန္ဓာကြီးသည်ပင် အို၊ နာ၊ သေဘေးနဲ့ အချိန်မရွေး ပျက်စီးသွားနိုင်တာကြောင့် သူလည်း အားကိုးရာထဲ ထည့်လို့မရတော့ပါဘူးနော်။
ပျက်စီး ပြိုလဲသွားမယ့် အရာကို အားကိုးနေသမျှကတော့ တနည်း အနိစ္စတရားကို ပိုင်ဆိုင်ထားတဲ့ အရာတွေကို အားကိုးနေမိသမျှကတော့ဖြင့် သူတို့ကြောင့် ရလာမယ့် ဒုက္ခတွေသာ တိုး လာဖို့ပဲဆိုတာလေး ရှင်းရှင်းလင်းလင်း သိလာရပါပြီ။
ဒါကြောင့် နောက်ဆုံး အဖြေထုတ်လိုက်ရတာကတော့ မိမိကိုယ်သာ အားကိုးရာ ဆိုတဲ့နေရာမှာ မိမိရဲ့ဉာဏ်သည်သာ အားကိုးရာအစစ်ဖြစ်တယ် ဆိုတဲ့ အဖြေ တစ်ခုထဲသာ ထွက်လို့လာပါတယ်။
အင်း…မိမိအားထုတ်တဲ့ ဝိပဿနာဉာဏ်ကသာ မိမိဘဝကို သံသရာ မြစ်ကြောကြီးကနေ ကယ်ဆယ် ပေးနိုင်တာပါလားလို့ သိလိုက်ရပါပြီ။ သံသရာ မြစ်ကြောထဲ မြုပ်မသွား ဖို့နဲ့ ဝဲဩဃတွေက လွတ်မြောက်နိုင်ဖို့ မဂ္ဂင်ဖောင်ကြီး စီးလို့ ဝိပဿနာ ဉာဏ်အားကိုးနဲ့ အမြန်ဆုံး ကြိုးစားရုန်းထွက်လိုက်ကြပါစို့လို့ တိုက်တွန်းရင်းနဲ့ အားကိုးရှာ မမှားကြဖို့ သတိပေးလိုက်ပါရစေ။