ဒုက္ခသည်ဟုဆိုကြရာဝယ်

kaiJanuary 7, 20101min1713

အတိတ်၊ပစ္စုပန် နှင့် အနာဂါတ် (၁)   – ဒုက္ခသည်ဟုဆိုကြရာဝယ်

မောင်မိုးညိုတို့ငယ်စဉ်က လူကြီးမိဘများပြောလေ့ ရှိသော ‘ဒုက္ခရောက်မှာမကြောက်ဘူးလား’ ‘ဒုက္ခိတဖြစ်သွားချင်လား’ ဟူသောစကားကိုသတိရမိသည်။ လောကဓံတရားရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်သော ‘ဒုက္ခ’ကိုကွင်းရှောင်နိုင်ရန်လူတိုင်းကြိုးစားကြသည်ချည့်ပင်။ ခြိမ်းခြောက်စကားဘဲဆိုဆို ဒုက္ခရောက်မှာတော့ သကောင့်သားသမီးအားလုံးက ဝေးဝေးရှောင်ကြသည်။ လူ့သဘာဝကား ဆန်းသားပင်။ အမှားကိုမှားမှန်းသိလျက်နှင့် ကြူးလွန်မြဲလမ်းမှားကိုလိုက်မြဲ လိုက်ဆဲ မိုက်ကြမြဓမ္မတာ။ ဗုဒြွဂေါတမ၏ ဟောပြချက်တခု၌ “အသိကိုသတိနှင့်ထိမ်းကြောင်းကြရန်” ဆိုဆုံးမထားသည်။ သတိတွေထားနေရင်းကပင် ဒုက္ခနှင့်ဝေးတော့ ဒုက္ခ၏အရသာကိုအမေ့ကြီးမေ့ကာ အမှားနောက်ကိုကောက်ကောက်ပါအောင်လိုက်မိကြပြန်သည်။ သို့အတွက်လည်း ‘သံသရာ’ ဟူသောဝေါဟာရက လောကအလည်မှာနေရာယူနေသည်မဟုတ်ပါလော။ မည်သို့ဆိုစေ စာဖတ်သူအားလုံးနားလည်ကြသည် ကတော့ ဒုက္ခနှင့်ဝေးနိုင်လေ ဘဝအေးချမ်းလေပင်။ သို့ကြောင့်လည်း ဗုဒြွ၏ “သစ္စာလေးပါးတရား” မှတစ်ပါးဖြစ်သော “ဒုက္ခသစ္စာ” သည်သံသရာကိုကြင်လည်ရခြင်း၏ မဖေါက်မပြန်မှန်ကန်သော ပရမတ်အဖြစ် ဓမ္မစက္ကပဝတ္တနတရားဦးတွင်ညွှန်ပြခဲ့လေသည်။ ယေဇူးခရစ်တော်သည်လည်း လူသားတို့၏မိုက်မဲမှုအားလုံးအတွက်ကိုယ်တော်တိုင်ကားစင်တက်ကာလူသားအားလုံးအတွက် ဒုက္ခဝန်ကိုခံစားသွားပေးခဲ့လေသည်။
ယခုရေးလိုသည့်အကြောင်းကား ဒုက္ခကိုမီးထွန်းမရှာရဘဲ ဒုက္ခဟူသောပညတ်နှင့်အတူဖွားသန့်စင်လာသော ‘ဒုက္ခသည်’ များအကြောင်းပင်တည်း။ စာရေးသူလေ့လာသိရှိရသလောက် လက်ရှိမြန်မာအစိုးရ၏ တရစပ်တိုက်ခိုက်မောင်းနှင်ထုတ်မှုကြောင့် မြန်မာ-ထိုင်းနယ်စပ်တွင် ရောက်ရှိနေကြသောမြန်မာတိုင်းရင်းသားဦးရေကား တသိန်းခွဲနီးပါးပင်ရှိနေပေပြီ။ မိမိတို့ဘိုးစဉ်ဘောင်ဆက် မွေးဖွားနေထိုင်ကြီးပြင်းခဲ့သော နေရင်းမြေကို ‘နိုင်ငံတော်ဖွံ့ဖြိုးရေး’ ဟူသော ဗန်းပြစကားလုံးမျိုးစုံတို့ဖြင့် လက်နက်အင်အားသုံး မောင်းထုတ်ခြင်းကိုနေ့ညမပြတ်ခံစားနေကြရသည်။ ယင်းလူကြီးကကလေးယောက်ျားမိမ္မ တို့သည်ကား ‘ဒုက္ခသည်’ ဟူသောဘွဲ့ထူးကို ဆိုင်းမဆင့်ဘုံမဆင့်ရသွားကြလေသည်။ ရှေ့လျှောက်လည်းရနေဦးမည့်ပုံပင်။ ကုလသမဂ္ဂ၊ လူမှုရေးအဖွဲ့များနှင့်
နိုင်ငံတကာကနည်းလမ်းမျိုးစုံ ရံပုံငွေမြောက်အများသုံး၍ပြဿနာကိုဖြေရှင်းပေး နေသည့်ကြားမှပင် ဒုက္ခသည်ဦးရေကားတနေ့တခြားကြီးထွားလာနေသည်။ လက်ရှိအခြေအနေကိုကြည့်ပါက ‘ဆင့်ပါး
စပ်နှမ်းပက်’သည့်နှယ့်ပင်။ နိုင်ငံတကာကလက်ခံနိုင်သောဦးရေနှင့် နယ်စပ်တလျှောက်ရှိ တိုးပွားလာသောဦးရေကိုနှိုင်းယှဉ်ကြည့်ပါ။ သည်ကြားထဲ ‘ခါတော်မှီ’ဒုက္ခသည် တွေလည်းမှိုလိုပေါက်လာသည်။ လွန်ခဲ့သောငါးနှစ်ခန့်ကပြည်တော်ပြန်စဉ် လောလောလတ်လတ် ‘အနားယူ’လိုက်ရသောရာထူးကြီးကြီးတပ်အရာရှိကြီးတဦးက သူ့သားအမေရိကားလာခွင့်ရရေးအတွက်‘ဘယ်လောက်ကုန်ကုန်(ကျပ်ငွေမဟုတ်ဒေါ်လာငွေဖြင့်) မောင်မိုးညိုအားဆောင်ရွက်ပေးပါရန်အကူအညီတောင်းခြင်းခံခဲ့ရဘူးပါသည်။ တိုင်းရင်းသားများအပေါ်လက်သန်ပြောင်ရာတွင်နာမည်ကြီးခဲ့ပြီး ပြည်တွင်းရဲ့အားပြည်တွင်းမှာရှိသည်ဟူသောလက်သုံးစတားကို ရေလဲနှင့်ပြောခဲ့သော အဆိုပါပုဂ္ဂိုလ်ကြီး
၏စကားကိုအံ့ဩောစွာငေးမောကြည့်မိပါသည်။ အမေရိကန်ကောင်စူလိတ်ရှေ့တွင်လည်း ဒေါ်လာထုပ်ကိုထမ်းလျက် ဗီဇာမျှော်သောခေတ်၏သားသမီးပျိုများကိုလည်းတွေ့ခဲ့ရပါသည်။ ယခင် ‘အိုက်တိုးပဂေးဆန်’ ခေတ်မကုန့်တကုန်မှာတင် ဘန်ကောက်သွားလုပ်ကိုင်ရသောခေတ်ကိုဖြတ်ကြော်တက်ကာ ‘စင်ကာပူ’ ‘မလေးရှား’ နှင့် ထို့ထက်အလွန်တတ်နိုင်ကြသူများကား ဥရောပသာမက အမေရိကားထိပင်လှမ်းကြကုန်၏။ သို့ဆိုလျင် ထိုင်းနယ်စပ်တလျှောက်မှိုလိုပေါက်လာသော ဒုက္ခသည်စခန်းတို့တွင် ရေမရောသောဒုက္ခသည်အပြင်ဖေါ်ပြခဲ့သော’ခါတော်မှီ’များနေရာယူလာကြသည်မှာမဆန်းပြီ။ သို့နှင့်ပင် ဒုက္ခသည်ဖြစ်ရသည်မှာ ဒုလ္လဘတရားကြီးဖြစ်မှန်းမသိဖြစ်သွားရတော့သည်။ ဒုက္ခသည်စါရင်းပေါက်ရန် လက်ချိုးရေတွက်ကြသူတွေတိုးလာသည်။ ဆန်းသော်လည်းအမြဲမရိုးနိုင်သောအဖြစ်မဟုတ်ပါလား။ အမှန်တော့ ဒုက္ခသည်တို့၏ဘဝသည် ထင်သလောက်မလွယ်လှပါ။
ဤနေရာတွင် ‘ဒုက္ခသည်’ ဟူသောဝေါဟာရအပေါ်စာရေးသူမြင်သောလေ့လာမိသလောက်
အဓိပ္ပါယ်ကိုပြောလိုပါသည်။ မည်သူကမည်သည့်အချိန်ကတည်းက အဓိပ္ပါယ်ဖွင့်လိုက်သည်မသိပါ။ မြန်မာစာအဖွဲ့မှ ၁၉၉၃ ခုနှစ်ထုတ် မြန်မာအင်္ဂလိပ်အဘိဓါန် တွင် refugee (victims of disaster) ဟုတိုက်ရိုက်ဘာသာပြန်ခဲ့သည်။ refugee  ဟူသောဝေါဟာရကMarriam-Webster’s dictionary တွင်ones those flee the country ဟုဆိုပြန်သည်။ troubled people/people with trouble    ဟူ၍ဘယ်နေရာတွင်မှမပြန်ဆိုထားပါ။ မိမိနေရင်းနိုင်ငံမှအကြောင်းမျိုးစုံပြု၍ပြောင်းရွှေ့လာကြသူများတွင် အသက်ဘေးမှလွတ်ရာပြေးလာကြသူများ refugee  ကို ‘ဒုက္ခသည်’ဟုအမည်ပေးခြင်းကားမှားယွင်းသော ဘာသာပြန်မှု (defining refugee as ‘dokka-kha-the’ is a misnomer) အဖြစ်မောင်မိုးညို ဆိုခြင်ပါသည်။
ယင်းတို့မှာနေရင်းအရပ်မှအင်အားသုံးပြောင်းရွှေ့ခံရ၍အခြားနိုင်ငံတခုတွင်မျက်နှာငယ်စွာတရားမဝင်ပုံးအောင်းနေထိုင်နေရသည့်အထဲ ‘ဒုက္ခသည်’ ဟူသောသေရာပါအမည်ပေး
ခြင်းကိုဒုတိယမ္ပိခံကြရပြန်ပါသည်။ ဝမ်းနည်းဘွယ်ကောင်းပေစွ။ ရုတ်တရက်ကြည့်လျင်မှန်သလိုထင်ရသော်လည်းဘဲ “နေရင်းအရပ်မှပြောင်းရွှေ့လာကြသူ” ဟုဆိုလျင်လုံလောက်ပြီထင်ပါသည်။
မောင်မိုးညိုတို့ငယ်စဉ်ကမြန်မာစာအဖွဲ့မှ ဝေါဟာရအဘိဓါန်ကျမ်းတခုထုတ်ရန် (ထိုစဉ်အခါကအစိုးရ) “လမ်းစဉ်ပါတီ” မှ ရဟန်းရှင်လူအပေါင်းကိုမိမိတို့လက်လှမ်းမှီရာ ဝေါဟာရများပေးအို့ရန်ဖိတ်ခေါ်ခဲ့ဘူးပါသည်။ သတင်းစာမှတဆင့်ခေါ်ယူသောဖိတ်ခေါ်ချက်ကို မောင်မိုးညိုအပါအဝင် အတော်များများက အုတ်အော်သောင်းနင်းပေးပို့ခဲ့ကြပါသည်။ သို့သော်နောက်ပိုင်းတွင်ရှိရှိသမျှ အင်္ဂလိပ်အခေါ်အဝေါ်အပါအဝင်နိုင်ငံခြားအမည်များအားလုံးကို “မြန်မာမှုပြု”ရမည်ဟူသော တလမ်းသွားနိုင်ငံရေးဝါဒစတင်သတ်မှတ် အကောင်အထည်ဖေါ်သောအခါ၊ မူလရှိရင်းစွဲအခေါ်အဝေါ်များ (ဥပမာ-Scott Marketမှသည် ဗိုလ်ချုပ်ဈေး၊Campbell လမ်းမှသည် ကင်းဝန်မင်းကြီးလမ်း၊ ထိုမျှမကIrrawaddy မှသည် Ayeyarwaddyအထိဖြစ်လာသည်။ ယခုဆိုလျင် ရွှေပြည်သာ၊လှိုင်သာယာသာမက “နေပြည်တော်” ဟူ၍ပင်မြို့ကြီးတွေဖြစ်လာသည်။ တော်လှမ်းရေးကောင်စီလက်ထက်မှစ၍ လမ်းစဉ်ပါဆီခေတ်မှသည်ယင်းအမည်ပြောင်းသမုတ်ပွဲကားတောရောမြို့ပါမကျန် ပြောင်းလိုက်ကြသည်မှာ ယခုဆိုလျင်နိုင်ငံ့သမိုင်းတွင် အရေးကြီးအချက်အချာကိစ္စများကို ကမ္ဘာကတင်မဟုတ်ဘဲ ကိုယ့်နိုင်ငံသားများကပင်မျက်ချေပြတ်နေပြီမဟုတ်ပါလော။ ယခုလက်ရှိစစ်အစိုးရလက်ထက်ယင်းအမည်ပြောင်းကိစ္စကို ‘အမျိုးသားရေးကိစ္စ’ ဟူသောမျက်နှာဖုံးစွပ်၍အရှိန်အဟုန်နှင့်ပင်လုပ်နေပေပြီ။ မြို့ဟောင်းပုဂံမြို့၊ရွှေတိဂုံစေတီတို့ဆိုလျင် ဗိုလ်ချုပ်ကြီးများ၏အမည်များ၏အလုအယက်နေရာယူမှု၊ပြောင်းလဲမှုများကြောင့် သမိုင်းဝင်မူရင်းလက်ရာများမှာ ရှာဖွေရပင်ခက်နေပေပြီ။ ပေးထားသောအမည်များကနိုင်ငံကိုခေတ်နောက်သို့အရှိန်အဟုန်နှင့်ဆွဲခေါ်နေပေပြီ။ အတင်းအကျပ်ဘာသာပြန်မှုများကိုရပ်တန်းကရပ်ကြဘို့လိုပြီဟုမောင်မိုးညိုမေတ္တာရပ်ခံချင်ပါသည်။
Refugee ကို Refugee ဟုသာခေါ်ဝေါ်သုံးစွဲပြီးသုံးစွဲကြတိုင်းလည်း ‘ဒုက္ခသည်’ ဟူသောအမြင်ကိုဖျောက်ကြဘို့လိုပါသည်။ ထွက်ပြေးလာကြတိုင်းဒုက္ခသည်ဟုခေါ်ရလျင် ပြည်ပရောက်အားလုံး ဒုက္ခသည်အမည်နာမသမုတ်ခြင်းခံရမည်ဖြစ်သည်။ မည်သည့်နည်းနှင့်ရောက်လာကြသည်ဖြစ်စေ ကျွန်
တော်တို့အားလုံးရေကြည်ရာမြက်နုရာရှာဖွေလာကြသူချည့်ဖြစ်ကြပါသည်။ အိန္ဒြေရရပြောင်းလာကြသူများနှင့်နယ်စပ်မှထွက်ပြေးရှောင်တိမ်းလာကြသူသာကွာပါသည်။ “နေရင်းအရပ်မှပြောင်းရွှေ့လာကြသူများ” အဖြစ်သာမြင်နိုင်ကြရန်၊ဆက်ဆံကြရန်လိုပါသည်။ ဒုက္ခကိုဘဝခရီးဖေါ်လုပ်ခိုင်းခြင်းမှာမတရားသောပညတ်ဖြစ်နေပါသည်။ အထူးသဖြင့်အမေရိကားကဲ့သို့လွတ်လပ်မှုအပြည့်အဝရှိသောနိုင်ငံရောက်ခါမှ ၎င်းတို့အပေါ်ယင်းပညတ်မျိုးကိုမထားမိရန်ပို၍အရေးကြီးနေပါသည်။ လွတ်လပ်မှုအခွင့်အလမ်း
ကိုအခြားသူများနည်းတူခံစားခွင့်ရှိကြစေရန်လမ်းဖွင့်ပေးခြင်း၊ အားပေးကူညီခြင်းများရှိသင့်သည်မဟုတ်ပါလော။ သို့အတွက်မောင်မိုးညိုတို့အားလုံးက Refugee ကို Refugee ဟုသာခေါ်ဝေါ်သုံးစွဲပြီး ‘နေရင်းအရပ်မှပြောင်းရွှေ့လာကြသူမြန်မာမိသားစုအသစ်များ”အဖြစ်လက်ကမ်းကြိုဆိုကြလျင် သူတို့ဘယ်လောက်ဝမ်းသာလိုက်ကြမည်နည်း။

မှတ်သားရသလောက်မြန်မာ Refugee များအဖြစ်ထိုင်းမြန်မာနယ်စပ်တလျောက် တာချီလိတ်၊မြဝတီနှင့်ကော့သောင်းဒေသတွင် ၁၉၈၄ခုနှစ်ဦးပိုင်းလောက်ကစတင်တွေ့ရပါသည်။ တိုင်းရင်းသား
ရှမ်း၊ကရင်၊ကရင်နီခေါ်ကယား နှင့်မွန်လူမျိုးစုကြီးများကိုတွေ့ရပါသည်။ TBBC (Thai-Burmese Border Consortium)ခေါ် ထိုင်းမြန်မာနယ်စပ် Refugee ထောက်ပံ့ရေးစီမံမှုအဖွဲ့ကြီး၏ ၂၀၀၉ ခုနှစ်အောက်တိုဘာလစာရင်းဇယားအရ လူဦးရေ တသိန်းသုံးသောင်းကျော်ရှိမည်ဟုယူဆရပါသည်။ မလေးရှားနိုင်ငံတွင်လည်း နိုင်ငံမဲ့ချင်းတိုင်းရင်းသား(၆ရ၈၀၀)ခန့်ရှိမည်ဟု Chin Refugees Committee (CRC)  က ဆိုပါသည်။ ထွက်ပြေးလာကြသော Refugee များကိုစခန်းများတွင် နိုင်ငံစုံမှလူမှုရေးသက်သက်အဖွဲ့အစည်းစုံကနေထိုင်ရေး၊ရိက္ခာ၊ဆေးဝါး၊ပညာရေးကအစတတ်နိုင်သလောက်
ကူညီထောက်ပံ့ကြပါသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)နှင့် International Organization of Migrant (IOM)  စီမံကြီးကြပ်မှုဖြင့် တတိယနိုင်ငံများ၏ခေါ်ယူနိုင်မှုအပေါ်မူတည်လျက်နှစ်စဉ်ဗီဇာများထုတ်ပေးလာသည်မှာ ၁၉၈၅ ခုနှစ်လောက်ကတည်းကပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအစိုးရကလက်
ရှိမြန်မာနိုင်ငံရေးအခြေအနေကြောင့် ၂၀ဝရနှစ်လည်ပိုင်းမှစတင်ဲပြီး အဓိကဦးစားပေးအဆင့်သတ်မှတ်ကာခေါ်ယူခဲ့သည်မှာ Refugee ဦးရေ (၉ရရ၆)ဦးရှိခဲ့၍ ၂၀၀၈ ခုနှစ်တွင် (၁၂၈၅၂)ဦးရှိခဲ့ပါသည်။ ယင်းမတိုင်မှီနှစ်များကဆိုလျင် (၁၀၀၀) ပါတ်ဝန်းကျင်သာရှိပါသည်။ (နှစ်အလိုက် Refugee ရောက်ရှိမှုနှင့်ပြည်နယ်အလိုက်လက်ခံနိုင်မှုအခြေအနေပူးတွဲပါဇယားကိုကြည့်ပါ။)

Refugee များနှင့်ပါတ်သက်၍စာရေးသူဖြတ်သန်းခဲ့ရသောအတွေ့အကြုံများကိုတိုတိုတုပ်အကြံပြုဖေါက်သည်ချရလျင် –
• မိသားစုများကိုရင်းရင်းနှီးနှီးနှင့်မှန်မှန်တွေ့ဆုံရန်လိုအပ်ပါသည်။
• ယင်းတိုကိုကူညီရာတွင်ငွေကြေးစရိတ်ကုန်ကြစရာအကြောင်းမရှိုပါ။ ကိုယ်ကူညီနိုင်သောငွေကြေးအတိုင်းအတာ၊ ၎င်းတို့ကုန်ကျခံနိုင်သောအင်အားထက်ကျော်လွန်၍ကုန်ကျစေသောငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ပါစေနှင့်။ စေတနာ့ဝန်ထမ်းစိတ်နှင့်ကူညီနေသည်ကိုအမှတ်ရပါ။
• ပုံမှန်အချိန်ပေးနိုင်ရန်အထူးလိုပါသည်။ သူတို့လိုအပ်ချက်သည်အချိန်အခါမရွေးဖြစ်နိုင်သည်ကိုသတိချပ်ပါ။
• မိမိ၏မိသားစုကဲ့သို့သဘောထားနိုင်ဘို့လိုပါသည်။
• စိတ်ရှည်သည်းခံနိုင်ရေးသည်အဓိကအရေးကြီးပါသည်။ ယဉ်ကျေးမှုကွာဟမှုကိုအသိအမှတ်ပြုရပါမည်။ သူတို့၏ပင်ကိုရိုးသားစိတ်ကိုအမှတ်ရပါ။ ပြောဆိုဆက်ဆံနေထိုင်မှုတခုတည်းကိုကြည့်ပြီးမှတ်ချက်မချမိရန်၊ အပြစ်မမြင်ရန်အထူးအရေးကြီးပါသည်။
• သူတို့၏ဘဝကိုနားလည်အောင်အရင်လေ့လာပြီးသူတို့ပြောချင်တာတွေကိုနားထောင်မိဘို့အရေးကြီးပါသည်။ ကိုယ်ဖြစ်ချင်တာကို
ဇွတ်အတင်းမတိုက်တွန်းမိဘို့အရေးကြီးပါသည်။ ပြန်လှန်ငြင်းခုံခြင်း၊ မိမိသာသိသည်ဟူသော ‘ငါ’တကောကောသောစိတ်ဖျောက်ဖို့လိုပါသည်။
• ကလေးလူငယ်များ အင်္ဂလိပ်လိုပြောဆိုဆက်ဆံနိုင်ရေးသည်အဓိကဦးစားပေးကိစ္စဖြစ်ပါသည်။ တနေ့တွင်သူတို့ကပြင်ပနှင့်ဆက်သွယ်ရာတွင်မိသားစုကိုဦးဆောင်နိုင်ကြမည့်သူများပင်။
• သူတို့ထံမှတုန့်ပြန်မှု၊ကျေးဇူးဆပ်မှုကိုမျှော်လင့်သောဆက်ဆံမှုမဖြစ်ပါစေနှင့်။ မိမိဆောင်ရွက်ပေးရသည်ဟူသောအကြောင်းကိုအချေခံ၍ အမြတ်မထုတ်ရန်၊နာမည်ကောင်းယူဘို့မကြိုးစားမိရန်၊ထင်ပေါ်ကျော်ကြားမှုရရန်ကြိုးစားမှုကိုရှောင်ဘို့လိုပါသည်။
• ယင်းတို့ယုံကြည်သောဘာသာ၊ယဉ်ကျေးမှုကိုလွတ်လပ်စွာကိုးကွယ်သုံးစွဲခွင့်ရှိအောင်နည်းလမ်းထွင်ပေးပါ။ ၎င်းတို့ရောက်ရှိနေထိုင်ရာနိုင်ငံသည်လွတ်လပ်၍တရားမျှတမှုကိုအခြေခံသောနိုင်ငံဖြစ်သည်ကိုသတိချပ်ပါ။
• ယင်းတို့လိုအပ်သောအစားအသောက်၊အဝတ်အထည်များကိုကူညီထောက်ပံ့ခြင်းသည်မင်္ဂလာတပါးပင်။ သို့သော်မိမိအိမ်တွင်ထားစရာ
နေရာမရှိ၍အတင်းလာယူခိုင်းသောလှူဒါန်းမှုမျိုးမဖြစ်ပါစေနှင့်။ မိမိကပေးကမ်းသောပစ္စည်းထက်မိမိက၎င်းတို့အပေါ်ထားသောချစ်ခင်ကြင်နာစိတ်ကသူတို့အတွက်အဓိကအင်အားဆိုသည်ကိုမြင်အောင်ကြည့်ပါ။
• ယင်းတို့လိုအပ်ချက်မှာဘက်စုံဖြစ်ပါသည်။
ဤကဲ့သို့လိုအပ်ချက်အသေးစိတ်ပေါ်ပေါက်လာပါကနားလည်မှုရှိဘို့အထူးလိုပါသည်။ အကူအညီကိုတနေရာထဲကွက်၍ (ရွေးချယ်၍) ပေးတာထက်ရှုထောင့်စုံမှပေးနိုင်အောင်ကြိုတင်ပြင်ဆင်မိဘို့လိုပါသည်။
• တနေ့တရက်နှင့်ပြီးသောကိစ္စမဟုတ်ဘဲ ကာလရှည်ကြာကူညီရသောhumanitarian service ဖြစ်သည်ကိုနှလုံးသွင်းကြပါ။

မှတ်ချက်။  ။ မန္တလေးဂေဇက် ဒီဇင်ဘာလ ၂၀၀၉ ထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။

3 comments

  • kai

    January 8, 2010 at 2:31 am

    ရှေးပုဂံခောတ်က “အသည်” လူတန်းစားတရပ်ရှိတယ်မှတ်ဖူးတာပါပဲ။
    အဲဒီကနေ..“အကြော်သည်”တို ့။ “မုန် ့ဟင်းခါးသည်”တို ့ခေါ်ကြတာနေမှာပါ။( စားချင်တာတွေပဲ ထည့်ရေးလိုက်ပါတယ်)
    အခုက ဒုက္ခသည်ပေါ့..။ တော်သေးတာပေါ့..။ “ဒုက္ခတွေရမယ် ….၊ဒုက္ခတွေ”ဆိုပြီး လှည့်လည်…လိုက်ပြီးမရောင်းနေကြတာ။
    ထားပါတော့..။
    မြန်မာ-ယိုးဒယားနယ်စပ်မှာ ယိုးဒယားဖက် ပြောင်းအလုပ်လုပ်နေကြတဲ့ မြန်မာတွေကို “ရွှေ့ပြောင်းအလုပ်သမား”တွေလို ့ခေါ်တယ်တဲ့..။
    အဲဒီတော့ ရဖျူဂျီတွေကို … ရွှေ ့ပြောင်းသူတွေလို ့ခေါ်လို ့ရနိုင်ပါတယ်.။ ရွေ ့- ဆိုတာက တနေရာမှာမနေတော့ပဲ နေရာရွေ ့တာ..။ တိုင်ပြည်ရွေ ့နေကြတာပေါ့။
    ပြောင်း – ဆိုတာက …နဂိုအတိုင်းမဟုတ်တော့ပဲ ..ပြောင်းသွားတာလေ..။ ဒီတော့ ..“ရွေ ့ပြောင်းသူ”ပေါ့.။

    ဒါပေမဲ့..ကျုပ်တော့..ဒုက္ခသည် ကို ..“ပြောင်းခိုသူ”ဆိုတာလေး ပြောင်းခေါ်တာ ကြိုက်တယ်.။
    ဆောင်းတွင်းမှာ အေးခဲတဲ့နေရာကနေ မိုင်ထောင်ချီ ပျံသန်းပြောင်းရွေ ့ကြတဲ့..ငှက်တွေကို “ဆောင်းခိုငှက်”တဲ့..။
    အခုလူတွေက..တနေရာ(တနိုင်ငံ) ပြောင်းခိုလှုံကြရတယ်မဟုတ်ပါလား..။ ဒီတော့ ..ပြောင်းခိုသူပေါ့..။
    အရှည်ဆိုရင်တော့ ..တတိယတနိုင်ငံသို့ပြောင်းလဲခိုလှုံကြသူများ ပေါ့..။
    ဆောင်းခိုငှက်တွေက ဆောင်းလွတ်ရင် မူရင်းဇာတိပြန်ကြတာပါ။ ပြောင်းခိုသူတွေကလည်း မိခင်နိုင်ငံ ပြန်ချင်ရှာကြမှာပါ…။နော..။

  • sonnykwynn

    January 10, 2010 at 4:36 pm

    ့ကျေးဇူးတင်ပါတယ်။ သင့်လျော်တဲ့ဘာသာပြန်မှုတခုပါ။ စာပေမွေ့လျော်သူမို့လို့လို့ယူဆပါတယ်။ ကျွန်တော်တို့ refugee ကိုဘာသာပြန်ဘို့ကြိုးစားနေကြစဉ်မှာဘဲ ဓပြာင်းခိုကြသူတွေနေထိုင်စားသောက်ရေးကအစ ဘဝတနေ့တာအတွက်သာမာန်သူတွေထက် အဆများစွာရုန်းကန်နေကြရပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးက orange county refugee forum မှာ inter-state relocation ဖြစ်ရပ်တွေအတွက်ကျွန်တော် စာတမ်းတခုတင်သွင်းခဲ့ပါတယ်။ သိရှိရသလောက် orange county သာမက နေရာတိုင်းလိုဒီဒုက္ခတွေကြုံနေကြရပါတယ်။ တိုက်ရိုက်ခံစားကြရသူတွေကတော့ ကာယကံရှင်များ ဖြစ်တဲ့ ‘ပြောင်းခိုကြသူ’ပါဘဲ။ အကြံပြုလိုတာကတော့ – သူတို့ဘဝကိုအနီးကပ်တွေ့ဆုံပြီးလေ့လာအကူအညီပေးနိုင်ကြဘို့ပါဘဲ။ အပြောလွယ်သလောက်ေ၇ရှည်လုပ်နိုင်ကြဘို့ပါဘဲ။ မနေ့က covina မြို့မှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ‘ပြောင်းခို’ လာကြသူတွေကသပ်သပ်၊ အခြားဖိတ်ကြားခံတွေကသပ်သပ်ထိုင်နေကြတာတွေတစ်ဦးနဲ့တစ်ဦးအဆက်အဆံမရှိတာတွေတွေ့ရတော့ ရင်ထဲနင့်ကနဲဖြစ်သွားရပါတယ်။ ‘လူအမျိုးမျိုးစိတ်အထွေထွေ’ မဟုတ်လား။ သိကြတတ်နိုင်ကြသူတွေကဝိုင်းကြဝန်းကြဘို့ပါဘဲ။ ဒီကိစ္စတွေကိုကိုယ်ရောစိတ်ပါလုပ်ပေးနေကြတဲ့ unsung heroes တွေကိုလေးစားမိပါရဲ့။ ရေးနိုင်ကြသူတွေကဒီလိုရေးကြသလို။လုပ်နိုင်ကြသူတွေပိုများ လာဘို့လိုပါတယ်၊ သူတို့တတွေကများအကြံကောင်းနည်းလမ်းကောင်းများ စာအပိုဒ်။တကြောင်းရေးနိုင်ကြရင်ကောင်းလေစွလို့မှတ်ချက်ပြုမိပါတယ်။

  • Ko Yin Kaung Myat

    January 19, 2010 at 8:49 am

    “ခိုလှုံရာရှာဖွေသူ” ဆိုရင်ကောဗျာ၊ အတန်အသင့်တော့ အဓိပ္ပါယ် ပြည့်ပြီး စကားအရာများ ယဉ်ကျေးမလားလို့

Leave a Reply