မီးသင့်နှင်းဆီပွင့်ချပ်များ

သူရႆဝါMay 20, 20105min770

“မီးသင့်နှင်းဆီပွင့်ချပ်များ”

ငယ်ဘဝအိပ်မက်မျိုးနဲ့

ဒီနှင်းဆီကိုမှ ပျိုးခဲ့သူ

မိုက်မဲမှုကို တံခွန်ထူလို့

ရိုဇီရေ . . . နင်ဟာ

မျက်လှည့်ဆရာရဲ့ မှော်အကျီ င်္တစ်ထည်ဖြစ်တယ် . . . ။

“ဒီနှင်းဆီလေးကို ငါ့အရေပြားပေါ် စိုက်ခဲ့ပါတယ်” စိုက်ခဲ့မိသည်။ တစ်ခုခုမှန်မှာပေါ့ဟု တွေးမိသော အချိန်သည် တစ်ခုခုမှားနေမှန်းသိရ၏နှင့် တစ်နာရီတည်းကျသည်။ တစ်မိနစ်ထဲကျသည်။ တစ်စက္ကန့်ထဲကျသည်။ မိမိကိုယ်ကို ပြုတ်ကျလာမှန်းသိမှ နင်လွှတ်ချလိုက်မှန်း သိတယ်။ ဘယ်နေရာ ရောက်နေမှန်းသိသည်။ ဘယ်နေရာ ရောက်ခဲ့မှန်း မသိခဲ့သည်ကိုလည်း သိသည်။ ရိုဇီရေ . . . ။ ဘာအသံမှမပေးကြဘဲ ဆူညံသံတွေကို ကြားရသည်။ နင်ထွက်သွားသည်။ နင်ပြန်သွားသည်။ နင်ရှောင်သွားသည်။ နင် ကိုယ်လွတ်ရုန်းသွားသည်။ တစ်ခုခုမှ မဟုတ်ပါ။ တစ်ခုခုလည်း ဟုတ်နိုင်သည်။ ဘာအသံမှ မပေးမိပါပဲ ဆူညံသည်ဟု ပြောကြသည်။ “နင်က ထောင်ချောက်ထဲက မထွက်နိုင်တာ” ။ ငါချစ်တယ်။ ဟုတ်သည်။ “နင်က ထောင်ချောက်ထဲက မထွက်ချင်တာ” ။ ငါမုန်းသည်။ မဟုတ်ဘူး။ ရိုဇီရေ . . . ရင်ထဲကမီးတောင်လေး ပေါက်ပါပြီ။ မိမိကိုယ်ကိုမိမိ လွှတ်ချခံရမှန်း သိချိန်သည် သူမဆီက ပြုတ်ကျလာမှန်းသိချိန်နှင့် တစ်ကမာ္ဘတည်းကျသည်။ တစ်ဥယျာဉ်ထဲ ကျတယ်။ တစ်နှင်းဆီထည်း ကျသည်။ ဘယ်နေရာကို ဘယ်အချိန်က ရောက်နေမှန်း မသိတော့ပါ။ မုန်းသည် နှင့် ချစ်သည်။

ငါက ဘူတာရုံတစ်ဝက် ၊ ရထားတစ်ဝက်ပါ ရိုဇီရယ်

ငါနှင်းဆီတွေ စိုက်မိနေတုန်းပဲ

အစင်းစင်းသောရနံ့တွေ ပြာရဲပြန့်ကျဲ

ငါ့ရင်ကို နှင်းဆီတွေ စိုက်မိနေတုန်းပါကွယ်

နှင်းဆီပွင့်များကြားမှာ မှိုင်းဖျော့ခဲ့ရသော ဘူတာရုံတစ်ခုရှိပါသည်။ ဘူတာရုံက ဆက်လက် ရွေ့လျား ချင်သော်လည်း ရထားက ရပ်တန့်ပစ်လိုက်ပြီဖြစ်သည်။ တွေဝေမိန်းမောနေရသော ဘူတာရုံက နှင်းဆီရနံ့ကို မုန်းနေတော့မည်။ လူပေါင်းများစွာ၊ ကုန်ပေါင်းများစွာကို တင်ဆောင်ရွေ့လျားခဲ့သော ရထားမှာလည်း သူ၏ ကိုယ်ပိုင်ဆန္ဒကိုမူ မသယ်ဆောင်နိုင်ခဲ့ပါ။ မှော်သားမီးလျှံများကို ပိုင်ဆိုင်သောနှင်းဆီတစ်ပွင့်က သူ့မာနကို တလက်လက် ထုတ်ပြနေ . . . ကမ်းလွန်ခံစားမှုကိုဗဟိုပြု၍. . . ငါ “ကန်း” နေ. . . ငါ့စိတ်နဲ့ငါ “လွန်” ဆွဲနေ . . . ထို့ကြောင့်ပင် ငါ့ကိုယ်ငါ “ဗဟို” ပြု၍ မရပါ။ ရိုဇီရေ. . . နင်က နှင်းဆီဖြစ်ရင် ငါက ရနံ့တွေကျဲချပေးမည်။ ငါ ရနံ့ ဖြစ်သွားလျင်တော့ နင်က “ငါ့နှင်းဆီပွင့်လေး” ဖြစ်ချင်လိမ့်မည်မဟုတ်ပါ။ မှား . . . မှား . . . ငါမှားခဲ့သည်။ အခုချိန်ထိ နှင်းဆီတွေ ငါစိုက်နေဆဲပင် ဖြစ်သည်။

မီးတောက်အဖူးအငုံတွေရဲ့နောက်မှာ

ဆူးတွေမိုးသို့ဆန့်တန်း

ငရဲခန်းဂါထာတစ်ပုဒ်ကို

ရွတ်တယ်

ကြားတယ် . . . ငါ . . . ကြားနေရသည်။ ငါ. . မကြားချင်ပါ ရိုဇီ။ နှုတ်ခမ်းတွေကို ကြောက်သည်။ ကျိန်စာတွေကို ကြောက်သည်။ ကျိန်စာရွတ်သော နှုတ်ခမ်းတွေကို ကြောက်သည်။ နှင်းဆီက လှည့်ဖျားခဲ့သည်။ ငါက လှည့်စား ခံခဲ့ရသည်။ “ကတ္တား” နှင့် “ကံ” ပြည့်စုံသော အဖြစ်အပျက်တစ်ခုဖြစ်သည်။ ငါ “အ” ခဲ့မိမည်ဟု ယူဆပါသည်။ ငါသည် “ကတ္တား” မှန်းမသိ “ကံ” မှန်းမသိသော ခပ်ညံ့ညံ့ ကျောင်းသားတစ်ယောက် ဖြစ်ကောင်း ဖြစ်ခဲ့မည်။ ပုရပိုဒ် တစ်ချပ်တော့ ရှိနေခဲ့သည်။ မည်သည့်ဘာသာစကားဖြင့် ရေးထိုးထားသည်ကို မသိရ။ ဘာသာပြန်ဖို့ ကြိုးစားခဲ့မိသည်။ ငါ့မှာအပြစ်ရှိပါသည်။ ငါ့ကို ပစ်ပယ်သွားပါသည်။ အပြစ်နှင့်ဒဏ် မျှ/ မမျှသည်ကို မသိပါ။ သေချာခဲ့သည်က ဤမြေ၌ နှင်းဆီမပွင့်တော့ခြင်းဖြစ်သည်။

သွားရင်းလာရင်း

မတော်တဆ. . .

ဟိုးမှာ မိုးတွေညိုလျလာတာ

ဟိုးမှာ မိုးတွေပြိုကျလာတာ

မတော်တဆပါ “ရိုဇီအိပ်မက်” ရယ်. . .

ကျန်စာတစ်ပိုဒ်နဲ့ တစ်နွေလုံးလွင့်

မီးသင့်နေတဲ့ ပွင့်ဖတ်. . . ပွင့်ချပ်တွေ. . .

“ရိုဇီရေ . . . ရိုဇီ . . . ”

အော်ဟစ်ခေါ်မြည်လိုက်မှ “သူမ” မရှိတော့တာ သိရသည်။ သက်တန့်လုပ်ချင်လျင်တော့ ရွာချရဲ ရပါမည်။ တိတ်ငြိမ် အေးစက်သွားမှ နင်မရှိတော့မှန်း သိရသည်။ တစ်လွှာချင်း တစ်ချပ်ချင်း ပဲ့ကျလာရခြင်းသည် ဟုန်းခနဲ ပျောက်ဆုံးသွားခြင်းမဟုတ်ပါ။ နှင်းဆီတွေမပွင့်တော့မှ “သူမ” မရှိတော့ကြောင်းသိရသည်။ နှင်းဆီ သီချင်း၊ နှင်းဆီကကြိုး၊ နှင်းဆီမျက်နှာကျက်၊ နှင်းဆီမီးအိမ်၊ နှင်းဆီစာအုပ်၊ နှင်းဆီပြတင်းပေါက်၊ နှင်းဆီထီး တစ်လက်၊ နှင်းဆီတွေရွာတဲ့မိုး၊၊ နှင်းဆီတွေ ပွင့်ဖွားလာမှ နင်မရှိနေတာ သိရသည်။ မျှောချရက်သောကြောင့် မျောလိုက်ရခြင်းဖြစ်သည်။ ပင်လယ်တစ်စင်းလုံး၏ အလယ်ရောက်မှ “ရိုဇီ” မရှိတော့မှန်းသိရသည်။ နှင်းဆီပွင့်သံ ကိုကြားရချိန်၌ မိုးတွေ ဝေါခနဲ့ရွာချလိုက်သည်။ ဆိပ်ကမ်းကို မြင်တွေ့လိုက်မှ “သူမ” မရှိတော့တာသိရသည်။ ပုစွန်တောင်မြို့နယ်လေးကိုသွားဖို့ တောင်းပန်စကားတွေ စုခဲ့ပါသည်။ နင်မရှိတော့တာကို ခေါင်းငြိမ့်ငြင်းဆန် လိုက်ရသည်။ သောကြာထောင့်သို့ ရောက်ချိန်တွင် လက်တစ်ဘက် လွတ်ကျသွားရသည်။ လွှတ်ချခဲ့ရသည် ။ နင် မရှိတော့ခြင်းကို ခေါင်းခါလက်ခံလိုက်ရသည်။ ငါ့ကိုယ်ငါပြန်၍ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ ရိုဇီရေ . . . နင် မရှိတော့ဘူး . . . နင်မရှိနိုင်တော့ဘူး . . . နင်ရှိနေမှာမဟုတ်တော့ဘူး. . . နင်ရှိမနေတော့ဘူး . . . . နင် ရှိမလာတော့ဘူး . . . ။

ဒါ. . .  ပြဇာတ်တစ်ပုဒ်ကနေတာ

ခဏနေ ကန့်လန့်ကာကျလာတော့မှာပေါ့

အဖွင့်. . . အပျိုး. . . ဆိုးဆိုးရွားရွားနဲ့

ဇာတ်ဆင် . . . ဇာတ်သိမ်း

ဟောဒီစိတ်မှာ ကယိမ်းကပါးနဲ့

ရိုဇီရေ . . .

ခဏနေရင် . . .

ငါလည်း . . . အားလုံး . . .

ပြီး . . . ဆုံး . . . သွား . . . မှာ . . .

ပုစွန်တောင်မြို့လေးက ငါ့ကိုလာခွင့် မပေးတော့ဘူး။ မြေပုံပေါ်မှာတော့ ငါတို့ မိုင်ထောင်ပေါင်းများစွာ နီးကြပါတယ်။ ထွက်ပေါက်က ငါ့ရဲ့ကျောပေါ် ဖောက်ထားသည် ထင်သည်။ သူမကတော့ သူမ ထွက်သွားခြင်း မဟုတ်ပဲ “နင့်ကို အိမ်ပြန်ခိုင်းလိုက်တာ” ဟုပြောခဲ့သည်။ ဖြစ်နိုင်ပါဦးမည်ဆိုလျှင် . . . ဖြစ်နိုင်ပါဦးမည်ဆိုလျင် နှင်းဆီရိုးတံနှင့် မွှေထားသော ကော်ဖီတစ်ခွက်နှင့်၊ မဆိုပြဖြစ်သော သီချင်းတစ်ပုဒ်နှင့်၊ ဂျင်းအကျီ င်္ဝတ်ထားသော စာအုပ်အဟောင်းလေးနှင့် . . . ။ အို . . . ဖြစ်နိုင်ပါဦးမည် ဆိုလျင်ပေါ့ . . . ရိုဇီရေ. . . ။ ထိုနှင်းဆီပင်အား ရိတ်သိမ်းရန်အတွက် ငါကိုယ်တို်င်ပင် တံစဉ်တစ်လက်ဖြစ်လိုပါသည်။ ပြီးလျင် ငါ့ကိုယ်ငါလည်း ရိတ်သိမ်း ရလိမ့်မည်။ စနေနေ့များထံတွင် ငါသေဆုံးနေပါသည်။ ယခုဖတ်နေသောအရာသည် နှင်းဆီတစ်ပွင့်အတွက် ပြန်တမ်း ဖြစ်သည်။ ရိုဇီ. . . ရိုဇီ. . . ရိုဇီ. . .  ငါဆက်လက်သီကြွေးနေလိမ့်မည်။ ရိုဇီရယ်. . . နင်ကြားလိမ့်မည်။ နင်ကြားနေလိမ့်မည်။ နင်ကြားကောင်းကြားလိမ့်မည် . . . ။ ရိုဇီ . . . . ရိုဇီ . . . ရိုဇီ . .  .ရေ။

သူရဿဝါ ၊ ဇာတိ ၊ ရိုးရာ

မေလ ၂ဝ ရက် ၊ ၂၀၁ဝ ခုနှစ်