မြောက်ကိုရီးယား တော်ပီဒိုက တောင်ကိုရီးယား စစ်သင်္ဘောကို နစ်မြုပ်စေခဲ့ခြင်း ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထား ရရှိခဲ့သည်ဟု သတင်းထွက်ပေါ်

BayoteMay 20, 20101min710

မြောက်ကိုရီးယား တော်ပီဒိုက တောင်ကိုရီးယား စစ်သင်္ဘောကို နစ်မြုပ်စေခဲ့သည်ဟု ခိုင်လုံသော အထောက်အထား တွေ့ရှိခဲ့ကြောင်း မေ ၁၈ ရက် တွင် တောင်ကိုရီးယား သတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့သည်။

ဆယ်ယူခဲ့သော ချီယိုနန်စစ် သင်္ဘောအပျက်အစီးပေါ်မှ သတ္တု အပိုင်းအစများနှင့် အထောက်အထားများကို စစ်ဆေးခဲ့ပြီးနောက် မြောက်ကိုရီးယား တော်ပီဒိုကြောင့် စစ်သင်္ဘော နစ်မြုပ်ခဲ့ခြင်းဖြစ်သည် ဟု ခိုင်လုံသော အထောက်အထား တွေ့ရှိခဲ့ရကြောင်း ယွန်ဟပ်သတင်း ဌာနက စစ်ဘက်ရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။ သင်္ဘောပျက်ပေါ်တွင် တွေ့ရသော ဖောက်ခွဲရေးပစ္စည်း သတ္တုအပိုင်းအစများသည် ပြီးခဲ့သော ခုနစ်နှစ်ခန့်က တောင်ကိုရီးယားနိုင်ငံက ရရှိခဲ့သော မြောက်ကိုရီးယား တော်ပီဒိုတွင် တွေ့ ရှိခဲ့သည့် ပစ္စည်းများနှင့် ထပ်တူညီနေကြောင်း စစ်ဘက်ရင်းမြစ်ကို ကိုးကား၍ ယွန်ဟပ်က ဖော်ပြခဲ့သည်။

သင်္ဘောပေါ်ရှိ အပျက်အစီး အပိုင်းအစများသည် တော်ပီဒို၏ အစိတ်အပိုင်းများ ဖြစ်နိုင်သည်ဟု ယွန်ဟပ် သတင်းဌာနနှင့် အခြားမီဒီယာများ က ဖော်ပြခဲ့သည်။ ယင်းအပျက်အစီး အပိုင်းအစများသည် တရုတ်သို့မဟုတ် ရုရှားတွင်ပြုလုပ်သော တော်ပီဒိုအမျိုးအစားဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ကောက်ချက်ချခဲ့ကြောင်း ဒေါင်အေအိုင်ဘို သတင်းဌာနက ဖော်ပြခဲ့သည်။
မေ ၁ရ ရက်တွင် အမေရိကန် သမ္မတအိုဘားမားနှင့် တောင်ကိုရီးယား သမ္မတလီမြောင်ဘတ်သည် စစ်သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ပြည့်စုံသော သက်သေအထောက်အထား လိုအပ်မှုနှင့် ပတ်သက်၍ ဖုန်းဖြင့် ပြောကြားခဲ့သည်။ စစ်သင်္ဘောနစ် မြုပ်မှုသည် မြောက်ကိုရီးယား လက်ချက်ဖြစ်ကြောင်း အထောက်အထား တွေ့ရှိပါက ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယား အစိုးရကကတိပြုခဲ့သည်။

Ref:AFP