အန္တရာယ်ကြီးလာသည့် မြန်မာဗီဒီယို ရုပ်ရှင်…

lu ta loneMay 21, 20101min318

“မြန်မာ ရုပ်ရှင်ကား တွေဟာ 18+ တွေချည်းပဲ ဖြစ်ကုန်ပြီ” ဟု မိတ်ဆွေ တယောက်က ပြောဖူးသည်။ အစကတော့ သိပ်နားမလည် လက်မခံနိုင်ခဲ့။ သို့သော် အခုတော့ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ ကျနော့် ဆွေမျိုးတွေ အလှူတခုရှိသဖြင့် ညအိပ်သွားကူပေးခဲ့စဉ်က ညဘက် မြန်မာ ဗီဒီယို ဇာတ်ကားများ ငှားပြီး ကြည့်ကြသည်။ အတူ ထိုင်ကြည့်နေကြသူတွေက ကျနော်တို့ ညီအစ်ကို ၂ ယောက်၊ ကျတော့်အစ်မများ အဒေါ်များနှင့် ကျနော့် တူ၊ တူမလေးများ လည်း ပါနေသည်။ ကျနော့် သဘောအရတော့ တူ၊ တူမလေးများကို “မကြည့်နဲ့ သွားအိပ်တော့” ဟု ပိတ်ပင်ချင်သည်။ သို့မဟုတ်လည်း “ကလေးတွေ ကြည့်လို့ရတဲ့ တခြားကား ပြောင်းကြည့်ကြပါလား” ဟု တကယ်ပင် တိုက်တွန်းလိုက်ချင်သည်။ သို့သော် ကျနော့် ဩဇာမညောင်းသော မိသားစုများဖြစ်နေသဖြင့်သာ စိတ်ဆင်းရဲစွာဖြင့် ဆက်ကြည့်နေခဲ့ရပါသည်။ ဇာတ်ကား နာမည်က “ဂေါက်ချက်က ကမ်းကုန်” ဖြစ်သည်။ ပါဝင်သူ သရုပ်ဆောင် များကတော့ နာမည်ကျော်၊ နာမည်ကြီး မင်းသား ကျော်ရဲအောင် ဖြစ်သည်။ မင်းသမီးက နဝရတ်။ ဇာတ်ပို့ အဖြစ် အဓိက ပါဝင်သူများက ခင်လှိုင်နှင့် ကစ်ကစ်တို့ ဖြစ်သည်။ ဇာတ်လမ်းက မည်မည်ရရ သိပ်မရှိ။ ကျော်ရဲအောင်က အူကြောင်ကြောင် သမား၊ ဆိုင်းဘုတ်ရေး ဆရာ။ နဝရတ်ကလည်း ဂေါက်တိ ဂေါက်ကြောင် ရှပ်ပြာမ။ သူတို့နှစ်ယောက် တွေ့ဆုံ ချစ်ကြိုက်ပြီး ညားကြသည့် ဇာတ်မျှသာ ဖြစ်သည်။ ဇာတ်လမ်း တခုလုံးမှာ သုံးစွဲသွားသော စကားလုံးများနှင့် ခင်းကျင်း ပြသသွားသော ဇာတ်ကွက် တော်တော် များများသည် ညစ်ညမ်းသော ဟာသများသာ ဖြစ်နေသည်။ ဇာတ်လမ်း အစတွင် ဗေဒင်လည်းဟောပြီး ၉၆ ပါးရောဂါလည်း ကုသူ ခင်လှိုင့်ထံကို အမျိုးသမီးတယောက် ဗေဒင်လာမေးသည်။ “ကျမ ယောက်ျား မလာတော့ဘူး ဆရာ၊ ကျမမှာ ညညဆို အိပ်ရေးတွေလည်း ပျက်ပါတယ်၊ သူလာအောင် ဘယ်လိုလုပ်လုပ် မလာတော့ဘူး” ဟု ပြောရာ ခင်လှိုင်က မျက်စိမျက်နှာပျက်လျက် “ဒါဆို ဒီဆေးကိုသွေးပြီးတိုက်လိုက်၊ လာကို လာစေရမယ်” ဟု ပြန်ပြောပါသည်။ ထိုအခါ ထိုအမျိုးသမီးက “ဟာ၊ ဆရာကလည်း သူမှ အိမ်ပြန်မလာတာ။ ဘယ်လိုလုပ် ဆေးတိုက်မှာလဲ” ဟု ပြန်ပြောတော့မှ “ဪ … အိမ်ပြန်မလာတာကို ပြောတာလား၊ ရှင်းရှင်းပြောလေ၊ ဆရာက နည်းနည်းမှားသွားတယ်” စသဖြင့် ပြန်ပြောပုံကို ပြပါသည်။ သူတို့ သုံးနှုန်းသွားသော စကားများနှင့် သူတို့သရုပ်ဆောင်ပုံများမှာ ဇာတ်လမ်းနှင့်လည်း ဘာမှ ဆိုင်သည် မဟုတ်ပါ။ ဒီစကားများ ဒီပြကွက်များကို ဘာကြောင့် မကြာခဏ ထည့်သွင်း ရိုက်ကူးနေကြပါသနည်း။ နောက်ထပ် ထိုကားထဲမှ ဥပမာများကို ပေးရဦးမည်ဆိုလျှင် ကျော်ရဲအောင်၏ အိမ်တွင် ခင်လှိုင်နှင့် ကစ်ကစ်တို့ လင်မယားက ကပ်လျက် နေထိုင်ကြသူများဖြစ်သည်။ အစကတော့ အဖီတဲလေး၊ ထို့နောက် အိမ်ရှေ့ကပြင်၊ ထို့နောက် အိမ်ခန်းကိုပါ တဖြည်းဖြည်း သိမ်းပိုက်ကြပုံများကို “မင်းတို့ လင်မယားက ကြမ်းတိုက်မယ် ကြမ်းတိုက်မယ်နဲ့ ငါ့အိမ်တအိမ်လုံး မောင်ပိုင် စီးတော့ မှာပဲ” ဟူသော စကားဖြင့် ပြောဆိုပါသည်။ ကျနော့်တူမလေးက “ကြမ်းတိုက်တယ် ဆိုတာဘာတုန်း” ဟု ပြန်မေး သောအခါ ကျနော်တို့ ညီအစ်ကိုများ ဘယ်နား မျက်နှာထားရမည် မသိကြ။ ကျနော့် အစ်မကတော့ တကယ်ပင် ရိုးရိုးတွေးသူမို့ “ကြမ်းတိုက် တယ်ဆိုတာ ကြမ်းတိုက်တာပေါ့ဟဲ့၊ ကြမ်းတိုက်ပေးမယ်ဆိုပြီး အိမ်ကို သူတို့ချည်းနေတာကို ပြောတာလေ” ဟု ရှင်းပြ ရှာပါသည်။ ကလေးများပင် စကားတိုင်းကို အထာကောက်ယူတွေးတောကြရမည်မှန်း သိနေကြသည်မှာ မကောင်းသည့် အလားအလာဟု ကျနော်ကတော့ ထင်မြင်မိပါသည်။ ထိုထက်ဆိုးသည့် ပြကွက်များ၊ ထိုထက်ဆိုးသည့် ဒိုင်ယာလော့များ ရှိပါသေးသည်။ ထို့ပြင် ကျနော်က ဒီဇာတ်လမ်း တခုတည်းကို ကြည့်ပြီးပြောခြင်း မဟုတ်ပါ။ ထိုသို့သော မြန်မာ ရုပ်ရှင်ဇာတ်ကားမျိုး၊ ထိုထက်ဆိုးသော ဇာတ်ကားမျိုး တွေလည်း ရှိနေသေးသည်။ “အီးတီ ဖူးစာ” ဆိုသော စင်တင်ပြဇာတ်ကို ဗီဒီယို အဖြစ် ကျနော် မတော်တဆ ကြည့်မိသွားသည်။ ဟာသဖြင့် စသောကြောင့် ရယ်စရာကို စိတ်ဝင်စားသဖြင့် ကြည့်မိသွားခြင်းဖြစ်သည်။ ပါဝင်သူများကလည်း နာမည်ကြီး သရုပ်ဆောင်များ။ နေတိုး၊ မင်းမော်ကွန်း၊ ပြေတည်ဦး၊ နဝရတ်၊ သဇင်၊ အရိုင်း၊ တက္ကသိုလ် ဂွမ်းပုံ အစရှိသဖြင့် …။ သို့သော် ဇာတ်ကား တဝက်ခန့်တွင် ကျနော် ဆက်မကြည့်ချင်တော့အောင် အော်ဂလီဆန်လာသည်။ ခါးအောက် ပြက်လုံးများကို ဗုံးပေါလအော သုံးကာ ပရိသတ်ကို ကလိထိုး ရယ်ခိုင်းထားသောကြောင့် ဖြစ်သည်။ ထိုအခါ ခါးအောက်ပြက်လုံးများကို သူကိုယ်တိုင်လည်းမပြက်၊ သူ့ အဖွဲ့သားများ၊ တပည့်များကိုလည်း ပြက်ခွင့် မပေးသည့် လူရွှင်တော်ကြီး ကိုဇာဂနာကို သတိရမိပါသည်။ ယခုဆိုလျှင် မြန်မာ ရုပ်ရှင်ကားများ သည်လည်း အချစ်၊ ဟာသ ဆိုသော စကားလုံးကို တွင်တွင်သုံးကာ ညစ်ညမ်း ဟာသများဖြင့် ပရိသတ်ကို တင်ပြနေကြသည်။ ဟော့ရှော့၊ ဝါဆိုဖယောင်းတိုင်၊ မာမီရှိန်း၊ အချစ်ကလန်းတယ် စသည် စသည်ဖြင့် နာမည်ပေါင်းများစွာ ကွဲပြားထွက်လာသော်လည်း သရုပ်ဆောင်များ၊ ပြကွက်များ၊ ဒိုင်ယာလော့များကတော့ ဒီပုပ်ထဲက ဒီပဲဆိုသလိုပင် ဖြစ်နေကြသည်မှာ ရှက်စရာပင်ကောင်းပါသည်။ တရက်ကတော့ အင်မတန် ရှပ်ပြာပြာနိုင်သော “ဆက်မမကို” ဟူသည့် ကောင်မလေးနှင့် အင်မတန် တည်ငြိမ် အေးဆေး သော “ညီသုတ” ဆိုသည့် ကောင်လေးတို့ တွေ့ဆုံကြ၊ လွဲကြပုံကို ရိုက်ထားသည့် မြန်မာကား တကား ကြည့်လိုက်ရသည်။ “မဆိုးပါဘူး” ဟု မှတ်ချက်ချမိသည်။ ဇာတ်လမ်းခိုင်ခံ့ပြီး ဟာသများမှာလည်း သဘာဝကျကျ ဆွဲဆောင်နိုင်သည်ကို တွေ့ရ သည်။ စုံစမ်းကြည့်တော့မှ သိရသည်မှာ ထိုကားသည် ယခင်က မြန်မာကားဟောင်းတကားကို ပြန်လည် ရိုက်ကူး ထားခြင်း ဖြစ်သည် ဟူ၏။ ဪ ဒီလိုပါလား။ မြန်မာကားများမှာ ရှေးတုန်းကတော့ ကောင်းခဲ့ပုံပင်။ မြန်မာ ကြော်ငြာများပင်လျှင် ထိုသို့သော နှစ်ခွ အဓိပ္ပာယ်ရှိသည့် ဒိုင်ယာလော့များနှင့် ကြော်ငြာတာကို ရုပ်မြင်သံကြားတွင် မြင်ဖူးပါသည်။ ခြင်ဆေးခွေကြော်ငြာ တခုတွင် သရုပ်ဆောင်က “ကျနော်လည်း အောက်မှာ ဒါပဲထားတာပါပဲ” ဟု ပြောရာ တခြား သရုပ်ဆောင်တဦးက “ဟေ့ကောင် ဘာလဲကွ” ဟု ပြန်မေးတော့မှ “ခြေထောက် အောက်နားမှာ ဒီခြင်ဆေးပဲ ထားတာပါလို့ ပြောတာ” ဟု ပြန်ပြော ပုံဖြစ်ပါသည်။ ထိုသို့သော ဇာတ်ကားများ၊ ကြော်ငြာများကို ကလေးများ ကြည့်ရှုနေသောအခါ မည်သို့ဖြစ်လာမည်လဲ။ စဉ်းစားကြည့်လျှင် ရင်မောစရာ ကောင်းပါသည်။ နိုင်ငံခြား ရုပ်ရှင်များကို ကလေးများ မကြည့်ရ ဟု ပိတ်ပင်ကြပါသည်။ သို့သော် ထိုရုပ်ရှင်များက ကလေးများ ကြည့်သင့်၊ မကြည့်သင့်ကို Under 18၊ Under 13 စသည်ဖြင့် တရားဝင် စာတန်းများကပ်ကာ တားမြစ်လေ့ရှိကြသည်။ ယဉ်ကျေးပါသည် ဆိုသော မြန်မာရုပ်ရှင်များကသာ ကလေးများကို အတွေးမှားများ သင်ပေးနေခြင်းဖြစ်သည်။ မြန်မာစကားသည် အဓိပ္ပာယ် ကျယ်ဝန်းလှပါသည်။ စကားလုံးတိုင်း စကားလုံးတိုင်းသည် အဓိပ္ပာယ် တခုထက်မက ရှိနေရာ ရိုးရိုး အဓိပ္ပာယ်နှင့် သုံးနှုန်းသည်လား၊ ညစ်ညမ်းသော အဓိပ္ပာယ်နှင့် သုံးနှုန်းသည်လား ဆိုသည်ကို အမြဲ တွေးတောနေရခြင်းကပင်လျှင် ပင်ပန်းလွန်းပါသည်။ တခါတုန်းက ကျနော့်မိတ်ဆွေ၏ ၁၁ နှစ်အရွယ်သားလေးနှင့် ၉ နှစ်အရွယ်သားလေး နှစ်ယောက်မှာ “ကြာတယ် ကြာတယ် မြန်မြန်လာကွာ …၊ ပြီးပါပြီ ကိုကိုက ပြီးပြီ” ဟူသော ရန်အောင်၏ သီချင်းကို ဆိုကာ တခစ်ခစ် ရယ်မောနေကြသည်ကို ကြုံဖူး ပါသည်။ သူတို့ ဘာအတွက်ကြောင့် ရယ်နေကြသလဲဟု ကျနော်မေးသောအခါ ထို စာသား၏ တခြားအဓိပ္ပာယ်တခုကို အတွေးပေါက်ကာ ရယ်မောနေကြကြောင်း သိလိုက်ရသဖြင့် အတော်ပင် ထိတ်လန့်သွားရပါသည်။ သူတို့ကိုလည်း တခြား ကလေးတယောက်က ပြောပြခဲ့ခြင်း ဖြစ်သည်ဟု ကျနော့်ကို ရှင်းပြခဲ့သည်။ ကျနော့် သဘောကတော့ ကလေးတွေသည် မြန်မာစကားတခွန်းကို ကြားလျှင် ကြားရသည့် အဓိပ္ပာယ်အတိုင်း ရိုးရှင်းစွာသာ တွေးတောစေချင်သည်။ ရိုးရှင်းစွာပဲ သိစေချင်သည်။ နောက်အဓိပ္ပာယ်တမျိုး ရှိနေသေးပါလားဟု သိနေခြင်း ကပင်လျှင် ရင်မောစရာဖြစ်ပါသည်။ မြန်မာရုပ်ရှင်များ၊ မြန်မာအငြိမ့်များ၊ မြန်မာကြော်ငြာများသည် ကလေးတို့အတွက်ပါ ထည့်သွင်းစဉ်းစား၍ ရိုက်ကူး ဖြန့်ချိ သင့်ပါသည်။ မဖြစ်မနေ ထိုအကြောင်းအရာမျိုးကို ထည့်သွင်း ရိုက်ကူးမှရမည်ဆိုလျှင်ဖြင့် အသက် ၁၂ နှစ်အောက်ကလေးများ မကြည့်ရဟု အတိအလင်း တားမြစ်ပိတ်ပင်စေချင်ပါသည်။ ယခုတော့ဖြင့် ကလေးများ ကြည့်နေကြသော မြန်မာဇာတ်ကားများမှာ ဒိုင်ယာလော့များကလည်း အတွေးပွားစရာ၊ သရုပ်ဆောင်ပုံများကလည်း စိတ်ညစ်စရာ၊ ပြကွက်များကလည်း မကြည့်ဝံ့စရာ။ မြန်မာရုပ်ရှင်သရုပ်ဆောင်များ၊ ဒါရိုက်တာများ စဉ်းစားပေးစေ ချင်ပါသည် ခင်ဗျား။

From: နေညွှန်း

8 comments

  • yannaingech

    May 21, 2010 at 4:34 am

    နိုင်ငံရေးမပါရင် အန္တရာယ်ကင်းပြီလို့ပဲထင်လို့ လွှတ်ပေးထားတာဖြစ်မှာပေါ့ဗျာ…ကျွတ်…ကျွတ်…

  • Thaw Zin Loikaw

    May 21, 2010 at 5:03 am

    အင်း မြန်မာကားတွေကိုဆိုရင် ခုတောင် သိပ်မကြည့်တော့ဘူး ဖန်တစ်ရာသေနေတဲ့ ပြက်လုံးတွေပဲ အပ်ကြောင်းတွေထပ်နေလို့လေ
    အခုပြောသလို ခါးအောက်ပိုင်းပျက်လုံးတွေပဲ ပြက်စရာရှိတယ်ထင်ပါရဲ့ဗျာ..။

  • moethiha

    May 21, 2010 at 5:22 am

    ဟုတ်ပါ့ဗျာမင်းသားမင်းသမီးဆိုတော့လဲ။ခိုင်းတဲ့အတိုင်းလုပ်ရမှာပေါ့ဗျာ။

  • etone

    May 22, 2010 at 5:00 am

    မိုးသီဟပြောတာလက်မခံပါဘူး ။ မင်းသားမင်းသမီးကငြင်းတဲ့ဇာတ်တွေအများကြီးပဲရှိတယ် ။
    ဇာတ်ညွှန်းရကတည်းက ဒိုင်ယာလော့ထဲမှာ အကုန်ပါပြီးသား ။ တခါတလေတောင် သူတို့ကတောင် တချို့စကားတွေဆို လိုတိုး ပိုလျှော့လုပ်သေးတာ။ မင်းသား ၊ မင်းသမီးက ရိုက်ကွင်းမှာ သူတို့စိတ်ချည်းပဲ ။

  • Sayagyi

    May 25, 2010 at 6:14 am

    အဓိကက ငွေရေးကြေးရေးပါ၊ ပြန်ရတဲ့ ငွေနဲ ့စိုက်ထုတ်ရတဲ့ငွေ အချိုးအစားမမျှတော့ ပေါချောင်ချောင်ကားတွေထွက်လာတာပါ။ ရုပ်ရှင်မှာ အမြတ်အစွန်းများလာပြီ ဆိုရင် quality ကားတွေထွက်လာမှာပါ။ အဲဒီ အချိန်အတွင်းမှာတော့ သည်းခံပြီးကြည့်ရင်ကြည့်၊ မဟုတ်ရင် မကြည့်နဲ ့။ ကျွန်တော်ဆိုရင်မြန်မာကားမကြည့်တာ ၁ဝ နှစ်လောက်ရှိပြီ။

  • nemesis

    June 11, 2010 at 7:12 am

    မြန်မာကားတော်တော်များများကစိတ်ညစ်ဖို.ကောင်းပါတယ်

  • shwemoenyo

    June 14, 2010 at 6:02 am

    ပြောသင့်တာကို ပြောခဲ့တာပါပဲ
    အဲဒီအန္တာရာယ်က ကလေးသူငယ်တွေကြားမှာ အတော်ကူးစက်ပြန့်ပွားနေပါပြီ ၁၈နှစ်အောက်
    တူတွေနဲ့ မြန်မာကားတွေ မြန်မာအငြိမ့်တွေကို
    ကြည့်မိတိုင်း
    သူတို့ရယ်နေတာကို တားရမှာလား ရှက်စရာစကားလုံးကို မရယ်မိတဲ့ကိုယ်ကပဲ လူကန့်လန့် လားလို့ စဉ်းစားမိလို့၊ မြန်မာကား မြန်မာ အငြိမ့်တွေကို မကြည့်ဖြစ်တာ နှစ်ချီကြာခဲ့ပါပြီ။
    အင်္ဂလိပ်ကားငှားလို့ အခွေကိုရစ်ကြည့်ရတာကို မခံစားရပေမယ့် ကိုယ့်နိုင်ငံကားကို ရုပ်မပါပေမယ့် အသံနဲ့နားကိုမဒိမ်းကျင့်နေတာလို့ စင်္ကာပူက အကိုတယောက်ပြောတာကို သွားကြားယောင်မိပါတယ်………….။

  • unclegyi1974

    September 2, 2010 at 4:12 pm

    လူတလုံး ရေ မင်းကရုပ်ရှင်ကြည့်ပြီးပြောတာကိုး၊
    အငြိမ့်ခွေကြည့်ပြီးပြောခိုင်းရင်မင်းဘာပြောမယ်ဆိုတာသိချင်လိုက်ပါဘိ၊

    ဆငိဆာဆိုတဲ့အဖွဲ့ကလဲသူတို့မူမထိရင်ဘာလုပ်လုပ်ရတယ်လေ
    ရတာလုပ်တော့အခုလိုဖြစ်ကုန်တာပါဘဲ

Leave a Reply