အငယ်အနှောင်းမြို့
မြို့ကလေးမှာ ….
ညနေခင်းတွေဆို သနပ်ခါးနံ့ သင်းသင်းတွေ
သယ်ယူလာတဲ့ လေညှင်းဟာ . ..
မြစ်ပြင်ကို ဖြတ်သန်းပြီး …ကုန်းတွင်းပိုင်းကို…..
သတင်း အစုံအလင်နဲ့ ဝင်ရောက်လာကြပြီ . ..။
နီယွန်မီးရောင်ဟာ . . .
လိုအပ်တာထက်ပိုပြီး မှုန်ဝါးလာ ….
အမှောင်ကလည်း သဘာဝကို ချိန်သားကိုက်ဖို့
လမ်းရှင်းပေးထားပြီး . ..
ညဟာ….အနာဂတ်ကို ကြိုတွေးလေ့မရှိတဲ့ . . .
အဖြစ်အပျက်တို့မှာ ပါဝင်ပတ်သက်လို့ . . .။
လမ်းတွေဟာ တစ်စုံတစ်ရာ ကိုမျှော်လင့်နေသလို . .
ပြတင်းတံခါးတွေကလည်း တစ်စုံတရာကို ရေငုံနှုတ်ပိတ်လို့ …..
မီးခဲ ပြာဖုံးနေတဲ့ မြို့ကလေး နိုးထလာပြီ……။
မြို့ကလေးဟာ . . .
သူ့ရဲ့ လိုအင်တွေပြည့်ဝဖို့အတွက်
လန်းဆန်းတက်ကြွနေပေမယ့်
အဝေးမိုးသားမှာ ညှို့နေတဲ့ တိမ်တွေကိုမျှာ်ပြီး . . .
မျက်ရည်တို့ စို့တတ်တယ် . . ။
နေရောင်ခြည် မကျရောက်တဲ့ မြို့ကလေးဟာ
ကိုယ့်ဘာသာ အမြီးအမောက်တည့်အောင် ပြုပြင်ရင်း . . .
တောင်းဆိုခြင်း မရှိတဲ့ မေးခွန်းတွေအောက်မှာ ပိနေတယ်. ..။
မြို့ကလေးဟာ မိမိရဲ့အဝင်တံခါးဝမှာ
မင်္ဂလာပါလို့ . . …..
လိုလိုလားလားဖိတ်ခေါ်တတ်ပေမယ့် ….
မိုးခိုသူတို့ လက်ပြနှုတ်ဆက်သွားချိန်မှာ ……
မှိုင်းမှိုင်းပျပျ လွမ်းဝေး တိတ်ဆိတ်လို့လေ..။
အခုတော့ ..မြိုု့ကလေးအကြောင်း…..
တစ်စွန်းတစ ကြားမိတယ် …..
မြို့ကလေးဟာ..ယဉ်ယဉ်ကျေးကျေး …
သားသည်အမေတစ်ယောက်ဖြစ်လို့…….
မြို့ကလေးဟာ ဖွယ်ဖွယ်ရာရာ ဝမ်းနည်းတည်ငြိမ်လို့…..
မြိုု့ကလေးဟာ နောက်တော့လည်း မြို့ကလေး ပီပီ…
မြို့ကလေးရဲ့ သိက္ခာ အတိုင်း……
ရေကြည်ရာ မြက်နုရာ ကဗျာကို
ပီပီပြင်ပြင်ရွတ်ဆိုလို့ ………….
သားချော့ တေး တစ်ပုဒ်ကို …..
ဘဝနဲ့ ရင်းပြီး ညဉ်းရင်းပေ့ါ………။ ။
11 comments
blackchaw
October 28, 2011 at 5:11 pm
ဖတ်ရတာ အရသာ ရှိလိုက်တာဗျာ။
ဒါမျိုးလေးတွေ ရေးပါဗျ။ ဆရာ comegyi ရ။
အညှီအဟောက်ပါလို့ ကြိုက်တာ မဟုတ်ပါ။ ဟားဟား။
pan pan
October 28, 2011 at 5:22 pm
ကဗျာနာမည်လေးက နွဲ့တဲ့တဲ့နဲ့
ဒါပေမယ့် ကြောက်ချာဂျီး
ကဗျာလေးက ကောင်းပါလေ့ ကောင်းပါလေ့ 🙂
ပေါက်ဖော်
October 28, 2011 at 5:33 pm
အဓိပ္ပါယ်ပေါက်ဖို ့.သုံးခေါက်လောက် ဖတ်လိုက်ရတယ်..
ကိုမဲကြီးလက်စွမ်းကတော့…..ရေလည်ပဲဗျာ..
ကြံကြံဖန်ဖန်ရေးတတ်တဲ့လူ
အဟအဟ
😆
windtalker
October 28, 2011 at 7:18 pm
ရဲဘော်ရေ
ည၁ဝနာရီ ထိုးခါနီးရင်ဖြင့်
လေချဉ်လေး တစ်အေ့အေ့ နဲ ့
စကော့တလန်က စမ်းရေ ရနံ ့နဲ ့
ဘဲကင်နုနုလေး အနံ ့ကို ရမိသလိုလို
အဲဒါကို ဖြည့်ဆည်း ပြီးရင်ဖြင့်
နွေးထွေးတဲ့ ရင်ခွင်တစ်ခု လိုသလိုလို
naywoonni
October 28, 2011 at 10:10 pm
အငယ်အနှောင်း မြို့ ဆိုတော့ ငါးပါးသီလ လုံမဲ့ပုံတော့ မပေါ်ဘူး 😛
Shwe Tike Soe
October 29, 2011 at 8:46 am
ကဗျာစားသားလေးတွေ ပြောင်မြောက်ပါပေတယ်.. အားပေးသွားပါတယ်နော်
ရွှေဘိုသား
October 29, 2011 at 9:27 am
ကိုပေရေ ဘဲကင်ထက် ပိုကောင်းတဲ့ အမြည်းလေးများရှိရင် လက်တို့ပါအုံး
htet way
October 29, 2011 at 10:50 am
မြို့ကလေးဟာယာဉ်ယာဉ်ကျေးကျေးသားသက်အမေဖြစ်လို့
မြို့ကလေးဟာဖွယ်ဖွယ်ရာရာဝမ်းနည်းငြိမ်သက်လို့
သိပ်ကောင်းတဲ့ဒဿနလေးပါ၊ဆရာအောင်ဝေးကဗျာထဲကလို
မြို့ကလေးဟာ
မုဆိုးမအလှပြင်သလိုမျိုး
လင်ကောင်းသားကောင်းကိုလိုချင်နေမိတယ်
တကယ်တော့ မြို့ဆိုတာ… မြို့ဆိုတာ.. မြို့ဆိုတာ….။
comegyi
October 29, 2011 at 1:41 pm
ကိုဘလက်ချောရေ့ ဘဝမှာ အညှီအဟောက်ကလေးတွေကလည်း နည်းနည်းပါးပါးတော့ လိုအပ်သဗျ ……
ပန်ပန်ခင်ဗျား……..ကဗျာကို ဘာလို့ကြောက်ရတာတုန်းဗြာ့………………..
ကိုပေါက်ဖော်ကြီး ပေါက်သွားပလား ကောင်း၏ ……ကောင်း၏ ……..
ရဲဘော်ကြီးရေ့ စကော့တလန်စမ်းရေကတော့ ဘဲကင်နဲ့သိပ်မလို်က်ချေဘူးဗျ…ကျောက်ပုဇွန်သုပ်လေးနဲ့မှဗျ
ကိုနေဝန်းနီရေ့ ကျွန်တော်တို့အားလုံးဟာ ငါးပါးသီလလုံဖို့ကိုပဲ အနိုင်နိုင်ကြိုးစားနေကြရတာမလားဗျာ….
ကိုရွှေတိုက်စိုးခင်ဗျား …….ကျေးဇူးတင်ပါတယ်….
ကိုရွှေဘိုသားရေ့ ဘဲကင်ထက်ကောင်းတဲ့ အမြည်းကျွန်တော်ကိုပေ့ကို ပြောလိုက်ပြီနော့…….
ကိုထက်ဝေးခင်ဗျာ……ဆရာအောင်ဝေးရဲ့ ယာမာဂူချီခင်ဆွေရီ ကို သတိရသဗျာ……..
အားလုံးကျေးဇူးပါ…………
nikita
October 31, 2011 at 9:15 am
နားလည်ဖို့ နှစ်ခေါက်လောက် ဖတ်လိုက်ရတယ်
သိပ်ကောင်းတဲ့ post လေးပဲ
🙂
etone
October 31, 2011 at 10:55 am
(((နရောင်ခြည် မကျရောက်တဲ့ မြို့ကလေးဟာ
ကိုယ့်ဘာသာ အမြီးအမောက်တည့်အောင် ပြုပြင်ရင်း . . .
တောင်းဆိုခြင်း မရှိတဲ့ မေးခွန်းတွေအောက်မှာ ပိနေတယ်. . ))) ဆိုတဲ့ စာပိုဒ်လေးက ခေါင်းစဉ်လေးကို ပိုမိုပေါ်လွင်စေပါတယ် … ။ ကဗျာကောင်းလေး တပုဒ်ပါပဲ … ။