ဆံပင်နဲ့ပတ်သတ်တဲ့အယူသီးမှုများ

နီကီတာNovember 1, 20111min113728

မိရိုးဖလာ ယုံကြည်မှု၊ စွဲလမ်းမှုဆိုတာ လူမျိုးတိုင်းမှာ ရှိတတ်ကြစမြဲဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာလည်း ဘိုးဘေဘီဘင်လက်ထက်ကတည်းက ယုံကြည်စွဲမြဲမှုတွေအရ ဒီနေ့ ဒီကာလအထိ ဖျောက်ဖျက်လို့မရတဲ့ ယုံကြည်စွဲလမ်းမှုတွေ(ဝါ) အယူသီးမှု ရှိနေကြပါတယ်။ အထူးသဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ လူမှုရေးကိစ္စနဲ့ တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ကိစ္စမှာတောင် စွဲစွဲမြဲမြဲ လို်က်နာလေ့ရှိတာကတော့ ဆံပင်နဲ့ပတ်သက်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။

မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်-တဲ့
ဒါကြောင့် အယူသီးသူတချို့အနေနဲ့ မိမိမွေးနေ့ရယ်၊ သောကြာနေ့ရယ်၊ တနင်္လာနေ့ရယ်ကို ဆံပင်ညှပ်တဲ့အလုပ် မလုပ်မိဖို့ ရှောင်ကြပါတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ အယူအဆအမျိုးမျိုး ရှိလာပြန်ပါတယ်။ တချို့က ဒါဟာ လူတိုင်းအတွက် မဟုတ်ပါ။ တနင်္ဂနွေသားသမီးအတွက်သာ ဖြစ်ပါသတဲ့။

တနင်္ဂနွေသားသမီးအတွက် မိမိမွေးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့ရယ်၊ မိမိမွေးနေ့ရဲ့ ဆပွတ်ဖြစ်တဲ့ သောကြာနေ့ရယ်၊ မိမိမွေးနေ့ရဲ့ အညွန့်ဖြစ်တဲ့ တနင်္လာနေ့ရယ်ကို အရှောင်ခိုင်းတာလို့ ဗေဒင်ပညာရှင်များက ဆိုပါတယ်။
ဒီနည်းအတိုင်းဆိုရင် တနင်္လာသားသမီးအတွက် မွေးနေ့ရယ်၊ ဆပွတ်ဖြစ်တဲ့ စနေနေ့ရယ်၊ အညွန့်ဖြစ်တဲ့ အင်္ဂါနေ့ရယ်ကို ဆံပင်ညှပ်ခြင်း ဖြတ်ဖြင်း ရှောင်ရပါလိမ့်မယ်။ လွယ်လွယ်ပြောကြစို့ဆိုရင် မွေးနေ့ရယ်၊ မွေးနေ့ရဲ့ နှစ်ခုမြောက်နေ့ရယ်၊ မွေးနေ့ရဲ့ ခြောက်ခုမြောက်နေ့ရယ်ကို ဆံပင်ညှပ်ခြင်း၊ ဖြတ်ခြင်း မပြုရပါဘူး။ ဒါက ဝေဒပညာရှင်တွေရဲ့ အလိုဖြစ်ပါတယ်။

တချို့ ဘာသာရေးနဲ့နွယ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ မြတ်စွာဘုရားသခင် မွေးဖွားတော်မူတဲ့ သောကြာနေ့-နဲ့ ဆံတော်ကိုပယ်တဲ့ တနင်္လာနေ့ကို ဘုရားရှင်ယှဉ်ပြိုင်ပြီး မလုပ်ကောင်းတဲ့အတွက် ဆံပင်ညှပ်ဖို့ တားမြစ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီနေ့ခေတ်မီတယ်ဆိုသူတွေ၊ ဆ့ကေသာနဲ့ အလှအပပြုပြင်ရေး ပညာရှင်တွေကတော့ ဒီအယူအဆကိုယ်ပယ်ပြီး မွေးနေ့ သောကြာ တနင်္လာ၊ ကေသာဆံဟောင်း ဖြတ်မှကောင်း-လို့ သရော်တဲ့ လေသံနဲ့ ပြင်ဆိုကြလေရဲ့။
တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆိုတဲ့စကားနဲ့အညီ သူ့နိုင်ငံ၊ သူ့ဓလေ့အရ ဆံပင်နဲ့ပတ်သက်ပြီး အယူသီးကြတဲ့ လူမျိုးစုတွေလည်း ရှိနေကြပါတယ်။

ဗြိတ်သျှကျွန်းဆွယ်က အင်္ဂလန်၊ စကော့တလန်၊ ဝေလနယ်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း ဆံပင်နြ့ပတ်သက်တဲ့ အယူသီးမှုတွေ ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ အယူအဆမှာလည်း သောကြာနေ့ကို ဆံပင်မညှပ်ရ၊ ညှပ်ရင် ကံဆိုးမိုးမှောင်ကျတတ်တယ်လို့ ဆိုပါတယ်။

အင်္ဂလန်ပြည် အလယ်ပိုင်းဒေသ တချို့မှာတော့ ကြာသပတေး၊ သောကြာ၊ စနေနေ့ တနင်္ဂနွေနေ့တွေမှာ ဆံပင်မညှပ်ကောင်းဘူးလို့ အယူရှိကြပြန်တယ်။ အဲဒီနေ့ လေးနေ့မှာ ဆံပင်ညှပ်ရင် လာဘ်ပိတ်တတ်တယ်။ စီးပွားမဖြစ်ထွန်းဘဲ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ပင်လယ်ပြင်မှာ ခရီးထွက်နေတဲ့ သင်္ဘောသားတွေအနေနဲ့လည်း လှိုင်းလေငြိမ်သက်နေဆဲမှာ ဆံပင်ညှပ်မိရင် လေမုန်တိုင်း ကျရောက်တတ်တယ်လို့ အယူသီးကြပြန်ပါသတဲ့။
တချို့လည်း ဆံပင်ညှပ်ပြီး ပစ်လိုက်ရမယ့် ဆံပင်အပြတ်စတွေကို ငှက်တွေနဲ့ အောက်လမ်းဆရာတွေ မတွေ့အောင် မီးရှို့ပစ်ကြပါတယ်။ တကယ်လို့ အဲဒီဆံပင်ညှပ်စ၊ ဖြတ်စတွေကို ငှက်တွေက ကိုက်ချီပြီး သူတို့အသိုက်မှာ အသုံးပြုခဲ့မိရင် ဆံပင်ပိုင်ရှင်အဖို့ ခေါင်းကိုက်တဲ့ဝေဒနာကို အသိုက်မပျက်စီးမချင်း အမြဲတမ်းခံစားနေရတတ်တယ်လို့ အယူရှိကြပါတယ်။

တကယ်လို့များ အဲဒီငှက်ဟာ တခြားငှက်အမျိုးမျိုးထဲက မဟုတ်ဘဲ ဆက်ရက်ငှက်ဖြစ်ခဲ့ရင် အဲဒီဆံပင်ပိုင်ရှင်ဟာ တရက် နှစ်ရက်အတွင်း သေဆုံးရပါလိမ့်မယ်။ ဆံပင်ဖြတ်စတွေကို
အောက်လမ်းဆရာတွေ တွေ့သွားခဲ့ရင်လည်း နာအောင်၊ ဖျားအောင်၊ သေဆုံးအောင် ပြုစားတတ်တယ်လို့ မှတ်ယူကြပါတယ်။

ဒါဘီရှိုင်းယားဒေသက ဆံပင်နဲ့ပတ်သက်တဲ့ အယူအဆကတော့ တမျိုးတဘာသာ ထူးခြားနေပြန်ပါတယ်။ သူတို့အယူအဆကတော့ မိမိတို့ရဲ့ သားသမီးများ ဆံပင်ကို မိဘများအနေနဲ့ သိမ်းဆည်းမထားရပါဘူးတဲ့။ တကယ်လို့ သိမ်းဆည်းထားခဲ့ရင် ဆင်းရဲမွဲတေတတ်တယ်။ အသက်တိုတတ်တယ်လို့ ယုံကြည်နေကြပါတယ်။

ဆံပင်ဖြတ်စတွေကို မီးထဲထည့်ရှို့လို့ မီးရှိန်ကောင်းကောင်းနဲ့ လောင်ကျွမ်းရင် အသက်ရှည်တတ်တယ်။ အဲဒီလို မလောင်ကျွမ်းရင် နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။ ဆံပင်ကို မီးရှို့လို့ ကောင်းကောင်း မလောင်ကျွမ်းရင် ဆံပင်ပိုင်ရှင်ဟာ နောက်ထပ်တနှစ်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ယုံကြည်ကြပါတယ်။ လူတယောက်ကို မိမိထံ လာရောက်စေလိုရင် လာရောက်စေလိုသူရဲ့ ဆံပင်ကို ရေထဲထည့်မြှုပ်ရင် မုချဆက်ဆက် ရောက်လာတတ်ပါသတဲ့။

စုန်းမတယောက်က တစုံတယောက်ကို ပြုစားရာမှာ ကျိန်စာတိုက်ရာမှာ စုန်းမဟာ သူ့ရဲ့ဆံပင်ကို ဖားလျားချထားခဲ့ရင် သူ့ရဲ့ပြုစားသမျှဟာ နှစ်ဆပိုပြီး စွမ်းအားဖြစ်စေတယ်။ အာနိသင် ပိုမိုစေတယ်လို့ အဆိုရှိပါတယ်။ ဆပ်ဖော့အရပ်ဒေသက အယအဆတရပ်ကတော့ မိသားစုအိမ်ထောင်ရှိ ကလေးတွေမှာ ကြက်ညှာချောင်ဆိုးရောဂါ စွဲကပ်လာခဲ့လို့ရှိရင် သမီးအကြီးရဲ့ ဆံပင်ကိုဖြတ်ပြီး နွားနို့ထဲမှာ စိမ်ကာ အဲဒီနွားနို့ကို အငယ်ဆုံးကလေးကစပြီး သမီးအကြီးအထိ တယောက်စီ တဦးပြီးတဦး အစဉ်လိုက် သောက်ခဲ့ရင် အဲဒီကြက်ညှာရောဂါ ပျောက်ကင်းတယ်လို့ဆိုပါတယ်။ ကြက်ညှာချောင်းဆိုး ရောဂါနဲ့ တခြားရောဂါများ ပျောက်ကင်းစေချင်ရင် ရောဂါစွဲကပ်သူရဲ့ ဆံပင်တချို့ကို ဖြစ်စေ၊ ပေါင်မုန့်ထောပတ်သုပ်မှာ မြှုပ်ပြီး ခွေးကျွေးရင်ဖြစ်စေ ရောဂါပျောက်ကင်းစေပါတယ်။ ဒီလိုလုပ်တဲ့အတွက် စွဲကပ်နေတဲ့ရောဂါဟာ မြေကြီးထဲရောက်ရှိသွားတယ်လို့ ဆိုပါတယ်။ ဒီလိုမှမဟုတ်ရင် ခွေးဆီကို ကူးပြောင်းသွားတယ်လို့ အယူအဆရှိ်ပါတယ်။

စကော့တလန်နိုင်ငံက အယူအဆတရပ်ကတော့ ဘယ်လိုရောဂါမျိုးမဆို ဖြစ်ပွားခဲ့ရင် ရောဂါစွဲကပ်သူရဲ့ ငယ်ထိပ်က ဆံပင်၊ မျက်တောင်မွေး တချောင်းနဲ့ လက်သည်းတချို့ကို ယူပြီး ပို်က်ဆံပြားတပြားနဲ့
ရောနှောထုပ်ပြီး လမ်းမပေါ်မှာပဲဖြစ်ဖြစ်၊ တခြားမည်သူမဆို တွေ့နိုင်တဲ့နေရာမှာပဲဖြစ်ဖြစ် လွှင့်ပစ်ထားရပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဲဒီအထုပ်ကို တွေ့ရှိသူထံ ရောဂါကူးပြောင်းသွားတယ်လို့ ဆိုပါတယ်။

ဒါတင်မက ယောက်ျားတဦးအဖို့ မုတ်ဆိတ်မွေးထူထူရှိမယ်၊ ရင်ဘတ်မှ အမွေးအမှင်တွေ ထူထူထဲထဲ ရှိမယ်ဆိုရင် ကျန်းမာသန်စွမ်းသူ၊ ခွန်အားပြည့်ဝသူရဲ့ သင်္ကေတအဖြစ် မှတ်ယူကြပါတယ်။ တကယ်လို့ လက်မောင်းမှာ အမွေးထူထူပေါက်မယ်ဆိုရင်တော့ မကြာခင် ချမ်းသာကြွယ်ဝတော့မယ့်နိမိတ် လက္ခဏာလို့ အယူအဆရှိကြပါတယ်။

လူတယောက်ဟာ နာဖျားမှုမရှိဘဲ ကျန်းကျန်းမာမာရှိနေရာက ဆံပင်တွေကျွတ်မယ်၊ ထိပ်ပြောင်မယ်ဆိုရင်တော့ ကျန်းမာရေးရင်လည်း ချူချာတော့မယ်၊ စည်းစိမ်ဥစ္စာရင်လည်း ဆုံးရှုံးတော့မယ်ဆိုတဲ့ လက္ခဏပြရုံသာမက သားငယ် သမီးငယ်ရှိရင်လည်း အသက်ဆုံးရှုံးတတ်တဲ့ နိမိတ်လို့ ယုံကြည်ကြပါတယ်။

ဆံပင်ရဲ့ အရောင်အပေါ်မှာ မူတည်ပြီးတော့လည်း အယူအဆအမျိုးမျိုး ရှိတတ်ကြပါသေးတယ်။ တချို့ဒေသတွေမှာ ဆံပင် ပြောင်းဖူးမွေးရောင်ရှိသူဟာ ကံကောင်းသူအဖြစ် ယူဆတတ်ကြပြီး တချိုပဒေသတွေအတွက်တော့ အနက်ရောင်ဆံပင်ရှိသူသာ ကံကောင်းသူအဖြစ် ယူဆတတ်ကြပါတယ်။ အနီရောင်ဆံပင်ရှိသူတွေကတော့ အများအားဖြင့် ကံဆိုးမိုးမှောင်ကျတတ်ကြပါတယ်။

ဒီဆံပင်အရောင်အဆင်းနဲ့ ပတ်သက်တဲ့ အယူအဆရေးရာကို ခိုင်ခိုင်မာမာ သက်သေပြနိုင်တဲ့ အထောက်အထား မရှိပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ရွှေစိတ်တော် အလိုကျ-ပြဇာတ်ထဲမှာတော့ ဒီသဘောတရားမျိုး ခပ်ဆင်ဆင်ရေးဖွဲ့ခဲ့ဖူးတာ တွေ့ရပါတယ်။ ဒါပေမဲ့ ခုခေတ်မှာတော့ ဒီအယူအဆဟာ လုံးဝနီးပါး ပျောက်ကွယ်ခဲ့ပါပြီ။ ဆံပင်ကို လိုသလိုဆေးဆိုးပြီး လိုသလိုပုံစံပြောင်း အလှဆင်ကြတဲ့ခေတ် မဟတု်လား။

ဒါပေမဲ့ ဆံပင်နီသူဟာဒေါသအမျက်ကြီးသူ၊ ရက်စက်ကြမ်းကြတ်သူ၊ အချစ်ရေးရာနယ်ပယ်မှာတော့ စိတ်ပျော့သူ၊ စိတ်လွယ်သူလို့ ယူဆကြပါတယ်။ ဒန်ဘာတန်ဒေသက အယူအဆအရကတော့ ဆံပင်နီတဲ့ အမျိုးသားဟာ လင်ယောက်ျားမပီသတဲ့ လူစားမျိုးလို့ ယုံကြည်ပြီး အမျိုးသမီးတွေ ရှောင်ကြဉ်လေ့ရှိပါတယ်။

ဆံပင်နဲ့ပတ်သက်ပြီး သျှောင်နောက်ဆံထုံးပါ-ဆိုတဲ့ စကားရှိသလို ယောက်ျာတိုး့ဘုန်း ဆံထုံး-လို့လည်း ကျွန်တော်တို့မြန်မာတွေ ယူဆတတ်ကြပါသေးတယ်။ ရှင်မွေးနွန်း-မင်းနန္ဒာဇာတ်မှာ မင်းနန္ဒာရဲ့ ညာလက်ရုံးကို ရှင်မွေးနွန်းက ခေါင်းအုံးအိပ်တဲ့အတွက် မင်းနန္ဒာ ဘုန်းကံနိမ့်ပါးပြီး ကျဆုံးရတယ်လို့လည်း ယုံကြည်ကြပါတယ်။

အခုလို ဆံပင်နဲ့ပတ်သက်ပြီး အယူအဆ၊ အစွဲအလမ်းတွေ ထွေပြားတာဟာ ဆံပင်မှာ လူတွေရဲ့ အထါတ်အမြတ်ဖြစ်တဲ့ ဦးခေါင်းထက်က ဖြစ်တာရယ်၊ ဆံပင်ဟာ လူရဲ့တကိုယ်လုံးမှာ အသက်ရှင်သမျှ ကာလပတ်လုံး ဘယ်တော့မှ ဖျက်ဆီးလို့မရတဲ့အရာရယ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဆံပ်ငကို ဘယ်လိုပဲ ရိတ်ရိတ် အချိန်တန်ရင် ထိုးထိုးထောင်ထောင်နဲ့ ပြန်လည်ရှင်သန်လာ၊ ပေါက်လာတာပဲမဟုတ်လား။

ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာ လာတဲ့ ဣသရေလပုံပြင်မှာ ဆံမဆန်အမည်ရှိသူ လူသန်ကြီးဟာ ဆံပင်ပေါ်မှာ သူ့ရဲ့စွမ်းအားဗလက တည်နေပြီး သူ့ကို ဖမ်းဆီးလိုတဲ့အခါ သူ့ရဲ့ဆံပင်ကို ရိတ်ပြီးမှ ဖမ်းလို့ရနိုင်ခဲ့တယ်လို့
ဖော်ပြပါတယ်။

ကျွန်တော်တို့ မြန်မာတွေအဖို့တော့ ဆံပင်နဲ့ပတ်သက်ပြီး အနောက်တိုင်းဓလေ့လောက် အယူသီးမှုမရှိလှ ပေမဲ့ အထွတ်အမြတ်အယူအဆကတော့ ခိုင်မြဲလျက်ရှိပါတယ်။ ရှေးခေတ်အဆက်ဆက်ကစပြီး
ခေတ်ကာလအလျောက် ဆံပင်နဲ့ပတ်သက်ပြီး ဆင်ယင်ထုံးဖွဲ့မှုအမျိုးမျိုး ရှိခဲ့ပါတယ်။ မိမိအမြတ်တနိုးထားတဲ့ ဆံပင်ကိုဖြတ်ပြီး စေတီ၊ ပုထိုးတွေမှာလည်း လှူဒါန်းကြပါတယ်။ သက်ကြီးဝါကြီး ဆရာတော်ကြီးများ ကြွလာတဲ့အခါမှာလည်း ဆံပင်ကိုဖြန့်ခင်းပြီး လမ်းခင်ပူဇော်လေ့ရှိပါတယ်။ သိပ်ပြီးအယူသီးတဲ့ မြန်မာတချို့ကတော့ အင်္ဂါနေ့မှာ ဆံပင်ကို အုန်းဆီလိမ်းရင် သားချင်းဆွေမျိုးများနဲ့ တကွဲတပြား နေရတတ်တယ်လို့ ဆိုပါတယ်။
……………..just sharing……………

28 comments

  • koyinmaung

    November 1, 2011 at 11:12 am

    ဆံပင်နဲ့ပါတ်သက်လို့ဒါလောက်စေ့စေ့စပ်စပ်ရေးထားတာ
    တခါမှမတွေ့ဘူးသေးပါ…ကျေးဇူးဘဲ…

  • we R one

    November 1, 2011 at 11:13 am

    ကျွန်မ က တော့ အဲဒီ အယူအဆ တွေကို လက်မခံပါဘူး..။ တနင်္လာနေ့လည်း ခေါင်းလျှော်တာပဲ ၊ သောကြာနေ့လည်း လျှော်လိုက်တာပဲ၊ ဗုဒ္ဓဟူးနေ့လည်း လျှော်လိုက်တာပဲ..။ လူတစ်ယောက်ရဲ့ ကံကြမ္မာ ကို တနင်္လာ တွေ ၊ သောကြာတွေ၊ ဗုဒ္ဓဟူးတွေ ၊ ရက်ရာဇာတွေ ၊ ပြဿဒါး တွေ ၊ ဂြိုလ်တွေ ၊ နက္ခတ် တွေ က မဖန်တီးနိုင်ပါဘူး။ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်။ ကိုယ်ပြုလုပ်လိုက်တဲ့ ကောင်းကံ မကောင်းကံ က ပဲ ဖြစ်သွားတာပါ။..

    • nikita

      November 1, 2011 at 11:19 am

      ကိုယ်ယုံကြည်ရာပေါ့ 😀

  • ပေါက်ဖော်

    November 1, 2011 at 11:26 am

    အာတိုရီး..
    ယောက်ျားတို ့ဘုန်းက လက်ရုံး ဟုတ်ဘူးလား..
    မိန်းမတို ့ဘုန်းမှ ဆံထုံး လားလို ့ပါ

    စကားပြောသော ဆံပင်.တွေပါပဲ….
    ကျေးဇူးတင်ပါတယ်..စုံစုံစေ့စေ့ ပြောပြပေးလို ့..

  • နွယ်ပင်

    November 1, 2011 at 11:58 am

    ဆံပင်နဲ့ ပတ်သက်လို့ တော်တော်စေ့စေ့စပ်စပ်ကို ရေးထားပါပဲ
    နွယ်ပင်ကတော့ ဒီလိုအယုံအကြည်အစွဲအလန်းတွေ သိပ်မရှိတော့
    ဘယ်နေ့မဆို ခေါင်းကတော့ လျှော်လိုက်တာပါပဲ ။ ဗုဒ္ဓဟူးနေ့မှာ
    ခေါင်းလျှော်ရင် လာဘ်တိတ်ဆိုတာ ကြားဖူးပင်မယ့် တစ်ခါမှတော့
    အဲလို မဖြစ်ဖူးဘူး ….

  • windtalker

    November 1, 2011 at 12:03 pm

    နီကီတာလေး ကြည့်ရတာ ရင်ဂို တို ့လို ဆံပင်ချစ်သူ ဘဲ ဖြစ်ရမယ်
    ဟုတ်တယ်ဟုတ်

    • nikita

      November 1, 2011 at 12:48 pm

      ဆံပင်လား
      ခြောက်လ တစ်ခါလောက်တော့ ပုံပြောင်းတတ်တယ် 🙂
      [ကြွေးရှင်တွေ မမှတ်မိအောင်လို့ 😛 ]

  • thit min

    November 1, 2011 at 12:20 pm

    အမှန်အမှားကတော့ ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ဘဲဆိုင်ပါတယ်။
    ဗဟုသုတဆိုတာကတော့လိုအပ်တဲ့အမျိုးအစားပါ။
    တော်တော်ဗဟုသုတရတဲ့ စာ တပုဒ်ပါဘဲလို့ ချီးကျူးပါတယ်။

  • etone

    November 1, 2011 at 1:18 pm

    အဟား .. ဟား … လူဂျီးဒွေ လူဂျီးဒွေ မဟုတ်က ဟုတ်က အတွေးတွေ … လူငယ်တွေ ခေါင်းထဲ ရိုက်သွင်းနိုင်လောက်အောင် တော်ကြပါတယ် … ။ အဲ့ဒီလောက်တော်နေကြတာ ဘာလို့များ … ရေသာခိုအချောင်လိုက်ချင်တဲ့ အကျင့် ၊ သူများ မကောင်းကြံတတ်တဲ့အကျင့် … ပါးစပ်စည်းမဲ့ကမ်းမဲ့ပြောတတ်တဲ့အကျင့် … သာပေါင်းညာစား အကျင့်တွေ ပြင်ဖို့ … စကားပုံလေးဘာလေးထုတ်ပြီး ခြောက်မသွားလည်း မသိဘူး .. ။ 😀 😀

    ကိုယ်တွေကတော့ ….. စိတ်ထဲရှိတဲ့နေ့ ခေါင်းလျှော် ချင်လျှော်တယ် … ဆံပင် ညှပ်ချင်ညှပ်တယ် … ဟဲဟဲ 😛 ကိုယ့်ဆံပင်ကိုယ် လုပ်ချင်တာလုပ်တာ … နေ့ရွေးနေလျှင် အာရုံနောက်လွန်းလို့ … ။

    • nikita

      November 1, 2011 at 1:33 pm

      “ရေသာခိုအချောင်လိုက်ချင်တဲ့ အကျင့် ၊ သူများ မကောင်းကြံတတ်တဲ့အကျင့် … ပါးစပ်စည်းမဲ့ကမ်းမဲ့ပြောတတ်တဲ့အကျင့် … သာပေါင်းညာစား အကျင့်တွေ ပြင်ဖို့ … စကားပုံလေးဘာလေးထုတ်ပြီး ခြောက်မသွားလည်း မသိဘူး ..”
      >> သူတို့တုန်းက အဲလို အကျင့်တွေ မရှိကြလို့ နေမှာပေါ့ … 😀

      • etone

        November 1, 2011 at 3:53 pm

        ရှိတော့ရှိပါလိမ့်မယ် … ဒါပေမယ့် ..သူတို့ခေတ်ခါတုန်းကလည်း အခုလို ကိုယ်ထင်ရာမြင်ရာ ပြောဆိုခွင့်မှမရှိပဲ … လူကြီးတွေရဲ့ ပုံစံခွက်ထဲ ပြားပြားဝပ်လာကြတာဆိုတော့ သူတို့လည်း ထို အယူတွေကို တဆင့်စကားတဆင့်ကြားလာတာပဲ ဖြစ်ရမယ် 😀

  • Koyin Sithu

    November 1, 2011 at 1:45 pm

    အဲ့လို ဆံပင်နဲ့ ပတ်သက်ပြီး အစွဲအလမ်းတော့
    လုံးဝမရှိဘူး… ရှေးအစွဲအလမ်းကြီးတဲ့ စကားပုံတွေနဲ့
    ပတ်သက်ပြီး ဘာမှကို အယုံအကြည်မရှိတာ…
    စေတနာ ဆိုတာ ကံ လေ… စေတနာကောင်းရင်
    ကံကောင်းမယ်… ဆံပင်၊ ခြေသည်း၊ လက်သည်း ဆိုတာ..
    ခန္ဓာကိုယ်ရဲ့ အပေါ်ယံ အလှတွေလေ…. ဘယ်အချိန်ချိန်
    လုပ်လုပ် ဘာမှမဖြစ်ဘူး မြင်ပါတယ်..
    အဲ… ခုတော့ ဆောင်းတွင်းကာလ အေးပြီသမို့
    ညသန်းခေါင်တော့ ခေါင်းမလျှော်မိဖို့ အရေးကြီးပါတယ်…
    တော်ကြာ တို့ရွာသူတွေ လေဖြတ်ပြီး.. တစ်ပိုင်းသေသွားမှာ စိုးလို့ပါ… ခင်ည…

    စေတနာကောင်းဖြင့်
    ဆံသဆရာ ကိုရင်စည်

  • TTNU

    November 1, 2011 at 2:23 pm

    ဆံနွယ်ဆရာတော်ကတော့ ဆံပင်တွေ အလှုခံပြီး အလောင်းတော် ကဿဖ
    ဘုရားသွားတဲ့ လမ်းပြုပြင်နေတာ သာဓုခေါ်စရာပါ။ ဆံပင်ကောင်းတဲ့အမျိုးသမီး
    တွေ ဂုဏ်ယူစွာနဲ့ လှူနေကြတာ အားရစရာပါ။ အင်း… ဒါပေမဲ့ ဘယ်နေ့ မဆို
    လာရောက်လှူဒါန်းနှိုင်ပါတယ်။ သောကြာ စနေ မရွေးပါဘူး။

    ငယ်ငယ်တုန်းက ( အိုးစည်တီး ပြီးအောင်လျှော် ) … တနင်္ဂနွေ၊ အင်္ဂါ၊ စနေ (၃) ရက်
    သာ ခေါင်းလျှော်ရမယ်လို့ ဗေဒင်ဆရာ ကြောင် စကားကို ယုံစားမိခဲ့ဖူးပါတယ်။

    ကြီးတော့လည်း…. ဘာမှ မဟုတ်တာ သိလာတော့…….

    • ကြောင်ကြီး

      November 2, 2011 at 9:04 am

      ကြောင် ဗေဒင်ဟောတတ်တာနဲ့တင် ယုံဖို့ကောင်းနေပါပြီ တီချယ်ကြီးရယ်။

      • TTNU

        November 3, 2011 at 9:13 pm

        ကိုကြီးကြောင်ရေ
        No,no,no, I didn’t mean a cat. What I want to say is
        that a crazy fortune-teller.
        ဗေဒင်ဆရာကြောင် = ခပ်ကြောင်ကြောင်ဗေဒင်ဆရာ

        ဒါထက် ကိုကြောင်ကြီး နွေးသီးမှာ ကွန်မန့် ခဲ့တာ ဟိုဘက် Page မှာ ကျန်ခဲ့ပြီမို့
        ဒီမှာရှင်းပါရစေနော်။ တီချာကရှင့်ကို ဂျပါတီလို့ ဂျလေဘီလို့ မထင်ပါဘူးတော်။
        ဦးပေါက်ပြန် မန်းထားမှ ရှင့်မှာ ဂွေးသီးဇာတ်လမ်း OMG ,forgive me. 😳
        နွေးသီးဇာတ်လမ်းရှိတယ်တဲ့။ ကျုပ် မသိဆိုးဝါးစွာ ဝင်ကွန်မန့် မိတာ ပြုံးပြုံးရယ်ရယ်လေးနဲ့ ခွင့်လွှတ်ပါနော်။

  • king

    November 1, 2011 at 2:36 pm

    ဆံပင်တင် မဟုတ်ဘူး လက်သည်း ခြေသည်း ညှပ်ရင်လည်း မညှပ်ကောင်းဘူး ဘာဘူးနဲ့ သိပ်စိပ်ရှုပ်စရာ ကောင်းပါ့ဗျာ …
    ငယ်ငယ်တုံးက လိုက်နာပေမဲ့ အခုကျတော့ ကိုယ်လုပ်ချင်ရင် လုပ်လိုက်တာပဲ .. 😀
    ဒါပေမယ့် အဲဒီစကားပုံတွေက မဆိုးဘူးဗျ
    ကိုယ်မလုပ်ချင်ရင် အကြောင်းပြလို့ရတဲ့အတွက် အသုံးဝင်တယ်ဗျ … 😛

  • nikita

    November 1, 2011 at 3:07 pm

    ရှေးထုံးလည်း မပယ်နဲ့
    ဈေးသုံးလည်း မကြွယ်နဲ့ တဲ့ 😀

  • ဆူး

    November 1, 2011 at 5:03 pm

    တနင်္လာနေ့ ဆံပင်မဖြတ်လို့ ဆံပင်ဆိုင်တွေ တနင်္လာနေ့ ပိတ်တာ မဟုတ်ပါဘူး။
    အရင်တုန်းက ဆံပင်ညှပ်တဲ့ လုပ်သားတွေက နားရက်မရပဲ လုပ်ရလွန်းလို့ ဆန္ဒပြတော့ ဆိုင်ရှင်တွေက စဉ်းစားတယ် အများနည်းတူ တနင်္ဂနွေ တရပ် အားခိုင်းလိုက်လို့တော့ ရတယ် အားလပ်ရက်မှ ဆံပင်လာညှပ်တဲ့ လူတွေ ရှိရင် ဖောက်သည်တွေ လွတ်သွားမှာ စိုးလို့ ပိတ်ရက်ကို တနင်္လာနေ့ ပြောင်းပြီး ထားလိုက်ရာကနေ တနင်္လာနေ့ ဆံပင် မညှပ်ကောင်းလို့ ထင်သွားကြတာပါ။
    သောကြာနေ့ မွေးတဲ့လူက တနင်္လာနေ့ မညှပ်နဲ့ ဘုရားနဲ့ နိုင်းသလိုဖြစ်မယ် ဆိုပြီး ပြောကြတဲ့ သဘောပါ တခြားနေ့နံတော့ ဘာမှ မပြောထားပါဘူး။

    ကြားဖူးနားဝ ပြန်ဆွေးနွေးလိုက်တာပါ။

    • nikita

      November 2, 2011 at 10:29 am

      တနင်္လာ ဆံပင်မဖြတ်ရဘူးဆိုတဲ့ စကားကြောင့် တစ်ခုသတိရသွားတယ်
      ဆံပင်ဆိုင်တွေက များသေားအားဖြင့် တနင်္လာနေ့ဆိုလူရှင်းတယ်လေ
      အဲဒီတော့ အိမ်နားကဆိုင်က တနင်္လာနေ့လာတဲ့လူတွေကို discount ချပေးတယ်တဲ့
      နောက်တော့ တနင်္လာနေ့ဆို ညှပ်ရတာ လက်တောင်မလည်ဘူးတဲ့ 😀

  • nature

    November 1, 2011 at 6:05 pm

    အခုဆို ဆံပင်တွေက ဈေးကောင်းမှကောင်းပဲ။

  • naywoonni

    November 1, 2011 at 10:31 pm

    ရှေးထုံးလည်း မပယ်နဲ့
    ဈေးသုံးလည်း မကြွယ်နဲ့ တဲ့ :D)))))

    ရှေးထုံးမပယ်တော့ ခေတ်နောက်ကျကျန်တတ်သည်…။
    ဈေးသုံးမကြွယ်တော့ ကန်ဇွန်းရွက်နဲ့စားရသည်..။
    တို့တစ်တွေ အဲဒိလိုဖစ်နေပြီ…။

  • AKKO

    November 2, 2011 at 11:44 am

    ရှေးခေတ်ကတော့ အယူဆတွေ ၊ ကာရံနဘေတွေနဲ့ လျှောက်ပြောခဲ့ကြတယ် ။ ဒါပေမယ့် လက်တွေ့လုပ်ကြည့်ရမှ ယုံမယ်ဆိုတဲ့လူတွေများလာတဲ့ ဒီခေတ်နဲ့ ကွက်ကွက်ကွင်းကွင်း ဆန် ့ကျင်လာပြီးနောက်ပိုင်း ဒီအယူတွေပျောက်သွားမယ်လို့တော့ ထင်ပါတယ် ။
    မိန်းမတို့ ဘုန်း ဆံတုံးလို့ ဆိုခဲ့ကြပြီး ရှေးမိန်းမတွေ ဆံပင်အရှည်ကြီးထားခဲ့ကြတယ် ။ ဆံပင်ရှည်တာကိုသာ အဓိက အသားပေးထားပြီး ထားပါသော်လည်း ဆံပင်ကျန်းမာရေး ၊ တကိုယ်ရေ သန့်ရှင်းရေးကို ဂရုမစိုက်ကြဘူး ။ ရှည်လျှင်ပြီးရော ထားပြီး အုန်းဆီနံ ့ တထောင်းထောင်း ၊ ချွေးနဲ့ တဟောင်ဟောင်နဲ့ အလွန်ပဲ ဆိုးပါတယ် ။ ကျွန်တော် ကြံကြံဖန်ဖန်တွေးကြည့်တယ် ဆံပင်ရှည်ကြီးနဲ့ အိမ်သာထဲဝင်လျှင် ဒုက္ခတော့ရောက်မယ်လို့ ။
    တစ်ခါတစ်လေ အရေးပေါ် အိမ်သာထဲဝင်ရမယ်ဆို ဆံပင် ပတ်ဖို့ သတိမရလျှင် :mrgreen:

    မိန်းမတို့ဘုန်း ဆံထုံးဆိုတာထက် လှပပြီး ကျက်သရေရှိတဲ့ ဆံပင်ပုံစံ ၊ သပ်ရပ်သန့်ပြန့်တဲ့ ဆံပင်ပုံစံတွေ ပိုင်ဆိုင်နိုင်လျှင် အကောင်းဆုံးပါပဲ ။ 🙂

  • maungmoenyo

    November 3, 2011 at 10:39 am

    မွေးနေ့ သောကြာ၊ တနင်္လာ၊ ကေသာဆံဖြတ်မပြုအပ် = သောကြာနေ့မှာမွေးတဲ့ ယောက်ျား၊ တနင်္လာနေ့မှာ ဆံသ၊ ဆံဖြတ်မလုပ်သင့်ပါဘူး…ရယ်လို့၊…………….. ZIP

  • khinmintatthu

    November 3, 2011 at 11:09 am

    သောကြာမှာမွေးတဲ့သူတွေကတော့ တစ်ရက်လျော့တာပေါ့နော်…. တော်သေးတာပေါ့….

  • စုံ စုံ

    November 3, 2011 at 3:28 pm

    အယုံအကြည်ကိုမရှိဘူး အဲ့ဒါကြောင့် လျှော်ချင်တဲ့နေ့ကိုလျှော်တယ်
    ညှပ်ချင်တဲ့နေ့ကိုညှပ်တယ် ရက်တွက်နေရရင်အဆင်မပြေဘူးလေ
    ကိုယ်အားတဲ့အချိန်လေး လျှော်ရညှပ်ရတာ
    ဒါပေမယ့် ငယ်ငယ်ကဆရာမပြောတာလေးမှတ်မိတယ်
    သမီးတို့ခေါင်းလျှော်ချင်ရင် စနေနေ့မှာဘဲလျှော်တဲ့
    ဘာလို့ဆိုတော့ စနေနေ့မှာလျှော်မှ ကတော်ဖြစ်မှာတဲ့
    ဒါကြောင့်ဆရာမက ငယ်ငယ်ထဲကစနေမှာဘဲလျှော်တယ်တဲ့
    အဲ့ဒိဆရာမကတော့ကတော်တော့ကတော်ဘဲ ဘာကတော်လဲမသိဘူး မမှတ်မိတော့ဘူး
    ကျမတို့သူငယ်ချင်းတွေကတော့မျက်နှာပြောင်တယ် နတ်ကတော်ဖြစ်မှာဆိုပြီးတော့ 😛

    • etone

      November 3, 2011 at 4:23 pm

      စုံစုံရေ စနေခေါင်းလျှော် မင်းကတော်လို့ လူကြီးတွေ အယူသီးခဲ့ကြပါတယ် … ။ ကျွန်မတို့သချာင်္ ဆရာမဆို စနေနေ့တိုင်းခေါင်းလျှော်တာလာ သတိထားမိခဲ့ကြတယ် … မနေနိုင်လို့ ဖွင့်မေးမိတော့ ဆရာမက ရယ်ကြဲကြဲနဲ့ စနေခေါင်းလျှော် မင်းကတော်တဲ့လေ … အဲ့ဒီအယူနဲ့ လျှော်ခဲ့တာပါတဲ့ … ။
      ကျွန်မကလည်း ကပ်သီးကပ်ဖဲ့ လူမျိုးဆိုတော့ … ဆရာမရေ မင်းကတော်ကတော့ ဟုတ်ပါပြီ … မင်းကတော် ချမ်းသာကြွယ်ဝမှု ၊ တင့်တယ် ခမ်းနားမှု နှင့်ပြည့်စုံချမ်းသာမှုတွေတော့ လိုချင်ပါရဲ့ … ဟိုမင်းကြီးကိုတော့ ကြောက်ပါရဲ့ ဆိုတော့ … သူငယ်ချင်းတွေ ရယ်လိုက်ကြတာ အူကို လှိမ့်ရော .. ။
      ဟုတ်တယ်လေ ..မြန်မာစကား ..သေချာဖတ်ကြည့်လျှင် အဓိပါ္ပယ်ရှိတယ် … မင်းကတော်ဆိုတော့ .. ကတော်ဆိုတာ ယောကျာ်းရှိမှဖြစ်မှာလေ … ဒီတော့ စနေခေါင်းလျှော်ရင်း စုတ်ရော ၊ လာဘ်ပါဝင်မယ့်သဘောရှိတာကြောင့် … လာဘ်နဲ့အတူ တွဲဝင်လာမယ့်ဟာကို ကြောက်လွန်းလှပါတယ်လို့ အထွန့်တက်ခဲ့ဖူးတယ် … ။ 😀

      • inz@ghi

        November 3, 2011 at 4:53 pm

        စုတ်ကော လာဘ်ကော ဝင်တာပေါ့ဗျ …..
        အဟီး ….. မမအိတုံက လာဘ်တော့ လိုချင်ပီး
        စုတ်တော့ လန့်တယ်ပေါ့လေ ….

        ဟုတ်ဟုတ်မဟုတ်ဟုတ်ဗျာ ..
        ဗမာပြည် သိန်းတန် သီချင်း ပြင်ဆို လိုက်မယ်…
        ……
        မယုံသော်လည်း ကိုယ့်အဖို့ရာ စိတ်ဖြေမယ် …
        တားလေ …စနေနေ့ ဂေါင်းလျှော်မယ်….
        ………..

        ခင်တဲ့
        gUY iNZ@GHI

      • nature

        November 3, 2011 at 8:28 pm

        etone ဆရာမ အခုရော မင်းကတော် ဖြစ်နေပြီလား။ ဘယ်ကတော်ဖြစ်နေပြီလဲ။ 🙂

Leave a Reply