လုပ်ငန်းခွင်အတွင်း ခါးဆက်ပြတ်ခြင်းများ

weiweiFebruary 1, 20121min30014

ကျွန်မက အစိုးရပိုင်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အလယ်အလတ်အဆင့် ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။
ကျွန်မတို့ခေတ်က ဘွဲ့ရတာနောက်ကျတော့ လုပ်ငန်းခွင်ဝင်တာလဲ နောက်ကျနေခဲ့ပါတယ်။ အသက် ၂၅ ကျော်မှ အလုပ်စလုပ်ဖြစ်ကြတယ်။ လုပ်ငန်းခွင်ဝင်ခါစက အသက် ၅ဝ ကျော် ၆ဝ နီးပါး ဆရာသမားများနဲ့ တွေ့ခဲ့ရပါတယ်။ အရမ်းတော်ပြီး စမတ်ကျသော ဆရာသမားများ၊ ပညာရည်ပြည့်ဝကြသော၊ နိုင်ငံတကာအဆင့်မီပညာတတ်များနဲ့ တွေ့ခဲ့ရပါတယ်။ အသက်အရွယ်ချင်း သိပ်ကွာနေကြလို့ သူတို့ဆီက ပညာယူဖို့ သိပ်မလွယ်ခဲ့ပါဘူး။ အနည်းငယ်သာ လေ့လာသင်ကြားခွင့်ရခဲ့ပြီး သူတို့ပင်စင်ယူသွားကြပါတယ်။ ကျန်ခဲ့တဲ့မျိုးဆက် အသက် ၅ဝ ပတ်ဝန်းကျင်များနဲ့ လုပ်ငန်းဆက်လုပ်ခဲ့ကြရပါတယ်။

အဲဒီမှာ ကွာခြားချက်တွေ အများကြီးရှိလာပါတယ်။ ဆယ်စုနှစ်တစ်ခုမှာ အရည်အချင်းတွေ အများကြီး ကွာခြားနေတာ တွေ့ရပါတယ်။ ယခု အသက် ၅ဝ ကျော်တန်းတွေက နိုင်ငံခြားပြန် ခေတ်ပညာတတ်ကြီးများ မဟုတ်ကြပဲ သာမန်ပြည်တွင်းဘွဲ့ရများသာဖြစ်ပါတယ်။ စစ်တပ်မှ အရာရှိအငြိမ်းစားများလဲ အများကြီးပါသေးတယ်။ သူတို့တွေ လုပ်ငန်းခွင်မှာ အဆင်ပြေအောင် ဆောင်ရွက်နိုင်ကြပေမယ့် ယခင်ဆရာ့ ဆရာကြီးများ၏ လုပ်ငန်းကျွမ်းကျင်မှုများကို မမှီနိုင်ကြတော့ပါ။

နောက်ထပ် ဆယ်နှစ်တန်းဖြစ်တဲ့ အသက် ၄ဝ ကျော်တန်းမှာ အနည်းငယ်သာပြည်တွင်းမှာ ရှိနေကြပြီး ပညာတတ်အများစုက နိုင်ငံခြားထွက်သွားကြပါတယ်။ အသက် ၃ဝ ကျော်တန်းမှာလဲ အနည်းငယ်သာ ကျန်ရှိနေပါတယ်။ လက်ရှိမှာ အသက် ၃ဝ နဲ့ ၅ဝ ကြား ပညာတတ်ဦးရေ အနည်းငယ်ဖြင့်သာ လုပ်ငန်းများကို ဆောင်ရွက်လည်ပတ်နေကြရပါတယ်။ အဲဒီအနေအထားမှာ လုပ်ငန်းဆိုင်ရာ အတတ်ပညာများကို လက်ဆင့်ကမ်းပေးရမယ့် မျိုးဆက်တစ်ခု ခါးဆက်ပြတ်နေပါတော့တယ်။

၁ဝ ယောက်စာလုပ်ငန်းများကို ၃ ယောက်လောက်နဲ့ လုပ်ကြရတယ်။ လုပ်ငန်းခွင်မနိုင်မနင်းများကြောင့် အလေအလွင့်တွေများလာတယ်။ ပညာကိုမသုံးပဲ ဖြစ်သလိုလုပ်တတ်တဲ့အကျင့်စရိုက်တွေ စွဲလာကြပါတယ်။ ယခင်ဆရာများရဲ့မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။ ကျွန်မကိုယ်တွေ့အနေနဲ့ ကျွန်မအလုပ်လုပ်နေတဲ့ဌာနက ဌာနမှူးဆရာနဲ့ ကျွန်မနဲ့ကြားထဲက မျိုးဆက်တစ်ခုလုံး (အားလုံးတစ်ယောက်မကျန်) နိုင်ငံခြားကို ရောက်သွားကြတယ်။ အသက် ၂ဝ တောင်ကွာနေတဲ့ ကျွန်မ ဆရာနဲ့ ကျွန်မ အလုပ်အတူတွဲလုပ်ရတာလဲ ခေတ်ကြီးတစ်ခေတ်လုံးကွာနေသလို သဟဇာတ မဖြစ်ပဲဖြစ်နေပါတယ်။ အဲဒီလောက်တောင် ခါးဆက်ပြတ်နေတဲ့အလုပ်မျိုး တခြားဌာနတွေမှာဖြစ်လား မဖြစ်လားတော့ ကျွန်မလဲ သေချာမသိပါဘူး။ လုပ်ငန်းတွေမှာ ဝန်ထမ်းတွေ လျော့သွားတာပဲရှိပြီး တိုးလာတာ မတွေ့ရပါဘူး။ နည်းမျိုးစုံနဲ့ ထွက်သွားကြတဲ့နေရာတွေကို အစားမထိုးပဲ ဒီအတိုင်းကျန်တဲ့လူနဲ့ လည်ပတ်နေရတယ်။ ကျွန်မလို အတွေ့အကြုံနဲ့ တာဝန်ကြီးကြီး မနိုင်မနင်းဖြစ်နေပါတယ်လို့လဲ စောဒကတက်လို့မရဘူးလေ။ အရင်တုန်းက ၄ ယောက်လုပ်ခဲ့တဲ့အလုပ်ကို အခုတစ်ယောက်ထဲလုပ်ရတယ်။ အလုပ်တွေက အရင်ကထက်ပိုများတယ်။ သိပ်များလာတော့ အရည်အသွေးကျလာပါတယ်။ ကိုယ်တိုင်တောင်မှ သေချာမလေ့လာခဲ့ရတဲ့ ပညာတွေကို နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးဖို့ ယုံကြည်စိတ်လဲ သိပ်မရှိတော့ဘူး။ နောက်ထပ်နည်းပညာအသစ်အတွက်လဲ ထပ်လေ့လာဖို့ အချိန်မရတော့ဘူး။

ပင်စင်ယူသွားပြီးသား အသက် ၇ဝ ဝန်းကျင်ဆရာကြီးတွေများ အခုကျွန်မတို့အလုပ်လုပ်နေတဲ့ပုံစံကိုမြင်ရင် အလွန်စိတ်ပျက်သွားပါလိမ့်မယ်။ တစ်ချို့ကိစ္စတွေကို သေချာစဉ်းစားလေ့လာတွက်ချက်ဖို့အချိန်မရတော့ပဲ ကြုံသလိုပဲ ဖြေရှင်းလိုက်ရတယ်။ ရှေ့တန်းစစ်မြေပြင်နဲ့တောင် တူနေပါသေးတယ်။ ဒါတွေကို ဒီနေ့အပြီး (အမိန့်)ပဲ။ ပြီးနိုင်တာ မပြီးနိုင်တာ မသိတော့ဘူး ပြီးရမှာပဲ သိပါတော့တယ်။ အဖြေတစ်ခုရဖို့ အမျိုးမျိုးတွက်ချက်နိုင်ပေမယ့် ဈေးတွက်လို့ခေါ်တဲ့ သုံးကျပ်တွက်နည်းနဲ့ အဖြေထုတ်လိုက်ရတာတွေလဲ အကြိမ်ကြိမ်ပါပဲ။ တစ်ခါတစ်လေ အလုပ်လုပ်တာမဟုတ်ပဲ ကစားနေတာများလားလို့တောင် သံသယဝင်မိတယ်။ အနှစ် ၂ဝ စာလောက် ခါးဆက်ပြတ်နေတဲ့လုပ်ငန်းမှာ ကျွန်မတို့လို အရည်အချင်းသိပ်မပြည့်တဲ့သူတွေက ဦးဆောင်ကြရအုန်းမယ်ဆိုတော့ တကယ်တွေးမိရင် ရင်လေးမိပါသေးတယ်။ ဒါပေမယ့်လဲလေ ဘယ်သူတွေဘယ်လိုပြောပြော နိုင်ငံတော်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်စာလောက်တော့ အသုံးဝင်နေပါသေးတယ်လေလို့ အားတင်းထားရင်း …

(အခုအချိန်မှာ ပညာရှင်တွေကို ဦးစားပေးနေရတဲ့ခေတ်ကို ရောက်လာပါပြီ … အရည်အသွေးကျနေတဲ့ ပညာရှင်တွေကြားမှာ နောင်မျိုးဆက်တစ်ခုက အရည်အချင်းကောင်းကောင်းရှိလာရင် နေရာကောင်းကောင်းရဖို့ အချိန်ကောင်းဖြစ်တာမို့ လက်ရှိတက္ကသိုလ်ပညာဆည်းပူးနေသူများ အတတ်ပညာတစ်ခုခုကို သေသေချာချာလေ့လာကြပါလို့ အကြံပြုချင်လို့ ဒီပို့စ်ကို ရေးလိုက်ရခြင်းဖြစ်ပါတယ်)

ကျွန်မရေးတာ မရှင်းလင်းရင် ခွင့်လွှတ်ပါလို့ .. လုပ်ငန်းအကြောင်းမို့လို့ ဒီ့ထက်ရှင်းပြလို့လဲ မဖြစ်နိုင်လို့ပါ …

14 comments

  • water-melon

    February 1, 2012 at 10:49 am

    အစ်မဝေရေ
    လက်ရှိတက္ကသိုလ်ပညာဆည်းပူးနေသူများ အတတ်ပညာတစ်ခုခုကို သေသေချာချာလေ့လာချင်တော့လဲ
    လက်တွေ့ပိုင်း အားနည်းလဲ အလုပ်မဖြစ်ဘူးဗျ
    မြန်မာနိုင်ငံမှာက practical ပိုင်းထက် theory ပိုင်းကို အားပိုနေသလားလို့
    တစ်ကယ်တော်တဲ့ တတ်တဲ့သူတွေကြတော့လဲ သွားပြီ ပြည်ပ
    မြန်မာနိုင်ငံမှာ တော်တဲ့ပညာရှင်ကောင်းရှားနေပြီလို့ ယူဆပါကြောင်း
    နောက်မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရန်…..မရှိ 😆

    • weiwei

      February 1, 2012 at 10:58 am

      တကယ်လက်တွေ့မှာ သီအိုရီက ပိုအရေးကြီးပါတယ် …
      မြန်မာနိုင်ငံမှာ သီအိုရီပိုင်း အားနဲနေသေးတယ် … ကျောင်းစာကို သေချာမသင်ခဲ့ကြတဲ့ အကျိုးပေါ့ … စာကိုသေချာသင်ခဲ့ပြီး project ကောင်းကောင်းလေးတွေကို လုပ်ခဲ့ဖူးရင် အလုပ်ခွင်မှာ သူနဲ့မတူတာကိုလုပ်ရရင်တောင်မှ လေ့လာမှုအားနဲ့ ဖြတ်ထိုးဉာဏ် အသုံးပြုတတ်တာမို့ အဆင်ပြေမှာပါ …
      သီအိုရီပိုင်းကလဲ ကျောင်းမှာ မသင်ဖူးဆိုရင်တောင်မှ အခုခေတ်က အင်တာနက်ခေတ်မို့ လေ့လာချင်သလောက် လေ့လာလို့ရတဲ့ အခွင့်အရေးတွေ အများကြီးရှိပါတယ် … ကျောင်းက ဆရာ ဆရာမတွေနဲ့ ခေတ်စနစ်ကိုပဲ အပြစ်တင်နေရင် ကိုယ့်အတွက် ဘာမှကျန်မှာမဟုတ်ဘူး …
      အခုနောက်ပိုင်း လုပ်ငန်းတွေ တိုးချဲ့လာတာနဲ့အမျှ တကယ့်ပညာတတ်တွေအများကြီးလိုလာပါပြီ … နိုင်ငံခြားရောက်နေပြီးသူတွေကလဲ ပြန်လာလုပ်ဖို့ စိတ်ကုူးရှိကြမှာမဟုတ်ဘူး … ပြည်တွင်းက အင်အားကို human resources ကို အဓိကအားထားကြရတော့မှာမို့ ပညာကြိုးစားသင်ဖို့ တိုက်တွန်းချင်စိတ်နဲ့ ဒီပို့စ်ကို ရေးလိုက်ရခြင်းဖြစ်ပါတယ် …

  • water-melon

    February 1, 2012 at 11:26 am

    ကျွန်တော်ကတော့ သီအိုရီထက် လက်တွေ့ကို ပိုကြိုက်တယ်
    သီအိုရီလည်းလိုပါတယ်
    ဘာလို့လဲဆိုတော့ သီအိုရီပိုင်ပြီး လက်တွေ့ပိုင်းတကယ်မတက်ရင် သွားပြီ
    တကယ့် အလုပ်ခွင်မှာစာတွေ့မလုပ်ရတော့ဘူးလေ လက်တွေ့ဝင်လုပ်နေရပြီ
    စာအုပ်ကြီးကိုုင်ပြီး လုပ်နေရရင်မဟုတ် 😀
    စာပိုင်ပြီး လက်တွေ့နည်းရင်တော့ ကြောင်တောင်တောင်ဖြစ်နေလိမ့်မယ်
    ဥပမာပြရရင်။ ။network စာဘဲသင်ပြီး လက်တွေ့မရရင် ဘာမှလုပ်စားလို့မရဘူး
    ဒီတော့ပြောချင်တာက 50 to 50 ဆိုပိုမှန်မယ်ထင်တယ်။ 😀

    • weiwei

      February 1, 2012 at 11:47 am

      ထပ်ပြီးရှင်းရရင် လုပ်ငန်းခွင်မှာ စာအုပ်ကိုင်ဖို့အချိန်မရှိတော့လို့ ကျောင်းမှာများများကိုင်ခဲ့ဖို့ ကျောင်းကိုဦးတည်ချက်ထားပြီး ရှင်းပြခြင်းဖြစ်ပါတယ် … ကျောင်းမှာလက်တွေ့ဆိုတာ နဲပါတယ် … လက်တွေ့လုပ်ဖို့ မဖြစ်နိုင်တာတွေလဲအများကြီးရှိပါတယ် … ဖြစ်နိုင်တာက စာအုပ်ပဲ မဟုတ်လား …. များများကျေညက်ပြီး သီအိုရီကို တော်တော်ပိုင်ထားရင် လုပ်ငန်းခွင်မှာ အဆင်ပြေလိမ့်မယ်ဆိုတာ လက်တွေ့လုပ်ငန်းခွင်နဲ့ယှဉ်ပြီး ပြောပြပေးတာပါ ….

      စာကိုလေ့လာပုံလေ့လာနည်းလဲ အရေးကြီးသေးတယ် … စာအုပ်တစ်အုပ်ချပေးပြီး ဖတ်ဆိုတာနဲ့ နားလည်မှာမဟုတ်ပါဘူး … အခြေခံသီအိုရီကို ကျောင်းမှာသင်ခဲ့ဖူးမှ manual စာအုပ်ကြီးကို ဖတ်လိုက်ရင် နားလည်မှာမဟုတ်လား …..
      ဘယ်အရာမဆို အလေ့အကျင့်က အရေးကြီးပါတယ် ….
      ကျွန်မလုပ်ငန်းခွင်ရောက်တော့ ဘယ်သူကမှ မသင်ပေးပဲ စာအုပ်ကိုပဲ ရှာဖတ်ရပါတယ် …. ကျောင်းမှာထက်တောင် ပိုဖတ်ခဲ့ရပါတယ် …
      နောက်ထပ်ဝန်ထမ်းအသစ်တွေရောက်လာတော့ ကျွန်မကလဲ သူတို့ကိုစာအုပ်တွေပဲ ပေးပြီးဖတ်ခိုင်းပါတယ် … ဒါပေမယ့် သူတို့မဖတ်ကြတော့ဘူး … စာဖတ်တဲ့အကျင့် သူတို့မှာ ပါလာခဲ့ပုံမပေါ်ဘူး … ကျွန်မက သူတို့ကို စာဖတ်စေချင်တယ် …. သူတို့က မဖတ်ချင်ဘူး … လုပ်ငန်းခွင်ဆိုတာက စာသင်ကျောင်းမဟုတ်ဘူး … သူတို့ကို မဖြစ်မနေဖတ်ရမယ်လို့ မပြောဘူး … ဖတ်ချင်ဖတ် မဖတ်ချင်နေပေါ့ ….

  • windtalker

    February 1, 2012 at 1:45 pm

    ကဲ…ကျောင်းသူား ညီငယ် ညီမငယ် တို ့ရေ
    အန်တီဝေ ရေးပြသလိုပါဘဲ ၊ ကိုယ်တို ့နိုင်ငံတော်ကြီးရဲ ့အနာဂတ်အတွက်
    မင်းတို ့လေးတွေ သေချာကြိုစား သင်ယူလေ့လာ ကြပါနော ။
    ခင်မင်စွာဖြင့်
    မောင်ပေ

  • လုပ်ငန်းခွင်ခါးဆက်ပြတ်ရခြင်းရဲ့ အဓိကအချက်များကတော့
    စာမေးပွဲအောင်ရုံလောက်သာ အလွတ်ကျက်၍စာမေးပွဲအောင်စေသော စနစ်ထွန်းကားလာခြင်းနှင့်
    ပြည်ပထွက်၍အလုပ်လုပ်သည်က ပိုက်ပိုက်ပိုရသောကြောင်ဖြစ်သည်ဟုယုံကြည်ပါ၏။

  • pazflor

    February 1, 2012 at 2:45 pm

    Theory ပိုအရေးကြီးတယ်လို ့ထင်ပါတယ်။ ၇၀% theory နဲ ့၃ဝ % practical လောက်ဆို မျှမယ်ထင်ပါတယ် ခင်ဗျ။ နောက်တစ်ခု ကျွန်တော် ခံစားမိတာကတော့ ကျောင်းမှာ သင်ပြနေတဲ့ ဆရာ၊ဆရာမတွေ ကိုယ်တိုင်က theory နဲ ့ practical ကိုမဆက်ပေးနိုင်ကြတော့ဖူး။ တကယ်ဆို theory သင်တယ်ဆို ပေမဲ့ application ကို exercise၊ group project တွေလုပ်ခိုင်းရင်၊ theory ကို လက်တွေ ့နဲ ့ကောင်းကောင်းဆက်စပ်ပြီး ရှင်းပြရင် ကျောင်းသားလည်းပိုစိတ်ဝင်စားမယ်၊ စာလည်းမမေ ့တောဖူး။ အခုတော့ theory ဆို ရှူပ်ရှတ်ခတ်နေတဲ ့integral တွေ၊ differential equations တွေဘဲ မြင်နေပြီး လက်တွေ ့ဘက်ကို မရောက်တော့ ဘူး။ အခုဆို ဆရာ၊ဆရာမတွေ ကိုယ်တိုင်ကလည်း industry နဲ ့ဝေးနေပြီ။ Industry နဲ ့ academic ကလည်း ပူးပေါင်းဆောင်ရွက်မှူ ့ကလည်းမရှိ၊ Final မှာဆင်းရတဲ ့ industrial training ဆိုတာ ကလည်း ဝေလေလေဘဲ။ (ကိုယ်တိုင် သဘောင်္ကျင်းမှာ အချိန်ဖြုန်းခဲ ့ဖူးလို ့ပါ) ဟိုနိုင်ငံတွေက လို internship program လေးတွေ လုပ်ပေးနိုင်ရင်ကောင်းမယ်။ ကျွန်တော့် နိုင်ငံကြီး လမ်းကြောင်းမှန်ပေါ် အမြန်ရောက်ပါစေ၊

    • weiwei

      February 1, 2012 at 4:03 pm

      Pazflor က MMU ကျောင်းဆင်းဖြစ်မယ်ထင်တယ် ….
      MMU ဆိုရင်တော့ သင်နေတဲ့ ဆရာ ဆရာမတွေကိုယ်တိုင် လက်တွေ့နဲ့ အလှမ်းဝေးတယ် … ကျောင်းသားနဲ့ ဆရာအင်အားမမျှဘူး … သင်္ဘောသားလုပ်မယ့်သူတွေကတော့ သင်္ဘောပေါ်ရောက်တော့မှပဲ လက်တွေ့လေ့လာနိုင်မယ်ထင်တယ်နော် … အလုပ်ကပဲ သင်သွားရသလိုဖြစ်နေမှာပေါ့ …
      လက်တွေ့နဲ့နီးစပ်တဲ့ သီအိုရီဖြစ်နိုင်ရင် အကောင်းဆုံးဖြစ်မယ်နော် …

      • lu nyo chaw

        February 1, 2012 at 8:16 pm

        “အင်တာနက်ခေတ်မို့ လေ့လာချင်သလောက် လေ့လာလို့ရတဲ့ အခွင့်အရေးတွေ အများကြီးရှိပါတယ် … ကျောင်းက ဆရာ ဆရာမတွေနဲ့ ခေတ်စနစ်ကိုပဲ အပြစ်တင်နေရင် ကိုယ့်အတွက် ဘာမှကျန်မှာမဟုတ်ဘူး …”
        အန်တီဝေ ပြောတာကိုသဘောတူပါတယ်။ သီအိုရီကို လက်တွေ့နဲ့ယှဉ်ပြီး ဘယ်လို သုံးရတယ်ဆိုတာကို ပြောနိုင်တဲ့ဆရာကြီး ဆရာမကြီးတွေနဲ့ တွေ့ရဖို့က အတော် ခဲယဉ်းသွာပြီဗျာကျွန်တော် ကျောင်းငါးနှစ်တက်ခဲ့တဲ့အတောအတွင်းမှာ ဆယ်ယောက်ပြည့်အောင် မကြုံ ရတော့ပါဘူး။ ဒါပေမယ့်ဆရာကြီးတွေက မရှိတော့တာတော့ မဟုတ်ဘူးဗျ။ ထားပါ ဒါက စနစ်တစ်ခုကြောင့် လို့ထင်ပါတယ်။ တကယ့် အလုပ်ထဲရောက်လာတော့ သီအို်ရီတွေကို မကျေညက်ခဲ့တာ အရမ်းနောင်တရတယ်ဗျာ။ fuel injection system လောက်ကိုတောင် ခုမှပြန်ဖတ်နေရတယ်။ သီအိုရီနဲ့လက်တွေ့မှာ ကျွန်တော့အမြင်နဲ့ လုပ်ငန်း အနေအထားအရကတော့ အတူတူနီးပါးပါပဲ။ဒါပေမယ့် အခြေခံအသိသညာ Basic concept မပါတဲ့ လက်တွေ့ကတော့ မကောင်းဘူးထင်တယ်။ အသစ်အသစ်သော နည်းပညာပြောင်းလဲမှုတွေက လက်တွေ့ကျွမ်းကျင် အဆင့်နဲ့ ရင်ဆိုင်ဖို့ခက်ခဲမယ်ထင်တယ်။ တရုတ် သိုင်းကားတစ်ကားမှာ ပြောထားတာလေးသတိရလို့ ………..
        အမာသိုင်း သုံးနှစ်ကျင့်တဲ့သူနဲ့ အပျော့သိုင်း သုံးနှစ်ကျင့်တဲ့သူ ချရင်အမာသို်င်းကနိုင်တယ်တဲ့
        ခြောက်နှစ်မှာလည်း အဲ့လိုပဲ ဖြစ်နိုင်သေးတယ်
        ကိုးနှစ်မှာတော့ အပျော့သိုင်းက အမာသိုင်းကိုန်ုိင်လာပြီတဲ့
        ဒါပေမယ့် ကြာလာတာနဲ့အမျှ အမာသိုင်းက အပျော့သိုင်းကိုဘယ်လိုမှ မယှဉ်နိုင်တော့ဘူးတဲ့

      • pazflor

        February 2, 2012 at 1:50 am

        ဟုတ်ကဲ့ခင်ဗျ။ marine နဲ ့ဆိုင်တဲ ့ဘာသာရပ်တွေထားလိုက်ဦးခင်ဗျ၊ အခုဟာ က fundamental engineering subjects တွေဖြစ်တဲ ့ thermodynamics၊ fluid mechanics တို ့တွေမှာပါ ခါးပြတ်နေပြီ လိုထင်မိပါယ်။

  • Khin Latt

    February 2, 2012 at 3:50 am

    ဝေဝေ ဘာကို ဆိုလိုတယ် ဆိုတာ အရီး တကယ် သဘောပေါက်ပါတယ်။
    အရီး က ပြည်ပ ရောက်နေပေမဲ့ ကိုယ့်ပြည် ကို အမြဲချစ် ပါ တယ်။ ပြည်တွင်းမှာ ရှိတဲ့ သူငယ်ချင်း တွေနဲ့လဲ အဆက်အသွယ် ရှိဆဲမို့ ကိုယ့်ပြည်အကြောင်း၊ ကိုယ့် ကျောင်းအကြောင်း၊ ကိုယ့် အလုပ်ဟောင်း အကြောင်း၊ ကိုယ့် မျိုးဆက်သစ် တွေ အကြောင်း အမြဲ သတင်းယူဆဲပါ။ ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့် လူမျိုး ကို အရမ်းတိုးတက် စေချင်ပါတယ်။
    ပညာရေး စံနစ် ကို ဝင် ဆွေးနွေးဖို့ အခု ကြံနေတာ။
    ကိုယ်က လက်မပါ နိုင်ပေမဲ့ လဲ စိတ်က ပါကြောင်း လေးတော့ ပြချင်လို့ပါ။

    ခင်တဲ့
    အရီးလတ်

  • eipu

    February 2, 2012 at 11:20 am

    ကျောင်းပြီးသွားလဲ theory တွေကဘဲများနေတော့ လက်တွေ့မှာအသုံးချလို့မရတော့ဘူး။

  • ကြောင်ကြီး

    February 2, 2012 at 12:03 pm

    ခါးမပြတ်အောင်
    မယားတက်ရင်
    ငါးထပ်က
    ဘားကလပ်ရဲ့
    မားဆက်မှာ
    ဇယားဖက်ကာ
    သွားနှပ်ပါ
    အားတက်လာမယ်..။

  • ကြီးသူ လက်တွဲမခေါ်
    ငယ်သူ နောက်ကမလိုက်။
    လုပ်ငန်းခွင် လူခေါ်
    တတ်ဘို့မလို
    တော်ဘိုသာလိုသောကြောင့်
    ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်
    ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်
    ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်ကြောင့်

Leave a Reply