အမှိုက်ထဲက စိတ်ဓာတ်များ

Moe TharMay 21, 20101min1271

အမှိုက်ထဲမှစိတ်ဓါတ်များ

(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..)))))

နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက်
အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့
နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို
ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။

နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်..
“သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး..
အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ
မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း
မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ
ရင်ဆိုင်ပါ..” တဲ့

ကျနော် နဖူးပေါ်က ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း.. အတွေးစကို ဖြတ်ကာ
အမှိုက်လှည်းကြီးကို ဂရုတစိုက် တွန်းလာခဲ့တယ်..။ ကျနော့် ပုဆိုးစလေးကို
ဆွဲကိုင်ရင်း လိုက်လာတဲ့ ညီမလေးကလည်း သူ့အသံလေးနဲ့ အမှိုက်.. အမှိုက်..!!
လို့ အော်ပေးရှာပါတယ်..။

ညီမလေးက အခုမှ (၆) နှစ် ရှိသေးတာ..။ တကယ်ဆို ကျနော်တို့ မောင်နှမက
ကျောင်းနေရမယ့် အရွယ်တွေပေါ့..။ ကျနော်သာ ကျောင်းနေခဲ့ရရင် အခုဆို
ရှစ်တန်း၊ ကိုးတန်း လောက်တော့ ရောက်နေလောက်ပြီ..။ ဘဝပေးကံက ကျောင်းဆိုတာ
ဘာမှန်းမသိလောက်အောင် ဆိုးရွားခဲ့တော့ ဒီဘဝ ဒီလိုသာ ဖြတ်သန်းရုံပေါ့..။

ကျနော် စိတ်ဓါတ်မကျပါဘူး.. အမှိုက်ကောက်လို့ ရတဲ့ ငွေလေးနဲ့ ကျနော်တို့
မောင်နှမ ထမင်းစားတယ်..။ စေတနာကောင်းတဲ့ အိမ်တွေက ကျနော်တို့ကို အဝတ်အစား
အဟောင်းတွေ ပေးကြတယ်..။ နေစရာကတော့ အမိုးအကာ ရှိတဲ့ တစ်နေရာရာဆိုရင်
နေလို့ ဖြစ်နေတာပါပဲလေ..။

“အမှိုက်..!!!!..”
အမှိုက်လို့ အော်ခေါ်သံကြားလို့ ကျနော် ဝမ်းသာအားရ မော့ကြည့်လိုက်တော့
ဟိုး.. ခြောက်လွှာကနေ လက်ယပ် ခေါ်နေတဲ့ အန်တီကြီး တစ်ယောက်..။

ကျနော် ညီမလေးကို အမှိုက်လှည်းနားမှာ စောင့်ခိုင်းပြီး လှေခါးထစ်တွေ
အတိုင်း ပြေးတက်ခဲ့လိုက်တယ်..။ ဒီအမှိုက်ဖိုးလေးရရင် ညီမလေးကို
ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရမယ်လေ..။

အခန်းတံခါး ခပ်ဟဟလေး ပွင့်လာတယ်.. ပြီးတော့ ဖြူဖြူဝဝ အန်တီကြီး တစ်ယောက်
ထွက်လာပြီး အမှိုက်တွေ ထည့်ထားတဲ့ သံပုံးကြီး တစ်ပုံး ထုတ်ပေးတယ်..။
“ရော့.. ကောင်လေး အမှိုက်ယူပြီးရင် အမှိုက်ပုံး ပြန်လာပေး..”

ကျနော်လည်း အမှိုက်ပုံးကြီးကိုမပြီး လှေခါးထစ်တွေ အတိုင်း ပြန်ဆင်းခဲ့တယ်..
အမှိုက်တွေ မကျအောင်လည်း ဂရုစိုက်ရသေးတယ်လေ..။

ညီမလေးကတော့ အမှိုက်လှည်းကြီးဘေးမှာ မြေကြီးတွေကို ဒုတ်နဲ့ ခြစ်ပြီး ဆော့နေလေရဲ့..
ကျနော်လည်း သံပုံးထဲက အမှိုက်တွေကို အမှိုက်လှည်းကြီးပေါ် ပစ်ပြီး
သံပုံးလွတ်ကြီးနဲ့ ပြန်ပြေးတက်ရတာပေါ့ .. ခြောက်လွှာကို..။

အပေါ်ထပ် အခန်းဝကို ပြန်ရောက်တော့..
“ဘယ်လောက် ပေးရမလဲ..”

“အန်တီ စေတနာရှိသလောက် ပေးပါခင်ဗျာ..”
“ရော့.. ငါးဆယ် ယူလိုက်..”

အန်တီကြီး ထုတ်ပေးတဲ့ နှစ်ရာတန်လေးကို လက်တဖက်က ကိုင်ပြီး ကျနော် ခေါင်း
ကုတ်လိုက်တယ်..
ကျနော့်မှာ ရှိတာက ငါးဆယ်တန် တစ်ရွက်ပဲ ရှိတာလေ.. ကျနော် ဘယ်လို အမ်းရမလဲ..။

ကျနော် ငါးဆယ်တန် နွမ်းဖတ်ဖတ်လေးကို ထုတ်ပြီး..
“ကျနော့်မှာ ငါးဆယ်ပဲ ရှိတာ.. ပြန်အမ်းဖို့ မရှိဘူး ခင်ဗျ.. အန်တီ အနှုတ်
မရှိဘူးလား..”
“ဟဲ့.. အဲဒါဆို ဘယ်လို လုပ်မှာလဲ.. ငါ့မှာ အနှုတ်မရှိဘူး..”

“ဒါဆို ကျနော် လမ်းထိပ်က ကွမ်းယာဆိုင်မှာ အနှုတ် သွားလဲ လိုက်မယ်..”
“ဘယ်ဖြစ်မလဲ.. နင် ပြန်မလာရင် ဘယ်လို လုပ်မလဲ.. နင်တို့လို
အမှိုက်ကောက်သမားတွေက ဒီလိုတွေကြီးပဲ..”

“ဟာ.. ကျနော် အဲ့လို မလုပ်ပါဘူး.. ကျနော် ပြန်လာ အမ်းမှာပါ..”
“အို.. တော်ပြီး ရှုပ်ရှုပ်ရှက်ရှက်.. နေ.. နေတော့.. အမ်းဖို့ မရှိရင်
မပစ်တော့ဘူး.. အမှိုက်တွေ သွားပြန်ယူပေး..”
“ဗျာ..!!..”
ကျနော် အံ့ဩသွားတယ်..။ စိတ်ထဲမှာလည်း ကျင်ကနဲ ဖြစ်သွားတယ်..။

ကျနော် ဘာမှ မပြောတော့ပါဘူး.. နှစ်ရာတန်လေးကို သူ့လက်ထဲ ပြန်ထည့်ပြီး
လည့်ထွက်ခဲ့လိုက်တယ်..။

လှည်းထဲက သူ့အမှိုက်တွေကို ကြည့်လိုက်တော့ ဘီယာဘူးခွံတွေ..
နိုင်ငံခြားဖြစ် တန်ဖိုးကြီး အစားအစာတွေရဲ့ ဗူးခွံတွေ..။ ညီမလေးက
တော်တော် ဗိုက်ဆာနေပြီ ထင်ပါတယ်.. အဲ့ဒီ ဗူးခွံတွေထဲက ကြက်ပေါင်ကြော်ပုံ
ပါတဲ့ ဂတ်ထူဗူးခွံကြီးကို ကိုင်ပြီး ကြည့်လို့..။

ကျနော် စိတ်မကောင်းတော့ ဖြစ်မိတယ်.. ဒါပေမဲ့ ကျနော် ဝမ်းမနည်းပါဘူး..။
ဒါဟာ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေကျ ခါးသက်သက် ဘဝပါ..။
လူတော်တော်များများက ကျနော်တို့ကို မသတီကြဘူး..။ နှိမ့်ကျနေတဲ့
ကျနော်တို့ ဘဝကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြဘူး..။ လက်တွဲဖေးကူမယ့်သူ
ဆိုတာလည်း ရှားပါးလွန်းလှပါတယ်..။ စိတ်ဓါတ်ဖြူစင်ပြီး
မေတ္တာထားတတ်ကြသူတွေလည်း ရှိတော့ ရှိပါတယ်..။ လူနည်းစုပေါ့..။

ကျနော်တို့ အမှိုက်ကောက်သမားဆိုတာ သူတပါးပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက်
ကိုယ်ကိုတိုင် အညစ်ပေခံပြီး ကူညီနေကြ သူတွေပါ..။ လူတွေက အမှိုက်
ဆိုတာနဲ့တင် လက်နဲ့ ပြန်ကိုင်ဖို့တောင် ရွံရှာ တတ်ကြပါတယ်..။ ဒီလို
သူများ ရွံရှာတဲ့ အလုပ်ကို ကျနော်တို့ကတော့ ကျေကျေနပ်နပ်ကြီး
လုပ်နေရတာပါ..။
ဒါဟာ.. ဘဝပေးကုသိုလ်ကံလို့ ပြောမလား..! ခေတ်ကာလကြောင့်လို့ ပြောမလား..!

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့
စိတ်ဓါတ်တွေ ရှိတယ်..

ကျနော် သက်ပြင်း လေးလေးကြီး ချကာ အမှိုက်လှည်းကြီးကို တွန်းပြီး
ထွက်လာခဲ့လိုက်တော့တယ်..
ညီမလေးကတော့ ပါးစပ်က အကျင့် ပါနေတဲ့ အော်နေကျ အတိုင်း..

(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..))))) တဲ့လေ..။

မှတ်ချက်။ ။ ဒီအဖြစ်အပျက်လေးက အမှိုက်ကောက်သမားလေး တစ်ယောက် တကယ်
ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး တစ်ခုပါ..။ “လဲနေသူ ထူပေးပါ..
အားငယ်သူ အားပေးပါ..” တဲ့.. ငယ်ငယ်က သင်ခဲ့ရပါတယ်..။ အခုခေတ်မှာတော့
“လဲနေသူ ကျော်သွားပါ.. အားငယ်သူ ဖိနှိပ်ပါ..” ဆိုတာမျိုးတွေ ဖြစ်နေပြီ..။
လူသားချင်း စာနာထောက်ထားကြဖို့တော့ လိုနေပြီ..။ သာမန်လူတစ်ယောက် အတွက်
ငွေနှစ်ရာဟာ ဘာမှ သုံးမဖြစ်တော့ပေမယ့် ဒီပိုစ့်ထဲက မောင်နှမအတွက်တော့
ထမင်းတစ်နပ်စာ ကောင်းကောင်းရပါတယ်..။ လူသားတိုင်း တစ်ဦးနဲ့ တစ်ဦး
အပြန်အလှန် မေတ္တာထားနိုင်ကြပါစေ..။

မှတ်ချက်။ ။
http://koyinnawkhinlaynge.blogspot.com/ကပါ..
ကိုယ်ပြောချင်တာနဲ့ တိုက်ဆိုင်တာနဲ့ ကူးပြီးတင်လိုက်တာပါ..

One comment

  • poeaung6

    May 21, 2010 at 1:56 pm

    လူစိတ်မရှိတဲ့(စာနာစိတ်)လူတွေရှိသလို ဆင်းရဲတာကိုအခွင့်အရေးတစ်ခုလိုပေါ့ပေါ့နေ ပေ့ါပေ့ါစားချင်တဲ့သူတွေလည်းရှိပါတယ် ငယ်စဉ်ကမကောင်းခဲ့လို့ အခုမကောင်းတာပေ့ါ လူကြီးမိဘအစ်ကိုတွေအပေါ်မှာမူတည်ပါတယ် တစ်ဦးတစ်ယောက်တည်းကောင်းလိုမရပါဘူး တစ်ချိိုပြောသလို ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်နေမယ်ဆိုရင်လည်းအစဉ်မပြေပါဘူး ကိုယ်ကောင်းသလို အများကောင်းအောင်းလည်း ကြိုးစားရမှပါ အခုဆိုရင် မြန်မာနိုင်ငံမှာနွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးမှုသင်တန်းတွေကို ဆရာတော်သံဃာတော်တွေ ဦးစီးပြီး ဖွင့်နေပါတယ်(သင်ကြားပေးနေပါတယ်) နောင် အနာဂတ်အတွက် ကြိုးစားအာထုတ်မှုပေါ့ခင်ဗျာ ဝိုင်းဝန်းကူညီကြပါလို တောင်းဆိုချင်ပါတယ် လူသားအားလုံး စာနာစိတ်နှင့် ကူညီနိူင်ကြပါစေ…………..။

Leave a Reply