ဘဝဆိုတာ ကစားနည်းတစ်ခုပါပဲ၊ ဒါပေမယ့် ပြန်စလို့တော့ မရဘူး

Moe TharMay 21, 20101min00

မှန်လိုက်တဲ့ စကားလေး… ဘဝမှာကိုယ်လုပ်ချင်တာကို ကိုယ့်ရဲ့စိတ်ကြိုက် လုပ်လို့ရတယ်… လုပ်ခဲ့တဲ့အတိုင်း လည်း အကျိုးပြန်ခံစားရမယ်… ကောင်းတာလုပ်ခဲ့ရင် ကောင်းမယ်… မကောင်းတာလုပ်ခဲ့ရင် မကောင်းတာကို ခံရမယ်… ဘယ်လိုမှ ငြင်းလို့မရဘူး… လက်မခံလို့မရဘူး… နောင်တ ဆိုတာလေးပဲ ရမယ်…
အခုမျက်မှောက်ခေတ်မှာလည်း ဘဝကို ကစားစရာတစ်ခုလိုသဘောထားပြီး အပူအပင်မရှိ ပေါ့ပေါ့တန်တန် နေနေတဲ့သူတွေ အများကြီးပဲ… သူတို့မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲတော့ မသိဘူး… ရှိပဲမရှိတာလား.. ထားပဲမထားတာလားဆိုတာတော့ သူတို့ပဲသိမှာပေါ့… `မရှိတာထက် မသိတာကခက်တယ်´တဲ့… မသိတာထက် ဆိုးတာကတော့ ဘာမှမလုပ်တာပါပဲ တဲ့… ဖတ်ဖူးထားတာတွေပေါ့… ကိုယ်ကိုတိုင်လည်း တစ်ခါတစ်လေ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ လေနေတဲ့အချိန်လေးတွေရှိခဲ့တာပေါ့… ဒါပေမယ့် သတိလေးထားပြီး စိတ်မလေအောင်ကြိုးစားရတာပေါ့…
ငယ်ငယ်တုန်းကတော့ ကလေးအတွေးနဲ့ စိတ်ကူးယဉ်ခဲ့တာပေါ့… ငါကြီးလာရင် ဘာဖြစ်အောင်လုပ်မယ်… ပိုက်ဆံတွေကို ဘယ်လိုရအောင်ရှာလိုက်မယ်… လုပ်ငန်းတွေလဲ အများကြီးလုပ်နိုင်အောင်ကြိုးစားမယ်ပေါ့… တကယ့်လက်တွေ့မှာ စိတ်ကူးယဉ်ထားခဲ့တာတွေနဲ့က တစ်ခြားစီပဲ… ငွေအရင်းအနှီးရှိရမယ်… လုပ်ငန်းအတွေ့ အကြုံရှိရမယ်… အဆက်အသွယ်ကောင်းကလဲ ရှိရမယ်… ကျန်တာလေးတွေလဲ ရှိတာပေါ့… ကိုယ့်မှာ အဲတာတွေမရှိလို့ လုပ်လို့မရတော့ဘူးပဲဆိုပါတော့… ကိုယ်ကဘာမှမလုပ်ပဲ ကံကိုပဲပုံချပြီး ငါ့မှာမှမရှိတာဆိုပြီး၊ ထိုင်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး… အဲဒီလိုခံယူရင်းနဲ့ တန်ဖိုးမရှိတဲ့သူတွေ ဖြစ်သွားတာအများကြီး ပဲ… အခွင့်အရေးတို့ အခွင့်အလမ်းတို့ဆိုတာကလဲ… ကိုယ်ကထိုင်စောင့်နေလို့ကတော့ သေသွားတဲ့အထိကို ရောက်လာမှာမဟုတ်ဘူး… ကိုယ်ကလည်း တတ်နိုင်သလောက် ရှာရမယ်… ရတဲ့အလုပ်ကို လုပ်… ဂျီးမများနဲ့… အဲဒီကနေ ကိုယ်နဲ့ကိုက်ညီမယ့် လုပ်ငန်းတစ်ခုခုကို တွေ့ကောင်းတွေ့နိုင်တယ်… ဒါမှမဟုတ် အဆက်အသွယ် ကောင်းကောင်းတစ်ခုရနိုင်တယ်… ယုတ်စွအဆုံး ဘာမှမရရင်တောင် လုပ်ငန်းအတွေ့အကြုံလေးတော့ ရအောင် ယူတတ်ရမယ်… ဘာမှမယူနိုင်ခဲ့ဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်သင့်ပြီ… ငါဟာဘယ်လို လူလဲဆိုတာပေါ့…
ဘဝကို ကိုယ့်ရဲ့စိတ်ကြိုက် ကစားလို့ရတယ်… ဘယ်သူမှလဲလာမပြောဘူး… ဘယ်သူမှလဲ ကိုယ်စားလုပ်ပေးလို့ မရဘူး… ဘယ်သူကမှလဲ အမိန့်ပေးလို့မရဘူး… ကိုယ့်ရဲ့စိတ်ကူးအတိုင်း ကစားသွားလို့ရတယ်… တစ်ခုတော့ ရှိတယ်… ကစားတာမကြိုက်တော့လို့ဖြစ်ဖြစ် ကိုယ်ရှုံးတော့မှာကိုကြောက်လို့ပဲဖြစ်ဖြစ် ပြန်ပြီးကစားချင်တယ် ဆိုတာတော့ မရဘူး… အဆုံးသတ်ရလာဒ်ကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ခံရမယ်… အဲဒီအချိန်မှာ ကိုယ့်ဘက်ကပြုံးနေနိုင်ဖို့ အရေးကြီးတယ်… ကိုယ်လုပ်ခဲ့တာကို ကိုယ်ပဲခံရမှာပဲ… လက်မခံချင် ဘူးဆိုပြီး ငိုနေလို့မရဘူး… အဲဒီတော့ ပွဲပြီးတဲ့အချိန်မှာ ကိုယ်ကပြုံးနိုင် ရယ်နိုင်ဖို့ကို အခုကတည်းက ကြိုးစားသင့်တယ်… နောင်တဆိုတာကို ချေဖျက်နိုင်အောင် ကြိုးစားရမယ်… နောက်ဆုံးပြောချင်တာလေး ကတော့…
`ဘဝဆိုတာ ကစားနည်းတစ်ခုပါပဲ၊ ဒါပေမယ့် ပြန်စလို့တော့ မရဘူး´