နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ကိုရင့်စေတနာ

koyin sithuNovember 7, 20111min1178

ထိုင်းနိုင်ငံတွင် ရေကြီး၍ ဒုက္ခပေါင်းစုံဖြင့် အမိမြေကို အားကိုးတကြီး ပြေးပြန်လာကြသော မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများကို မြဝတီနယ်စပ်မှနေ၍ ပွဲစားနှင့် နယ်ခြားစောင့်တပ်ဖွဲ့များက အေးဓါးပြတိုက်ကြပုံကို ၂၄ရက်နေ့ အောက်တိုဘာလ ၂၀၁၁ခုနှစ်တွင် ကျွန်တော်က ရေနစ်သူကိုမှ ဝါးကူထိုးပေးနေတဲ့ နယ်ခြားစောင့်တပ်များ အမည်ဖြင့် ပို့စ်ရေးသားခဲ့ပါသည်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဆိုးကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများသည် ရေကြီးမှုကြောင့် ရှိတဲ့ ကိုယ့်အထုပ်လေးဆွဲကာ ထိုင်းရဲနှင့် လဝကရဲများကို လမ်းတစ်လျှောက်ရှောင်တိမ်းက ကိုယ့်နိုင်ငံ၏ နယ်စပ်အရောက် အပြေးရောက်ခဲ့ကြသော်လည်း ကိုယ့်စည်းထဲရောက်မှ ဘတ်နှစ်ထောင့်ငါးရာ (မြန်မာငွေ သုံးသောင်း) မပေးသဖြင့် နယ်ခြားစောင့်တပ်များက ဖမ်းဆီးထားသည်ကား ဘာနဲ့တူသလဲဆိုရင် မိသားစုတစ်စုတွင် မိမိမိသားစုဝင် မောင်နှမတစ်ယောက် စီးပွားထွက်ရှာနေသည် အပြင်တွင် ရှာလို့ ရသမျှလည်း မိသားစုသို့ ပုံမှန်ပို့သည်။ သို့သော်လည်း အပြင်တွင် အလုပ်အဆင်မပြေလို့ ပြန်လာသောအခါ အိမ်တံခါးဝကနေ ဓါးထောက်၍ ပိုက်ဆံပေးမှ အိမ်ထဲဝင်လို့ရမယ်ဆိုသလိုပင်ဖြစ်နေသည်ကို ရင်ထဲမချိခံစားရသဖြင့် ထိုပို့စ်အား စေတနာမှန်စွာဖြင့် ဂေဇက်တွင် နယ်စပ်တွင် ဒုက္ခရောက်နေကြသော မြန်မာအလုပ်သမားများအား အလေးအနက်ထားပေးရန်နှင့် ချစားနေသော နယ်ခြားစောင့်တပ်ဖွဲ့များအား အရေးယူပေးပါရန် ပစ်စာဆန်ဆန် ရေးသားခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ထိုပို့စ်ကို ရေးသားအပြီးတွင် တစ်ပတ်အတွင်း နေပြည်တော်မှ စုံစမ်းမှုနှင့် အရေးယူမှုများ ပြုလုပ်လာသည်ကို ကြားသိရပါသည်။ နိုဝင်ဘာလ ၃ရက်နေ့တွင် မြဝတီတံတားဖွင့်၍ နေရပ်ပြန် မြန်မာအလုပ်သမားများကို တရားဝင်ဝင်၊ မဝင်ဝင် ပြန်လည်လက်ခံပေးခဲ့သည် သိရသည့်အတွက် အတိုင်းမသိဝမ်းသာမိပါသည်။ ထိုကြောင့် မီဒီယာများနှင့်တကွ ဂေဇက်သတင်းစာနှင့် သတင်းလောကကို စောင့်ကြည့်ပေးနေသော တာဝန်ရှိသူများအား ကိုရင်မှ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ…။ အဆင်ပြေသွားကြပြီးဖြစ်သော နေရပ်ပြန် အလုပ်သမားများရဲ့ သတင်းအပြည့်အစုံကို အောက်မှာဖတ်ကြည့်ကြပါခင်ဗျာ…

(ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပေးပါသည်)

ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြဝတီမြို့ကို ဆက်သွယ်ထားသော နှစ်နိုင်ငံချစ်ကြည်ရေး တံတားကို မြန်မာအာဏာ ပိုင်များက ယနေ့မွန်းလွဲ ၂နာရီခန့်တွင် ဖွင့်လှစ်ပေးလိုက်သည်။

ယနေ့ဖွင့်လှစ်လိုက်သည့် ချစ်ကြည်ရေး တံတားပေါ်မှ နေရပ်ပြန်မည့် မြန်မာ အလုပ်သမားများ(ဓာတ်ပုံ – ဧရာဝတီ)

ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် နေရပ်ပြန်လာသော မြန်မာအလုပ်သမားများ ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြဝတီတွင် လူ ပွဲစားများ၏ အဓမ္မငွေတောင်းခံရမှုများနှင့် အခြားပြဿနာများ ကြုံတွေ့နေရမှုများမှ ကင်းဝေးရန်အတွက် မြန်မာအစိုးရက တနှစ် ကျော်ကြာ ပိတ်ထားသည့် ယင်း ချစ်ကြည်ရေးတံတားကို ယာယီဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

ဘန်ကောက်မြို့တွင် ဖမ်းဆီးခံရပြီး မဲဆောက်ရှိ ထိုင်း လူဝင်မှု ကြီးကြပ်ရေး(လဝက)ရုံးသို့ ရောက်ရှိလာသည့် မြန်မာအလုပ် သမား ၁၀ဝ ကို ပထမအသုတ်အဖြစ် ထိုင်း လဝက အဖွဲ့က ချစ်ကြည်ရေးတံတား မှတဆင့် ယနေ့တွင် မြန်မာ ဘက်သို့ လွှဲပြောင်း ပေးရာ မြဝတီခရိုင် ဥက္ကဌ ဦးဇော်လွင်ဦး နှင့် တာဝန်ရှိသူများက လက်ခံခဲ့သည်။

ဦးဇော်လွင်ဦးက“ထိုင်းကနေ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေကို နယ်စပ်မှာ လူပွဲစားတွေက တယောက်ကို ဘတ် ၂၅၀ဝ ငွေညှစ်တဲ့ ကိစ္စတွေနဲ့ အခြားပြဿနာတွေကြောင့် နိုင်ငံတော်အစိုးရက အလုပ်သမားတွေအတွက် ဒီနေ့ကစပြီး တံတား ကို ဖွင့်ပေးလိုက်တယ်”ဟု သတင်းထောက်များကို ပြောသည်။

ယနေ့မှစ၍ ချစ်ကြည် ရေးတံတားမှလွဲ၍ အခြားတရားမဝင် နယ်စပ်ဂိတ်များမှ မြန်မာ အလုပ်သမားများကို မပို့ရန်လည်း ဦးဇော်လွင်ဦး က ထိုင်း လဝက အရာရှိကို ပြောကြားသည်။

မြဝတီခရိုင် လဝက ဦးစီးမှူးကလည်း“ကျနော်တို့ဘက်က ဖွင့်ပေးလိုက်ပြီးဖြစ်တဲ့အတွက် နောက်ကို ဒီလမ်းကပဲ ပို့ရမှာဖြစ် တယ်၊ တံတားပေါ်ကနေလူ ၁၀ဝ ပို့ပြီး အခြားတရားမဝင် ဂိတ်တွေကနေ ၃၀ဝ လောက် ပို့ပေးတာမျိုး မလုပ်စေချင်ဘူး”ဟု  ထိုင်း အာဏာပိုင်များကို ပြောသည်။

မြန်မာ အာဏာပိုင်များက နေရပ်ပြန်လာကြသည့် အလုပ်သမားများကို ဖမ်းဆီးအရေးယူခြင်း မရှိသည့်အပြင် လိုအပ်ချက်များကို အပြည့်အဝ အကူအညီပေးလျက်ရှိသည်ဟုလည်း ထိုင်းအာဏာပိုင်များနှင့် သတင်းထောက်များကို ဦးဇော်လွင်ဦးက ဖြည့် စွက်ပြောကြားသည်။

“ကျနော်တို့ အစိုးရကအလုပ်သမားတွေကို အပြည့်အဝအကူအညီပေးဖို့ ညွန်ကြားထားပြီး ဖြစ်တယ်၊ အခုပြန်လာကြတဲ့လူတွေကို နေရေးထိုင်ရေးကူညီပေးတဲ့အပြင် ငွေမရှိတဲ့လူတွေကိုလည်း အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါတယ်”ဟု ဦးဇော်လွင်ဦးက ဆို သည်။

မနက်ဖြန်မှ စတင်၍ ထိုင်းနိုင်ငံမှပြန်လာကြမည့် ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသည့် တရားဝင် အလုပ်သမားများနှင့် ဖမ်းဆီးခံ တရားမဝင် အလုပ်သမားများသည် ချစ်ကြည်ရေးတံတားမှ တဆင့်သာ နေရပ်ပြန်ကြရမည်ဖြစ်သည်။

နေရပ်ပြန် အလုပ်သမားများအတွက် ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ယာယီဖွင့်လှစ်ပေးခြင်းသာဖြစ်ပြီး အခြားလူများသွားလာခွင့်နှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် မရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ ရေဘေးနှင့် ဖမ်းဆီးခံရမှုများကြောင့် ယနေ့ မဲဆောက်သို့ရောက်ရှိလာသည့် မြန်မာအလုပ်သမားများမှာ ၅၀ဝ ကျော်ရှိသည်ဟု သိရသော်လည်း ပထမနေ့အဖြစ် ထိုင်း လဝက က ချစ်ကြည်ရေး တံတားပေါ်မှတဆင့် မြန်မာဘက်ပြန်ပို့သည့် အရေအတွက်မှာ လူ ၁၀ဝ သာဖြစ်သည်။
အောက်တိုဘာ လဆန်းက စတင်သည့် ဘန်ကောက်နှင့် ဆက်စပ်ခရိုင်များအတွင်း ရေဘေးဒဏ်ကြောင့် စက်ရုံအလုပ်ရုံများပိတ်၍ မဲဆောက်-မြဝတီ လမ်းကြောမှတဆင့် နေရပ်ပြန်လာကြသော ထောင်ချီသည့် မြန်မာ အလုပ်သမားများကို မြဝတီ ဘက် ရှိ အမှတ် ၁ဝ လှေဂိတ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် လူပွဲစားများက တဦးလျှင် ထိုင်းဘတ်ငွေ ၂၅၀ဝ ကောက်ခံ မှုများကြောင့် အလုပ်သမားများ အခက်အခဲ ကြုံခဲ့ကြရသည်။

ထိုသို့ အဓမ္မငွေတောင်းနေမှုကို နေပြည်တော် အမိန့်ဖြင့် မြဝတီခရိုင် အာဏာပိုင်များက လွန်ခဲ့သည့်အပတ်မှ စတင်အရေးယူခဲ့ပြီးနောက် ယနေ့တွင် အလုပ်သမားများအတွက် ချစ်ကြည်ရေးတံတားကို မြန်မာဘက်မှ ယာယီစတင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ် သည်။

မြန်မာဘက်မှ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ယမန်နှစ် ဇူလိုင်လ ၁၈ ရက်နေ့က စတင် ပိတ်ထားခဲ့သည်။

ဘန်ကောက်ရှိ မြန်မာသံရုံး တာဝန်ရှိသူများကလည်း နခွန်ပထုန် မြို့နယ် ဝပ်ရိုက်ခင်ဝစ်ထယာ ဘုန်းကြီးကျောင်းအတွင်း ယာ ယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးဒုက္ခကြုံနေရသည့် မြန်မာပြည်သားများကို ဖမ်းဆီးခြင်း မပြုလုပ်ရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနနှင့်ပူးပေါင်း ၍ ယာယီနေထိုင်ခွင့် စာရွက်စာတမ်းများ နှင့် ယာယီ ပတ်စ်ပို့များကို အောက်တိုဘာ၂၉ ရက်နေ့က စတင် ထုတ်ပေးခဲ့သည်။

 

 

 

8 comments

  • inz@ghi

    November 7, 2011 at 7:55 pm

    နိုင်ဂျံဂါး ဆိုတဲ့နေရာကြီးမှာ အလုပ်လုပ်စားသူ အချင်းချင်း..
    တချိုု့ ပညာနဲ့ ခေါင်းနဲ့ လုပ်စားတယ် ..တချို့လည်း ..ကာယနဲ့လုပ်စားတယ် …
    ဒါမှ မဟုတ်ရင် တချို့လည်း ပဲ …လူ့ သိက္ခာကို အဆုံးထိ အကျခံပီး လုပ်စားတယ် …

    သို့သော် ဒါတွေ အားလုံးဟာ မိသားစုအတွက် ကိုယ့် အသိုက်အမြုံလေးအတွက်
    ဆိုတာမျိုး ရည်စူးကြသူတွေရယ်ပါ…
    နိုင်ငံရပ်ခြား မှာ လုပ်ကိုင်စားသောက်ရတဲ့
    လုပ်သားတွေအပေါ် ကျောသားရင်သား မခွဲခြားပဲ …
    စာနာထောက်ကူပေးတဲ့ အမြင်လေးနဲ့
    ကိုရင့် စေတနာကို သည်ပို့စ် ထဲမှာ ..အတိုင်းသားမြင်ရတယ်ဗျာ …

    ခင်တဲ့
    Guy Inz@ghi

  • ပေါက်ဖော်

    November 7, 2011 at 8:12 pm

    ခုလိုကြားရတာ ဝမ်းသာတယ် ကိုရင်စည်ရေ….
    အထက်ထိရောက်အောင် ပို ့ဆောင်ပေးနိုင်တဲ့..သတင်းလောကသားတွေနှင့်..
    ကိုယ်ချင်းစာတတ်သူအားလုံးကိုလဲ..ကျနော်ကျေးဇူးတင်ကြောင်းပါဗျာ..း

  • windtalker

    November 7, 2011 at 8:35 pm

    ကိုရင် ရေ
    အုတ်တစ်ချပ် သဲတစ်ပွင့် မက ဖြစ်လာမှာပါ ဗျာ

  • pooch

    November 7, 2011 at 10:21 pm

    ကိုရင်စည်သူရေးတဲ့ စာကို လည်း ဖတ်လိုက်ရတယ် ..
    သိပ်မကြာဘူး အကူအညီတွေ ပေးတဲ့ သတင်းတွေကိုလည်း ဖတ်လိုက်ရတယ်…
    စိတ်ထဲလည်း ထင်မိပါတယ် ရွာထဲက ပိုစ့်လေးကြောင့်ဖြစ်မှာပါလို့….

    ဘယ်လိုပဲနေနေ ကျမတို့ ဒီရွာလေးကနေ အများကောင်းကျိုးသယ်ပိုးနိုင်တာလေးကတော့ အင်မတန်မှကို ဝမ်းသာစရာကောင်းပါတယ်…

    ကိုရင်လည်း တူသော အကျိုးပေးပါစေလို့….

  • Koyin Sithu

    November 7, 2011 at 10:44 pm

    @ကိုဇာ
    နိုင်ဂံဂျားက တကယ်တော့ အထင်ကြီးစရာမရှိပါဘူး…
    သာသည်မြေသို့ ဆိုတဲ့ ဆရာမငွေတာရီ ရေးခဲ့တဲ့ ကဗျာလေးကို
    ဖတ်ဖူးမှာပါ…ကိုယ့်ရပ်ကိုယ့်ရွာမှာ ဝင်ငွေနည်းလို့ စွန်စားပြီး ရှာဖွေနေကြတဲ့
    ထိုင်းနိုင်ငံရောက် လုပ်သားတွေအပေါ် နယ်ခြားစောင့်တပ်အမည်ခံ အေးဓါးမြတွေ
    ဆက်ဆံပုံကို မခံနိုင်လွန်းအားကြီးလို့ ရေးရခြင်းဖြစ်ပါတယ်ဗျာ….
    အားလုံးက ကာယ၊ ဉာဏနဲ့ ကိုယ့်မိသားစု၊ ကိုယ့်မိဘကို ရှာဖွေကျွေးမွေးနေကြသူတွေကို
    ဘယ်လိုပဲဖြစ်ဖြစ် တရားဝင်ဝင်၊မဝင်ဝင် နိုင်ငံတော် အစိုးရက စောင့်ရှောက်သင့်ပါတယ်။

    @ကိုပေါက်ဖော်
    သတင်းလောကကို စောင်ကြည့်ပေးတဲ့ သတင်ပေးတပ်ဖွဲမှ အထက်ထိအောင် တင်ပြပေးတဲ
    တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်…။ မှန်ကန်သော သတင်းနှင့် မြန်မာပြည်သားတွေအတွက်
    အကျိုးရှိစေမဲ့ သတင်းရေးရရင် ကိုရင်က တကယ့်စေတနာနဲ့ ရွာထဲမှာ အတင်းရေးဖို့တောင်
    လက်မနှေးကြောင်းပါ။

    @ကိုပေ့
    ကိုယ်ရေးလိုက်လို့ သတိထားမိတာဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကျနော် မှန်ကန်တဲ့စေတနာကြောင့်
    ကိုယ်ကိုယ် ကျေနပ်ပီတိဖြစ်ရပါတယ် ကိုပေ့ခင်ညာ။ ကိုပေ ပြောသလို မြန်မာပြည်သားတွေ
    ကောင်းကျိုးအတွက် အုတ်တချပ်သဲတစ်ပွင့်မက ကိုရင်က ထမ်းဆောင်ဖို့ အသင့်ရှိကြောင်းပါ။

    @မကြီးပုစ့်
    ဒီရွာလေးက တကယ့်ကို မြန်မာပြည်သားတွေအတွက် ကောင်းကျိုးပေးတဲ့ ဆိုဒ်တစ်ခုလို့
    ကျနော်မြင်ပါတယ်… သဂျီးနှင့်တကွ အထက်မှ တာဝန်ရှိသူအားလုံးကလည်း မြန်မာပြည်သူတွေရဲ့
    အကျိုးနဲ့ သတင်းအမှန်အကန်၊ စေတနာမှန်ကို ဖော်ပြတဲ့ ပို့စ်တွေကို ဖတ်ပြီး မြန်မာပြည်သားတွေ
    အကျိုးစီးပွားကို မျိုးချစ်စိတ်ဖြင့် ဆောင်ရွက်နိုင်ကြပါစေ ဆုတောင်းမိပါတယ်….။

    ခင်မင်စွာဖြင့်
    ကိုရင်စည်သူ

  • maungmoenyo

    November 8, 2011 at 8:22 am

    ကိုရင်စည်သူရဲ့ ကလောင်သွက်မှုကြောင့် ရာနဲ့ချီတဲ့ (နောက်ပိုင်းလဲဝင်လာကြမစဲ ဖြစ်မှာပါ) ထိုင်းနယ်တဖက်က တရားမဝင်လုပ်သားများပြည်တော်ပြန်လာခွင့်ရတယ်ဆိုတဲ့ မင်္ဂလာသတင်းကြားရတာ စိတ်ချမ်းသာလိုက်တာဗျာ…။ ဒီလိုမြန်မာအစိုးရက မိဘအရင်းသဖွယ်ကိုယ်ပြည်ပြန်ကြသူတွေ လက်ကမ်းကြိုကြတာမြင်ရင်၊ ထိုင်းတင်မဟုတ်ပါဘူး။ အခြားနိုင်ငံတွေကမှာရှိကြသူတွေ ဒုနဲ့ဒေးတွေကလဲ အထုပ်ပြင်ကြမှာမြင်ယောင်ပါတယ်။ ဒီအစီအစဉ်လက်ဇိုးရှေယုံမက ရာသက်ပန်ဖြစ်ပါစေလို့ဆုတောင်းပါတယ်။
    နိုင်ငံရပ်ခြားရောက်လို့ တိုက်ကြီးတာကြီးတွေ၊ ရာထူးကြီးတွေနဲ့ ဇိမ်ကျကြပေမဲ့ ကိုယ့်မြေကိုတော့ လွမ်းကြသူတွေချည့်ပါဘဲ။ ြိကိတ်ပြီးမျက်ရေကျကြရတဲ့ အဖြစ်တွေကပြောမကုန်နိုင်အောင်ပါနော…။
    တခုတော့ရှိပါတယ်။ ပြန်လာကြသူတွေက ကိုယ်ရပ်ကိုယ့်ရွာ စီးပွားဖြစ်အောင် ကိုယ်တတ်သမျှလေးတွေအပြင် အခွန်အခလေးတွေလဲထိုက်သင့်စွာပေးမယ်ဆိုရင်….။ အစိုးရမင်းတွေကလဲ တံခါးဝကဆီးပြီး လက်ဖြန့်အတင်းတောင်းတဲ့ ဧဓမြမတိုက်ဘူးဆိုရင်တော့ အတိုင်းထက်အလါန် တံခွန်နဲ့ကုက္ကားပေါ့။
    သာဓု (၃)ကြိမ်ပါ ..ကိုရင်စည်သူရေ့…။

  • pyinlepyaw

    November 9, 2011 at 10:27 pm

    ကိုရင်စည်သူရေးတဲ့စာကရေမြေခြားရောက်
    စီးပွားရှာနေသူတွေဒုက္ခရောက်နေလို.ပြန်လာတာကို
    ဧဓမြတိုက်တဲ့နယ်ခြားစောင့်တပ်လက်ထဲကနေ
    ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို.ကြားသိလိုက်ရတော့ဝမ်းသာမိပါတယ်
    ဒုက္ခရောက်ပြန်လာသူကို
    ရေနစ်သူဝါးကူဖိုးတဲ့သူတွေကိုလည်း
    ထိရောက်စွာအရေးယူမှု.ပြုမှသာ
    ပိုကောင်းမယ်ထင်တယ်
    ဒါမှဒီကောင်တွေကောင်မလုပ်ရဲမှာဗျ
    အဲ့ဒီအတွက်ကိုရင်စည်သူဒီကောင်တွေကို
    အရေးယူဖို.အထောက်ထားလေးတွေနဲ.
    စာလေးရေးတင်ဦးဗျာအစိုးရဘာလုပ်မလည်းဆိုတာကို
    စောင့်ဖတ်မယ်ဗျာ

  • min min san

    November 10, 2011 at 12:35 am

    Appreciate what you have done,,,,,,,,,,want to read more !!!

Leave a Reply