ကလေး၊ ကလေးဝ၊ တမူး တြိဂံလမ်းဆုံက မြတ်ဗုဒ္ဓရုပ်ပွားရေဆန်ကျွန်းဘုရား

Ma SweetNovember 11, 20111min814

မြန်မာ-အနိ္ဒယ ချစ်ကြည်ရေးလမ်းမကြီး၏ဘေး၊ ကလေး-ကလေးဝ-တမူး သုံးမြို့လမ်းဆုံနေရာ (ဒေသအခေါ် ကျီကုန်းတောင်) ရာဇဂီရိတောင်တော်ထပ်တွက် မဟာသာကပဋိမာ ရေဆန်ကျွန်း မြတ်ဗုဒရုပ်ပွားကို ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ကလေးမြို့မှ သွားရောက်ဖူးမြော်မည်ဆိုပါက သုံးမိုင်မျှဝေးပြီး စက်ဘီး၊ ဆိုင်ကယ်၊ လိုင်းကား ကြိုက်ရာဖြင့်သွားရောက်လို့ပါသည်။
မဟာသာကပဋိမာ ရေဆန်ကျွန်းမြတ်ဗုဒရုပ်ပွားတော်အဖြစ်မထုလပ်မီ ရေဆန်ကျွန်းသစ်ကြီး၏ သမိုင်းကြောင်းကလည်းစိတ်ဝင်စားစရာ ကောင်းလှပါသည်။ ကလေးမြို့နယ်သည် ရှေးယခင်ကစ၍ သစ်တောဝါးတောပေါများသော ဒေသဖြစ်သည့်အားလျော်စွာ ခေတ်အဆက်ဆက် ကလေးမြို့နယ်သစ်တောတွင်းမှ သစ်လုံးဝါးလုံးတို့ကို မျှောချဆွဲယူ သယ်ဆောင်ခဲ့ကြသည်။
ထိုအထဲတွင် ယခုရေဆန်ကျွန်းတုံးကြီးလည်း အပါအဝင်ဖြစ်သည်။ ကလေးမြို့နယ်၊ မော်လိုက်ကလေး ရွာအနီးမှ ဖြတ်သန်းစီးဆင်းသော နေရဉ္ဇရာမြစ်အတွင်း၌ ထိုရေဆန်ကျွန်းတုံးကြီးသည် ဆယ်ယူသူမရှိဘဲ မြုပ်လိုက်ပေါ်လိုက်၊ စုန်လိုက်ဆန်လိုင်ဖြင့် နှစ်ပေါင်းများစွာကြာခဲ့သည်။


[IMG]http://img825.imageshack.us/img825/2306/31372020773180928907010.jpg[/IMG]

ရေဆန်ကျွန်းဘုရား
၂၀၀၄ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်း နေရဉ္ဇရာမြစ်ရေကြည်လင်ချိန်၌် ထိုရေဆန်ကျွန်းတုံးကြီးကို စတင်တွေ့ရှိခဲ့ကြသည်။ ယခင့်ယခင်နှစ်များက မြစ်ကြောင်းအတွင်း စုန်လိုက်ဆန်လိုက် ပျောက်လိုက်ပေါ်လိုက် ဖြစ်နေသော ရေဆန်ကျွန်းတုံးကြီးသည် နှစ်အတန်ကြာပျောက်နေရာမှ ကလေးမြို့နယ်၊ မော်လိုက်ကလေးရွာအနီး မြစ်အတွင်း၌ တွေ့လာရခြင်းဖြစ်သည်ဟုဆိုသည်။ ရေစီးကြမ်းတမ်းလှသော နေရဉ္ဇရာမြစ်အတွင်း ရေဆန်ကျွန်းတုံးကြီးကို စတင်တွေ့ရှိသူမှာ မော်လိုက်ကလေးတောင်ရွာနေ ဦးမြင့်ဦးမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြစ်အတွင်း၌ ကျွန်းတုံးကြီးသည် စုန်ဆင်းမျောပါခြင်းလည်းမရှိ၊ ရေစီးအတွင်း၌ ရပ်တန့်နေသည်ဟု ဆိုသည်။ မော်လိုက်ကလေး ရွာသူရွာသားများထွက်လာ၍ အားလုံးက ဝိုင်းကြည့်လေ့လာကြသည့်အခါ ရေအောက် ကြမ်းပြင်နှင့်လည်း ငြိတွယ်ခြင်းမရှိ၊ အခြားနည်းနှင့် ဆွဲထားချိတ်ထားခြင်းလည်း မတွေ့ရ၊ ရေစီးအတွင်းမှာ အထက်ကိုပင်ဆန်တက်နေသည်ကိုတွေ့ကြရ၍ အနီးပတ်ဝန်းကျင်ရွာများပါ အုတ်အော်သောင်းတင်းဖြစ် ကမ်းလုံးညွှတ်မျှ လာရောက်ကြည့်ကြသည်ဟု ဆိုသည်။
ထိုအခါ ရေဆန်ကျွန်းတုံးကြီးကို စတင်တွေ့ရှိသူ မော်လိုက်ကလေးတောင်ရွာသား ဦးမြင့်ဦးက “ရေဆန်ကျွန်းစင်စစ်ဖြစ်ပါက မောလိုက်ကလေးတောင်ရွာအောင်ဇေယျကျောင်းသို့ ဘုရားထုလုပ်ကိုးကွယ်ရမည် ဆိုပါက ကြွတော်မူပါဘုရား” ဟုမော်လိုက်ကလေးရွာ တစ်ရွာလုံးကိုယ်စား ရေထဲဆင်းပင့်လျှောက်ပြီးလျှင် “ရေဆန်ကျွန်းအစစ်အမှန်ဖြစ်ခဲ့ပါက သာသနာအရောင် နေလိုလလိုထွန်းပြောင်နိုင်သည့်အရပ်ဒေသ ကိန်းဝပ်စံပျော်နိုင်ပါစေသား” ဟု အဓိဌာန်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုအခါ နေရဉ္ဇရာမြစ်အတွင်းမှ ရေဆန်ကျွန်းတုံးကြီးသည် အောက်သို့လည်းမစုန်၊ အထက်သို့လည်းမဆန်တော့ဘဲ တဖြည်းဖြည်းမြစ်ဆိပ်ကမ်းဘက်သို့ ဦးတည်ကပ်ရောက်လာသည်ဟု ဆိုပါသည်။ နေ့ည မော်လိုက်ကလေးရွာဆိပ်ကမ်း၌ ကျွန်းတုံးကြီးဆိုက်ကပ်နေပြီး ကျေးရွာလူထုအပေါင်းစုပေါင်း၍ နေရဉ္ဇရာမြစ်အတွင်းက ဆယ်ယူကာ မော်လိုက်ကလေးရွာတွင် ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ထားခဲ့ကြသည်ဟု ဆိုပါသည်။
၁၃၆၅ခုနှစ်၊ တန်ခူးလဆုတ် (၁)ရက် (၅-၄-၂၀၀၄)ရက်နေ့တွင် မော်လိုက်ကလေးကျေးရွာမှ ဆယ်ယူရရှိထားသည့် ရေဆန်ကျွန်းတုံးကြီးကို အများပြည်သူ အလွယ်တကူဖူးမြော်ကြည်ညိုနိုင်ရန် ကလေးမြို့မှ (၁၈)မိုင်အကွာ ကလေး-တမူးသွားကားလမ်းပေါ်ရှိ ကံသာယာရွာ ထေရဝါဒဗုဒ္ဓသာသနာပြု ှဗဟိုဌာနသို့ ပြောင်းရွှေ့ထားကြပြီး (၂၄-၄-၂၀၀၄)ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၊ ရဟန်းပညာရှိ၊ လူပညာရှိတို့တိုင်ပင်ကာ အများပြည်သူကုသိုလ် တရားပွားများနိုင်ရန် မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော် ထုလုပ်ကိုးကွယ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်၊ ရေဆန်ကျွန်းမြတ်ကို ဗုဒ္ဓရုပ်ပွားတော်မြတ်ထုလုပ်ခဲ့သည့် ပန်းပုပညာရှင်မှာ မြန်မာမှု ဦးအုန်းတင်ဟုသိရသည်။ ထိုရေဆန်ကျွန်းတုံးကြီးကို ဗုဒရုပ်ပွားတော်မထုလုပ်မီ သစ်တောဖက်ဆိုင်ရာ တိုင်းတာမှတ်သားချက်များအရ အလျား-(၁၆)ပေ၊ လုံးပတ်-(၁၀)ပေ (၁)လက်မ၊ (၁၀၁.၆၇)ကုဗပေနှင့် ၂.၀၃၃၄ တန်ရှိပြီးရေဆန်ကျွန်းတုံး၏ သက်တမ်းမှာ နှစ်(၁၂၀)ဟု သုံးသပ်ခန့်မှန်းခဲ့ကြသည်။
အဆိုပါ ရေဆန်ကျွန်းတုံးကြီးကို ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ပြီးစီးသည့်အခါ ကံသာယာရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝနမထေရ်က ကျောင်းဝင်းအတွင်း တိလောကမာရဇိန်စေတီတော်အနီးတွင် ယာယီဂန္ဓကုဋီတိုက်တော်တစ်ဆောင်ဆောက်လုပ်၍ ယာယီထိန်းသိမ်းစောင့်ရှောက် ပူဇော်ထားခဲ့သည်။
ထို့နောက် ရေဆန်ကျွန်း မြတ်ဗုဒ္ဓရုပ်ပွားတော်ဘုရားအား ကလေးခရိုင်၊ တမူးခရိုင်အတွင်းမှ အများပြည်သူများ၊ ပြည်တွင်းပြည်ပဘုရားဖူးများ၊ ခရီးသွားများ လွယ်လင့်တကူ ပူဇော်သက္ကာယပြုနိုင်ရန် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကတ္တရာလမ်းမကြီးဘေး ကလေး-ကလေးဝ-တမူး တြိကံလမ်းဆုံနေရာ မြစ်သာမြစ်ကမ်းနဖူးထိပ်နေရာကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဆရာတော်သံဃာတော်များ၊ နာယကဆရာတော်ကြီးများက ရွေးချယ်သတ်မှတ်ပေးခဲ့ကြသည်။ ထိုရွေးချယ်ခဲ့သော မြေနေရာသည် ရှေးနှစ်ပေါင်းတစ်ထောင်ကျော်ကာလက ကြက်ပျံကမကျစည်ကားခဲ့ဖူးသော ကလေးမြို့ဟု ကလေးသမိုင်းတွင် ပါဝင်သည့် တိမ်ညင်းမြို့အနီး၌ တည်ထားခြင်းလည်းဖြစ်ကြောင်း သိရသည်။ (မှတ်ချက် – ကလေးမြို့မှ ကလေးဝအသွားလမ်းကျီကုန်းမရောက်မီ တိမ်ညင်းဘုရားဟူ၍ တောင်ထွတ်ပေါ် ကြည်ညိုဖွယ်ဖူးတွေ့နိုင်ပါသည်)။ ကျီကုန်းကျေးရွာအနီး၊ ရာဇဂီရိတောင်တော်ပေါ်တွင် မြန်မာ့အနုလက်ရာ အပြောက်အမွမ်းများဖြင့် ဂန္ဓကုဋီကျောင်းတော်ကြီး ဆောက်လုပ်ပူဇော်ရန် စီစဉ်ကြပါတော့သည်။ (၉-၂-၂၀၀၅)ရက်နေ့တွင် ဆရာတော်သံဃာတော် ထေရ်ကြီးဝါကြီးများ၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ စစ်ဖက်၊ နယ်ဖက်ပုဂ္ဂိုလ်များ ပါဝင်ညှိနှိုင်းပြီး (၃-၆-၂၀၀၅)ရက်နေ့တွင် ရာဇဂီရိတောင်တော်ထက်တွင် ဂန္ဓကုဋီကျောင်းတော်ကြီး ပန္နက်တင်မင်္ဂလာ ဆင်ယင်ကျင်းပနိုင်ခဲ့လေသည်။
ကျောင်းတော်ကြီးပြီးစီးချိန် (၂-၇-၂၀၀၅) ရက်နေ့တွင် ကံသာယာရွာ ယာယီဂန္ဓကုဋီတိုက၌် စံပျော်လျက် ရှိတော်မူသော ရေဆန်ကျွန်း မြတ်စွာဘုရားရုပ်ပွားတော်အား ရာဇဂီရိတောင်တော်ပေါ်ရှိ ဂန္ဓကုဋီကျောင်းတော်ကြီးသို့ ပြောင်းရွှေ့ပင့်ဆောင်ခဲ့ကြပြီး (၆-၇-၂၀၀၇)ရက်နေ့တွင် နာယကဆရာတော် သံဃာတော်အရှင်မြတ်များက ဗုဒ္ဓဘိသေက အနေကဇာတင်လှူတော်မူခဲ့ကြသည်။
ယခု ရာဇဂီရိတောင်တော်ပေါ်တွင် ကိန်းဝပ်စံပျော်တော်မူသော ရေဆန်ကျွန်းမြတ်ဘုရား ထုဆစ်ထားသည့် ပုံသဏ္ဍာန်မှာ တစ်မူထူးခြားသောလက်ရာဖြစ်ပြီး စေတီဘုရားဟုဆိုနိုင်သကဲ့သို့ ဂင်္ဂ ါဝါဠုသဲစုမက ပွင့်တော်မူကြကုန်ပြီးသော မြတ်စွာဘုရား တို့ကိုလည်းရည်မှန်းထုလုပ်သည်ဟုဆိုသည်။ ရေဆန်ကျွန်းမြတ်ဗုဒ္ဓ ရုပ်ပွားတော်၏ညဏ်တော်အမြင့်မှာ (၁၉)ပေရှိပြီး အောက်ခံပလ္လင်တော်အမြင့်မှာ (၂)ပေ (၉)လက်မရှိကြောင်းသိရပါသည်။ ရေဆန်ကျွန်းရုပ်ပွားတော်မြတ်များ ထုလုပ်ထားပုံများမှာ အောက်ခြေတွင် ပဒုမာသနခေါ်ကြာပလ္လင်ခံ လေးမျက်နှာလှည့် ဘုရားလေးဆူအဖြစ် ယခုဘဒ္ဒကမ္ဘာတွင် ပွင့်ထွန်းပေါ်ပေါက် တော်မူပြီးကုန်သော ကကုသန္ဓ၊ ကောဏဂမန၊ ကဿပ၊ ဂေါတမဗုဒ္ဓ လေးဆူသောဘုရားတို့ကို မတ်ရပ်အနေအထားဖြင့် ထွင်းထုလုပ်ထားပါသည်။

ဖူးမြော်ပွားပုံ၊ မြတ်ဘုရား၏ဂုဏ်
အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှ ရေဆန်ကျွန်းမြတ်စွာဘုရားအား လာရောက် ကြည်ညိုဖူးမြော်ကြသော အများပြည်သူအကျိုးကိုရည်မျှော်၍ အရှေ့မျက်နှာအရပ်ဖက်မှ ဖူးမြော်ကြည်ညို ဆုတောင်းမှုပြုနိုင်သော မြတ်စွာဘုရားရှင်မှာ ကောဏဂမနဘွဲ့တော်ရှိသော ကောဏဂုံဘုရားရှင်ကို “လာဘမုဒြာ” ဟန်ဖြင့် ဖူးတွေ့နိုင်သည်။ (ဆရာတော်ကြီးတစ်ပါး၏မိန့်ဆိုချက်အရ လာဘ်လာဘနည်းပါးနေသူများ၊ ငွေကြေးအဆင်မပြေဖြစ်နေသူများ၊ ဈေးဆိုင်ရောင်းအားကျနေသူများ လာရောက်အဓိဋ္ဌာန်ဝင်သင့်သည်။ ပန်း၊ ရေချမ်း၊ ဆီမီး လာရောက်ကပ်လှူဆုတောင်းက အဆင်ပြေနိုင်သည်ဟု မိန့်ဖူးပါသည်။)
ရေဆန်ကျွန်းဘုရား၏တောင်ဘက်မျက်နှာတွင် ကဿပဘုရားရှင်အား ဖူးမြော်ကြည်ညိုနိုင်ပြီး “ညာဏမုဒြာ”ဟန်ဖြင့်ဖူးမြော်နိုင်ပါသည်။ (အဆိုအမိန့်အရ ကျောင်းသူ၊ ကျောင်းသားများ၊ ညဏ်နုံနည်းသူများ၊ စာမေးပွဲဖြေဆိုမည့်သူများ ဖူးမြော်ကြည်ညိုအဓိဌာန်ဝင်သင့်သည်ဟု မှတ်ချက်ပြုမိန့်ဆိုပါသည်။)
မြောက်ဘက်မျက်နှာတွင် ကကုသန္ဓေဘုရားရှင်အား ဖူးမြော်ကြည်ညိုနိုင်ပြီး “မဟာကရုဏာမုဒြာ” ဟန်ဖြင့် ဖူးမြော်နိုင်ပါသည်။ ဆရာတော်ကြီးမှပင်မိန့်ဆိုရာ ဤမြောက်ဘက်အရပ်မှ ကကုသန္ဓေဘုရားအား လာရောက်ဖူးမြော်ကြည်ညို အဓိဌာန်ဝင်၊ ပန်း၊ ရေချမ်း၊ ဆီမီးလှူ၍ ဆုတောင်းသူများသည် အများချစ်ခင်ကြည်ညိုလေးစားခြင်း၊ အစားအသောက်၊ အဝတ်အထည်ပေါများခြင်း၊ ကူညီမ,စမည့်သူပေါ်ပေါက်ခြင်းတို့နှင့် ပြည့်စုံနိုင်သည်ဟုမိန့် ဆိုပါသည်။
ရေဆန်ကျွန်းဘုရား၏အနောက်မျက်နှာအရပ်တွင် ဂေါတမဘုရားရှင်အား “အဘယလာဘမုဒြာ” ဟန်ဖြင့် ဖူးမြော်ရမည်ဖြစ်ပါသည်၊ (ဆရာတော်ဘုရားကြီး၏မိန့်ဆိုချက်အရဆိုပါမူ အနောက်မျက်နှာအရပ်မှ ဂေါတမဘုရားရှင်အား လာရောက်ဖူးမြော် အဓိဋ္ဌာန်ဝင်ဆုတောင်းကြသောသူများအနေဖြင့် အထူးထူးအပြားပြားသောဘေး၊ အထူးထူးအပြားပြားသောအနာရောဂါ ကပ်သုံးပါးတို့မှ လွတ်ကင်းနိုင်သည်ဟု ဆိုပါသည်။)
ဆုတောင်းပြည့် မတ်ရပ်တော်လေးဆူဘုရား၏အထက်၌် ထိုင်တော်မူဘုရား၊ ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူကြကုန်သော သုဇာတာ၊ ပီယဒသီ၊ အတ္ထဒသီ၊ ဓမ္မဒသီ၊ သိဒတ္ထ၊ တိဿ၊ ဖုဿ၊ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်ဘုရားဆယ်ဆူဖြစ်ပါသည်။ ထိုမှ အထက်ဖက်တွင် ကောဏ္ဍည၊ မင်္ဂလ၊ သုမန၊ ရေဝတ၊ သောဘိတ၊ အနောမဒဿီ၊ ပဒုမ၊ နာရဒဟုဆိုအပ်သော ရှစ်ဆူသောရုပ်ပွားဘုရားများ၊ ထိုမှအထက်ဖက်တွင် လေးဆူသောရုပ်ပွားတော်များကို ထုလုပ်ပူဇော်ထားပြီး အားလုံးနှစ်ကျိပ်ရှစ်ဆူသောဘုရားများကို ပူဇော်ထားပါသည်။ ထိုမှအထက်ဖက်တွင် စေတီတော်ပုံကို ထုဆစ်ပူဇော်ထားသည်ကို ကြည်ညိုဖွယ်ဖူးမြော်နို်င်ပါသည်။ ထိုရေဆန်ကျွန်းမြတ်ဘုရားတွင် ဂေါတမဘုရားအလောင်း ဗျာဒိတ်ခံယူတော်မူသည့် ဒီပင်္ကရာဘုရားမှအစပြု၍ ဂေါတမဘုရားရှင်အထိ နှစ်ကျိပ်ရှစ်ဆူသောဘုရားများကို ထုလုပ်ပူဇော်ထားခြင်းဖြစ်ပါသည်။
ကလေးမြို့၊ ကျီကုန်းကျေးရွာအနီး ရာဇဂီရိတောင်တော်ပေါ်ရှိ ရေဆန်ကျွန်းမြတ်ဘုရားတွင် ရှေးမူမပျက်ရှေးအနုလက်ရာများကိုလည်း ထည့်သွင်းထုဆစ်ထားလေသည်။ မြန်မာ-အိန္ဒိယနယ်ခြားဒေသတွင် ရှားရှားပါးပါးတွေ့မြင်နိုင်သောထူးခြားလက်ရာများဖြစ်သည်။ ထိုရေဆန်ကျွန်းမြတ်ဘုရားတွင် ရှားပါးပန်းပုလက်ရာများ၊ မြန်မာမှု သစ်သားထွင်းကနုတ်ပန်းများ၊ ပန်းတော့ အင်္ဂတေ၊ မြန်မာမှု သွပ်ပန်းတဉ်းလက်ရာများကို တွေ့မြင်နိုင်ပြီး အဝင်မုခ်ဦး၊ ခြင်္သေ့ရုပ်ထုကြီးများ၊ တံခွန်တိုင်၊ ခေါင်းလောင်း၊ မော်ကွန်းကျောက်စာ၊ မဟာရံတံတိုင်း၊ မင်္ဂလာကန်တော် စသည် သာသနိက အဆောက်အအုံများ ပါဝင်လေသည်။ ဖြတ်သွားဖြတ်လာ နိုင်ငံခြား ခရီးသွားများ၊ ပြည်တွင်းခရီးသွားများ ဝင်ရောက်ဖူးမြော် ကန်တော့ကြသည်ကို မကြာခဏတွေ့ရတတ်ပြီး ရွှေရောင်လွှမ်းသည့် ဂန္ဓကုဋီတိုက်တော်ကြီးကလည်း ခမ်းနားတင့်တယ်လှပါသည်။ သာသနိကအဆောက်အအုံဆောက်လုပ်မှုအစုစုကုန်ကျငွေ သိန်း(၁၀၀၀)ကျော် ကုန်ကျသည်ဟု ဆိုသည်။
ရေဆန်ကျွန်းမြတ်ဘုရား၏မြောက်ဘက်ကုန်းတော်ပေါ်တွင် ရှားပါးရှေးဟောင်းထောင်ပြည့် ဘုရားနှစ်ဆူကိုလည်း ဖူးမြော်ကြည်ညိုနိုင်ပြီး ထိုရာဇဂီရိတောင်တော်ပေါ်မှကွေ့ကောက်စီးဆင်းနေသော မြစ်သာမြစ်၏ရှုခင်းအလှများ၊ အရှေ့ဘက်ဟိုဝေးဝေးမှ ပုံတောင်ပုံညာတောင်တန်းမှ သွယ်တန်းလာသော ထန်တောင်၊ နွားတောင် တောင်လက်မောင်းများ၊ သစ်တောဝါးတောများ၊ ဟိုမှာဘက် ကလေးဝ ရွှေသမင်တောင်စွယ်အထိ စိမ်းစိုသာမောဖွယ်ရှုခင်းများကို ကြည်နူးစွာခံစားကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့မှလာလျှင်လည်းကောင်း၊ ချင်းတောင်၊ ကလေးမြို့မှလည်းကောင်း၊ ကလေးဝ၊ မုံရွာ၊ မန္တလေးဖက်မှ တက်လာခဲ့လျှင်လည်းကောင်း ကလေး-ကလေးဝ-တမူး တြိဂံလမ်းဆုံ ကျီကုန်း ရာဇဂီရိတောင်ပေါ် ရေဆန်ကျွန်းရုပ်ပွားတော်မြတ်ဘုရားကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

 

 

4 comments

  • Diamond Key

    November 11, 2011 at 1:02 pm

    ဆွိမမ ပြောပြသည့် ရေဆန်ကျွန်းမြတ်စွာဘုရားကို ဖူးမျှော်ခွင့် ရစေရန် သိန်းတစ်ထောင်ဆု အမြန်ပေါက်ကာ သေချာမုချ ဖူးမျှော် ရောက်ခွင့်ရပါစေ ခင်ဗျာ။

  • Ma Sweet

    November 11, 2011 at 1:35 pm

    သိန်းတစ်ထောင်ဆု ပေါက်မှ မဟုတ်ပါဘူး Diamond Key ရယ်…..
    လမ်းကောင်းရင် သွားဖူးလို့ရပါတယ် 🙂

  • AKKO

    November 11, 2011 at 3:27 pm

    ဖတ်ရတာ ဗဟုသုတရတယ်ဗျာ ။
    ဒီကျွန်းတုံးကြီးကို ဖတ်ရပြီး ဘိုးမင်းခေါင် ပင်လယ်ဘက်ကို စီးသွားတဲ့ ကျွန်းတုံးကြီးနဲ့များ ဆက်စပ်နေမလား တွေးမိတယ်ဗျ ။
    ဘိုးမင်းခေါင်စီးသွားတဲ့ ကျွန်းတုံးကြီးကတော့ ပင်လယ်အောက်ကို နှစ်လိုက်တယ် ကြားတာပဲ ။

  • windtalker

    November 11, 2011 at 8:12 pm

    ကလေးဘက် ရောက်ရင်ဖြင့်
    ဖူးစရာ ဘုရားတစ်ဆူ အကြောင်းရယ်ကို
    စေတနာရှင် မဆွိ က ပို ့

Leave a Reply