ရှေးရိုးရာ တစ်ဆယ့်နှစ်ဌာန ရွှေချလှုစရာ ပုဂံရွှေစည်းခုံမှာ

Diamond KeyNovember 12, 20116min2027

ရှေးရိုးရာ တစ်ဆယ့်နှစ်ဌာန ရွှေချလှုစရာ ပုဂံရွှေစည်းခုံမှာ

ပုဂ

ပုဂံဆိုတာက ပြည်တွင်းကသာမက ပြည်ပကပါ သိနေခဲ့ကြတာ ရှေးနှစ်ပရိစ္ဆေဒ ကြာမြင့်စွာကည်းကပါ။ ရှေးသမိုင်းတွေအရ ပုဂံကို ခရစ်နှစ် ၁၀ရ မှာ ယုန်လွှတ်ကျွန်းအရပ် (ရာဇဝံသဇာလိနီကျမ်းအရ ဧရာဝတီမြစ်မှ ၆မိုင်အကွာ၊ တုရင်တောင်အရှေ့ဘက် တစ်မိုင်အကွာနေရာ) မှာ စတင် တည်ထောင်ခဲ့ပါတယ်။ တည်ထောင်သူမှာ သမုဒ္ဒရာဇ်မင်းဖြစ်ပြီး ရွာ၁၉ရွာအား စုစည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပထမပုဂံ သမုဒ္ဒရာဇ်မင်းဆက်တွင် မင်းဆက် ရ ဆက် စိုးစံခဲ့ပါတယ်။

ဒုတိယပုဂံအဖြစ် သီရိပစ္စယာမြို့ကို ကျောက်စကား အရပ် (ပုဂံမြို့သစ်တောင်ဘက် ရေအိုးစင်ချောင်းရဲ့ မြောက်ဘက်ကမ်းနေရာ) မှာ ခရစ်နှစ် ၃၄၄ မှာ သေလည်ကြောင်မင်းလက်ထက်မှာ တည်ထောင်ပြန်ပါတယ်။ မင်းဆက် ၆ ဆက် တိတိ စိုးစံခဲ့ပါတယ်။

သိုက်တိုင်မင်းလက်ထက် ခရစ်နှစ် ၅၁၆ အရောက်မှာ တတိယ ပုဂံကို တမ္ပဝတီ အမည်နဲ့ ရွာစိုက်ရွာဟောင်း နေရာမှာ တည်ထောင်ခဲ့ပါတယ်။ ပုဂံခေတ်နှောင်းပိုင်းမှာ ယင်းအရပ်မှာ မိဘုရားဖွားစော နေခဲ့တာကို အကြောင်းပြုပြီး ဖွားစောရွာလို့ ခေါ်ဆိုကြပါတယ်။ တမ္ပဝတီမှာ မင်းဆက် ၂၂ ဆက် စိုးစံခဲ့ပါတယ်။

ပျဉ်ပြားမင်းလက်ထက် ၂၃ ဒီဇင်ဘာ ၈၄၉ ခုနှစ်မှာ လက်ရှိပုဂံနေရာမှာ စတုထ္ထမြောက်ပုဂံကို တည်ထောင်ပြန်ပါတယ်။ မင်းဆက် ၂၂ ဆက်တိတိ စိုးစံခဲ့ပါတယ်။ ပုဂံမင်းဆက် ၅၆ ပါးရှိပါတယ်။ ပုဂံဟာ နှစ်ပေါင်း ၅၁၉ နှစ်အကြာ နောက်ဆုံးမင်းဆက်မှာ စောမွန်နစ် (၁၃၂၅ – ၁၃၆၈) လက်ထက်ရောက်မှ ပျက်သုန်းခဲ့ရပါတယ်။ (ပုဂံပျက်သုန်းလုနီးကာလ ၉ ဖေဖေါ်ဝါရီ ၁၃၁၃မှာ ပင်းယမြို့တော်သစ်၊ ၂၆ မတ် ၁၃၁၆ မှာ စစ်ကိုင်းမြို့တော်သစ်၊ ၂၆ ဇန္နဝါရီ ၁၃၆၅ မှာ အင်းဝမြို့တော်သစ်များ အလျိုလျို ပေါ်ပေါက် လာခဲ့ ကြပါတယ်)။

ရှေးအဆိုတွေအရ “လှည်းဝင်ရိုးသံတစ်ညံညံ”၊ “ဝင်းဝင်းထိန်လျှံ”၊ “ဖြူရွှေလိုဝင်း” အစရှိသဖြင့် များပြားလှတဲ့ ပုဂံဘုရား အရေအတွက်ကို မှတ်သားခဲ့ကြပေမဲ့ ၁၉၇၃ ခုနှစ်  မှာ ၁၆ စတုရမ်းမိုင် အတွင်းမှာ ကောက်ယူခဲ့တဲ့ စာရင်းအရ မြေပေါ် သာသနိက အဆောက်အဦးပေါင်း ၂၂၁ရ ခု (ကျောင်းကြီးအုပ်နီ) ရှိပါတယ်။

ရွှေစည်းခုံ

ဒီလိုများပြားလှစွာသော ပုဂံရှေးဟောင်း ဘုရားတွေ         ထဲမှာ ရှေးအကျဆုံး မြန်မာစေတီ ပုံစံ ရွှေစည်းခုံစေတီတော် ကလည်း တစ်ဆူ အပါအဝင်ပါ။ စေတီတော်က ညောင်ဦးမြို့ရဲ့ အနောက်တောင်ဘက် ဧရာဝတီမြစ်ရဲ့ မလှမ်းမကမ်းမှာ တည်ရှိပါတယ်။ စေတီတော်ကြီးကို မင်းမြတ်အနော်ရထာက ၁၀၆ဝ ဇန္နဝါရီ ၁၄ ရက်မှာ စတင်တည်ဆောက်ခဲ့ပြီး သရေခေတ္တရာမှရရှိတဲ့ ဗုဒ္ဓမြတ်စွာရဲ့နဖူးသင်းကျစ်တော်နဲ့ ညှပ်ရိုးတော်၊ ဂန္ဓာရတိုင်း (တရုတ်ပြည်) မှ ပင့်ဆောင်ခဲ့တဲ့ မြဆင်းတုတော်နဲ့ စွယ်တော်ပွားတစ်ဆူ၊ ဒလမြို့မှ ပင့်ဆောင်လာတဲ့ ဆံတော်နဲ့ပစ္စယံ ၃ဆင့်ပြီးချိန်မှာ သီရိလင်္ကာမှ ပင့်ဆောင်လာတဲ့ စွယ်တော်မြတ် တို့ကို ဌာပနာ ပြုတည်ခဲ့ကာ မပြီးစီးခဲ့ပဲ ကျန်စစ်သား (၁၀၈၄ – ၁၁၁၃) နန်းတက်လာပြီးနောက် ၁၀၈၉ အောက်တိုဘာ ၁၈ ရက်နေ့မှာ  အပေါ်မှငုံတည်ကာ ၁၀၉ဝ ဧပြီလ ၁၅ ရက်နေ့တွင် ပြီးစီးခဲ့ပါတယ်။ စေတီတော်ကြီးမှာ ရှေးဟောင်းလက်ရာ လေ့လာစရာတွေက များမှများပါပဲ။

ရွှေစည်းခုံက ရှေးပုဂံလက်ရာတွေ

စိတ်ဝင်စားစရာ လက်ရာများ
သူငယ်တော်လေး ဝိတ်လျှော့နေဟန်

 

မုဆိုးလေလား
ထူးခြားတဲ့ဟန်

တစ်ဆယ့်နှစ်ဌာန ရွှေချလှုစရာ

စေတီတော်တွင် ကောင်းကျိုးများကို ပြည့်စုံစေသော ၁၂ ဌာနရှိကာ တစ်ဌာနလျှင်ရွှေတစ်ပြားကို လှူခြင်းဖြင့် ရွှေပြား ၁၂ပြားကို အစဉ်လိုက် လှူလေ့ရှိကြောင်း ဆရာတော် ဦးနန္ဒဝံသ၏ ရွှေစည်းခုံ သမိုင်းသစ်ကျမ်း စာမျက်နှာ ၃၃ရ မှာ တွေ့ရပါတယ်။ ဒီ ၁၂ ဌာနတွေက –

၁။ အတွင်း စေတီတော် ၊ လက်ရှိစေတီတော် အရှေ့မျက်နာဘက်မှာပဲ အတွင်းစေတီကို ရည်စူးကပ်လှုရပါတယ်။ နိဗ္ဗာန်ရောက်ဆုကိုတောင်းရပါတယ်။

အတွင်းအပြင်စေတီတော် ရွှေကပ်ရန်

၂။ ပထမ သပိတ်တော် ၊ စေတီတော်ရဲ့ အင်္ဂါထောင့်မှာ အုတ်ဇရပ်နဲ့ ရှိနေပါတယ်။ စည်းစိပ်အမျိုးမျိုးကို ခံစားရစေတယ်လို့ ဆိုပါတယ်။

ပထမ သပိတ်တော်

၃။ ရွှေသက်စိုးနတ် ၊စေတီတော်ရဲ့ အရှေ့မျက်နှာ၊ အောက်ဆုံးပစ္စယံတောင်ဘက်၊ အဂ်ါနံ ခြင်္သေ့အထက်နားမှာ ရှိပါတယ်။ အသက်ရှည်စေတဲ့ တောင်းဆုပြည့်တယ်လို့ ဆိုပါတယ်။

ရွှေသက်စိုးနတ်

၄။ သိကြားမင်းလုပ်တဲ့ခြင်္သေ့၊ အောက်ဆုံးပစ္စယံ အဂ်ါထောင့်တွင်ရှိကာ အဂ်ါနံ ခြင်္သေ့လို့ခေါ်ကြပါတယ်။ ဘေးရန်များကိုအောင်စေတယ်လို့ ဆိုပါတယ်။

သိကြားမင်းလုပ်တယ်ဆိုတဲ့ခြင်္သေ့၊

၅။ ပျသိင်္ဂီ (ပျသမင်္ဂီ) နတ်သမီး၊ စေတီတော်ရဲ့ အနောက်တောင်ထောင့်တွင် နတ်ကွန်းနဲ့ ရှိပါတယ်။ အနှောက်အယှက် အမျိုးမျိုး ကင်းဝေးစေတယ်လို့ ဆိုပါတယ်။

ပျသိင်္ဂီ (ပျသမင်္ဂီ) နတ်သမီး

၆။ အဘထက် သားတစ်လကြီး ရွှေစံကားနတ်၊ ရှေးက ရွှေမြို့စင်နတ်ကွန်း လို့ခေါ်ပါတယ်။ စေတီတော် အနောက်တောင်ဖက်တွင် အုတ်ခုံနှင့်ရှိနေပါတယ်။ ရောဂါဘယ ကင်းပစေတယ်လို့ ဆိုပါတယ်။

ရွှေစံကား

၇။ သားထက်တစ်လငယ်သော အဘ ရွှေညိုသင်နတ်၊ ရွှေစံကားနတ်နဲ့ ရွှေမြို့စင်နတ်ကွန်းမှာ ရှိပါတယ်။ ချစ်ခင်သူပေါစေတယ်လို့ ဆိုပါတယ်။

ရွှေညိုသင်

၈။ ပွဲစားကြီးနတ် (ပွဲမင်းကြီးနတ်လို့လည်း ရှေးကခေါ်) ၊ ရွှေမြို့စင်နတ်ကွန်းရဲ့ အနောက်ဖက်မှာ ရှိပါတယ်။ အရောင်းအဝယ် ကောင်းစေတယ်လို့ ဆိုပါတယ်။

ပွဲမင်းကြီး

၉။ ရွှေငါးကြင်း ၊ စေတီတော် အရှေ့ဖက် ကြေးကူတိုက် တောင်ဖက်နံရံမှာ ရှိပါတယ်။ ကုသိုလ်တရားများ ပွားများခွင့်ကို ရစေပါတယ်။

ရွှေငါးကြင်း

၁၀။ သိကြားမင်း ၊ စေတီတော် အရှေ့တောင်အရပ် ၃ရ မင်းနတ်ကွန်းတွင် ရှိပါတယ်။ လေ့လာစရာ ရှေးပုဂံလက်ရာ သစ်သားပန်းပု ဖြစ်ပါတယ်။ ကောင်းမှုလုပ်ငန်းများ တိုးပွားခွင့်ကို ရစေတယ်လို့ ဆိုပါတယ်။

ရှေးပုဂံလက်ရာ သစ်သားပန်းပု လက်ရာ သိကြားမင်း

၁၁။ ဆုတောင်းပြည့်စေတီ ၊ စေတီတော်ကြီးရဲ့ အရှေ့ဘက်မှာ ထင်ရှားစွာ ရှိနေတဲ့ မြေပေါက်စေတီ တစ်ဆူပါ။ နိဗ္ဗာန်မရောက်မှီ ကြားကာလမှာ တောင်းဆုများကို ပြည့်စေတယ်လို့ ဆိုပါတယ်။

ဆုတောင်းပြည့်စေတီတော်မှ ဗုဒ္ဒရုပ်ပွားတော်

၁၂။ အပြင်စေတီတော် ၊ အတွင်းစေတီတော်ကို ငုံထားသော လက်ရှိမြင်နေရတဲ့ စေတီတော်ကြီးပါ။ နိဗ္ဗာန်ရောက်ဆုကိုတောင်းရပါတယ်။

ပုဂံရောက်တဲ့ ဘုရားဖူးတွေက ရှေးရိုးရာ ကုသိုလ်ကောင်းမှု တောင်းဆုပြုကြရာမှာ စွယ်တော်လေးဆူ နေ့ခြင်းဖူးခြင်း၊ အလိုတော်ပြည့်ဘုရားမှာ တောင်းဆုတစ်ခု ပြုရခြင်းနည်းတူ၊ အများသိစရာ တစ်ဆယ့်နှစ်ဌာန ရွှေချလှုစရာ ပုဂံရွှေစည်းခုံဘုရားမှာ အကြောင်းလေးကို ဗဟုသုတ သိစရာ တစ်ခု အဖြစ် ဖော်ပြလိုက်ရပါတယ်။

ရွှေစည်းခုံည

7 comments

  • windtalker

    November 12, 2011 at 2:02 pm

    ကောင်းလေစွ ၊ ကိုစိန်သော့ရေ
    အနော်ဖြင့် နယူးရီးယားတိုင်း သွားနေကြ ကို ကိုစိန်သော့ရေးတင်သလောက်ကို မသိခဲ့ရဘူးဗျာ ။

  • ကိုရင်စည်သူ

    November 12, 2011 at 2:32 pm

    ကောင်းလှောင့်တေး
    ကစိန်သော့ရေ..
    ကင်မရာရိုက်ချက် အယူအဆတွေကို
    လေးစားပါတယ်ဗျာ..

  • ဆူး

    November 12, 2011 at 2:33 pm

    သိကြားမင်း ဆီမှာ ပညာရှင်တွေ သိပ်မရှိဘူး ထင်တယ် သိကြာမင်း လုပ်တယ် ဆိုတဲ့ ခြင်္သေ့ ကလည်း ပုကွကွ နဲ့ အရင်ကတော့ မြင်တယ် သိကြားမင်းနဲ့ မလွတ်ကင်းမှန်း အခုမှ သိတယ်။

    • Diamond Key

      November 12, 2011 at 2:41 pm

      သိကြားမင်းကြီးရဲ့တပည့်ကျော်တွေက နတ်သမီး တစ်ဖက်မှာမြောက်များစွာနဲ့ ခံစားနေရတော့ ပညာရှင်က ခေါ်မရတာများလားမသိ၊ ဒါမှမဟုတ် သိကြားမင်းကြီးကိုက မော်ဒယ်ဆိုဒ်ကို မကြိုက်ဘူးနဲ့တူတယ်နော မဆူးရေ။

  • “ဘီလူးကြီး”ogre

    November 12, 2011 at 3:23 pm

    ပုံရိုက်ချက်လေးတွေးကောင်းတယ်ဗျာ
    ဘာပဲပြောပြောကျုပ်ခါးကြားက
    တယ်လီဖုန်းအစုတ်လောက်မပြတ်သားဘူးဖြစ်နေတယ်
    ကျုပ်ရိုက်ချက်တွေသာတင်လိုက်ရရင်
    စိန်သော့တံကနေ စိန်သော့ဂလောက်ဖြစ်သွားမယ်
    ညှင်း..ညှင်း…. 🙂 😛

  • Shwe Tike Soe

    November 12, 2011 at 9:18 pm

    အခုလို သေသေချာချာ ရှင်းပြပေးတော့ သွားရင် အဲဒီနေရာတွေကို ကျော်မသွားတော့ဘူးပေါ့..
    နောက်တစ်ခေါက်ပုဂံသွားရင် သေသေချာချာလိုက် ဖူးအုံးမယ်..
    ဒါနဲ. အဖ ထက်သားတစ်လကြီး ဆိုတဲ. ရာဇဝင်လေးများ ပြောပြပေးပါလား …

  • blackchaw

    November 14, 2011 at 12:18 pm

    လန်းတယ်ဗျာ။ ဆရာသော့။

Leave a Reply