မိမိ အိမ်ထောင်ဖက်နှင့် ချစ်သူအပေါ် နိုင်ချင်သူများအတွက်…

koyin sithuNovember 12, 20111min37417

တစ်နေ့သောညနေကာလတစ်ခု၌ ကျွန်တော်သည် ကမ်းမမြင်လမ်းမမြင်ပင်လယ်ထဲတွင် အလုပ်လုပ်ကိုင်ရာမှ ဆိပ်ကမ်းသို့ ကုန်တင်ကုန်ချအတွက် ကမ်းကပ်နေသော အချိန်ဖြစ်လေသည်။ ကျွန်တော်သည် သင်္ဘောပေါ်တွင် အများနှင့်မတူ အလုပ်ကို ပိုမိုကြိုးစားလုပ်ကိုင်လေသည်။ အခြားတိုင်းတစ်ပါးသားများ လုပ်ကွက်တစ်ကွက်စာ လုပ်လျှင် ကျွန်တော်က လုပ်ကွက်နှစ်ကွက်စာ ကြိုးစားပြီး ပြီးအောင်လုပ်လေသည်။ အခြား သူများ အိပ်ကောင်းနေချိန်တွင်လည်း ကျွန်တော်သည် OT ဆင်း၍ အလုပ်များကို မနားမနေ အဆက်မပြတ်လုပ်ကိုင်နေလေသည်။ ထိုကဲ့သို့နေ့စဉ်နှင့်အမျှ အလုပ်ကို ကြိုးစားလုပ်ကိုင်နေရသော အကြောင်းမှာ ကျွန်တော်တွင် ခိုင်မာစွာရှိလေသည်။ ထိုအကြောင်းအရာတစ်ခုတည်းကြောင်း ကျွန်တော်သည် အလုပ်များကို နေမအား ညမအား ကြိုးစားလုပ်ကိုင်နေမိခြင်းဖြစ်သည်။

အလုပ်ကိုကြိုးစားလုပ်ကိုင်နေသော အကြောင်းမှာ ကျွန်တော်သည် အခြားသော သင်္ဘောသားများထက် လွန်စွာဆင်းရဲသောကြောင့်ပင် ဖြစ်သည်။ အဘဆရာမင်းသိင်္ခ၏ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်။ ချမ်းသာအောင်လုပ်ဟူသော ဆုံးမစကားသည် ကျွန်တော်၏ နှလုံးအိမ်ထဲတွင် သံမှိုစွဲထားသလိုဖြစ်နေလေသည်။ ထိုဆုံးမစကားကြောင့် ကျွန်တော်သည် အလုပ်မှန်သမျှကို ကြိုးစားလုပ်ကိုင်နေခြင်းဖြစ်လေသည်။

ကမ်းကပ်ထားသော အချိန်တွင်လည်း ကျွန်တော်သည် ဖုန်းကဒ်သွားဝယ်၍ အင်တာနက်လိုင်းချိတ်၍ မိမိထံကို ပို့သမျှ မေလ်းမှန်သမျှကို အကုန်အစင် စစ်လေသည်။ ထို့နောက် မိသားစုနှင့်တကွ အခြားသော မိတ်ဆွေအပေါင်းအသင်းများထံသို့ မေလ်းပြန်ပို့ပေးသည်။ ထိုမေလ်းများထဲမှ တခါတုန်းက ကျွန်တော့်ထံသို့ ဗေဒင်လာမေးခဲ့ဖူးသော ကျွန်တော် မိတ်ဆွေ အမျိုးသမီးတစ်ယောက်က အောက်ပါအတိုင်း ရေးသားပေးပို့ ထားသည်ကို တွေ့ရလေသည်။

ကိုရင်ရှင့်…
ကျွန်မ ကိုရင်ဆီက ဗေဒင်ဟောစာတမ်း မှာပါရစေ။ ကျွန်မရဲ့ ကံဇာတာကိုလည်း ပြည့်ပြည့်စုံစုံ တွက်ပေး စေချင်ပါတယ်။ အဓိက သိချင်တာကတော့ ကျွန်မရဲ့ အိမ်ထောင်ရေးပါ။ ယတြာတွေဘာတွေ ပေးလို့ မယ်ဆိုရင်လည်း လိုချင်ပါတယ်။ အိမ်ထောင်ရေးအကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျွန်မက ကျွန်မ ယောက်ျားကို ဘယ်လိုမှ ပြောဆိုလို့ မအောင်မြင်လို့ပါ ကိုရင်။ အဲဒီတော့ ယောက်ျားကို ပြောဆို အောင်မြင်စေမယ့် ယတြာလည်း လိုချင်ပါတယ်။ ဒီနေရာမှာ နည်းနည်းလေး ပြောပြချင်တာကတော့ ကျွန်မက ကျွန်မ ယောက်ျားကို အတင်းကြီး နိုင်ချင်တာတော့ မဟုတ်ပါဘူး။

ကျွန်မပြောဆိုသမျှ စကားတွေကို အောင်မြင်စေချင်တယ်။ တစ်ခုတော့ သေချာစွာ သစ္စာဆိုချင်ပါတယ်။ ကျွန်မက မကောင်းတဲ့ စကားတွေ ကိုယ့်ယောက်ျား အကျိုး ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်မယ့် စကားတွေကို ပြောနေတာလဲ မဟုတ်ပါဘူး။ နောက်ပြီး အကြောင်းမဲ့ သဝန်တိုပြီး ပူညံပူညံ လုပ်နေတဲ့ မိန်းမတစ်ယောက်လဲ မဟုတ်ပါဘူး ကိုရင်ရယ်။ နောက် ကျွန်မက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတတ်တဲ့ လူလည်း မဟုတ်ပါဘူး။ အဲဒါတွေကိုတော့ ကျွန်မ သစ္စာဆိုပြလို့ ရပါတယ်။

နောက် ကျွန်မပြောတဲ့ စကားတိုင်းစကားတိုင်းဟာ အကျိုးသင့်အကြောင်းသင့် ဖြစ်သင့်တာတွေကိုပဲ ရွေးချယ်ပြီး ပြောတာပါ။ မိသားစုနဲ့ ပါတ်သက်တာတွေ ဘာသာတရားနဲ့ ပါတ်သက်တာတွေ လူယဉ်ကျေးမှု့နဲ့ ပါတ်သက်တာတွေ အိမ်ထောင်ဦးစီးကောင်း တစ်ယောက် သစ္စာသမာဓိနဲ့ ပြည့်စုံတဲ့ မိသားစု ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့တွေပါပဲ။ ဒါပေမယ့် ကိုရင်ရယ် ဘယ်လောက်ပဲ ကောင်းတဲ့ စကားတွေကို အကျိုးသင့် အကြောင်းသင့် ပြောပြနေပေမယ့် ကျွန်မစကားကို လုံးဝ မနာယူဘူး။ ကျွန်မ ပြောလိုက်ရင် မင်းက အိမ်ထောင်ဦးစီးလား ငါလားဆိုတဲ့ ပုရိသဝါဒကို ကိုင်ဆွဲထားတဲ့ စကားနဲ့ပဲ အဆုံးသတ်လေ့ရှိတယ်။ ကျွန်မ ဘဝကို ကိုရင်ပဲ စဉ်းစားကြည့်ပါဦး ကိုရင်ရယ်။

အဲဒီတော့ ကြာလာတာနဲ့အမျှလေ ကျွန်မ အိမ်ထောင်ရေးဆိုတာကြီးကို အရမ်းစိတ်ကုန်လာတယ်။ သူ့ကိုတော့ စိတ်မကုန်ပါဘူး။ တစ်ခါတစ်လေကြတော့ ဟိုး အဝေးဆုံးကို ထွက်သွားချင်မိတယ်။ အားလုံးကို ပစ်ထားပြီးတော့ ပေါ့။ ဒါပေမယ့် ကျွန်မ ထွက်သွားလိုက်ရင် သူ ပိုပြီး ပျက်စီးသွားမှာ ကိုတော့ စိုးရိမ်မိတယ်။ ပြီးတော့ ကျွန်မလေ စိတ် မလျှော့လိုက်ချင်ဘူး။ ဒါကလည်း ကျွန်မ အကျင့်လို ဖြစ်နေပြီ။ မရဘူးဆိုတာကိုမှ ရအောင် လုပ်ပြချင်မိတယ်။ မဖြစ်နို်င်ဘူး ဆိုတာကိုမှ ဖြစ်အောင် လုပ်ကြည့်ချင်မိတယ်။

အဲဒီတော့ ကိုရင်ရယ် ။ စာလဲ တော်တော်ရှည်နေပြီ။ လိုရင်းကို မရောက်တော့ဘူး ဖြစ်နေတယ်။ ကျွန်မ အမျိုးသားကို ကျွန်မက ဘာသာတရားကို လေးစားပြီး လူကြီးသူမကို ရိုသေလေးစားတဲ့ ၊ ကိုယ့်မိသားစုကို ကိုယ် တန်ဖိုးထားတဲ့၊ ကိုယ့်ဇနီးမယား ကိုယ့်သားသမီးတွေကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်တဲ့ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး မပွေမရှုပ်တတ်တဲ့ ခေါင်းဆောင်ကောင်း အိမ်ထောင်ဦးစီးကောင်း တစ်ယောက် ဖြစ်စေချင်တယ်။ အဲဒီလို ဖြစ်လာဖို့အတွက် ကျွန်မကို စကားပြောရင် အောင်မြင်စေမယ့်နည်း ကိုယ့်လင်ယောက်ကျားကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်မယ့် နည်းလေး ပေးစေချင်ပါတယ်။

ကိုရင့်ရဲ့ပြန်စာကို စောင့်မျှော်နေပါ့မယ်။
ခင်မင်လေးစားစွာဖြင့်
(—————)

ကျွန်တော်သည် ထိုအမျိုးသမီးရဲ့စာကို သေသေချာချာ လေးစားစွာဖတ်ရှူ့ပြီးနောက် အဝေးမှနေ၍ ထိုအမျိုးသမီးကို ကူညီရန် ကျွန်တော် သင်ကြားခဲ့ရသော ဓါတ်ရိုက်ဓါတ်ဆင်နည်းများကို ပြန်လည်စဉ်းစား သုံးသပ်ရလေသည်။ ထို့နောက် ခြေများသော ၊ အိမ်မကပ်သော ၊ ရှုပ်ပွေသော အလုပ်ကောင်းစွာမလုပ်သော ၊ မိဘ ဆရာသမား လူကြီးသူမများ၏ စေတနာကို မလေးစားတတ်သော အနိုင်ကျင့်တတ်သော ၊ အချိန်ပြည့် မူးရူးနေလေ့ရှိသော ၊ အညင်းသန်လေ့ရှိသော ၊ မိသားစုကို တာဝန်မယူသော ၊ လင်ယောက်ျားများကို ကောင်းစွာစကားပြောဆို အောင်မြင်စေဖို့ရန် ၊ အနိုင်ရစေရန်အတွက် အောက်ဖော်ပြပါ ယတြာနည်းကို ပြန်လည် မေးလ်ပို့ပေးလိုက် လေတော့၏။ ကျွန်တော်၏ ရွာသူ/သားများလည်း အထက်ပါကဲ့သို့ အခက်အခဲများ ရင်ဆိုင်နေရပါက အောက်ဖော်ပြပါ နည်းအတို်င်း ဆောင်ရွက်ကြည့်ကြပါကုန်……

အရင်ဆုံး လွယ်လွယ်ကူကူ ဖြစ်အောင် လင်္ကာလေးနဲ့ စပ်ဆိုထားပါတယ်။ အောက်မှာ ကြည့်လိုက်ပါ။

ဥမိသာအံ
ကေသံနခါ
စဓအညော
ဝဩကောလ
ပကစမိ
သစ္စဝါသီ
တာလီပတ္တ

အဲဒါကတော့ မှတ်မိအောင် အလွယ်ဖြစ်အောင် လင်္ကာလေး စပ်ဆိုပေးထားတာပါ။ အားလုံးနားလည်အောင် ရှင်းပြပေးပါ့မယ်။

ဥမိသာအံ
တနင်္ဂနွေ သားသမီးများအပေါ် စကားဩဇာညောင်း၍ အနိုင်ရလိုပါက တနင်္ဂနွေရဲ့ ကြာသပတေးအခါ (တနင်္ဂနွေနေ့ မွန်းလွဲ -၁း၃ဝ မှ ၃းဝ၀)ကြားမှာ) သောကြာသားကို အုန်းပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ တနင်္ဂနွေသားကို နိုင်နေလိမ့်မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ကြိုးစားပြီး စိုက်ပါ။

ကေသံနခါ
တနင်္လာနေ့ သားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင် တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် တနင်္လာနေ့ရဲ့ သောကြာအခါမှာ (တနင်္လာနေ့ မွန်းလွဲ -၁း၃ဝ မှ ၃းဝဝ ကြားမှာ) စနေသားကို ကျွန်းပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ တနင်္လာသားကို နိုင်နေလိမ့်မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီး တစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။

စဓအညော
အင်္ဂါနေ့ သားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင် တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် အင်္ဂါနေ့ရဲ့ စနေအခါမှာ (အင်္ဂါနေ့ မွန်းလွဲ -၁း၃ဝ မှ ၃းဝဝ ကြားမှာ) တနင်္ဂနွေသားကို ဇီးပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ အင်္ဂါသားကို နိုင်နေလိမ့်မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။

ဝဩကောလ
ဗုဒ္ဓဟူးနေ့ သားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင် တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် ဗုဒ္ဓဟူးနေ့ရဲ့ တနင်္ဂနွေအခါမှာ (ဗုဒ္ဓဟူးနေ့ မွန်းလွဲ -၁း၃ဝ မှ ၃းဝဝ ကြားမှာ) တနင်္လာသားကို လင်းလွန်းပင် (သို့) ရွက်လှပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ ဗုဒ္ဓဟူးသားကို နိုင်နေလိမ့်မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။

ပကစမိ
ကြာသပတေး သားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင် တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် ကြာသပတေးနေ့ရဲ့ တနင်္လာအခါမှာ (ကြာသပတေးနေ့ မွန်းလွဲ -၁း၃ဝ မှ ၃းဝဝ ကြားမှာ) အင်္ဂါသားကို ပျဉ်းမပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ ကြာသပတေးသားကို နိုင်နေလိမ့်မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။

သစ္စဝါသီ
သောကြာသားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင် တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် သောကြာနေ့ရဲ့ အင်္ဂါအခါမှာ (သောကြာနေ့ မွန်းလွဲ -၁း၃ဝ မှ ၃းဝဝ ကြားမှာ) ဗုဒ္ဓဟူးသားသမီးကို သီဟိုဠ်ပင် တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ သောကြာသားကို နိုင်နေလိမ့်မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။

တာလီပတ္တ
စနေသားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင် တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် စနေနေ့ရဲ့ ဗုဒ္ဓဟူးအခါမှာ (စနေနေ့ မွန်းလွဲ -၁း၃ဝ မှ ၃းဝဝ ကြားမှာ) ကြာသပတေးသားသမီးကို ဒန်းပင် (သို့) ထန်းပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ စနေသားသမီးကို နိုင်နေလိမ့်မည်။ အပင် သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။

ဒီနေရာမှာ တစ်ခု ပြောချင်တာက ဒီဓာတ်ရို်က်ဓာတ်ဆင် ပညာဟာ ကိုယ့်အိမ်သား ကိုယ်မိသားစု မောင်နှမအရင်း ကိုယ့်သားသမီး အိမ်သူအိမ်သားတွေ အပေါ်မှာပဲ ပြောရရင်တော့ တိုက်ရိုက်ပတ်သက်သူ များအပေါ်မှပဲ ဆောင်ရွက်လို့ ရမှာပါ။

စိုက်ထားတဲ့ အပင်တွေကို ကိုယ့်အိမ်ခြံဝင်းတို့ အိမ်ဝရံတာတို့ မှာ ထားနိုင်ပါတယ်။ ရေမှန်မှန်လောင်းဖို့တော့ မမေ့ပါနဲ့။ အပင်ကြီးလာလေလေ ကိုယ်က နိုင်လေလေ ဖြစ်ပါတယ်။ အပင်သေသွားရင်လည်း စိတ်မလျှော့ပါနဲ့။ ထပ်စိုက်ပါ။ ဒီနည်းကို ယောက်ျားနိုင်တဲ့နည်း ၊ မိမိ သားသမီးများအပေါ် ဩဇာညောင်းစေတဲ့ နည်းအဖြစ် လက်တွေ့ ဆောင်ရွက်နို်င်ပါတယ်။ ။ အနို်င်တော့ မကျင့်ပါနဲ့။ မျှတသော စိတ်ထားနှင့် ကိုယ်ချင်းစာနာတဲ့ စိတ်နဲ့သာ ဆောင်ရွက်လို့ကတော့ မုချ မလွဲမသွေ အောင်မြင်ပါလိမ့်မယ်လို့ မေးလ်ပြန်လည်ရေးသားပေးပို့လိုက်လေသတည်း။

မှတ်ချက်။ ။ ဒီပို့စ်ဟာ ကျွန်တော်ရဲ့ ဗေဒင်၊ ယတြာနဲ့ ပတ်သက်တဲ့ ရွာထဲမှာ နောက်ဆုံးရေးတင်လိုက်တဲ့ ပို့စ်ပါခင်ဗျာ။ တစ်သက်လုံး ဗေဒင်ယတြာဟောခြင်းဖြင့် ငွေကြေးယူခြင်း မလုပ်စားပါဟု သစ္စာဆိုခဲ့ပါသည်။ သိကျွမ်းရင်းနှီးသော မိတ်ဆွေများမှအပ အခြားသူများအား ကျွန်တော် ဗေဒင်ဟောခြင်းလည်း လုံးဝမပြုလုပ်ပါ။ ရွာထဲမှာတော့ အခက်အခဲတွေ့နေသူများ အဆင်ပြေစေရန်ဆိုသော ကိုယ်သိတာ တတ်တာလေးကို စေတနာသန့်ရှင်းစွာဖြင့် ထိုကဲ့သို့ ပို့စ်များကို ရေးသားနေရခြင်းဖြစ်ပါတယ်။ ဆက်မရေးဖြစ်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ တကယ်တော့ ဗေဒင်ဆရာရဲ့ ဘဝဆိုတာ အိမ်သာနဲ့ တူပါတယ်။ အိမ်သာဖြစ်နိုင်အောင် မကြိုးစားနိုင်သော ကိုရင့်ကို အားလုံးခွင့်လွှတ်ကြပါကုန်….

 

ခင်မင်လေးစားစွာဖြင့်

ကိုရင်စည်သူ

17 comments

  • ပေါက်ဖော်

    November 12, 2011 at 3:33 pm

    ဘရား..ဘရား..
    နာ့.သက်ဆိုင်သူ မဖတ်မိပါစေနဲ ့….မဖတ်မိပါစေနဲ ့.. 😯

    လိုရ မယ်ရ…ကူးထားဦးမယ်..
    ကိုရင့် တက္ကနစ်တွေ….

  • “ဘီလူးကြီး”ogre

    November 12, 2011 at 6:09 pm

    အိမ်း အကွက်တွေ့ပြီကွဲ့
    စိတ်တော့မကောင်းဘူး နှာနဲ့ မတည့်တဲ့လူတွေသတိသာထားတော့
    အပင်ပေါင်းစုံစိုက်ထားလိုက်မယ်..ကိုရင်ကို “ရှဲရှဲနီ”ပဲ
    တစ်ခုတော့စဉ်းစားစရာပဲ ကိုရင်က သစ်တောထိမ်းသိမ်းရေးကလူများလားမသိဘူး
    သစ်ပင်တွေပဲစိုက်ခိုင်းတယ် ..။။။ 😛

  • aye.kk

    November 12, 2011 at 6:14 pm

    ကိုရင်စည်သူရေ..
    ဗေဒင်ဝါသနာအိုးမို ့ပရင့်ထုတ်ပြီး ကူးယူလိုက်ပါတယ်
    တစ်ဆင့်မျှဝေပေးချင်လို ့ပါ ဆရာတော်ခင်ကြီးဖျော်ရဲ ့မူရင်းကျမ်းကို ဖတ်ထားဘူးပေမယ့်
    အားလုံးကိုတော့ မမှတ်မိတော့ဘူး..

    • king

      November 12, 2011 at 6:45 pm

      ဆရာတော် ခင်ကြီးဖျော်ရဲ့ အကြောင်းတွေကို ဘယ်မှာ ရှာဖတ်နိုင်ပါသလဲဗျ
      တော်တော်ထူးချွန်တဲ့ ဆရာတော်လို့ ကြားဖူးနားဝ ရှိလို့ပါဗျ

      • ကိုရင်စည်သူ

        November 12, 2011 at 6:53 pm

        @ king ဖတ်ရန်

        ခင်ကြီးဖျော်
        မကာရလောပ အကျော် ခင်ကြီးဖျော်သည် သက္ကရာဇ် ၁၀၆၈-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ နံနက် ၄ချက်တီးကျော်၌ တောင်တွင်းကြီး မြို့နယ်၊ မြို့လုလင်မြို့၏ မြောက်ဖက် ပုတီးကုန်းရွာသား အဖ ဦးတိုးပြေ+ အမိ ဒေါ်မယ်ကြာ တို့မှ ဖွားမြင်သည်။ ငယ်မည်မှာ မောင်ဖျော် ဖြစ်သည်။

        ငယ်ဘဝ
        မောင်ဖျော်သည် အသက် ၇-နှစ်အရွယ်တွင် မြို့လုလင်မြို့၊ ကန်ရိုး ကျောင်း ဘုန်းတော်ကြီးထံတွင် စာပေစတင်၍ သင်ကြားရာ မြန်မာ သင်ပုန်းကြီးကို နေ့ချင်းညချင်း တခဏအတွင်း တတ်မြောက်လေသည်။ သုံးလအတွင်း ပရိတ်ကြီး ၊ နမက္ကရ၊ လောကနီတိဇာတ်ကြီးဆယ်ဘွဲ့ ပါဠိ အနက်တို့ကို နှုတ်တက်ဆောင်၍ သဘောသဘာဝ တို့ကိုလည်း မိမိရရ သိရှိလှသဖြင့် မေးသမျှ ခဲရာခက်ဆစ် တို့ကို ရုတ်တရက်ဖြေဆို နိုင်ပေသည်။
        .
        ၁၀-နှစ်သားအရွယ်တွင် ကန်ရိုးကျောင်း ဆရာတော်ကို ဥပဇျွာယ်ပြု၍ ရှင်သာမဏေ ဘဝမှာ သဒ္ဒါ၊ သင်္ဂြိုဟ်၊ မာတိကာ၊ ဓာတုကထာ၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာတို့ကို ကောင်းစွာ သင်ကြားတတ်မြောက်သဖြင့် ဆရာသမားတို့၏ ချီးကျူး မြှောက်စားခြင်းကို ရရှိလေသည်။

        အသက် ၂ဝ ပြည့်သောအခါ ရဟန်းဘောင်သို့ တက်၍ ရှင်သာမဏေဘဝက ရရှိမှည့်ခဲ့သော ရှင်ဉာဏဘွဲ့မှ ဦးဉာဏ ဘွဲ့သို့ မှည့်ခဲ့သော်လည်း ရဟန်းဘွဲ့ ဦးဉာဏ အမည်မှာ မထင်ရှား မကျော်စော၊ ငယ်မည် မောင်ဖျော်မှ ရဟန်းဖြစ်သဖြင့် `ခင်ကြီးဖျော်´ဟူ၍သာ ကျော်စောထင်ရှားလေသည်။ ရဟန်းအဖြစ်သို့ ရောက်လျှင် တောင်တွင်းကြီးသို့ သွား၍ စာတတ်အကျော် ဆရာတော်ဘုရားကြီးများထံ နည်းခံ၍ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို ကျနသေချာစွာ သင်ယူပြီးလျှင် ဗေဒင်၊ သက္ကဋ၊ ဓာတ်ဗိန္ဓောပညာ၊ ကဗျာ၊ လင်္ကာ စသည် တို့ကိုလည်း ခဏလွယ်ကူ တတ်မြောက်တော်မူသဖြင့် နိုင်ငံပေါ်တွင် အလွန်တရာ ထင်ရှား ကျော်ကြားလေသည်။

        ထိုသို့ လောကီ/လောကုတ္တ နှစ်လီစွယ်စုံ ပြည့်စုံလုံလောက် ကျမ်းဂန် တတ်မြောက်သော်လည်း အားရတင်းတိမ်ခြင်း မရှိဘဲ၊ လွန်ကဲသော ဆန္ဒအလျောက် ရဟန်း ၅-ဝါမြောက်တွင် ပေါက္ကံပြည် ရွှေကျောင်းဆရာတော် ဘုရားထံသို့ သွားရောက်၍ သဒ္ဒါဘက် ဆိုင်ရာ ဘေဒစိန္တာ၊ သဒ္ဒနီတိ၊ ရူပသိဒ္ဓိ အစရှိသော ပါဠိ သဒ္ဒါ အဖြာဖြာတို့ကို ကျနသေချာ ဝေဖြာသိရှိ ထိမိအောင် သင်ကြားတော်မူပြန်သဖြင့် သဒ္ဒါအရာ ရည်တူမရှိ၊ ကဝိတန်ခွန် ထူးချွန်ပြောင်မြောက် မုံသောက်မာတင် အာဇာနည်ဝင် ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ခင်ကြီးဖျော်မှာ ရွှင်သောဉာဏ်၊ ထက်သောဉာဏ်၊ နက်သောဉာဏ်၊ စူးရှထိုးထွင်းသောဉာဏ် တို့နှင့် ကုန်စင် အောင် စုံလင်ပြည့်ဝသဖြင့် မသိလှသောအရာ၊ မတတ်သောအရာ မရှိ သလောက်ဖြစ်၍ သာသနာဝင် ပညာရှိ အဆက်ဆက် တို့က မတစ်လုံးကျေသော`မကာရလောပ ခင်ကြီးဖျော်´ဟူ၍ ခေါ်စမှတ် ပြုကြသည်။

        ထိုသို့ တူမတူအောင် လောကဓမ္မ နှစ်ဌာနတွင် တတ်ကျွမ်းလှသော ဂုဏ်၊ သီလ.သမာဓိ.ပညာဂုဏ် တို့နှင့် ပြည့်စုံတော် မူသောကြောင့် နေ လအသွင် အလွန်ထင်ရှားသဖြင့် `လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညှင်း ဆောင်´ဆိုသလို လူအများ၏ နှုတ်ဖျားမှ တဆင့်စကား ပေါက်ကြား၍ သွားကာ ၁၁၁၆-ခုနှစ်မှာ အလောင်းမင်း တရားကြီးနှင့် သားတော်ကြီး အိမ်ရှေ့ဥပရာဇာ တို့က ရတနာသိင်္ဃ ကုန်းဘောင်မြို့သို့ ပင့်ဆောင်ပြီးလျှင် `ဉာဏာ လင်္ကာရ သဒ္ဓမ္မ သေနာပတိ မဟာဓမ္မရာဇဂုရု´ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းသည်။ ရတနာ ရွှေဘုံတုလွှတ်ကျောင်း တော်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းသည်။

        ထို့နောက် သံဃရာဇာ သာသနာပိုင် အဖြစ်သို့ တင်မြှောက်ခံရသည့်အပြင် လောကီ၊ လောကုတ္တရာ အဖြာဖြာတို့၌ တူမတူအောင်၊ အတုမရှိအောင် တတ်မြောက်တော်မူသဖြင့် `အတုလဆရာတော် ခင်ကြီးဖျော်´ဟူ၍လည်း ရှင်လူအများတို့က ခေါ်ဝေါ်ကြသည်။

        ပြုစုသောကျမ်းဂန်များ

        သဒ္ဒါဘက်ဆိုင်ရာ ပုဒ်စစ် သုတ်စစ် သဒ္ဒါစစ် နည်းလေးဆယ်၊ သံဝဏ္ဏနာများကို မြန်မာစကားသွား တိတိကျကျ မိမိရရ ရေးသားသောကြောင့် မြန်မာစာအရာ၊ သဒ္ဒါအရာမှာ ကျေးဇူးများသဖြင့် ယခုထက်ထိ သာသနာတော်မှာ အစဉ်အဆက် သင်ကြား၍ ထင်ရှားသော ကျမ်းတစ်စောင် ဖြစ်လေသည်။ ထို့အပြင် အဘိဓမ္မာ အကောက်ကျမ်းများ၊ ဆေးကျမ်းများ၊ ဓာတ်ကျမ်းများ၊ နက္ခတ်ကျမ်းများ၊ ဗေဒင်ကျမ်းများနှင့် အင်းအိုင် တောတောင် မြို့ပြဆိုင်ရာ ဗဟုသုတများစွာပါသော ဇမ္ဗူ့တန်ဆောင်ကျမ်း၊ ဇမ္ဗူကွန်ချာကျမ်း၊ကဝေသာရကျမ်း၊ ရတုလင်္ကာများ၊ ဆုံးမစာများကို ရေးသားတော်မူခဲ့သည်။

        ထို့အပြင် မင်းလက်ဝဲသုန္ဒရ၊ မင်းလက်ဝဲ နော်ရထာ စသော အမတ်ပညာရှိများ မေးလျှောက်ထားသော အမေးပုစ္ဆာ ပြဿနာများကိုလည်း တခဏအတွင်း ရုတ်ခြည်း ဖြေဆိုတော်မူသည်။ ထိုအမေးအဖြေများ ပါသော `အမေးတော်အဖြေကျမ်း´များလည်း မှတ်သားဘွယ်ရာ အနှစ်သာရ အတိနှင့် ပြည့်စုံလျှက် ရှိပေသည်။ ဤမျှ မကသေး သီဟို၊ ယိုးဒယား၊ တရုတ်၊ ဇင်းမယ်၊ ကသည်း၊ မဏိပူရပြည်များက မေးအပ်သောပုစ္ဆာ ပြဿနာများ ကိုလည်း ကောင်းစွာ လွယ်ကူ ဖြေဆိုတော်မူသည်။

        ဘဝနိဂုံး

        မိမိတကာတော်ရင်း ဖြစ်သော နောင်တော်ကြီးမင်း လက်ထက် သက္ကရာဇ်၁၁၂၄-ခု၊ သက်တော် ၅၆-နှစ်၊ ဝါတော် ၃၆-ဝါ တွင် လေရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသည်။

        Link = http://wikimyanmar.co.cc/wiki/index.php?title=%E1%80%81%E1%80%84%E1%80%B9%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%B1%E1%80%96%E1%80%BA%E1%80%AC%E1%80%B9

        .

        ဒါကတော့ မြန်မာဝီကီပိဒီယ အွန်လိုင်းစွယ်စုံကျမ်းက ရေးသားချက်တွေဖြစ်ပါတယ်။ ဆရာတော် ခင်ကြီးဖျော် ဟာ တစ်ခေတ် တစ်ယောက် ဆိုလောက်တဲ့ ပုဂ္ဂိုလ်ထူး တစ်ပါးဖြစ်ပါတယ်။ ဒီခေတ်အခေါ်လို ဆိုရင်တော့ Super Genius လို့ ခေါ်ရမယ် ထင်ပါတယ်။ ဒီ မြန်မာဝီကီပိဒီယ ထဲမှာ မပါသေးတဲ့ ဆရာတော်ရဲ့ အကြောင်းတွေလည်း ရှိပါသေးတယ်။

        ဆရာတော်ဟာ ဒီလို မတတ်တာ၊ မသိတာ မရှိတဲ့ “မ,တစ်လုံးကြေ ဆရာတော်” ဆိုပြီး နာမည်ကြီးနေချိန်မှာ ပညာစမ်းလိုသူ လူနှစ်ယောက်က ဘုန်းကြီးနဲ့ မလှမ်းမကမ်းနေရာကနေ “ဘုန်းကြီးဆိုတာ သီချင်းဂီတပညာတွေကျရင် (သံဃာတွေနဲ့ မအပ်စပ်လို့) ဒါတွေကိုတော့ သိမှာ မဟုတ်ပါဘူး” လို့ မကြားတကြား ပြောသတဲ့။ ဒါကို ခင်ကြီးဖျော်က ကြားတော့ “မင်းတို့ တီးမှုတ်တဲ့ တူရိယာ ပစ္စည်းတွေ အားလုံးယူခဲ့ကြစမ်း” လို့ မိန့်သတဲ့။

        .

        ဒါနဲ့ စောစောက ဒကာနှစ်ယောက်လည်း ဆိုင်းဝိုင်းကြီးကိုပါ မ, လာကြတော့တာပေါ့။ ဒါနဲ့ ဆိုင်းဝိုင်းထဲက တူရိယာတစ်မျိုးစီကို တီးမှုတ်စေပြီး သေချာစွာ နားထောင်ပါသတဲ့။ ပတ်ဝိုင်းသမားကလည်း ပတ်ဝိုင်း၊ နှဲသမားကလည်း နှဲ၊ ကြေးနောင် သမားကလည်း ကြေးနောင်၊ ပတ္တလားသမားကလည်း ပတ္တလား၊ ဗုံသမားကလည်း ဗုံပေါ့ အသီးသီး ကိုယ်ကျွမ်းကျင်သလောက် တီးမှုတ်ပြကြ စေပါသတဲ့။

        ဆရာတော်က သေသေချာချာဘဲ နားစိုက်ထောင်နေပါတယ်။ နောက်ဆုံးမှ ပေရွက်ပေါ်မှာ ကညစ်နဲ့ (၃)ပေါက်သံ၊ (၄)ပေါက်သံ၊ (၆)ပေါက်သံ စတဲ့ “ဂီတသင်္ကေတ” တွေကို ရေးချလိုက်ပြီး တေးသွားတစ်ခုကို ဖန်တီးလိုက်ပါတယ် တဲ့။ ပြီးရင် ပတ်ဝိုင်း သမားကို ဒီနေရာမှာ ဒီလိုတီး၊ နှဲသမားကို ဒီနေရာမှာ ဒီလိုမှုတ်၊ ကြေးနောင်သမား, ပတ္တလားသမားတွေကို လည်း ဘယ်နေရာမှာ ဘယ်လိုဝင်၊ ဘယ်လိုထွက် ဆိုတာတွေ ညွှန်ကြားပြီး စတင် တီးမှုတ်စေကြတဲ့အခါ “တစ်သက်လုံး ဂီတပညာနဲ့ ကြီးပြင်း လာတဲ့သူတွေတောင်မှ တစ်ခါမှ မကြားဘူးတဲ့ “နတ်တို့၏ တူရိယာများကို တီးမှုတ်သည့်အလား” သာယာ ညှင်းပျောင်း လှတဲ့ သီချင်းတစ်ပုဒ် ပေါ်ထွက်လာခဲ့ပါတယ်တဲ့။ ဝိုင်းအုံကြည့်ရှုနေကြတဲ့ လူပရိတ်သတ် များလည်း အားရနှစ်ထောင်း လက်ခုပ်သံ တဖြောင်းဖြောင်းပေါ့။ တီးမှုတ်နေတဲ့ ဂီတပညာရှင် တွေတောင်မှ ဒီတေးသံဟာ သူတို့ ကိုယ်တိုင် တီးခေတ် နေကြတာမှ ဟုတ်ရဲ့လားလို့တောင် မယုံကြည်နိုင်အောင် ဖြစ်ကြရပါသတဲ့။ ဆရာတော်ခင်ကြီးဖျော်ဟာ ဒီလို ပုဂ္ဂိုလ်ထူး ဖြစ်ပါတယ်။

        .

        တစ်ခါကလည်း တံငါသည် နှစ်ယောက်ဟာ ဒီလိုဘဲမကြားတကြားနဲ့ “ဘုန်းကြီးဆိုတော့ ပါဏာတိပါတာကံကို စောင့်ထိန်းရ တာမို့ ငါတို့လို ငါးဖမ်းတဲ့ ပညာကိုတော့ တတ်မှာမဟုတ်ပါဘူးလို့” ပြောကြပြန်သတဲ့။ ဒါကို ခင်ကြီးဖျော်ကြားပြန်တော့ စောစောက တံငါ နှစ်ဦးကို ခေါ်ယူပြီး လှေပေါ်မှာ တင်ကာ ငါးဖမ်းပိုက်ကွန်ပစ်ပုံ၊ ဖမ်းယူပုံကို လေ့လာပါသတဲ့။ ခဏလောက် စောင့်ကြည့်ပြီး “ကြည့် – ငါ ပစ်ပြမယ်” ဆိုကာ စောစော တံငါသည်တွေ ကွန်ပစ်ပုံနဲ့ မတူတဲ့ ကွန်ပစ်ပုံနဲ့ ပစ်ပြီး ဖမ်းလိုက်တဲ့အခါ “တစ်သက်လုံး တံငါသည်အလုပ်နဲ့ အသက်မွေးလာတဲ့ တံငါသည်နှစ်ဦး စောစောက ကွန်ပစ်ပြီးရတဲ့ ငါးတွေထက် (၃)ဆ လောက် ပိုရတယ်လို့ သတင်းကျော်ကြားသွားပါတယ်။ ပြီးမှ ငါးတွေကို ပြန်လွှတ်လိုက်ပါတယ်။

        .

        ဆရာတော်ဟာ ဒီလို ပါရမီရှင်တစ်ဦးပါ။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ အနှစ်တစ်ထောင်အတွင်း တစ်ယောက် ပေါ်ပေါက်ဖို့ မလွယ်ပါဘူး။ သူနဲ့ ပတ်သက်ပြီး တင်ပြစရာတွေ အများကြီးရှိတဲ့အနက်က ယနေ့ “အင်္ဂဝိဇ္ဇာ ပညာ” ကို တင်ပြချင်ပါတယ်။ အင်္ဂဝိဇ္ဇာ ပညာ နဲ့ ခင်ကြီးဖျော် ဆိုတာဟာ ခွဲမရတဲ့ အတွဲတစ်ခုဘဲဖြစ်ပါတယ်။ ယနေ့ ဗေဒင်ဆရာတွေ “အင်္ဂဝိဇ္ဇာပညာ ဆိုရင် ဆရာတော်ခင်ကြီး ဖျော်ရဲ့ ပညာလို့” ဘဲ သိရှိထားကြပါတယ်။

  • aye.kk

    November 12, 2011 at 6:56 pm

    မူရင်းကျမ်းကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်လာတဲ့ သူဆီမှာသာရှိတာပါ
    ရှာဖတ်ဖို ့ဆိုတာမလွယ်ပါဘူး မူရင်းကျမ်းထဲမှအချို ့ကိုကူးယူထားတာရှိပါတယ်
    ဘယ်လိုကူညီပေးရမလဲ ဆိုတာသာပြောပြပေးစေချင်ပါတယ်..

  • windtalker

    November 12, 2011 at 6:58 pm

    ကိုရင်ရေ
    ဆားပုလင်းနှင်းမောင် ပိုင်ရှင်ကြီးများ ရေးထားသလား အောက်မေ့ရအောင်
    ကိုရင့်စာက အစမှ အဆုံးထိ ဆွဲဆောင်သွားတယ်ဗျာ ။
    ဆရာမင်းသိင်္ခ ကတော့ ဝမ်းသာအားရကျေနပ်နေမှာ အမှန်ဘဲ ဗျို ့

  • ကြောင်ကြီး

    November 12, 2011 at 7:27 pm

    ကိုယ့်ချစ်တဲ့သူဆို နိုင်စမ်းပါစေဗျာ။ အနိုင်ကျင့်ခံချင်လို့ ယူထားတာ ဟုတ်ဖူးလား။ 😳
    ရွာသားများ ကိုရင်စည်သူ ဗေဒင်ဆက်မရေးတာ ဝမ်းနည်းမနေကြနဲ့၊ သူမရေးရင် ကြောင်ကြီးဆက်ရေးပေးမယ်။ သူနည်းက လူသိတယ်၊ ကြောင်ကြီးဆီမှာ ကိုယ်ကရှုံးချင်ယောင်ဆောင်ပြီး အနိုင်ရတဲ့ လူမသိသူမသိ ယတြာကောင်းရှိတယ်။ ကိုယ်ကလည်းနိုင်သေး အများအမြင်မှာလည်း အသနားခံရသေး၊ ဒီထက်ကောင်းတဲ့ ယတြာရှိအုံးမလား။။။။။။။ 😀
    ကိုရင်စည်သူရေးတဲ့ ဆရာတော်ခင်ကြီးဖျော် အကုန်တတ်ကြောင်း ပေးတဲ့ ဥပမာထဲမှာ တခုလောက် အပြုသဘော ပြောချင်တယ်။ နဲနဲပိုနေသလားလို့ပါ။ ဆိုင်းဆရာတွေကို ငါးပေါက် ခြောက်ပေါက်အသံတွေ ပေးပြီး တီးခိုင်းတော့ အရမ်းကောင်းတဲ့ သံစဉ်ထွက်လာတယ်ဆိုတာလေ။ ပြောသလောက် ဟုတ်ခဲ့ရင် ခင်ကြီးဖျော် တီးကွက်ဆိုပြီး ဟိုးလေးတကျော် ဖြစ်ကျန်ရမယ် ထင်ပါတယ်။ ဆရာတော် ဗေဒင်၊လက္ခဏာ၊ အင်္ဂဝဇ္ဇာ တဖက်ကမ်း ကျွမ်းတယ်ဆိုတာ ယုံကြည်ပါ၏။ သူအကုန်သိကြောင်း အထောက်အထားပြ ဖြစ်ရပ်များကိုလည်း လက်ခံပါ၏၊ သို့သော် အမွှမ်းတင်လွန်းတာများလည်း ပါနေသည် ထင်ပါသည်။

    • ကိုရင်စည်သူ

      November 12, 2011 at 7:49 pm

      ငါးကို မရှာ၊ ငါကိုရှာနေတဲ့ ဦးကြောင်ကြီး ဧကန်ဒတော့ ကြောင်ကတော်ကို တော်တော်ကြောက်ပုံရတယ်.. ဟီး 😀 😀
      ချစ်လို့ပေါ့နော်… ဗေဒင်မရေးတော့ပေမဲ့ တခြား အာလပသလာပတွေတော့
      ရေးအုန်းမှာပါ… ဆရာတော်ခင်ကြီးဖျော်ကိုက လေးစားသမှုနဲ့ စာပေအချို့မှာ
      အမွှမ်းတင်ရေးခဲ့ဟန်လည်းရှိပါတယ်။ တချို့တွေက ကိုယ်လေးစားတဲ့သူကို
      ပိုပိုသာသာလေး အမွှမ်းတင်တတ်တယ်လေ…။ မယုံရင် သဂျီးကို
      မေးကြည့်ပါလား…။ သူအမွှမ်းတင်တာ ဘယ်သူလဲ ဆိုတာ… 😛 😛 😛

  • Shwe Tike Soe

    November 12, 2011 at 8:51 pm

    ကျေးဇူး ကူးယုံတင်မဟုတ်ဘူး တစ်ခါထဲပါ အလွတ်ကျက်သွားပါတယ်…
    ဘာတဲ့ .. ဥမိသာအံ
    ကေသံနခါ
    စဓအညော
    ဝဩကောလ
    ပကစမိ
    သစ္စဝါသီ
    တာလီပတ္တ .. ဟဲဟဲ ဟိုဟာမလုပ်နဲ. ဒီဟာမလုပ်နဲ. ဟင်းနော်ဆိုတာတွေ ရပ်သွားအောင် စိုက်ထည့်လိုက်မယ်

  • ပေါက်ဖော်

    November 12, 2011 at 9:07 pm

    ကိုရင် လျှိုထားတဲ့“ အောမီးတော်ဖော ” ဆိုတာရှိသေးတယ်..
    ဘယ်နေ ့သားပဲ ဖြစ်ဖြစ်.

    တနင်္ဂနွေနေ ့မှာ.ကြွက်တစ်ကောင်ကို တံတွေစွတ်ပြီး..ဖုတ်စားရင်….

    ပြောစရာမလိုပဲ…စိတ်ကူးတာနဲ ့တင် အောင်တယ် ပြောတယ်..

    နော်..ကိုရင်နော်..နော်..နော်.

    😆

  • inz@ghi

    November 12, 2011 at 10:10 pm

    ကိုရင် နဲ့ သူ့ အဘ ကရေလည်ဆြာကျတယ်ဗျ…
    စကားမစပ် ကိုရင် အာရုံနဲ့ တားတားကို ဟောတာများ
    ကွက်တိဗျား ….

    ရီကော်မန်းလုပ်ပါသည်ခဗျား

  • xman

    November 12, 2011 at 11:48 pm

    ကိုရင်စည်သူရေ-
    သိချင်တာလေး မေးချင်လို့ပါ။
    ကျွန်တော် ငယ်ငယ် အသက်၂ဝ လောက်အထိ တခုခုကိုသိချင်ရင် မျက်စိမှိတ် အာရုံစူးစိုက်လိုက်တဲ့အခါ စိတ်ထဲပေါ်လာတတ်တယ်။ ဥပမာ သူငယ်ချင်းတယောက်က သူဘယ်တော့အိမ်ထောင်ကျမယ်ဆိုတာ မေးရင် စိတ်စူးစိုက်လိုက်တဲ့အခါ (ကိုယ့်အိမ်နံပါတ်ကိုယ်စဉ်းစားသလို) စိတ်ထဲပေါ်လာတယ်။ အဲဒါ များသောအားဖြင့် မှန်တာများတယ်။
    ကျောင်းပြီးလို့ အလုပ်လုပ်တော့ အဲဒါလုပ်တတ်တာ မေ့သွားတယ်။ နောက်ပိုင်းပြန်လုပ်ကြည့်ရင် လုံးဝ မရတော့ဘူး။ သမာဓိနည်းလို့ဆိုရအောင်ကလဲ နောက်ပိုင်းမှာ တရားထိုင်ဖြစ်တဲ့အခါ သမာဓိပိုတောင်ကောင်းနေတာ။
    အဲဒါလေး ဘာကြောင့်ဆိုတာ ကျေးဇူးပြုပြီး ရှင်းပြနိုင်မလား။
    ဆရာကြီးကို မရမ်းတလင်းမှာ သွားတွေ့ပြီးမေးကြည့်မလို့ ကြိုးစားဘူးသေးတယ်။ တွေ့ခွင့်မရခဲ့လို့ပါ။

    • ကိုရင်စည်သူ

      November 13, 2011 at 10:48 am

      @ xman ရေ…
      ညီငယ်ဖြစ်တာက အကိုအမြင်တခုတည်းနဲ့တော့
      မွေးရာပါ အကြားအမြင်အာရုံနည်းနည်းပါတယ်လို့ ပြောရပါမယ်…
      တချို့က မွေးရာ အတိတ်ကို ပြန်မြင်ရတယ်… အကြားအမြင်ရကြတယ်..
      မွေးရာပါ သမာဓိတည့်မတ်လာတာတွေ့ရတယ်….
      (အကြားအမြင်ရချင်ရင် လေ့ကျင့်လိုရပါတယ်.. အဘလည်း ကျွန်တော်တို့ကို
      သင်ပေးသွားပါတယ်… ဒါကတစ်ပိုင်းပေါ့)
      ကျွန်တော် မွေးရာပါ အကြားအမြင်ရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံဖူးတယ်…
      ဘာမှမတတ်ဘူးနော်… ဒါပေမဲ့ ကိုရင် တစ်ခွန်းမှ ပြန်မပြောနိုင်အောင်
      လက်ဖျားခါအောင် စွမ်းတယ်ဗျ…
      မောင်ရင့်မှာ အကြားအမြင်နည်းနည်းရပြီး ပျောက်သွားတာက သမာဓိနဲ့
      တိုက်ရိုက်မဆိုင်ဘူး… (သတိမထားမိလို့၊ အဲ့အာရုံဘက်ကို များများ အလေ့မထုံရင် ပြန်ပျောက်တတ်ပါတယ်) ဒီတော့ မောင်ရင့် အကြာအမြင်အာရုံကို ပြန်နှိုးဆွရမယ်…
      ချက်က္ကရာဆိုတဲ့ လူ့ကိုယ်မှာ နှိုးဆွနိုင်တဲ့ နည်းတွေအများကြီးရှိတယ်…
      အဲ့ပွိုင့်နေရာတွေကို စူးစိုက်ပြီး ပြန်လေ့ကျင့်ယူရမယ်… အဲ့နည်းတွေက
      အဘရေးခဲ့တဲ့ စာအုပ်တွေမှာ ပြန်ဖတ်ကြည့်ပါလို့ အကြံပြုပါတယ်…

      ခင်တဲ့
      ကိုရင်စည်သူ

  • Moe Z

    November 13, 2011 at 11:23 am

    အကြံကြီးကိုက သူများကိုနိုင်ချင်တာတဲ့ 🙁
    ကိုယ့်အချင်းချင်းမညှိပဲ ဗေဒင်ဆရာအားကိုးတဲ့သူကရှိသေး
    ဘာပဲဖြစ်ဖြစ်အပင်စိုက်ခိုင်းတာတော့ သဘောကျတယ်
    ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး 🙂

    • ကိုရင်စည်သူ

      November 13, 2011 at 12:05 pm

      @ မိုးဂလေး ရယ်.. နိုင်ချင်တဲ့သူက နိုင်ချင်ကြသလို
      အရှူံးပေးရင် နှလုံးအေးစေဆိုတဲ့ ခံယူချက်နဲ့ ရွာကညာပျိုတို့ရဲ့
      အားကိုးခံမယ့် ကိုရင်တို့လို ရုပ်ချော သဘောကောင်းတဲ့
      ရွာသားတွေလဲ ရှိပါသေးတယ်နော့…. 😛 😛 😛
      ရွာထဲမှာ အနိုင်လိုချင်သူတွေ များများလာလို့ ကိုရင်တို့ ကာလသားတသိုက် အချစ်သစ်ပင်လေးတွေ
      စိုက်ပြီး အေးချမ်းစေဖို့ ကြိုးစားနေပါတယ်ကွဲ့….
      ဦးကြောင်ကြီးက ကာလသားခေါင်းလုပ်မယ်ဆိုပဲ….
      (သူက ဘယ်နေရာရရ ခေါင်းမဟုတ်ရင် မလုပ်ဘူးဆိုလို့
      ခေါင်းဆောင်ပေးထားရတယ် 🙄 🙄 )

    • ပေါက်ဖော်

      November 13, 2011 at 1:00 pm

      အလဂါး..အလဂါး..
      ယုံနဲ ့..
      ကိုရင်စည်သွတ်ဆိုတာ ဒါ့ပုံထဲကအတိုင်းပဲ ဂတုံးဂျီးနဲ ့..ဘာမှအားကိုးလို ့ရဝူး..
      😆

Leave a Reply