ဂျာနယ်ဆောင်းပါးဖြစ်တဲ့ တန်ဖိုးရှိတဲ့ ဘဝလေးများဖြစ်စေချင်

လောကဇာတ်ခုံပေါ်မှာ အဖုံဖုံလှည့်ကြ၊ ကကြရတဲ့ သတ္တဝါတွေရဲ့ ဘဝရပ်တည်မှုတွေဟာ ပုံစံအမျိုးမျိုးနဲ့ပါ။ လူ့ဘဝကိုရလာတဲ့လူသားများကျတော့ လူရဲ့တာဝန်များကို ပြလုပ်ရမှာဖြစ်သလို အသက်ဆက်လက်ရှင်သန်ရန်အတွက်လည်း ဝမ်းစာဖြည့်ဖို့ ရှာဖွေစားသောက်ပေးရမဲ့ တာဝန်က လည်း ရှိလာပါတယ်။ အဓိကမိန်းဖြစ်တဲ့ လက်တစ်ဝါးစာလောက် ဝမ်းလေးတစ်လုံးအတွက် အလုပ်လုပ်နေလိုက်ကြရတာ မိုးလင်းမှ မိုးချုပ်တဲ့အထိ။ တော်သေးတာပေါ့။ လူတစ်ယောက်မှာ ဝမ်းဗိုက်တစ်ခုပဲ ပါလို့သာ။ ဒီဝမ်းဗိုက်လေး တစ်ခုအတွက်ကိုပင် လူတွေဒီလောက်မနေမနား လုပ်နေရတယ်ဆိုရင် ဝမ်းဗိုက်သုံးလေးခုများပါရင် မလွယ်လှပါလား။

တချို့ကျတော့လည်း ကိုယ့်ဝမ်းဗိုက်အတွက်ထက် သူများဝမ်းဗိုက်အတွက်ပြည့်အောင်၊ သူများလှပစွာဝတ်စားဆင်ယင်နိုင်အောင်ဆိုပြီး ရရာအလုပ်ကို လုပ်ကိုင်ရှာဖွေပေးနေရတယ်။ ဘယ်လိုနည်းနဲ့ပဲရှာဖွေနေပါစေ မိမိရှာဖွေတဲ့အလုပ်ဟာ ရိုသားဖို့၊ သမ္မာအာဇီဝကျဖို့တော့ လိုပါတယ်။ ရိုးသားစွာ ရှာဖွေစားသောက်ရတဲ့အတွက် ဆင်းရဲချင်ဆင်းရဲမယ်။ နိမ့်ကျချင် နိမ့်ကျပါလိမ့်မယ်။ ဒါပေမဲ့ “ရိုးသားမှုဂုဏ် စားမကုန်”ဆိုတဲ့ စကားပုံအတိုင်း ရိုးသားစွာနဲ့ အသက်မွေးဝမ်းကြောင်းပြုရင် ရေရှည်တစ်သက်လုံး စားလို့မကုန်နိုင်ပါဘူး။ လူဆိုတာ အရှက်ဂုဏ်သိက္ခာကို တန်ဖိုးထားရမှာဖြစ်တဲ့အတွက် ရိုးသားမှုဂုဏ်ဟာ တန်ဖိုးကြီးပြီး စားလို့မကုန်ဘူးဟု ရှေးလူကြီးများက ဆိုခဲ့ကြတာပါ။ မရိုးသားတဲ့နည်းနဲ့ရတဲ့ ငွေကြေးဟာ မိမိအတွက် ခဏတာပဲစားသောက်ရပြီး ကျဆင်းသွားတဲ့ဂုဏ်သိက္ခာကတော့ တစ်သက်လုံးပဲ အမာရွတ်ထင်နေပါတယ်။ ရိုးသားစွာနဲ့နေထိုင်တဲ့ပုဂ္ဂိုလ်ဆိုရင် လူအများရဲ့ ချစ်ခင်မှုကိုလည်း ခံစရစမြဲပါ။ ရိုးသားတဲ့လူဟာ နေရာတကာမှာ မျက်နှာပန်းပွင့်ကာ တစ်သက်လုံးအေးချမ်းစွာနဲ့ နေထိုင်သွားလာနိုင်ပါတယ်။ ကိုယ်ကျင့်စာရိတ္တကောင်းလို့ လူချစ်လူခင် ပေါများတာကသာ ရေရှည်ချစ်ခင်မှုကို ရရှိတာပါ။ ပိုက်ဆံရှိလို့ ကပ်ဖားရပ်ဖားချစ်ခင်တဲ့ လူများဆိုတာကတော့ ခဏတာပိုက်ဆံရှိတဲ့အချိန်ပါပဲ။ မိမိမှာ ပိုက်ဆံမရှိတော့တဲ့ချိန်ဆို ချစ်ခင်ဖို့နေသာသာ နှုတ်ဆက်ဖော်တောင် မရကြတော့ပါဘူး။

မတရားတဲ့နည်းနဲ့ ရှာဖွေစားသောက်ရတာဟာ သံရည်ပူ မျိုရခြင်းထက် ပိုဆိုးတာကို လူတိုင်းသိမယ်ထင်ပါတယ်။ သူများမျက်ရည်ပေါက်ကျထားရတဲ့ ငွေကို မိမိက မြိုန်ရှက်စွာစားသောက်နိုင်တယ်ဆိုရင်လည်း အဲဒီလူဟာ တော်တော်မိုက်ရူးရဲတဲ့လူပဲ ဖြစ်ပါလိမ့်မယ်။ စာရိတ္တပျက်ယွင်းစွာနဲ့ ရှာဖွေစားသောက် နေထိုင်ခြင်းဟာ ယခုဘဝတင်မကဘဲ နောင်ဘဝများထိပါ ကိုယ့်ကိုပြန်လည် ဒုက္ခပေးတတ်ဆိုတာကိုလည်း သတိတရားထားရှိဖို့ လိုပါတယ်။
ဝမ်းတစ်လုံးအပြင် ခါးလှစေရန်အတွက် ပြင်ဆင်တဲ့နေရာမှာလည်း မိမိတို့ရရှိလာတဲ့ ဝင်ငွေပေါ်တွင်မူတည်ပြီး ဝင်ငွေအနည်းအများအလိုက် မိမိတို့ရဲ့ဘဝကို ပုံဖော်တတ်အောင် လေ့ကျင့်ပေးရပါမယ်။ ကိုယ်က အလုပ်မလုပ်ဘဲနေလို့လည်းကောင်း၊ အလုပ်လုပ်သော်လည်း ရှေးကံမကောင်းခဲ့လို့ အလုပ်အဆင်မပြေရင်လည်းကောင်း ဆင်းရဲမှုဒဏ်ကိုခံရရင် အဲဒီဆင်းရဲမှု လောကဓံကို ခံနိုင်ရည်ရှိအောင် ဖြစ်သလိုနေ၊ ဖြစ်သလိုစားတတ်ဖို့ ရောင်ရဲနိုင်ဖို့ လိုပါတယ်။ ဘယ်သူမဆို စားကောင်းသောက်ကောင်းများစားချင်ခြင်း၊ အဝတ်လှလှဝတ်ဆင်လိုခြင်း၊ အဆင့်တန်းမြင့်မြင့် သုံးစွဲလိုခြင်းစတာတွေ ပြည့်စုံစေချင်ကြတာပါပဲ။ အဲဒီလို မပြည့်စုံတာ ကိုယ့်မှလားလို့ စဉ်းစားကြည့်သင့်ပါတယ်။ ဒုက္ခပင်လယ်ထဲကြီးဖြစ်တဲ့ ဒီသံသရာကြီးထဲကနေ ရုန်းမထွက်နိုင်သေးရင်တော့ ပြည့်စုံတယ်ဆိုတာ ဘယ်သူမှာမှ မရှိတဲ့အတွက် ဘယ်သူမဆို သူ့ဒုက္ခနဲ့သူ့လောဘနဲ့တော့ ရှိနေကြမှာပါ။ ဒါကိုပဲ မိမိက အသိတရားထားရှိပြီး ရတာလေးနဲ့ ရောင်းရဲနေထိုင်တတ်ဖို့ လိုတာပါ။

အဲဒီလို ရောင်ရဲတတ်ဖို့အတွက် “ရတာလေးနဲ့ လောက်အောင်စား” “ရှိတာလေးနဲ့ လှအောင်ဝတ်”ဆိုပြီး စကားပုံလေးနဲ့ သွန်သင်ဆုံးမမှုတွေ ရှေးလူကြီးများက ပေးခဲ့ကြတာပါ။ ဒီစကားပုံဟာ ချိုးခြံဖို့မဟုတ်တောင် ရောင့်ရဲတတ်ဖို့ထားရှိခဲ့တဲ့ စကားပုံလေးဆိုတာ လူတိုင်းသိမယ်ထင်ပါတယ်။ တင်းတိမ်ရောင့်ရဲခြင်းဟာလည်း မိမိကိုယ်ကို သုခဖြစ်စေတဲ့အတွက် ကောင်းမွန်တဲ့ စရိုက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ မိမိလုပ်နိုင်သမျှ လုပ်အားခလေးနဲ့ စားနိုင်သောက်နိုင်သလောက်ကို ရောင်းရဲနိုင်မှု မရှိဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး လောကကြီးကို အရွဲ့တိုက်မယ်ဆိုရင် ကိုယ့်ပဲ မျက်မှောက်တမလွန် နှစ်ဘဝလုံးမှာ ဒုက္ခစပါယ်ရှယ် ခံစားရမှာပါ။

မိမိဉာဏ်အား၊ လုံ့လအား၊ ကံအစွမ်းအားလေးနဲ့ရတာကို လုံလောက်မှုရှိတယ်လို့ မခံစားရဘဲနဲ့ လောဘအားကြီးလာပြီးဆိုရင်တော့ နဂိုရှိတာထက်ပိုပြီး ဝတ်ချင်၊ စားချင်၊ သုံးချင်လာကာ ရိုးသားစွာရှာဖွေထားတဲ့ငွေများဟာ လုံလောက်ခြင်းမရှိတော့ဘဲ ဖြစ်လာပါတယ်။ အထူးသဖြင့် အမျိုးသမီးလေးများက ပိုဆိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ချင်တဲ့ မာန်မာနတွေ ရှိတတ်ကြတဲ့ မျိုးရိုးဗီဇပါနေလို့ပါ။ အဲဒီလို သဘာဝကပါလာတဲ့ မျိုးရိုးဗီဇကို မိမိက သတိတရား၊ ဆင်ခြင်မှုတရားနဲ့ မထိန်းချုပ်ဘူး ဆိုရင် အဲဒီမျိုးရိုးဗီဇကြောင့် မိမိဖြစ်ချင်တာကိုပဲ ရှေးတန်းတင်ကာ ဘဝကိုဖြစ်သလို ဖြတ်သန်း မိတတ်ကြပါတယ်။

လောဘဆိုတာကြီးကလည်း ခက်သားပဲ။ မိမိကသာ ဆင်ခြင်မှုတရားနဲ့မထိန်းချုပ်ဘူးဆိုရင် လောဘတရားက သာမန်ဝင်ငွေနဲ့မသုံးနိုင်တဲ့ အနေအထားများကို သွားရည်ကျလာတယ်။ အဲဒီအခါ စာရိတ္တပျက်ယွင်းစေတဲ့ အလုပ်များကို လုပ်ကိုင်လာပြီး “ဘယ်သူသေသေ ငတေမာပြီးရော” စိတ်ဓါတ်များဝင်လာတယ်။ မိမိဖြစ်ချင်တာ တစ်ခုတည်းသာကြည့်မိပြီး သူများမျက်ခုံးမွှေးပေါ် စင်္ကြလျှောက်ကာ ဘယ်သူကိုမှ ထည့်မတွက်တော့တဲ့ အခြေအနေထိ ဖြစ်သွားကြတယ်။။ မိမိကြောင့် တစ်ပါးသူများ ထိခိုက်သွားမယ်ဆိုတာကို မစဉ်းစားဘဲ အဲဒီလို မတရားရှာဖွေလို့ရတဲ့ဝင်ငွေများကို စိတ်ကြိုက်သုံးစွဲကာ ကိုယ့်ဘဝကို အကောင်းဆုံးဆိုတာတွေနဲ့ ပုံဖော်ကြတယ်။ လူကုံထံ အသိုင်းအဝန်းများကြားတွင် ဝင်ဆံ့နိုင်တာကို ဂုဏ်ယူကြည်နှုးနေပြီး အဲဒီလိုနည်းနဲ့ အသက်မွေးတာဟာ ရေရှည်မတည်မြဲဘူးဆိုတာကိုတေ့ာ မေ့လျော့နေကြတယ်။

အမျိုးသားများ စာရိတ္တပျက်ယွင်းခြင်းထက် အမျိုးသမီးများ စာရိတ္တပျက်ယွင်းတာက ပိုဆိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေ လောဘအားကြီးပြီး မဟုတ်တာတွေကို အဟုတ်ထင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ချင်တဲ့စိတ်တွေဖြစ်လာရင် မိမိတို့ ခန္ဓာကိုယ်ကိုရင်းနှီးကာ ဝင်ငွေများရှာဖွေခြင်းနဲ့ မိမိတို့ဘဝကို ပုံဖော်တတ်ကြလို့ပါ။ ဥပမာ- စားသောက်ဆိုင်များတွင် ဖျော်ဖြေခြင်း၊ အနှိပ်ခံများတွင် အလုပ်လုပ်ခြင်း၊ တည်ခိုးခန်းများတွင် ပြည်တန်ဆာမဘဝနဲ့ အသက်မွေးဝမ်းကျောင်းပြုခြင်းစတဲ့ ယောက်ျားသားများအား ဖျော်ဖြေတဲ့ အလုပ်များလုပ်တတ်ကြလို့ပါ။ အဲဒီလိုလုပ်တာဟာ မဟုတ်တဲ့အရာတွေကို ပြိုင်ဆိုင်ချင်၊ ကြားဝါးချင်တဲ့ မခံချင်စိတ်မျိုးရိုးဗီဇများကြောင့် ငွေကိုလျင်မြန်စွာနဲ့ များများရတဲ့ အလုပ်များကို ပြုလုပ်ကြတာပါ။

တချို့ကတော့ မိသားစုစားဝတ်နေရေး အဆင်မပြေလို့ အဆင်ပြေတဲ့အလုပ်ကို လုပ်ကြတာလို့ ပြောလာနိုင်ပါတယ်။ မသန့်ရှင်းတဲ့အလုပ်နဲ့ တာဝန်တစ်ခုကို ကျေမွန်အောင် ပြုလုပ်ပေးခြင်းဟာ သူတော်ကောင်းတွေရဲ့ အလုပ်မဟုတ်တဲ့အတွက် မလုပ်ကျွေးသင့်ပါဘူး။ မိမိလုပ်ကျွေးတာကို စားသောက်ရတဲ့ လူတွေကလည်း သူတို့စားရတဲ့အစားအစာဟာ မသန့်ရှင်းမှန်းသိရင် စားချင်မှာမဟုတ်ပါဘူး။ သိသိကြီးနဲ့ အာပေးစားသောက်နေတဲ့လူဆိုရင်လည်း အဲဒီလူဟာ သူများမျက်မှောက်တမလွန်မှာ ခံရမဲ့ဒုက္ခတွေကို စာနာခြင်းမရှိဘဲ ကိုယ့်အတွက်ပဲ ကြည့်တတ်တဲ့ လိပ်ကြီးပဲဖြစ်မှာပါ။ မိမိက ဒီလိုအလုပ်မျိုးဟာ ရိုးသားမှုနဲ့ ရှာဖွေနေတာဟု ထင်နေပေမဲ့လည်း အဲဒီအလုပ်မျိုးဆိုတာ မကောင်းတာများတဲ့အလုပ်မို့ အနည်းနဲ့အများတော့ ဂုဏ်သိက္ခာ ထိခိုက်စေပါတယ်။ ဒါပြင် အဲဒီလို လူ့ကျင့်ဝတ်နဲ့မညီနဲ့အလုပ်များကို လုပ်ကိုင်ရှာဖွေ စားသောက်ခြင်းကြောင့် မိမိတို့ကို လူများအထင်သေးကာ လူရာမသွင်းခြင်းများလည်း ခံရပါတယ်။

ဒါပြင် ဒီလိုအလုပ်မျိုးဆိုတာတွေက သူ့တစ်ပါးအိမ်ထောင်ရေးကိစ္စများပါ ပျက်ပြားစေတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ တချို့ဆို အဲဒီအလုပ်များနဲ့အလုပ်လုပ်တဲ့ မိန်းကလေးများကြောင့် အိမ်ထောင်ရေးပြိုကွဲသူများ ရှိကြတယ်ဆိုတာ လူတိုင်းသိမယ် ထင်ပါတယ်။ အဲဒီလို မိမိဘဝကို တန်ဖိုးမထားတဲ့သူ၊ လူဆိုတာ အရှက်သိက္ခာကို ထိခိုက်မခံရဘူးဆိုတာကို မသိကြတဲ့မိန်းကလေး များရှိနေကြတော့ ယောက်ျားလေးများကလည်း မိမိတို့စားချင်တဲ့ဟာကို အလွယ်တကူ စားနိုင်နေ တဲ့အခါ စားပြီးရင်းစားချင်ဖြစ်နေပြီး မောင်ကျန်တတို့ မောင်ကျန်တတို့ ဖြစ်နေကြတာပေါ့။ အဲဒါကြောင့် အိမ်ထောင်သည်များ တစ်ယောက်နဲ့တစ်ယောက် ပြဿနာများဖြစ်ကာ အိမ်ထောင်ရေးများ ပြိုကွဲကြတာလည်း နည်းမယ်မထင်ပါ။ ယနေ့ခေတ်တွင် လူကိုရောင်းစားခြင်း စတဲ့ မကောင်းမှုမျိုးစုံလုပ်နေတဲ့လူတွေ အများကြီးရှိနေပါတယ်။ အဲဒီလို မကောင်းမှုအကြီးစားတွေ လုပ်နေတဲ့လူတွေဟာ ဒီအလုပ်လုပ်လို့ရတဲ့ငွေဟာ သူတို့ဘယ်နှစ်ဘဝများ စားရမလဲဆိုတာ မသိလို့ လုပ်နေကြတာ ထင်ပါတယ်။

မိမိဘယ်လောက်ပဲ လောဘကြီးရှာရှာ၊ ဘယ်သူမှာမှ ပါးစပ်နှစ်ပေါက်မပါသလို အိပ်တဲ့အခါမှာလည်း ကုတင်းနှစ်လုံးပေါ်မှာ တစ်ခါတည်းပြိုင်အိပ်လို့ မရပါဘူး။ မိမိကံအကျိုးပေးလို့ သမ္မာအာဇီဝနဲ့ ချမ်းသာတာကို မပြောလို့ပါ။ တချို့က လောဘကို ကြီးလွန်းပြီး မကောင်းမှုနဲ့စီးပွားများ မရ၊ ရအောင်ရှာနေကြပါတယ်။ အဲဒီလို မကောင်းမှုများရဲ့ အကျိုးဆက်ဟာ မိမိကို သူတစ်ပြန် ကိုယ့်တလှည့်နဲ့ သံသရာမဆုံးဘဲလှည်ပတ်ပြီး ခံစားနေရမယ် ဆိုတာ သတိထားဖို့ လိုပါတယ်။

“ဘယ်သူဖျက်ဖျက် ကိုယ်မပျက်နှင့် ”ဆိုတဲ့စကားပုံအတိုင်း ဘယ်သူတွေ မကောင်းတာ လုပ်ပြီး ကြီးပွားတာတွေ၊ စားနိုင်သောက်နိုင်ပျော်ပါးနိုင်တာတွေကို မိမိကအားမကျဘဲ ဒီလိုမကောင်းမှုလုပ်ပြီးမှ ငါ့ဘဝရှင်သန်ရမယ်ဆိုရင်တော့ မရှင်သန်နိုင်ဘူး။ မစားရလို့ ငတ်သေရင် သေပါစေဆိုတဲ့ ဆုံးဖြတ်ချက်များရှိဖို့ လိုပါတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း မကောင်းမှုလုပ်ပြီး အသက်တစ်ရာရှည်ရတာထက် ကောင်းမှုနဲ့ တစ်ရက်အသက်ရှင်ရခြင်းက ပိုမြတ်တယ်လို့ မိန့်ခဲ့တာကြောင့် မစားရလို့ ငတ်သေမယ်ဆိုရင်လည်း သေပါစေ၊ နောက်နောင်ဘဝများ ကောင်းဖို့က အရေးကြီးတယ်ဆိုတဲ့ အသိဉာဏ်များထားရှိကြပါ။ ဒါကြောင့် မည်သည့်အရာမျှ ငြိစွန်းခြင်းမရှိ သန့်ရှင်းတဲ့ဝင်ငွေများရအောင် အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့ စကားပုံအတိုင်း ရိုးသားစွာနဲ့ ဘယ်လုပ်မဆို အောက်ကျတဲ့၊ နိမ့်ကျတဲ့အလုပ်ပင်ဖြစ်ပါစေ မိမိရဲ့လူဆိုတဲ့ ဂုဏ်သိက္ခာလေးမကျအောင် စောင့်ထိန်းစေချင်ပါတယ်။

ယနေ့ခေတ်တွင် ပြည်ပထွက်ပြီး အလုပ်လုပ်ကြတဲ့လူတွေကလည်း ပြည်ပကိုထွက်မယ် ဆိုတဲ့ ရည်ရွယ်ချက်ထားခဲ့စဉ်တုန်းကတော့ မိဘကိုလုပ်ကျွေးချင်လို့၊ မောင်နှမသားချင်းများကို လုပ်ကျွေးချင်လို့၊ သားသမီးဇနီးမယားကို လုပ်ကျွေးချင်လို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းများနဲ့ ထွက်လာကြတာပါ။ ဒါပေမဲ့ ပြည်ပကိုရောက်တဲ့အခါ မိမိတို့ပြည်တွင်းမှာတုန်းက ထားခဲ့တဲ့ ရည်ရွယ်ချက်တွေ ပျောက်ပျက်ကုန်ပြီး မေ့ကုန်ကြတာ များပါတယ်။ ပြည်တွင်းမှာတုန်းက မိမိရတဲ့လုပ်အားခဟာ အများအတွက်ပဲဆိုပြီး ရည်ရွယ်ချက်ထားခဲ့ကြပေမဲ့ ပြည်ပရောက်တဲ့အခါ မဟုတ်တဲ့အရာတွေ လျှောက်လုပ်တာနဲ့ ကုန်ကျနေကြတာများပြီး ဘဝမေ့နေကြတာ များပါတယ်။ မိဘစတဲ့သူတွေကလည်း ပြည်တွင်းမှာတုန်းက ဒို့အတွက် ပြည်ပကိုထွက်ပြီး အလုပ်လုပ်တာဆိုတဲ့ ရည်မှန်းချက်ကြောင့် ပြည်ပကိုထွက်ခွင့်ပေးလိုက်ခြင်းပါ။ ခုတော့ အဲဒီရည်မှန်းချက်တွေ ဖြစ်မြောက်မလာတဲ့လူတွေက များနေတာကို ပြည်ပကလူတွေရော၊ ပြည်တွင်းကလူတွေပါ သိကြမယ်ထင်ပါတယ်။ အဲဒါကြောင့် မိမိတို့ရဲ့ မျက်မှောက်ဘဝရပ်တည်မှု၊ ရည်မှန်းချက်များကို မပျောက်ပျက်ဖို့၊ အနာဂတ်ဘဝများစွာလှပဖို့အတွက် ကောင်းတဲ့အကြံစည်များထားရှိပြီး ကောင်းတဲ့လုပ်ငန်းများနဲ့ ဘဝကိုရှင်သန်စေချင်ပါတယ်။

တချို့က မိသားစုအဆင်မပြေလို့ အဆင်ပြေမဲ့အလုပ်ဆိုပြီး မကောင်းမှန်းသိလျက်နဲ့ မကောင်းမှုများကို မိုက်မိုက်မဲမဲလုပ်နေကြတာလည်း ရှိပါတယ်။ မကောင်းတဲ့အလုပ်လုပ်တဲ့ လူဆိုရင် ရင်းနှီးသူရော၊ မရင်းနှီးသူတွေကပါ နှာခေါင်းရှုံကြပါတယ်။ ကိုယ်ကတော့ ကိုယ့်အခက်အခဲနဲ့ကိုယ်မို့ ဒီလိုအလုပ်လုပ်ရတာကို ကိုယ်ချင်းမစာနာဘူးလို့ ထင်ချင်ထင်မှာပါ။ တခြားသူတွေက ကိုယ်ချင်းစာစိတ်ဘယ်ရှိမလဲ။ သမ္မာအာဇီဝကျတဲ့အလုပ်တွေ အများကြီးရှိရက် သားနဲ့ အလွယ်တကူကြိုက်ပြီး ဖြတ်လမ်းနည်းနဲ့ လုပ်တဲ့လူကို ဘယ်သူက ကိုယ်ချင်းစာစိတ် ထားပြီး သနားနေမှာလဲ။ ကိုယ့်အခက်အခဲကို သူများကမသိပါဘူး၊ ကိုယ့်ဝမ်းနာကိုယ်သာသိတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ထင်ရာဆိုင်ကာ လုပ်ချင်တဲ့အလုပ် လုပ်စားမယ်ဆိုရင် ဒါဟာ ပြည့်စုံမှန် ကန်တဲ့ အကြောင်းပြချက်မဟုတ်လို့ အဲဒီလူကို လူကောင်းတစ်ယောက်၊ ကိုယ့်ကျင့်တရား ကောင်းတဲ့လူလို့ ခေါ်ဆိုလို့မရပါပေ။ ဘယ်သူမဆို သူ့အခက်အခဲနဲ့သူတော့ ရှိကြစမြဲပင်။ ဒါကိုပင် မိမိမှာမှ ဒီလိုအခက်အခဲရှိတယ်ဆိုပြီး မကောင်းတဲ့ အသက်မွေးခြင်းကိုတော့ မပြုလုပ်သင့်ပေ။

တစ်ခါတလေ မိမိကမကောင်းမှု အမှားတစ်စုံတစ်ရာလုပ်သွားမိရင် ချော်လဲရောထိုင်၊ ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး မကောင်းမှုများနဲ့ ဘဝကို ဖြစ်သလိုရှင်သန်သွားတဲ့လူတွေ ရှိကြပါတယ်။ အဲဒါမျိုးသာ မိမိတို့က အမှားတစ်ခုရှိလို့ ရှေ့ဆက်မှားမယ်ဆိုရင် ဘယ်တော့မှလည်း အမှန်တရားနဲ့ နီးစပ်မှုရှိမှာမဟုတ်တဲ့အပြင် အမှန်တရားပေါ်ကိုလည်း လျှောက်လှမ်းလာနိုင်မှာ မဟုတ်ပါဘူး။ ဘဝများစွာကလည်း အမှားလမ်းတွေလျှောက်ခဲ့တာများလို့ ဒီသံသရာအမှားကြီး ထဲကနေ မလွတ်သေးတာကိုပဲ မိမိတို့က ခုလို အသိဉာဏ်ရှိတဲ့လူ့ဘဝမှာ အမှန်တရားနဲ့ ဘဝကိုလျှောက်လှမ်းမပေးဘူးဆိုရင် ဘယ်တော့မှလည်း အမှားနွံ့ထဲကနေ လွတ်လိမ့်မည် မဟုတ်ပေ။

ဘယ်လိုအကြောင်းကြောင်းတွေကြောင့်ပဲ လုပ်ရပါစေ အတက်နိုင်ဆုံးတော့ ရိုးသား စေချင်ပါတယ်။ ရိုးသားစွာနဲ့ ကြိုးစားလုပ်မယ်ဆိုရင် အောင်မြင်မှုရပြီး စားသောက်စရိတ်လည်း လုံးလောက်လာမယ် ထင်ပါတယ်။ တကယ်လို့ စားသောက်စရိတ်မလောက်ဘူးဆိုရင်လည်း မိမိအရင်ကထက် အိပ်ချိန်၊ စားချိန်တွေနဲ့ လည်ပတ်ချိန်တွေကို လျော့မယ်ဆိုရင်တော့ အချန်ပိုကလေးတွေ ထွက်လာပြီး အပိုငွေရကာ အဆင်ပြေမှုဖြစ်လာပါလိမ့်မယ်။ အရေးကြီးတာ ကတော့ မပျင်းကြဖို့ပါပဲ။ “ချွေတာဆုဆောင်း သူဌေးလောင်း”ဆိုတာလည်း ရှိသေးတာပဲ မဟုတ်လား။ သူဌေး မဟုတ်ရင်တောင်မှ လောက်ငှစွာ စားသောက်နိုင်မှာပါ။ လှပစွာလည်း ဝတ်ဆင်နိုင်ပေလိမ့်မယ်။ မိမိရဲ့ဝင်ငွေထက် ထွက်ငွေကပိုများနေမယ်ဆိုရင်တော့ ဘယ်လောက် ရှာရှာ လုံလောက်မှုမရှိနိုင်ချေ။ ကျားကြီးတော့ ခြေရာကြီးဆိုသကဲ့သိုု့ များများဝင်တော့လည်း များများသုံးမိကြတာပဲမဟုတ်ပါလား၊ မိမိတို့လုပ်နိုင်တာလေးကိုပဲ ဝီရိယရှိရှိနဲ့ ပုံမှန်ကလေးသာ လုပ်သွားကြမယ်ဆိုရင်တော့ ရိုးသားစွာနဲ့ အသက်မွေးနိုင်ကြပါလိမ့်မယ်။
ယခုဘဝမှာ ဆင်းရဲစွာနဲ့အသက်မွေးနေရရင် ဒါဟာအရင်ဘဝက မကောင်းမှုနဲ့ အသက် မွေးခဲ့လို့ပါ။ အဲဒီလို မကောင်းမှုနဲ့ အသက်မွေးခဲ့လို့ ယခုဘဝဆင်းရဲရတာကို နောင်တမရဘဲ ဆက်လက်မိုက်နေမယ်ဆိုရင် ဒီအမွဲသံသရာထဲကနေ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ ဒါကြောင့် ယခုဘဝမှာ မကောင်းမှုများနဲ့ ရှာဖွေစားသောက်ပြီး တန်ဖိုးရှိတဲ့လူ့ဘဝကြီးကို မကုန်ဆုံးစေဘဲ တန်ဖိုးရှိတဲ့ဘဝပိုင်ရှင်လေးများဖြစ်အောင် ကြိုးစားသွားကြပါစို့။

ဦးဇင်းကို သူငယ်ချင်းတွေက မင့်ဒေါက်တာလုပ်မယ်ဆိုရင်တော့ အမေးအဖြေလုပ်ပေးတာတွေ၊ ဂျာနယ်မှာ ဆောင်းပါးရေးတာတွေကို လက်လွတ်ရလိမ့်မယ်။ ဒါတွေလုပ်ပေးနေမယ်ဆိုရင် မင့်လုံးဝကို နားရမှာမဟုတ်ဘူး။ ပြီးတော့ ဒီကဘွဲ့မှာလည်း မင့်အတွက် အနှောက်အယှက် အချိန်ကြံကြာမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးစကား ပြောကြပါတယ်။ ခက်တာက ဦးဇင်းကလည်း အများအတွက် လုပ်မပေးဘဲ မနေနိုင်တော့ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားလို့ကို မရဘူးဖြစ်နေပါတယ်။ အများအတွက်လုပ်ပေးချင်လို့ ကိုယ်နေချင်တဲ့ လောကီဘောင်မှာမနေဘဲ သာသနာ့ဘောင်မှာ နေနေပါတယ်ဆိုမှ အများအတွက်လုပ်ပေးဖို့ ရပ်ဆိုင်းထားရမယ်ဆိုတော့ ခက်လှပါလားနော်။

အော်-လူဆိုတာ ဘယ်ချိန်သေမလဲဆိုတာမှ မသိတာ။ နောက်မှဆိုတာ သေတာတစ်ခုပဲ ကောင်းတယ်။ ကျန်တာ စိတ်မချရဘူး။ ကောင်းမှုကိစ္စဆိုတာ အသက်ရှင်နေတဲ့ချိန်၊ ကျန်းမာနေတဲ့အချိန်၊ စေတနာသဒ္ဓါတရားရှိနေတဲ့အချိန်၊ လုပ်ပေးနိုင်တဲ့အခွင့်အရေးရှိနေတဲ့အချိန်မျိုးတွေ တိုက်ဆိုင်နေမှသာ ပြုလုပ်လို့ရတာလေ။ ဘွဲ့ရမှ အေးဆေးလုပ်ပါဆိုတော့ ဒီကြားထဲများ ငါသေသွားရင် ဘယ်လိုလုပ်ပါ့မလဲ။ ငါ့အတွက်လည်း ကုသိုလ်မရ၊ အများအတွက်လည်း နစ်နာမှုတွေ ဖြစ်ရမှာပေါ့လို့ တွေးမိကာ မိမိကိုယ်ကိုရော အများအတွက်ပါ ဘာလုပ်လို့ ဘာလုပ်ရမလဲ မသိဘူးဖြစ်နေပါသရော။ ဒါကြောင့် နောက်နောင် ဆောင်းပါးရေးခြင်းများ၊ အမေးအဖြေလုပ်ပေးခြင်းများ အချိန်မအားလို့ ကြာနေပါက နားလည်ပေးနိုင်ကြရန် ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

ဒီဆောင်းပါးလေးကတော့ ဂျာနယ်မှာဖော်ပြထားတာပါ။ ဂျာနယ်ကို Download လုပ်ချင်ရင်တော့ ဒီနေရာမှာ http://www.mediafire.com/?8dl1gh44py8271g ဝင်ရောက်ဒေါင်းယူဖတ်နိုင်ပါတယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

3 comments

  • windtalker

    November 13, 2011 at 7:43 pm

    အရှင်ဘုရား ရဲ ့ အဆုံးအမ များသည် ကျေးဇူးကြီးမားလှကြောင်းပါ ဘုရား

  • small cat

    November 14, 2011 at 7:00 am

    ဦးဇင်းရယ် အမေးအဖြေနဲ့ ဆောင်းပါးေတွေကိုတော့ဆက်ရေးစေချင်ပါတယ်၊ဗဟုသုတရလို့ပါ၊ နဲနဲတော့လျှော့ချင်လျှော့ပေါ့၊

  • ဆန်နီနေမင်း

    November 14, 2011 at 11:31 am

    အင်း တတ်နိုင်သမျှတော့ ဆက်ရေးနိုင်အောင် ကြိုးစားပါမယ်လေ။

Leave a Reply