ဘလက်ရဲ့ နေပြည်တော် မန္တလေးသွား တောလား ၁

black chawNovember 15, 20115min11127

ဒီနေ့ တန်ဆောင်မုန်း လပြည့်နေ့ ၏ မနက် ရ နာရီခန့်တွင် ကျွန်တော်၊ ကျွန်တော့် ဇနီး၊ ကျွန်တော့် ယောက်ခမကြီး နှစ်ယောက်နှင့် တူလေးတစ်ယောက်တို့ နေပြည်တော်သွားတောလား စဖြစ်ခဲ့ကြပါသည်။ စူဇူကီး R+ လေးကို ကျွန်တော် ကမောင်းပါသည်။ ယောက်ခထီးကြီးက ရှေ့ခန်းက ထိုင်ပါသည်။ ကျန်သည့် သုံးယောက်က နောက်ခန်းမှာ ထိုင်ပါသည်။ ကားလေးက သေးသဖြင့် ၅ ယောက် ဝိတ် တောင် နည်းနည်း လေးနေသယောင်ရှိပါသည်။ အမြန်လမ်းပေါ်ရောက်တော့ မနက် ရ နာရီ ခွဲနေပါပြီ။ ပုံမှန်လေးပဲမောင်းပြီး ၁၁၅ မိုင် ရှိ ဖီးလ် စားသောက်ဆိုင်တွင် ဘရိတ်ဖတ်စားကြပါသည်။ ကျွန်တော်က နေပြည်တော်သွားတိုင်း ဖီးလ် မှ ၅၀ဝ တန် ကော်ဖီတစ်ခွက် ကို သောက်နေကြ။ မုန့်ဟင်းခါး နှစ်ပွဲ၊ ရှမ်း ခေါက်ဆွဲတစ်ပွဲ၊ နန်းကြီးသုတ်တစ်ပွဲ၊ ရွှေတောင်ခေါက်ဆွဲ တစ်ပွဲ၊ ကျွဲရိုင်းတစ်ဗူး၊ ကော်ဖီတစ်ခွက်၊ မျက်နှာသုတ်တစ်ရှူး တစ်ခု ကို ပိုက်ဆံ ရှင်းတော့ ရှစ်ထောင့်ခြောက်ရာ ကျပါသည်။ ကျွန်တော့်တူက ကျွဲရိုင်းတစ်ဗူး ဘယ်လောက်ယူလဲဟု စားပွဲထိုးကို မေးပါသည်။ စားပွဲထိုးက တစ်ထောင့်တစ်ရာ ဟု ဖြေပါသည်။ ရန်ကုန် မှာ တစ်ဗူးငါးရာတန်ကို ၁၁၅ မိုင်ခန့် သာဝေးသော နေရာတွင် တစ်ထောင့်တစ်ရာ ယူတာများပါသလား၊ ကျွန်တော် မပြောတတ်ပါ။ လူတွေကတော့ ကြိတ်ကြိတ်တိုး အားပေးနေကြတာပါပဲ။ အဆိုတော် ရင်ဂို တို့ အဖွဲ့ကိုလည်း စားသောက်နေကြတာ တွေ့ရပါသည်။

ဘရိတ်ဖတ် စားသောက်ပြီး ၁၁၅ မိုင်မှ ပြန်ထွက်တော့ ၁ဝနာရီ ၁၅ ခန့်ရှိပါပြီ။ ဓါတ်ဆီဆိုင်မှ ၂၅၀ဝ ဖြင့်ရောင်းပေး သောခွဲတမ်း နှစ်ဂါလံ ဝယ်ထည့်ဖြစ်ပါသည်။ လမ်းမှာ အပေါ့အပါးသွားချင်ကြတိုင်း ကားရပ်ပေးပြီး နေပြည်တော်လမ်းတစ်လျှောက် ကျွန်တော် ကင်မရာလေးဖြင့် လက်ဆော့ဖြစ်ပါသည်။ နေပြည်တော် ရောက်တော့ ၁၂ နာရီခွဲတိတိ။ အမြန်လမ်းပေါ်မှ နေပြည်တော် ဘက်သို့ ဆင်းခဲ့ပြီး မြို့မဈေးတွင် စောင့်နေသော ယောက်ဖဖြစ်သူ၏ တပည့်လေးမှ ယောက်ဖနေသော အိမ်ယာသို့ လိုက်ပို့ပါသည်။ ယောက်ဖကတော့ ရှိမနေပါ။ အိမ်ရောက်တာနှင့် အိမ်မှ ချက်ထည့်လာသော ထမင်းနှင့်ဟင်းများထုတ် ကာ နေ့လယ်စာ စားကြပါသည်။ ထမင်းစားပြီး တရေးတမောအိပ် ပါသည်။ ၂ နာရီခန့်တွင် အတူပါလာသော တူလေးက ပျင်းသည်ဆိုသဖြင့် ဆာဖာရီ ဥယာဉ် ဆိုတာကြီးဆီ နှစ်ယောက်သား ချီတက်ခဲ့ကြပါသည်။ ဟိုမေးဒီမေးဖြင့် လာခဲ့ကြရာ အတော်ဝေးဝေးသွားပြီးမှ ဆာဖာရီ ဥယာဉ်ဆိုတာ ကြီးကို ရောက်ပါသည်။ အခါကြီးရက်ကြီး ဖြစ်သဖြင့် လူတွေ ကြိတ်ကြိတ်တိုးနေပါသည်။ ကားရပ်ပြီး ဥယာဉ်ထဲမှာ ဓါတ်ပုံ အချို့ ရိုက်ဖြစ်ပါသည်။  ပြီးတော့မှ တိရာစ္ဆာန်ရုံထဲ ဝင်ခဲ့ကြပါသည်။ တိရိစာ္ဆန်ရုံထဲတွင်တွေ့ရသော လူပေါင်းမြောက်များ စွာထဲမှ အပြန်စားဝတ်စားခြယ်သထားကြပါသော မြို့တော်သူ မိန်းမကြီးလတ်ငယ်များအား မြို့ကြီးသားမျက်စိဖြင့် သုံးသပ်ရသော် ကမ္ဘာကြည့်ပဲကြည့်ကြည့်၊ မြန်မာကြည့်ပဲ ကြည့်ကြည့်၊ ကဗျာကြည့်ပဲ ကြည့်ကြည့်၊ တဏှာကြည့်ပဲ ကြည့်ကြည့် Vision က ဘယ်လိုမှ မထိမိပါဟု ဆိုရပါမည်။ ဪ ကိုယ်တွေက မြို့တော်ဟောင်းကြီးမဟာရန်ကုန်က ရန်ကုန်သားလေးတွေပဲ။ ခင်မောင်ထူးကြီးဆိုခဲ့သည့် သီချင်း လေးကို သတိရပါသည်။

ကျွန်တော်တို့ကိုလည်း ပေါင်းကြည့်ဦး ရန်ကုန်သားလေးတွေပါ

တကယ်ချစ်စရာလည်းကောင်းပါတယ် ရန်ကုန်သားလေးတွေပါ

အင်း အခုတော့ ကိုယ်တွေလည်း ရန်ကုန်သားလေးတွေမဟုတ်တော့၊ ရန်ကုန်သားကြီးတွေ ဖြစ်နေခဲ့ပြီ။ တကယ်ချစ်စရာ လည်းမကောင်းတော့တဲ့  အရွယ်ကို ရောက်နေခဲ့ပြီလေ။ မြို့တော်သူ ဖြစ်ကာစ တောက မိန်းမကြီးလတ်ငယ်များအား မြို့တော်ဟောင်းရန်ကုန်သားကြီးက မုဒိတာပွားနေတာကို ဘလက်ဇနီးသိရင် တံပျက်စည်းနဲ့ များ စော်လေမည်လားမသိပါ။ ဘာရယ်မဟုတ်ပါဘူး။ အပျော် တွေးမိတာလေးကို အရင်းအတိုင်း ပြန်ပြောပြတာပါ။ သားပိုက်ကောင် မိသားစု၊ ပင်ဂွင်းငှက် ကလေးများ၊ ကျားသစ်၊ ကျားမိသားစု၊ ငါးပြတိုက်၊ မျောက်လွှဲကျော်၊ ရေကန်ထဲမှ ငန်းများ စသည်ဖြင့် ကြည့် ဖြစ် ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသည်။ ကျွန်တော်က ပင်ဂွင်းငှက်ကလေးများကို တော်တော် ခမ်းခမ်းနားနား ကြည့်ရမည်ဟု ထင်ထား ခဲ့ပါသည်။ သို့သော် ပင်ဂွင်းငှက်လေးများထားသော အခန်းမှာ သိတ်မခမ်းနားသည့်အပြင် တော်တော်လေးလည်း စုတ်ချာသည်ဟုထင်မိပါသည်။ ထင်တာကို ပြောတာပါဗျာ။ ညနေ ၄ နာရီကျော်ကျော်လောက်ကျ တော့ အိမ်က ပြန်လာကြရန် ဖုန်းဆက်လာသဖြင့် ဘရိတ်အုပ်ပြီး ပြန်ခဲ့ကြပါသည်။ ရေမိုးချိုး ထမင်းစားသောက်ပြီး တန်ဆောင်မုန်းလပြည့်ည၏ လပြည့်ကဗျာကို လမ်းလျှောက်ရင်း ခံစားဖြစ်ပါသည်။ ထုံးစံအတိုင်း ဓါတ်ပုံလေးလည်း ရိုက်ဖြစ်ပါသည်ပေါ့။ ရာသီဥတုက နေပြည်တော်မှာ တော့ နည်းနည်းအေးပါသည်။ ညရှစ်နာရီခွဲလောက် စွယ်တော်ဖူးဘို့ ယောက်ဖ ဦးဆောင်ပြီး ချီတက်ခဲ့ကြပါသည်။ သို့သော် VIP လာမည်ဖြစ်သဖြင့် စွယ်တော် ရပ်နားရာ ဘုရားဝန်းအတွင်းသို့ မည်သူ့ကိုမျှ ဝင်ခွင့်မပေးတော့သောကြောင့် မနက်မှ စောစောထ ဖူးကြရန် အိမ်ပြန်ခဲ့ကြပါသည်။ ဟိုတစ်နေ့ က ကိုစိန်သော့ တင်သော ပို့စ်လေးကိုသတိရမိသဖြင့် ပြုံးမိပါသေး သည်။ ဪ VIP VIP နေရာတိုင်းမှာ VIP ရှိနေတာပါလား။ haha:

မနက် ၅ နာရီခန့် အိပ်ယာမှ ထပြီး ဘလက်ကတော် စီစဉ်ပေးသော ကော်ဖီပူပူလေးကို သောက်ကာ မနက်ပိုင်း လဝင်ချိန် နှင့် နေထွက်ချိန်ကို ဓါတ်ပုံရိုက်ဖို့ ကင်မရာဆွဲကာ လမ်းလျှောက်ထွက်ခဲ့ပါ၏။ နေပြည်တော် နံနက်ခင်းက တော်တော်သာယာပါသည်။ တံတားကြီးတစ်စင်းပေါ်မှာနေရာယူပြီး ဓါတ်ပုံတော်တော်များများ ရိုက်ဖြစ်ပါသည်။ အိမ်ပြန် ရောက်တော့ မနက် ခုနှစ်နာရီ။ ဒီနေ့အတွက် ပလန်က ဒီလိုဆွဲထားပါတယ်။ စွယ်တော်ဖူးပြီးသည်နှင့် ကျွန်တော်တို့ မန္တလေးကို ခရီးဆက်ကြမည်ဖြစ်သည်။ မိတ္ထီလာရောက်လျှင် အမြန်လမ်းပေါ်မှ ဆင်း၍ လမ်းဟောင်းမှ မောင်းမည်။ ကျောက်ဆည်ရှိ မဟာသိမ်တော်ကြီးမှာ ပွဲဆက်ကြရန်ဖြစ်သည်။  စဉ့်ကိုင်မှာ မန္တလေးမှ ယောက်ဖ အငယ်၏ တပည့်များက လာစောင့်နေကြမည်။ ပြီးမှ ရှမ်းရွာနှင့် ကသည်းကုန်းရွာအနီးတွင် တည်ဆောက်နေသော မေတ္တာစွမ်းရည် ရွှေသိမ်တော်ရှိ ဆရာတော်အရှင်စန္ဒိမာထံသို့ ခရီးဆက်ကြမည်။ ဆရာတော်ကို လှူဘွယ်ပစ္စည်းကပ်လှူကြ ပြီး ဩဝါဒ ခံယူကြကာ မန္တလေးသို့ ခရီးဆက်ကြမည်ဖြစ်ပါသည်။

မနက် ၈ နာရီခန့် စွယ်တော် ထားရှိရာ ဘုရားသို့ ရောက်တော့ ကားဝင်ခွင့်မပေးပြန်ပါ။ ယောက်ဖက ဌာနဆိုင်ရာ အချင်းချင်း ဘယ်လိုပြောပြော မရပါ။ ကျွန်တော့် ယောက်ခထီးကြီးကား စိတ်ဆိုးလေပြီ။ ယောက်ဖ ကားပေါ်ထိုင်နေရာမှ ကျွန်တော့်ကားပေါ်ကို သို့ ဒူးနာနေသည့်ကြားမှ အံကြိတ်၍ ပြောင်းထိုင်လိုက်ပါသည်။ ပြီး ဝေါ်ကီတော်ကီ ကိုင်ထားသော အရပ်ဝတ်နှင့် လူအား လက်ညှိုးထိုး၍ “ဟေ့ကောင် ငါလည်း တပ်မတော် အရာရှိဟောင်းပဲကွ၊ လမ်းတောင်မလျှောက်နိုင် တဲ့ ငါလိုအဘိုးကြီးကို မင်းတို့က ဘာစိုးရိမ်နေကြတာလဲ” ဟု ပိတ်ဟောက်ပါတော့သည်။ ထိုအခါကျမှ အရပ်ဝတ်နှင့် လူက အဘိုးအိုကြီးတစ်ယောက်ကို သနားသွားတာဟု ထင်ပါသည်။ အဘကားကိုတော့ ဝင်ခွင့်ပြုလိုက်ပါ ဟု လုံခြုံရေးလုပ်နေသော ရဲတွေဘက် လှည့်အမိန့်ပေးပါသည်။ သို့နှင့် အဘိုးကြီးက ကျွန်တော့်ကားပေါ်ရောက်နေသဖြင့် ကျွန်တော်တို့လင်မယားပါ ဝင်ခွင့်ရခဲ့ပါသည်။ ယောက်ဖကား ကားတစ်စီးသာ ဝင်ခွင့်ပေးသဖြင့် အပြင်မှာ ကျန်နေခဲ့ရ ရှာပါသည်။ ဓါတ်လှေကားအနီးတွင် ကားရပ်၍ လုံခြုံရေးများထံမှ ဝှီးချဲတစ်စီးတောင်းရပါသည်။ ဘုရားပေါ်ရောက်တော့ လူရှင်းနေတုန်းရှိပါသေးသည်။ စွယ်တော်ကို တရုတ်ဘုန်းကြီးများက အနီးကပ်စောင့်ရှောက်နေကြသည်ကို တွေ့ရပါသည်။  ဗုဒ္ဒမြတ်စွယ်တော်အား ကျွန်တော်သေသေချာချာ ဖူးခွင့်ကြုံရပြန်ပါသည်။ မရည်ရွယ်ပါပဲ ဖူးခွင့်ကြုံခဲ့ခြင်းဖြစ်ပါသည်။ ပထမ တစ်ခါက ဗုဒ္ဓဂယာသွားတုန်းကလည်း မရည်ရွယ်ထားပါပဲ လိုက်ခွင့်ကြုံခဲ့သည်။ စိတ်ထဲ နည်းနည်းတော့ ဆန်းကြယ်မှု ကိုခံစားရပါသည်။ စဉ်းစားကြည့်မိသည်။ ကျွန်တော် ဗုဒ္ဓဂယာ သွားဘို့ စိတ်ထဲမှ တစ်ခါမှ မတောင့်တဘူးပါ။ အားလည်း မထုတ်ခဲ့ဘူးပါ။ မနှစ်က ဒီအချိန်လောက်တွင် ဂယာကို သွားခွင့်ရခဲ့ပါသည်။ အခုလည်း စွယ်တော်ကို ဖူးလိုက်မည်ဟု စိတ်ထဲမှ ဖီလင်အကြီးကြီး ရှိမနေခဲ့ပါ။ ယောက်ခမကြီးတွေ ဖူးဘို့ သာ အဓိကပါ။ ချောင်လျှင် ဝင်ဖူးမည်။ မချောင်လျှင် အပြင်မှ စောင့်နေမည်ဟုသာ ရည်ရွယ်ချက်ရှိပါသည်။ အချိန်တန်တော့ ကျွန်တော်ဖူးခွင့် ကြုံရပြန်ပါသည်။ မန်းဂဇက်အတွက် ဓါတ်ပုံ ရိုက်ချင်သော်လည်း ဖုန်းလည်းမယူရ၊ ကင်မရာလည်းမယူရ အကုန်ထားပစ်ခဲ့ရသဖြင့် ခွင့်လွှတ်ကြပါဗျာ။  စွယ်တော်ဖူးပြီး နေပြည်တော်မှထွက်တော့ မနက် ကိုးနာရီခွဲနေပါပြီ။ လယ်ဝေး ဘက်ကူးပြီး ဓါတ်ဆီခွဲတမ်း ၂ ဂါလံ သွားထည့်ပါသေးသည်။ ရန်ကုန်မှာ သုံးနေသော စမတ်ကဒ် က လယ်ဝေးတွင် လူရာမဝင်ပါကြောင်း။

စဉ့်ကိုင်မှာ လာစောင့်နေမည့် အဖွဲ့က ၁ နာရီခွဲ ချိန်းထားသဖြင့် အရှိန်နည်းနည်း တင် မောင်းပါသည်။ အမြန်လမ်း က နေပြည်တော်-မန္တလေး လမ်းပိုင်းမှာ ပိုသာယာသည်ဟု ခံစားရပါသည်။ မိတ္ထီလာ ရောက်တော့ အမြန်လမ်းပေါ်မှ လမ်း ဟောင်းဘက်သို့ ဖဲ့ဆင်းခဲ့ပါသည်။ လမ်းဟောင်း နှင့် လမ်းသစ်ကွာခြားမှုကတော့ ဆိုင်ကယ်တွေ၊ လူတွေ ကားတွေကို ရှောင် မောင်းနေရတာပဲဖြစ်ပါသည်။ ၁၂ နာရီ ခွဲခန့်မှာတော့ လမ်းဘေးအရိပ်ကောင်းသည့်နေရာတွင် ကားရပ်ကာ နေပြည်တော်မှ ချက်ထည့်လာသော ထမင်း နှင့် ရန်ကုန်မှ ထည့်လာသော အကြော်အလှော်ဟင်းလေးများဖြင့် နေ့လယ်စာကို ဖြစ်သလိုစားလိုက်ကြပါသည်။ ၁ နာရီခန့်မှာ ကျောက်ဆည်မြို့အထွက်မှာ ရှိတဲ့ မဟာရွှေသိမ်တော်ကြီး ကို ရောက်ပါ၏။ အဓိဌာန် ပြုလျှင် အဓိဌာန် အောင်သည်ဟု တော်တော် နာမည်ကြီးပါသည်။ ကျွန်တော်က ဘုရားကို ဝင်ဦးချပြီး ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါသည်။ ခဏပဲနေပြီး ခရီးဆက်ကြပါသည်။ စဉ့်ကိုင်ကို ရောက်တော့ ၁နာရီခွဲပြီး နည်းနည်းကျော်ပါသည်။ မန်းမှ လာကြိုကြသူများက ရှေ့က ကားတစ်စီးဖြင့်သွားပြီး ကျွန်တော်တို့က နောက်ကလိုက်ကြပါသည်။ ရန်ကုန်မှ လာလျှင် လမ်း၏ ဘယ်ဘက်သို့ချိုးကွေ့သွားရပါသည်။ ၁ဝ မိုင်ခန့် လမ်းကြမ်းကြမ်းကို ဝင်ပြီးမှ ဆောက်လက်စ မေတ္တာစွမ်းရည် ရွှေသိမ်တော်ရှိရာကို ရောက်ပါ၏။ ဆရာတော် အရှင် စန္ဒိမာကို ဦးချကြပြီး ရန်ကုန်မှ ဝယ်လာကြသော ရွှေပုဇွန် မုန့်များကို ကပ်ကြပါသည်။ ဆရာတော်က သက်တော် ၄ဝ လောက်ပဲ ရှိမည်ထင်ပါသည်။ ကော်ဖီများ၊ မုန့်များ ဖြင့် ကျွန်တော်တို့ကို တည်ခင်းဧည့်ခံပါသေးသည်။ ထို့နောက် နာရီဝက်ခန့် တရားဟော ပါသည်။ သူတော်ကောင်း ဘလက်ကတော့ ဓါတ်ပုံဆရာယောင်ယောင်ဘာယောင်ယောင်နှင့် ဆရာတော်ကို ဓါတ်ပုံထရိုက်ကာ ရှောင်ထွက်လာခဲ့ပါသည်။ ဘုန်းကြီးပြောပြသည်မှာ ယခု ဆောက်လုပ်နေသော သိမ် နေရာမှာ ယခင် ဘုရင်အနော်ရထာက ရှင်အရဟံကို စတင် ဝတ်ပြုဦးချခဲ့သည့် နေရာဟု ဆိုပါသည်။ အသေးစိတ်တော့ ကိုစိန်သော့ကြီးကိုပဲ အားကိုးရတော့မှာပါခင်ဗျာ။ ကျွန်တော့် ယောက်ဖ အငယ်ကောင်ကတော့ ဆရာတော်ကို အင်မတန် ကြည်ညိုလေးစားတာ တွေ့ရပါသည်။ ယောက်ခထီးကြီးက သဒ္ဒါပေါက်ပြီး ငွေတစ်သိန်း လှူ ပါသည်။ ကျွန်တော် မဆီမဆိုင် သူကြီးကို သတိရပါသည်။ သူကြီးက ဒီလို အလှူမျိုးကို သဘောသိတ်မကျလှ ဟု ကျွန်တော် ထင်နေသောကြောင့် ဖြစ်ပါသည်။ မဟုတ်ရင်လည်း ခွင့်လွှတ်ပါ သူကြီးရေ။ ကျွန်တော်ကိုယ်တိုင်ကလည်း မန်းဂဇက် ကျေးဇူးကြောင့် (သူကြီးရဲ့လွှမ်းမိုးမှု ပါတာလည်းဖြစ်နိုင်ပါသည်) တကယ်လိုအပ်နေသော နေရာမျိုးလေးတွေမှာ လှူစေချင်နေမိပါသည်။ ထားပါတော့။

မန္တလေးကို ရောက်တော့ ညနေ ငါးနာရီခန့် ရှိနေပြီ။ ဆီဒိုးနား ဟော်တယ် (ဟားဟား အထင်မကြီးပါနဲ့ဗျာ) အနောက်ဘက်လမ်းကြားထဲက မြမန္တလာ ဟော်တယ်မှာ တည်းဖြစ်ကြပါသည်။ ဟော်တယ်ဝန်းထဲမှာပင် ဈေး တော်တော် သက်သာသော ဘားလေး ဖွင့် ထားသဖြင့် အပြင်ကလာရောက်သောက်စားသူများလည်း များတာ တွေ့ရပါသည်။ ရေမိုးချိုး ပြီး ယောက်ဖ နှင့် အရက် နည်းနည်း သောက်ဖြစ်ပါသည်။ အရက်သောက် ညစာစားပြီး အခန်းကိုပြန်ရောက်လို့ အခန်းနံပတ်ကိုကြည့်လိုက်တော့  (111) တဲ့။ ဒီနေ့ကလည်း ၁၁ ရက် ၁၁ လ ၁၁ ခုနှစ် တည်းတဲ့ အခန်းက ၁၁၁။ ၁ ကိုးလုံးဆုံလျှင် သိန်းတစ်ထောင်ဆုကြီး များ ပေါက်တတ်သလား။ မူးမူးနှင့် တွေးမိသော အတွေးပါခင်ဗျာ။ ဓါတ်ပုံလေးတွေဘက် လှည့်လိုက်ရအောင်။ ခရီးသွားတဲ့ အရသာလေး ရကြတယ်ဆိုရင် ကျေနပ်ပါတယ်ဗျာ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx(ဆက်ရန်)xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမြန်လမ်း တစ်နေရာ။ ကားမောင်းရင်းနဲ့ လက်ဆော့လိုက်တာ။ သာယာတယ်ဗျ နော။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ထန်းပင်ထန်းတော လွမ်းမောစရာပဲ။ အမြန်လမ်းပေါ်ကနေ မိတ္ထီလာမြို့ဘက်ကိုသွားတဲ့ လမ်းပေါ်က ရှုခင်းတစ်ခု။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မိတ္ထီလာ-မန္တလေး လမ်းဟောင်းပေါ်က ရှုခင်းတစ်ခုပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အမြန်လမ်းပေါ်က ဘလက်ရဲ့ ရိုက်ချက်။ ကျွန်တော်ကတော့ ကြိုက်တယ်ဗျ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒါလေးလည်း ကြိုက်လို့တင်လိုက်တာ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ဘလက်တို့ကားသေးသေးလေး။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အမြန်လမ်းဘေးက ရှုခင်းလေးတစ်ကွက်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နေပြည်တော် မှာ စွယ်တော်သွားဖူးတော့ ဘုရားအဝင်ကားပေါ်က ရိုက်ချက်ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နေပြည်တော်မှာ သာတဲ့လ။ တန်ဆောင်မုန်းလပြည့်ညက ရိုက်ထားတာပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နေပြည်တော်နံနက်ခင်း၊ အလင်းလာတာတောင် မပျောက်သေးတဲ့ လပြည့်ဝန်းကြီး။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မန္တလေးမှာ တည်းခဲ့တဲ့ ဟော်တယ်ပါ။

27 comments

  • ပေါက်ဖော်

    November 15, 2011 at 11:59 am

    အန်ကယ်က..ရွာထဲပျောက်ပြီး….အောက်ဒိုးထွက်ရိုက်နေတာကိုး..
    ဂွတ်ထ..
    😀

  • inz@ghi

    November 15, 2011 at 12:02 pm

    တဆောင်မုန်းလပြည့်ည ကိုနှမြောထှာဗျာ…
    တားတားလည်း ဆြာတို့နဲ့ လပေါ်မှာ မျက်လုံးချင်းစုံချင်တာ…
    သည်မှာ တိမ်ထူ မိုးရွာဖစ်တွားရို့ ရိုက်လိုက်ရဝူး
    🙁

  • ကိုရင်စည်သူ

    November 15, 2011 at 1:21 pm

    အန်ကယ်ချောက..
    ရွာထဲက ခဏပျောက်ပြီး..
    အထက်မြန်မာပြည်ကို..
    အောက်ဒိုး ဝင်နေတာကိုး..
    ဓါတ်ပုံတွေက လျှပ်တစ်ပြက်ရိုက်ချက်တွေပေါ့…
    ကားသေးသေးလေးကို အဝေးကလှမ်းရိုက်ထားတဲ့ပုံက
    ကိုဘလက် ပေါက်တောဝင်နေတာလားဟင်… 😀 😀 😀

  • ဆူး

    November 15, 2011 at 1:36 pm

    နေပြည်တော်မှာ သာတဲ့လ။ တန်ဆောင်မုန်းလပြည့်ညက ရိုက်ထားတာပါ။ ဆိုတဲ့ ပုံလေးမှာလေ ဥစ္စာစောင့်တွေ အုပ်စုလိုက် တန်းစီပြီး က နေကြတာလား မသိဘူးနော် ဆူးကတော့ ဥစ္စာစောင့်ထင်တာပဲ ဝတ်ကောင်းစားလှတွေနဲ့ ဖြိုးဖြိုးဖျက်ဖျက် အကျီပုံမျိုး.. လပြည့်ညမို့ ထွက်ကဲ နေကြတာလား မသိဘူး။ 🙄 🙄 ပုံလေးက တော်တော် ထူးခြားတယ်.. နောက် အနှစ် ၂ဝ လောက်ကျရင် သဂျီးလို လူမျိုးတွေကို ပြဖို့ ဂန္ဓဝင်မြောက် ပုံလေးပါပဲ။

    • etone

      November 16, 2011 at 3:01 pm

      တူညား ဘယ်ယို ကြည့့်ကြည့် ဥစ္စာစောင့်နဲ ့တူဒါယဲ အတွေ့ဝူး .. ဟွန်း …လူဂျိုး ညာဒယ် 😆

      • ဆူး

        November 16, 2011 at 3:43 pm

        လူမရှိတဲ့ လမ်း ကို သရဲခြောက်တယ်လို့ ပြောကြတယ်လေ။
        လူမရှိတဲ့ လမ်းမှာ သာနေတဲ့ လမင်းကြီး ကို အမှတ်တရ ဝင်ပြောတာပါ။
        လူအပြည့်နဲ့ လမ်းမှာ သိပ်မသာတဲ့ မာကျူရီ မီးတွေကိုလည်း သနားလာလို့ပါ။

        • etone

          November 16, 2011 at 3:52 pm

          ဟီး ဂလိုကိုး …. ဉာဏ်သိမ်တော့ နည်းနည်း ဝေးသွားတယ် ဟီး 😀

  • nozomi

    November 15, 2011 at 2:16 pm

    ကျွန်တော် ဖတ်ဖူးတာ ယိုးဒယားမှာ သက်ဆင် ဝန်ကြီးချုပ်လုပ်တုံးက ကုန်တိုက်တွေကို လာတာ သက်တော်စောင့် ၂ ယောက်လောက်ပဲပါတယ် (မ မြင်ရတဲ့သူတွေတော့ သီးခြားရှိချင် ရှိနေမှာပေါ့) သူလာတဲ့အတွက် ဘယ်သူမှလဲ အနှောက်အယှက် မဖြစ်ကျပါဘူးတဲ့ စင်ကာပူ မှာ လဲ အဲဒီအတိုင်းပဲတဲ့

    ဒီမှာ များတော့ ဗျာ လူကြီး ကားများလာရင် လမ်းပေါ်က လူတွေ ဘေးကို အတင်းဆင်းပြေးရမဲ့အတိုင်း ၊ သူ တို့လာဘို့ကို တခြားလူတွေက အလုပ်ပျက်ခံ စောင့်နေရတယ် လူကြီးဆိုတဲ့ သူတွေရော အောက်က တာဝန်ရှိသူတွေရော ပြင်ဘို့ကောင်းနေပါပြီ

    တံမျက်စည်းပင် (လို့ထင်တယ်) ပုံလေးတွေ သဘောကျတယ်
    “အမြန်လမ်း တစ်နေရာ။ ကားမောင်းရင်းနဲ့ လက်ဆော့လိုက်တာ” ဆိုလို့ အမြန်လမ်းမှာ ဆို စပိက နဲတာမဟုတ်ဘူး ကားကိုပဲ သတိထားမောင်းပါ ဆရာရယ် ၊ လှ လို့ရိုက်ချင်ရင် ခဏ ရပ်ပေါ့ ၊

    ရွာသူားတွေ သူတို့ရဲ့ တံခါးစောင့်ကြီးကို မျှော်နေကြတယ်နော် အချိန် ရရင် ကို်ယ်ထင်ပြဦး

    • king

      November 15, 2011 at 2:38 pm

      တံမျက်စည်းပင် မဟုတ်လောက်ဘူးဗျ ကိုင်းပင်လို့ ထင်ပါတယ် …
      သေချာသိတဲ့သူတွေက ဆက်လက်ရှင်းလင်းပြပါလိမ့်မယ် … 😛

    • Diamond Key

      November 15, 2011 at 3:18 pm

      မြန်မာမီးရထားက တစ်မိုင်ဘယ်လောက်ဆိုပြီးဈေးတက်ယူသလို ဖီးလ်ကလည်း တစ်မိုင် ၅ ကျပ် ၂ဝ ပြားတက်ထားတာနေမှာ။:D 😀 😀
      ရိုက်ချက်တွေကတော့ အမိုက်စားတွေ ချည်းပါလား။ နောက်ပုံလေးတွေ ဆက်ပြပါ။
      ဆာဖာရီ ဥယာဉ်မှာကော ပုံလေးတွေ ရိုက်လာသေးလား။ ဆင်တွေကျားတွေ မဟုတ်ဘူးနော်၊ အပြန်စားဝတ်စားခြယ်သထားကြပါသော မြို့တော်သူ မိန်းမကြီးလတ်ငယ်များ
      🙄 🙄

  • weiwei

    November 15, 2011 at 2:25 pm

    အောက်ဒိုးထွက်ချင်စိတ်ပေါက်လာပြီ …
    ရိပ်သာဝင်ပြီးတော့ ခရီးသွားချင်လာပြီ … ခွင့်ထပ်တောင်းရင် အဆဲခံရကိန်းမြင်လို့ စနေ တနင်္ဂနွေ ၂ ရက်နဲ့ အဆင်ပြေမယ့် နေရာတစ်ခုလောက်တော့ စဉ်းစားလိုက်အုန်းမယ် ..

  • ba gyi

    November 15, 2011 at 2:51 pm

    ကိုမဲချောကြီးကတော့ ဘယ်သွားသွား ဝါသနာနဲ့ မခြားပဲ၊စိတ်သွားတိုင်းကိုယ်ပါပါပေ့ဗျား၊ပါရမီဖြည့်ဘက်က
    လည်းတော်လို့နေမှာနော့်။ ကျုုပ်ကတော့ လပြည့်နေ့ ည မှာ ဘားအံ ဒုံးယိမ်း ကြည့်နေပါသဗျား၊အဲဒါ ကင်မရာ မေ့ပြီးမပါသွားလို့ သတိမပေးရကောင်းလားဆိုပြီး အိမ်မှာကျန်ခဲ့တဲ့ မဒမ် ကိုဖုန်းနဲ့ လှမ်းအပြစ်တင်မိ
    သေး၊ မဲချောကြီးရဲ့ရိုက်ချက်တွေ ကတော့ လွှတ်ကောင်းပါ့ဗျား။မြက်ရိုင်းဖားဖားကြီးတွေမြင်ရတော့ ပန်းချီကားတစ်ချပ်ထဲကလို မြင်းရိုင်းထွားထွားကြီးတွေပါပြေးမြင်မိပါတယ်၊အသက်ပါတဲ့ရိုက်ချက်ပါပေ ဗျား။

  • MaMa

    November 15, 2011 at 3:07 pm

    ကို်ပေါက်က တန်ဆောင်မုန်းလကို ရေထဲက အရိပ်နဲ့ ပေါင်းပြီး ၂ လ တင်တယ်။ အခု ဘလက်ချောတင်တော့ ၃လ ဖြစ်နေတယ်။ 😀
    (မာကျူရီမီး နဲ့ ပေါင်းပြီး ၃လ လို့ ထင်သွားတာ။)

  • Shwe Ei

    November 15, 2011 at 3:56 pm

    တောကျယ်ကျယ် တောင်ကျယ်ကျယ် လယ်ကွင်းကျယ်ကျယ် မြင်ရရင် မွေးရပ်ဌာနီ ကိုသာပြန်ပြေးချင်တော့တယ်။ နှာခေါင်းပေါက်လောက်ပဲ ရှိတဲ့တိုက်ခန်းထဲမှာနေရတဲ့ဘဝကို စိတ်နာနေဘီ။

  • အားကျသဗျာ
    ကျနော်ရန်ကုန်သွားရင်ညကားစီးရတော့ ဒီမြင်ကွင်းတွေ ကျနော်ခံစားခွင့်မကြုံဘူးဗျာ။
    ပုံတွေက လှတယ်။
    ခင်ဗျားကြိုက်တဲ့ပုံလေး ကျနော်လဲကြိုက်တယ်။

  • windtalker

    November 15, 2011 at 8:06 pm

    မြမန်တလာ ဆိုတော့ ထွန်းလှ ဟိုတယ်ပေါ့
    အဲ့ဟိုတယ် က ဟိုးအရင်တုန်းက မန်းတလေးရမ် စစ်စစ် သောက်ချင်ရင်
    အဲဒီမှာ ဘဲ စိတ်ချ ရတာကလား
    ဆိုတော့က ကိုဘလက်ပုံ ခန် ့မှန်းရတာ “ ရမ်ဘို ” များလား ဗျ
    မှားခဲ့ရင် ဆောရီးပါနော် အကိုဘလက်

  • blackchaw

    November 16, 2011 at 10:44 am

    @ ပေါက်ဖေါ်
    အောက်ဒိုးထွက်ရိုက်တာတော့ မဟုတ်ပါဘူး ပေါက်ဖေါ်ရေ။
    ရတဲ့ အချိန်လေးမှာ ရသလို ရိုက်လာခဲ့တာပါ။
    @ inz@ghi
    နတ်တော်လပြည့်ညကျရင် လမင်းကြီးပေါ်မှာ
    ရွာထဲက ဒါ့ပုံဆြာ တွေ ကင်မရာခြင်း ဆုံကျရအောင် နော အင်ကြီးရယ် နော။
    အင်ကြီးရေ။ ကိုယ်ပေးတဲ့ ဆောက်ဇာဂီ ဆိုတဲ့နာမည်က မတွင်ပဲ
    မိုးစက် ပေးတဲ့ အင်ကြီးဆိုတာက တွင်တော့မယ်နဲ့တူတယ် ကွယ်။ နော အင်ကြီးရယ်နော။
    @ ကိုရင်စည်သူ
    ကိုဘလက် ပေါက်တောဝင်တာ မဟုတ်ပါ။ ယောက်ခမကြီးတွေ ပေါက်တောဝင်တုန်း
    ကိုဘလက် ဒါ့ပုံဆြာ လုပ်နေတာပါဗျာ။ ကိုရင် မော်ဒန် ကို အပျော်ကြံတာတော့
    သဘောမတူပါဘူးဗျို့။ မော်ဒန်အတွေးအရေးလေးတွေ လုပ်ပါဦးဗျာ။
    @ nozomi
    နောင်တော် နိုဇိုမိရေ။ နောင်တော် တောင်းဆိုတဲ့ တံခါးစောင့်ကြီး ချက်ခြင်းပဲ
    ကိုယ်ထင်ပြလိုက်တယ်နော်။ ကျေနပ်ပါဗျာ။
    @ king
    ဘာပင်လဲတော့ မသိဘူးဗျ။ အဲဒီအပင်လေးတွေကို ကျွန်တော်က
    ရိုက်ချင်နေတာကြာပြီ။ အငဲ ရဲ့ မျှော်လင့်ခြင်းကွင်းပြင် ဆိုတဲ့ သီချင်း
    ဗီစီဒီမှာ ပါကတည်းက စွဲစွဲလန်းလန်းကို ရိုက်ချင်နေတာ။
    အဲဒီပုံလေးကိုကြည့်ကြည့်ပါ။ အပင်လေးတွေက လှုပ်နေသလိုခံစားရပါလိမ့်မယ်။

  • blackchaw

    November 16, 2011 at 11:04 am

    @ Diamond Key
    ဒါ့ပုံကတော့ ဘယ်နေလိမ့်မလဲ ရိုက်ခဲ့တာပေါ့ဗျာ။
    မြို့တော်သူ မိန်းမကြီးလတ်ငယ်များကတော့
    ဒါ့ပုံရိုက်ချင်လောက်အောင် ကျွန်တော့်အတွက် sexy မဖြစ်ရှာကြဘူးဗျာ။
    အင်း တရားသဘောနဲ့ ပြောရရင် အပုတ်ကောင်တွေ မဟုတ်လားဗျာ နော။
    @ Ba Gyi
    ဘကြီးရေ။ မျက်ရိုင်းဖားဖားကြီးတွေပုံကို ကျွန်တော်က လွှတ်ကြိုက်နေတာဗျ။
    အဲဒီနှစ်ပုံတည်းတင်လိုက်ပေမယ့် ရိုက်ထားတာ ပုံနှစ်ဆယ်လောက်ရှိပါတယ်။
    ဘကြီးပြောမှ တစ်ခေါက်ပြန်ကြည့်ပြီး ကိုယ့်ရိုက်ချက်ကိုယ် ပြန်ခိုက်နေမိတယ်ဗျာ။ ဟားဟား။
    @ ကိုပေါက်
    ကိုပေါက်ရေ။ ဟုတ်တယ်ဗျ။ ကားတွေက ညမောင်းတော့ နေ့ရှုခင်းတွေ
    တွေ့ခွင့်မကြုံကြဘူးလေ။ ပုံတွေ တော်တော်များများ ကျန်သေးတယ်။
    သည်းခံပြီးသာ ကြည့်ဘို့ပြင်ပါဗျာ။
    @ windtalker
    ကိုပေရေ။ မန်းရမ်ကို ကျွန်တော် ကြိုက်ပါတယ်။ ရမ်ဘိုတော့ မဟုတ်ပါ။
    ထွန်းလှဟော်တယ် ဟုတ်တယ်ဗျ။ ဘားလေးဖွင့်ထားတော့ အပြင်ကလည်း
    လာသောက်ကြတယ်ဗျာ။ ဈေးကလည်းသက်သာတော့လေ။
    ကျွန်တော်ကတော့ ယောက်ဖကောင်းမှုနဲ့ ကျွန်တော့် နာမည်ပါတဲ့
    တံဆိပ်နဲ့ အရက်လေး သောက်ခွင့်ရပါတယ်ဗျာ။ ကျွန်တော်တို့
    ဝိုင်းမှာ အဆိုတော် ကိုဖိုးကျော်တောင် ရောက်လာသေးတယ်ဗျ။
    အသံကတော့ ခုထိ ကောင်းတုန်းဗျာ။

  • blackchaw

    November 16, 2011 at 11:17 am

    @ ဆူး
    အန်တီဆူးရေ။ နေပြည်တော်မှာ သာတဲ့လ ပုံတွေက
    ရိုက်ထားတာ အများကြီးဗျ။ စိုင်းထီးဆိုင်ကြီး ဆိုခဲ့တဲ့
    ရန်ကုန်မှာသာတဲ့လ သီချင်းထဲကစာသားလို “သာပေမယ့်လည်း အလကား”
    ဆိုတာ နေပြည်တော်မှာ ဖြစ်နေပြီလို့ ဆိုချင်တာပါ။ ဒါကြောင့် မြေပြင်က
    မာကျူရီမီးတိုင်တွေပါ ပါအောင်ရိုက်လိုက်တာပါ။
    ဆိုလိုရင်းကို မရောက်တာတော့ သေချာပါတယ်ဗျာ။
    @ weiwei
    ပြည်ကိုသွားဗျာ။ မင်္ဂလာဥယာဉ်မှာတည်း။ လွှတ်သာယာတယ်။
    အရင်ကဆို ကျွန်တော်တို့မိသားစု အခု အန်တီဝေလို ခရီးသွားချင်စိတ်
    ပျင်းထန်လာကြပြီဆိုရင် နီးနီးနားနား ပြည်ကိုသွားလိုက်တာပဲ။
    ဟိုင်းဝေး ဖီလင်လေးလည်းရတယ်ဗျာ။ လမ်းလည်းကောင်းတယ်။ ၅ နာရီလောက်ပဲ
    မောင်းရပါတယ်။ ဟော်တယ်ကလည်း သာယာလွန်းလို့
    အပြင်တောင်ထွက်မလည်ချင်အောင်ဖြစ်ရပါတယ်။ ရောက်ဘူးတယ်ဆိုရင် ဆောရီးနော်။
    @ MaMa
    လ ၃ စင်းလို့ ထင်သွားတယ်ဆိုတော့ ကျွန်တော့်ဆိုလိုရင်းကို ရောက်တယ်လို့
    လိုရာဆွဲတွေးရတော့ မှာပဲဗျာ။ မြေပြင်မှာ လနှစ်စင်းရှိနေမှတော့
    ကောင်းကင်က လမင်းကြီးက သာပေမယ့်လည်း အလကား ပေါ့ဗျာ။
    နေပြည်တော်မှာ သာတဲ့လက သာပေမယ့်လည်း အကကားပါဗျာ။
    @ Shwe Ei
    ဘယ်သူ့ကို စိတ်နာနေတာလဲ ရွှေအိရေ။ ရွှေအိကိုကို ကို ခေါ်ပြီး
    ခရီးထွက်လိုက်ရင် လန်းဆန်းသွားမှာပါ။

  • etone

    November 16, 2011 at 3:06 pm

    ကိုချောကလက်ကြီးရဲ့ ခရီးသွားပို့စ်ကို ဖတ်ရပြီး ခရီးထွက်ချင်စိတ်ပေါက်သွားတယ် … ။ ဒါပေမယ့်လည်း သူများ လခစားဘဝက ခွင့်ယူချင်တိုင်းမရဘူးလေ … ။ လမ်းမမှာ ကားမောင်းနေရင်းနဲ့ ရိုက်ထားတာတောင် မှုုံ ့တိ မှုံဝါး မဖြစ်ဘူးနော် … ။ ဘာပင်လေးတွေလည်း မသိဘူး … ရိုက်ထားတာလည်း လှတယ်နော် … ။ အဲ့ဒီအပင်လေးတွေကို ထက်ထက်မိုးဦးကြော်ငြာ တစ်ခုထဲမှာပဲ တွေ့ဖူးတာ … အပြင်မှာမတွေ့ဖူးဘူး ဟီး … 😀

  • thit min

    November 21, 2011 at 9:05 pm

    အဲဒီကိုင်းပင်တွေက တော်တော်သန့်တာဘဲနော်။ ကိုဘလက်က လေဘယ် သောက်
    တာလား။ ဘာလေဘယ် ဘဲ သောက်သောက် ဘလက်သောက်တော့ လဲ အင်း။
    အားကျလိုက်တာဗျာ။ ကျနော်ပြန်လာရင် ပါတ်အုန်းမလို့ ။

  • blackchaw

    November 27, 2011 at 10:18 am

    မဟုတ်ဘူးကိုသစ်ရ။
    ကျွန်တော်က အရက် ကို အိမ်မှာပဲ သောက်တာများပါတယ်။
    ကိုယ်တိုင် ဝယ်သောက်ရင် ပိုက်ဆံ နည်းနည်းလေးများ ရှိနေတဲ့ အချိန်ဆိုရင်
    နှစ်သောင်းလောက်ပဲ ပေးရတဲ့ ရေနာ (အင်္ဂလိပ်လို စာလုံးပေါင်းမမှတ်မိလို့) ဆိုတဲ့
    ဘရန်ဒီ သောက်ပါတယ်။ ပိုက်ဆံ သိတ်မရှိတဲ့ အချိန်ဆိုရင် မန်းလေး ရမ် သောက်ပါတယ်။
    ဘလက်လေဘယ်တို့၊ ရက်ဒ်လေဘယ်တို့ ကတော့ ယောက်ဖတွေဆီက လှမ်းပို့တဲ့ အခါ
    အလကားရရင်သောက်ပါတယ်။ ဘီယာတော့ လုံးဝ မကြိုက်ပါဘူးခင်ဗျာ။
    ကိုသစ်ပြန်လာရင် ကျွန်တော့်ကို အဲဒီ ရေနာ ဘရန်ဒီ တိုက်ဗျာ။
    မသောက်ရတာ ကြာပြီဗျို့။

    • inz@ghi

      November 27, 2011 at 2:36 pm

      တောက်မယ် တားတားလဲ တောက်မယ်…
      မာကတ်တာပီသတဲ့ အချက်ထဲမှာ အဲ့လာ တချက်ကိုပါ
      တားတားက ထည့်တွင်းတွက်ချက်ထားတာ …ဟီး…
      ပြန်လာရင်. ….ဘဘဘလက်ကို ဗော့်လဂါ စိမ်းစိမ်းလေးဝယ်တိုက်မယ်…
      😛

  • ကဲ ရွာထဲကမိတ်ဆွေများမန်းလေးကို လာရင်မောင်ပေက
    ဧည့်ဝတ်ကျေရပါစေမယ်လို့ သတင်းပေးလာပါတယ်။

  • manawphyulay

    November 27, 2011 at 8:01 pm

    မနောက စွယ်တော်ဖူးတာ နည်းနည်းစောသွားတယ် ဦးဦးဘလက်ရဲ့ တန်ဆောင်မုန်းလပြည့်နေ့မှ တိရစ္ဆာန်ဥယျာဉ်တို့ အမျိုးသားဥယျာဉ်တို့ကို လျှောက်လည်ဖြစ်တာ။ နေကတော့ တော်တော်ပူတယ်။ စွယ်တော်ဖူးတော့လည်း အတော်ကံကောင်းတာက သူငယ်ချင်းတွေက သာသနာရေးက ကားနဲ့လာခေါ်ပြီး ပို့ပေးလို့ ဘုရားခြေရင်းထိ ကားပေါ်က မဆင်းရပဲ သွားဖူးရတာပါ။ အဲဒီနေ့က ထပ်ဖူးရင်တော့ တွေ့မလားမသိဘူးနော်။

  • Shanma TUmdy

    November 27, 2011 at 9:36 pm

    ဟိုင်းဝေးလိုင်းကြီးကခေါင်လိုက်တာနော်.. အိုက်လိုက်မယ့်ဖြစ်ခြင်း ..

  • cryingsoul

    November 28, 2011 at 4:39 pm

    ခုလိုတင်ပေးတာကောင်းတာပေါ.ဗျာ ကျွန်တော်ကတော.မရောက်ဖူးဘူးဗျ ရောက်မှပဲစုံအောင်လျှောက်လည်တော.မယ်ဗျာ

Leave a Reply