Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“အထူးလူ အထူးနေရာ”

“အထူးလူ – အထူးနေရာ”

၁၉၆၄ခုနှစ် အဲဒီတုန်းက ကျနော် က”သူငယ်တန်းကြီး” ဘဲရှိပါသေးတယ်။
ကျနော်တက်နေတဲ့ကျောင်းကတော့ “စိန့်ပီတာ ခရစ်ယာန်သာသနာပြု ကျောင်း”မှာပါ။
{အခုတော့ အမှတ်(၉)အ.ထ.ကပေါ့။}
တစ်ခုသောညနေကျောင်းဆင်းချိန်မှာ ကျောင်းသားမိဘတွေက ကျနော်တို့ကိုအတန်းဝအပေါက်ထိလာကြိုကြပါတယ်။
တစ်ခါမှ လာမကြိုဘူးတဲ့ ကျနော့်အဖေတောင်မှာ ကျနော်ကို လာကြိုတော့ ကျနော်မှာတအံ့တဩ။
ကျနော်တို့မကြားဘူးတဲ့စကားလုံးအသစ်အဆန်းလေးကလဲ ပျံ့လွင့်လို့နေပါတယ်။
“ကျောင်းကို ပြည်သူုပိုင်သိ်မ်းလိုက်ပြီ”တဲ့။
“ဖာသားကြီးတွေ ဘရာသားတွေ တီချယ်တို့ ကို ဒီကျောင်းမှာဆက်မထားတော့ဘူး”တဲ့။
“ဒီကျောင်းကို အစိုးရပိုင်သွားပြီ”ဆိုတဲ့ ကျနော်တို့ လိုက်မမှီတဲ့စကားတွေကိုကလေးဘဝမှာကြားလို်က်ရပါတယ်။
အဲဒါကတော့ မြန်မာနိုင်ငံရဲဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအစ အပြောင်းအလဲကို ကျနော်ကလေးဘဝမှာ
စတင်လို့ ထိတွေ့လိုက်ရတဲ့အသိလေးပါဘဲ။
စကားလုံးဆန်းဆန်းလေးကဘာမှန်းမသိပေမယ့် ရင်ထဲကိုရောက်လာပါတယ်။
“ပြည်သူပိုင်သိမ်းတယ်”

နောက်တော့လဲမူလတန်းအလယ်တန်းအထက်တန်းကျောင်းသားဘဝမှာတော့
တေဇလူငယ်၊ရှေ့ဆောင်လူငယ်၊လမ်းစဉ်လူငယ် ဆိုတဲ့စကားတွေ၊
ကြက်ခြေနီသင်တန်း၊လမ်းစဉ်လူငယ်သင်တန်း၊လုပ်အားပေးဆိုတဲ့စကားလုံးတွေအောက်မှာ
ကျောင်းဖွင့်ရက်ကျောင်းတက် ကျောင်းပိတ်ရက်မှာသင်တန်းတက်လို့ကလေးဘဝကိုလွန်မြောက်ခဲ့ကြရပါတယ်။

နောက်လူငယ်ဘဝလွန်မြောက်တဲ့အခါမှာတော့ အရန်ပါတီ ၊တင်းပြည့်ပါတီဆိုတဲ့စကားတွေ၊
လမ်းညွှန်မှု့၊ပါတီဗဟိုကော်မီတီ၊ဥက္ကဌကြီး၊အတွင်းရေးမှူး၊ဗဟိုဦးစီးအဖွဲ့၊ဒေသပါတီကော်မီတီ၊
မြို့နယ်ကောင်စီ ၊ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့ ၊အစရှိတဲ့ခန့်ထည်တဲ့စကားလုံးတွေကအမြဲ
တမ်းလိုလိုကြားနေရတဲ့စကားလုံးတွေဖြစ်ပါတယ်။

ဒီဆိုရှယ်လစ်စံနစ်နဲ့ချီတက်တဲ့ကာလအတွင်းမှာတော့စာပေလောကမှာရော တိုးတက်တယ်ဆိုတဲ့ လူငယ်ထုကြားထဲမှာရော ခေါင်းပုံဖြတ်၊ငို့ဘသမား၊သရုပ်မှန်၊ဇူစကာ၊ရေသာခို အချောင်လိုက်၊
အခြေခံလူတန်းစား၊ရေပေါ်ဆီ၊ပစ္စည်းမဲ့လူတန်းစား၊အရင်းရှင်လူတန်းစား။ပစ္စည်းမဲ့တော်လှန်ရေး၊
ဖောက်ပြန်ရေးသမား၊စားဖား၊ဘဝသရုပ်ဖော်ဆိုတဲ့ ဒီစကားလုံးတွေကို တွင်တွင်ကျယ်ကျယ်အသုံးချရုံမက၊
အကြောင်းကိစ္စရှိတာနဲ့ ဒီအချက်အလက်တွေနဲ့ ချိန်ထိုးပြီး တန်ဘိုးဖြတ်ခဲ့ကြပါတယ်။
“ဆင်းရဲမှ ဘဝမှန် ချမ်းသာရင်ဖောက်ပြန်”
“ အူမတောင့်မှ သီလစောင့်နိုင်မယ်“ဆိုတဲ့အတွေးအခေါ်တွေကိုလဲ လက်ခံကျင့်သုံးခဲ့ကြပါတယ်။

အဲဒီခေတ်ကာလအတွင်းမှာ တံခါးပိတ်ဝါဒကိုကျင့်သုံးတာရယ်၊
ပြည်တွင်းထုတ်လုပ်မှု့ကလဲ လိုအပ်ချက်ပြည့်အောင်လုံလောက်အောင် မထုတ်လုပ်နိုင်တာရယ်ကြောင့်
အစစ အရာရာရှားပါးခြင်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အဲဒီတော့လဲ ခွဲတမ်း၊မှောင်ခို၊တန်းစီတိုး၊ပါမစ်၊မဲနှိုက် စတဲ့စကားလုံးလေးများကလဲ
မပြည့်စုံခြင်းနဲ့အတူ ပူးတွဲလို့ပါလာပြန်ပါတယ်။
အစစရှားပါးခက်ခဲတဲ့ကာလကြီးဖြစ်လေတော့
ရုပ်ရှင်ကြည့်ချင်ရင်လဲ တန်းစီ၊
ရထားလက်မှတ်ကားလက်မှတ်လဲတန်းစီ၊
ရေနံဆီလိုချင်ရင်လဲတန်းစီ၊
ခွဲတမ်းဆန်ထုတ်ချင်ရင်လဲတန်းစီ၊ဘာမဆိုတန်းစီရတဲ့အပြင်
ဘီပီအိုင်ဆေးလိုချင်ရင်လဲ ပါမစ်နဲ့မှ၊
ရွှေဝါဆပ်ပြာလိုချင်ရင်လဲပါမစ်နဲ့မှ၊
သကြားလိုချင်ရင်လဲပါမစ်နဲ့မှ၊
ပိတ်စဝယ်ချင်ရင်လဲ ပါမစ်နဲ့မှ၊
သစ်လိုချင်ရင်လဲပါမစ် ဘာမဆို ပါမစ်ဆိုတဲ့ ခွင့်ပြုမိန့်ပါမှ လိုချင်တာရတဲ့ခေတ်တစ်ခုဖြစ်ခဲ့ပါတယ်။

အဲဒီကာလမှာဘဲအများနဲ့မတူတဲ့ သာမန်ထက်ပိုသော အခွင့်အထူးတွေရနေတဲ့
VIP(Very Improtant Person)(အထူးလူ) ဆိုတဲ့လူတန်းစားတစ်ရပ်ပေါ်ပေါက်လာပါတယ်။
လိုချင်တာအတွက်တန်းစီစရာမလိုဘူး။
လိုချင်တာအတွက်ဝယ်ယူခွင့် ပါမစ်ကရှိပြီးသား အများတကာ အားကျရတဲ့သူတွေပေါ့။
ဘယ်နေရာမှမဆိုရှေ့တန်းကနေပြီး အခွင့်ထူးတွေရနေသူတွေပါဘဲ။

အစကတော့ တိုင်းပြည်အတွက်နေ့မအားညမအားအလုပ်လုပ်နေတဲ့သူတွေ
တိုင်းပြည်အတွက် ရှေ့ကနေဦးဆောင်လို့ ုအနစ်နာခံပေးသူတွေ အတွက်
ဒီအခွင့်အရေးကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။
နောက်တော့ ဒီလိုသက်သာလွယ်ကူတဲ့အခွင့်အရေးကိုရဘို့အတွက်
အချောင်သမားတွေက နည်းမျုးိစုံသုံးကြပါတော့တယ်။
အထူးအခွင့်အရေးရသူများရဲ့အခွင့်အာဏာကိုအမှီပြုလို့
“အထူးလူ” ဖြစ်အောင် ဖန်တီးယူကြပါတော့တယ်။
“အထူးလူ”ရဲ့ဆွေမျိုးသားချင်း၊
“အထူးလူ”ရဲ့ မိတ်ဆွေသင်္ဂဟ၊
“အထူးလူ”ရဲ့မိတ်ဆွေရဲ့မိတ်ဆွေတွေက
အကူအညီယူ၊တောင်းပန်ခယ လက်ဆောင်ပေး စတဲ့နည်းတွေနဲ့“အထူးလူ”ရဲ့အခွင့်အရေးတွေကို
ရအောင်ဖန်တီးယူကြပါတော့တယ်။

အဲဒီအခါမှာ ကြားကအချောင်စားတဲ့သူပေါ်လာပါတော့တယ်။
အဲဒီသူတွေကတော့ ဝန်ထမ်းတွေပါဘဲ။
ရထားလက်မှတ်၊ရုပ်ရှင်လက်မှတ်၊အများလိုအပ်တဲ့ပစ္စည်းကိုရောင်းချပေးနေတဲ့ဌာန၊
လူအများနဲ့ဆက်သွယ်နေရတဲ့ဌာနက ဝန်ထမ်းတွေအတွက် စားကွက်တွေဖြစ်လာပါတယ်။
ရောင်းချဘို့သတ်မှတ်ပေးထားတဲ့ အရေအတွက်ထဲကနေ “အထူးလူ”အတွက်နာမည်တတ်လို့
ဖယ်ထား။
သူတို့နဲ့ဆက်စပ်ပါတ်သက်တဲ့လူတွေကို ပေးလိုပေး။
ပေးမကုန်ရင်ရောင်းစားနဲ့အတော်လေးကိုစီးပွားလမ်းဖြောင့်ခဲ့ကြပါတယ်။
“အထူးလူ”များကလဲ သူတို့အတွက်လိုချင်တာအဆင်ပြေနေတယ်ဆိုပြန်တော့
သူတို့ကို အသုံးချပြီးလုပ်စားနေကြတာကို သိလား မသိဘူးလားဆိုတာကတော့
ကာယကံရှင်တွေမှသာ သိနို်င်မှာဖြစ်ပါတယ်။
ဒီလိုအဖြစ်အပျက်တွေကြောင့်ကျနော်တို့လိုသာမန်လူတန်းစားများအတွက်
ပိုခက်သထက်ခက်ခဲ ပိုရှားသထက်ရှား စိတ်ပျက်စရာကောင်းပေမယ့်လဲ
ဘာမှ မတတ်နိုင်တော့ ခေါင်းငုံ့ခံရုံမှတပါး အခြားမရှိပါ။

“အထူးလူ”တွေကို အမှီပြုလို့ “အထူးနေရာ”တွေပေါ်ပေါက်လာတာကတော့
ခေတ်ရဲ့အားနည်းချို့ယွင်းချက်တစ်ခုတည်းကြောင့်မဟုတ်ဘဲ လူတွေရဲ့
လိုချင်တပ်မက်မှု့ကြောင့်ဆိုတာကလည်းငြင်းမရတဲ့အချက်တစ်ခုပါ။
“အထူးလူ”အတွက်“အထူးနေရာ”၊“အထူးအခွင့်အရေး”ဆိုတာတွေက
လုပ်ငန်းကိုင်ငန်းတွေ ခရီးသွားလာရေးတွေနဲ့အပျော်အပါးကိစ္စတွေမှာတင်မကဘဲ
ဘာသာတရားနဲ့သက်ဆိုင်တဲ့နေရာအထိ ရောက်လို့လာပါတယ်။
ဘုရားဖူးသွားချိန်နဲ့ “အထူးလူ”လာချိန်နဲ့တိုက်ဆိုင်နေရင် ဘုရားဖူးခွင့် ဆုံးရှုံးပါတယ်။
“ကြက်တူရွေးက တော်တော် မယ်ဘော်ကကဲ”၊ဆိုတဲ့စကားပုံလေးကို အဲဒီအချိန်မှာသိပ်သတိရမိပါတယ်။
လာမယ်ဆိုတဲ့“အထူးလူ”က ဘယ်အချိန်မှလာမယ်ဆိုတာမသိဘဲ ဟိုနေရာမဝင်ရ ဒီနေရာမထိုင်ရ
ဇာတ်လမ်းတွေကအတော်ကိုများပြားပါတယ်။

တစ်ခါမှာတော့ ကျနော် ဘုရားကြီးကိုရောက်ချိန်မှာ ဘုရားဖူးကားတစ်စီးလဲရောက်နေချိန်နဲ့ကြုံပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် “အထူးလူ”လာမယ်ဆိုပြီးကော်ဇောတွေလဲခင်းထားပါတယ်။
ဘုရားထဲရောက်တာ့ အတွင်းထဲကို ဝင်တဲ့နေရာလေးမှာ သံဇကာလေးတွေချလို့ ပိတ်ထားပါတယ်။
“အထူးလူ”လာမယ်ဆိုတဲ့အတွက် ရှေ့ဆက်လို့ဝင်ခွင့်မရှိဘူးဆိုတဲ့သဘောပေါ့။
အဲတော့ အတွင်းတော်ထဲထိဝင်လို့မရတော့ အပြင်ကဘဲဦးချရပါတယ်။
ကျနော်ဘုရားဖူးပြီးတဲ့အခါ မှဝတ် ပြုလို့ မပြီးသေးဘဲကျန်နေသေးတဲ့ သူငယ်ချင်းကို
ဘေးနားကနေပြီး ရပ်စောင့်နေချိန်မှာ
ဘုရားဖူးအဖွဲ့ကလို့ ယူဆရတဲ့လူတစ်ယောက်က ကျနော်ကိုစကားစလာပါတယ်။

“နောင်ကြီးက မန်းလေးကဘဲလား”
“ဟုတ်ကဲ့ခင်ဗျ”
“ခင်ဗျားတို့ကတော့ အဆင်ပြေပါတယ်ဗျာ။အခုလိုပိတ်ထားတာနဲ့ကြုံရင်နောက်ရက်လာလို့ ရတာပေါ့။
ကျနော်တို့လို တနယ်တကျေးကလာတဲ့သူ ကားရပ်ချိန်နာရီဝက်လောက်လေးမှာ ဖူးခွင့်မကြုံရင် နောက်တစ်ခေါက်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလေ”
“အေးဗျာ ကိုယ်ချင်းစာပါတယ်”
“တစ်ခုတော့ကူညီပေးပါဗျာ ။
ဒီရွှေဆိုင်းလေးကို နောက်ရက်ကျရင် ဒူးတော်နားကို ရွှေချပေးထားပါဗျာ၊
ကျနော်အမေ သောကြာသမီးအတွက်လဲဆုတောင်းပေးပါနော်။
ကိုယ်တိုင်ကပ်ချင်ပေမယ့်အခွင့်မသာတော့လို့ပါ”
ပြောနေရင်းတန်းလန်းသူတို့လိုက်လာတဲ့ ဘုရားဖူးယာဉ်က ထွက်တော့မယ်ဆိုပြီးလာခေါ်နေတော့
နာမယ်တောင် မသိလိုက်ရတဲ့ မိတ်ဆွေက နုတ်ဆက်လို့ထွက်အသွား၊
ရင်ထဲမှာတော့ စိတ်မကောင်းခြင်းများစွာ။
နောက်ပိုင်းမှာတော့ ဘုရားဖူးသွားတဲ့အချိန်ဘုရားစင်္ကြန်မှာကော်ဇောခင်းထားတာမြင်ရင်လှည့်ပြန်ပါတယ်။
အိမ်နဲ့နီးပေမယ့် ဘုရားကြီး ကိုသိပ်မရောက်ဖြစ်တော့ပါဘူး။

ခါတိုင်းဥပုဒ်နေ့များဆိုရင် ကျောက်တော်ကြီး၊အောင်တော်မူ၊ရွှေကျီးမြင်အစရှိတဲ့ဘုရားတွေကိုသွားတာများပါတယ်။
အဲဒီဘုရားတွေက နေရာကျယ်ပြန့်ပြီး လူအလာနည်းတော့ အေးဆေးငြိမ်သက်တာကြောင့်ပါ။
တစ်ခါတစ်လေတော့ လဲ အခုဆောက်လက်စ ဧရာဝတီမြစ်ကမ်းပါးက ပေါ်တော်မူငါးဆူကိုသွားပါတယ်။
(နေသိပ်မပူသေးတဲ့အချိန်မှာဆိုရင် မြစ်ပြင်ကိုဖြတ်လာတဲ့လေအေးအေးလေးကိုရှုရတာ အရသာရှိလွန်းလို့ပါ။)
နည်းနည်းဝေးတာကိုသွားချင်ရင် အချိန်လဲရတယ်ဆိုရင် တောင်သမန်အင်းနံဘေးက ပုထိုးတော်ကြီးတို့
တောင်ခွင်မင်းကြီး(ကျောက်တော်ကြီး)ဘုရားတွေကိုသွားလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဥပုဒ်နေ့ကတော့ မိုးတွေရွာပါတယ်။
တစ်ဆက်တည်းရွာတာလဲမဟုတ်ဘဲ ရွာလိုက်တိတ်လိုက်၊
အဲတော့ အိမ်နဲ့နီးတဲ့ဘုရားကြီးကို ဘဲသွားဘို့ဆုံးဖြတ်လိုက်ပါတယ်။
ကံကောင်းထောက်မစွာနဲ့အဲဒီနေ့က ကော်ဇောခင်းမထားပါဘူး။
ဒါပေမယ့် ဘုရားအရှေ့တော် အမျိုးသမီးများ ကျော်လွန်လို့ မသွားရတဲ့ဘုရားပန်းအိုးများချထားတဲ့
နောက်မှာတော့ သံဇကာလေးတွေကာလို့ ခြံခတ်ထားပါတယ်။
အဲဒီထဲမှာတော့ မိသားစုသုံးယောက်ထဲ လွတ်လွတ်လပ်လပ်။
သူတို့နောက်က သာမန်လူတွေဖူးဘို့ ပေးထားတဲ့နေရာမှာတော့ တိုးတိုးဝှေ့ဝှေ့ပူးပူးကပ်ကပ်
ဘေးမှာ ယူနီဖောင်းဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က ရို့ရို့ကျုိုးကျိုး။
သူတို့ဘေးမှာ ဘာခိုင်းခိုင်းလုပ်ပေးဘို့ အဆင်သင့်ရပ်နေတဲ့ အဲဒီကောင်လေးက
ဆွမ်းတော်ကပ်လို့ရတယ် အအေးကပ်လို့ရတယ် ဆီမီးပူဇော်လို့ရတယ်လို့ တတွတ်တွတ်ပြောနေပါတယ်။
ခဏနေတော့ အအေးကပ်မယ်ဆိုတော့ စပရိုက်အအေးဘူးလေးတွေကို အဲဒီကောင်လေးကဖောက်ထည့်ပေး
နေပါတယ်။
တကယ့် “အထူးလူ”တွေပါဘဲ။
ခဏနေတော့ ဘုရားဖူးတဲ့တစ်ဖွဲ့က အထဲဝင်မလုပ်တော့ အဲဒီကောင်လေးက မဝင်ရဘူးဆိုပြီးသံဇကာကိုပိတ်ထားလို်က်ပါတယ်။
ဘုရားဖူးလာတဲ့အဖွဲ့က ဘာမှမပြောပေမယ့် သိပ်အစာမကျေတဲ့မျက်နှာပေးနဲ့ပေါ့။
အားလုံးသောဘုရားဖူးတွေကတော့ကျပ်ကျပ်သပ်သပ်။
အဲဒီသီးသန့်နေရာကမိသားစုထဲက တစ်ယောက်ကတော့ မျက်စေ့လေးမှိတ်လို့ တတွတ်တွတ်ရွတ်။
ကောင်မလေးနဲ့ကောင်လေးတစ်ယောက်ကတော့ ခေါင်းခြင်းဆိုင်ပြီး တတွတ်တွတ်နဲ့အဆက်မပြတ်ပြော။
သူတို့အတွက်ကတော့ ဘုရားဖူးရတာ အေးဆေးငြင်သာပါဘဲ။
“အထူးလူ” ကိုးဗျ။
ကျနော်လဲ ဆက်မမြင်ခြင်တော့တာနဲ့ စေတီတော်ကို တပါတ်ပါတ်ပြီးလျောက်သွားနေလိုက်ပါတယ်။
စောစောက ယူနီဖောင်းလေးနဲ့ကောင်လေးက အအေးဗန်းကလေးကိုသယ်ပြီး သူတို့အတွက်ပေးထားတဲ့
နေရာလေးကို ယူသွားတာမြင်လိုက်ရတော့ ပြုံးမိပါတယ်။

တကယ်ကို တာဝန်ထမ်းဆောင်နေသူများ နိုင်ငံအကြီးအကဲများ နိုင်ငံခြားဧည့်သည်တော်များ ရဟန်းသံဃာများ
နာမကျန်းသော သက်ကြီး ဝါကြီးများအတွက် “အထူးနေရာ ”ပေးတာကိုလုံးဝလက်ခံပါတယ်။
ဒါပေမယ့် သာမန်သူလိုငါလို လူတွေကို အခုလို သီးသန့်နေရာပေးထားတာကတော့ မှားတယ်လို့ထင်ပါတယ်။
မလိုအပ်ဘူူးလို့လဲခံစားရပါတယ်။
ဟိုအရင်ခေတ်များက ကျင့်သုံးခဲ့ကြ အခွင့်အရေးယူခဲ့ကြတဲ့ ဒီ“အထူးလူ” “အထူးနေရာ”ဆိုတဲ့စနစ်ကြီးကတော့
အခုခေတ်မှာ မရှိသင့်တော့ဘူးလို့ယူဆပါတယ်။
“မယ်ဘော်”တွေကိုလဲ “အသာလုပ်ပါ “လို့တောင်းပန်ရုံကလွဲလို့……………………………………….
နောက်ဘုရားကြီးမှာမြင်တွေ့ နေရတာတစ်ခုကတော့ ဘုရားဖူးမယ်လို့ဝင်လို်က်တာနဲ့ မျက်နှာသစ်တော်ရေထည့်ထားတဲ့
ဗူးလေးနဲ့ မျက်နှာသစ်တော်ကျ တစ်ဘက်လေးတွေကို ထိုးထဲ့ပေးတာပါဘဲ။
ပြီးမှ အလှူငွေအမည်တပ်ပြီးပိုက်ဆံတောင်းတာပါ။
ဖြစ်သင့်လား မဖြစ်သင့်လားဆိုတာကတော့……………………………………………….။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(15-11-2011)

29 comments

  • blackchaw

    November 15, 2011 at 5:31 pm

    ကျွန်တော်လည်း ကြုံခဲ့ဘူးတယ်။ အထူးလူတွေကို။
    လဖက်ရည်ဆိုင်က ဇွန်းတတ်ထားတဲ့ လဖက်ရည်ခွက်လေးတွေနဲ့
    အဲဒီအထူးလူတွေနဲ့ တူတယ်ဗျ။ သူတို့ကလည်း ဇွန်းတတ်ထားတဲ့
    လူတွေပေါ့ဗျာ။

  • windtalker

    November 15, 2011 at 6:56 pm

    ကိုပေါက်ရေ
    ကျုပ်မွေးနေ ့တုန်းက ဗျာ
    ဘုရားကြီး သွားဖူးတာပေါ့ဗျာ
    ရွှေသင်္ကန်းလဲ ကပ်မယ်ပေါ့
    ရွှေဆိုင်း ရောင်းတဲ့ကောင်တာ မှာ ရွှေဆိုင်းဝယ်မလို ့၊ ၅ ခု ပေါ့ဗျာ
    ကျုပ် က လွယ်အိတ်နဲ ့ဆိုတော့ ၊ လွယ်အိတ်ထဲက နေ ပိုက်ဆံအိတ်ထုတ်နေရင်း
    မှာလိုက်တယ် ။ အရောင်းသမား ကိုယ်တော်ချောက သူ ့ကို မပြောတဲ့အတိုင်း ၊တုတ်တုတ် မလှုပ်ဗျာ
    ပိုက်ဆံအိတ် ထုတ်ပြီး ၊ ကျသင့်သလောက် ပိုက်ဆံ ထုတ်ပြီး သူ ့ကို လှမ်းပေးတော့မှ
    ရွှေဆိုင်းတွေကို စကိုင်ပြီး ၅ ခု ပေးလာပါတယ် ။
    ကသိကအောင့် ဖြစ်အောင် အကျိုးဆောင်ပုံများ ။ မှတ်သားလောက်တယ် ဗျ ။
    အမှန်ဆို ၊ ပိုက်ဆံရမှ ပေးမယ် ဆိုတာ နားလည်ပေမယ့် ၊ ပိုက်ဆံမရခင်တော့ မှာတဲ့ အရေအတွက် ကို တော့ ထုတ်ထားသင့်တယ် လို ့ထင်တာဘဲ ။

  • MaMa

    November 15, 2011 at 7:06 pm

    အထူးလူထက်ထူးတဲ့ ထူးရှယ်၊ ပိုထူးတဲ့ ထူးထူးရှယ် ရှယ်တကာ့ရှယ် တွေလည်း ရှိသေးတယ် ကိုပေါက်ရေ။ 🙁

  • ပေါက်ဖော်

    November 15, 2011 at 7:08 pm

    လုပ်ကြပေါ့..
    ရှင်တို ့က ရဲဒွေပဲဟာ

  • Thanlwinoo

    November 15, 2011 at 9:54 pm

    ဦးပေါက်ပြောတဲ့ အထူးလူဆိုတာ လူတောမတိုးတဲ့ လူရာမဝင်တဲ့လူတွေကို ခေါ်တာဖြစ်မယ်…။

  • TTNU

    November 16, 2011 at 12:00 am

    ကိုပေါက်ရေ
    အထူးလူကားတန်းလာလို့ဆိုပြီး ရှေ ့ဆုံးက”ဝီးဝမ်…ဝီးဝမ်…” သံတွေကြားရင်
    စက်ဘီးလေးလမ်းဘေးထိုးရပ်ပေးခဲ့ရတဲ့ အချိန်တွေတုန်းကဆိုရင်
    သိပ်စိတ်တိုခဲ့ဘူးတယ်။

  • koaung

    November 16, 2011 at 2:15 am

    အဲဒါမျိုးတွေကို လေဥ(ခေါ်)လိပ်ဥ လို့ခေါ်ပါကြောင်း ကံအကြောင်းတရားကြောင့် ကံကောင်းလို့သာ ခနတာ နေရာယူနဲ့ အခွင့်အရေးယူလို့ရမယ် တကယ်ကိုယ်ပိုင်အရေအချင်းမရှိတာမို့ လူကြီးဖြစ်တဲ့အချိန်ကတော့တလောကလုံးသာယာလိုက်သမျှပေါ့ဗျာ(သံပတ်ပေးထားတဲ့အရုပ်လေးလိုပါပဲ)အဲဒီလိုလူမျိုးတွေကျပြီဆိုရင်
    သူများတွေထက်နာပါတယ် (အထူးသဖြင့်သူတို့သားသမီးတွေပေါ့ဗျာ)တော်တော်များများကိုတွေ့ဘူးတယ် (ချောက်တလွဲတွေဖြစ်ကုန်ကြတယ်)

  • maungmoenyo

    November 16, 2011 at 8:36 am

    မောင်မိုးညို အင်းလေးဒေသမှာတာဝန်ကျစဉ်ကပါ။ ခုလိုသတင်းကျွတ် ကာလမှာ ညောင်ရွှေမြို့ကိုတက်ပြီး တောင်ကြီးကိုဆွဲတဲ့ ပစ်ကပ်ခရီးသည်ကားပေါ်တက်ထိုင်စောင့်နေမိပါတယ်။ အတော်ကြာတဲ့အထိ ကားကမထွက်သေးလို့ စုံစမ်းကြည့်တော့ ဒီလိုသတင်းထွက်လာပါတယ်။ ဖေါင်တော်ဦးဘုရားတွေကိုပင့်ဘို့တောင်ကြီးကတိုင်းမှူးဆင်းလာမှာမို့ ကားလမ်းတွေပိတ်ထားတယ် တဲ့။ ဒါနဲ့ ခရီးသည်အဖိုးကြီးပြောတဲ့စကား မှတ်ချက်ကလေးသွားသတိရပါတယ်။ ဘာတဲ့ – “ဘုရားထက် ဘုရားပင့်မဲ့လူကပိုတန်ခိုးကြီးနေတယ် “- တဲ့။ အပင့်ခံမဲ့ဘုရားက ပင့်မဲ့ ပုဂ္ဂိုလ်ကြီးကိုစောင့်နေရလေရဲ့လေ…။

  • ဆူး

    November 16, 2011 at 9:20 am

    ကိုပေါက် ရဲ့ အထူး အထူးတွေကို ကို အားကျလို့ နာမည်တောင် ထူး လို ပြောင်းရင် ကောင်းမလား တွေးမိလာတယ်။

  • nozomi

    November 16, 2011 at 9:37 am

    နေရာတိုင်းမှာ အမြဲတွေ့နေရတဲ့ ဦးပေါက်ပြောတဲ့ အထူးလူတွေ နဲ့ ပတ်သက်ပြီး အစာမကြေဖြစ်နေတဲ့ အချိန် ဒီပို့စ် လေး ဖတ်လိုက်ရတော့ နဲနဲပေါ့သွားတယ် ၊ ကျေးဇူးပါခင်ဗျာ

    ဒီရွာလေးအောင်မြင်တာမှာ သူကြီးရဲ့ စီမံခန့်ခွဲမှုနဲ့ ရွာသားတွေရဲ့ညီညွတ်မှုကြောင့် အထူးလူ ဆိုတဲ့သူတွေ မရှိလို့ ဆိုတာ တစ်ချက်ပါမယ်ထင်တယ်

  • Diamond Key

    November 16, 2011 at 10:13 am

    ကားလမ်းတွေမှာ ဝါးလုံးတား ပိုက်ဆံတောင်းနေတာတွေ့ရင် ရှေ့ကားမီးကြီး ကို နှစ်ချက်တောက် (ဖွင့်ပိတ်) ပြလိုက်ပြီး ဖြတ်မောင်းလိုက်တယ်။ 😀 😀
    အဲဒါက ကိုပေါက်ပြောတဲ့ “အထူးလူ”ရဲ့ဆွေမျိုးသားချင်း၊ “အထူးလူ”ရဲ့ မိတ်ဆွေသင်္ဂဟ၊ “အထူးလူ”ရဲ့ မိတ်ဆွေရဲ့ မိတ်ဆွေတွေက လုပ်နေကြ။
    တစ်ခါမှတော့ တားမေးတာ မတွေ့ရသေးဘူး။ မေးရင်တော့ ပြောမှာပေါ့ မီးခလုပ် စမ်းကြည့်တာလို့။ 😀 😀
    ကိုပေါက်ပြောတဲ့ “အထူးလူ” ပုံစံနဲ့ “အထူးလူ”ကိုကြောက်ကြတဲ့ “အထူလူ” တွေကိုလုပ်လိုက်တာပါ။:D 😀

  • Diamond Key

    November 16, 2011 at 10:16 am

    ကားလမ်းတွေမှာ ဝါးလုံးတား ပိုက်ဆံတောင်းနေတာတွေ့ရင် ရှေ့ကားမီးကြီး ကို နှစ်ချက်တောက် (ဖွင့်ပိတ်) ပြလိုက်ပြီး ဖြတ်မောင်းလိုက်တယ်။ 😀 😀
    အဲဒါက “အထူးလူ” ကားဆို “ရိုးရိုးလူ” ကားလို လမ်းဖြတ်ခမပေးရလေတော့ ကိုပေါက်ပြောတဲ့ “အထူးလူ”ရဲ့ဆွေမျိုးသားချင်း၊ “အထူးလူ”ရဲ့ မိတ်ဆွေသင်္ဂဟ၊ “အထူးလူ”ရဲ့ မိတ်ဆွေရဲ့ မိတ်ဆွေတွေက လုပ်နေကြ။ တစ်ခါမှတော့ တားမေးတာ မတွေ့ရသေးဘူး။ မေးရင်တော့ ပြောမှာပေါ့ မီးခလုပ် စမ်းကြည့်တာလို့။ 😀 😀
    ကိုပေါက်ပြောတဲ့ “အထူးလူ” ပုံစံနဲ့ “အထူးလူ”ကိုကြောက်ကြတဲ့ “အထူလူ” တွေကိုလုပ်လိုက်တာပါ။:D 😀

  • weiwei

    November 16, 2011 at 10:24 am

    ဒါလဲ ကုသုလ်ကံတစ်မျိုးပဲနေမှာပေါ့နော် ….
    လူချင်းယှဉ်လို့ရပေမယ့် ကံချင်းယှဉ်လို့မရဘူးဆိုတဲ့ သဘောပဲနဲ့တူပါတယ် …

  • wathanmin

    November 16, 2011 at 11:29 am

    2005 ခုနှစ်မှာ မောင်အငယ်ဆုံးလေး နိုင်ငံခြားကို အလုပ်သွားလုပ်ပါတယ်။
    မိသားစုနဲ့ တစ်ခါမှလဲ မခွဲဘူးတဲ့အပြင် အငယ်ဆုံး မောင်လေး ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်တာနဲ့ အတူ စိတ်မချပါဖြစ်ရပါတယ်။
    တစ်မိသားစုလုံး ရန်ကုန်လေဆိပ်ကို လိုက်ပို့ဖြစ်ပါတယ်။ အဲ့ဒီတုန်းက လေဆိပ်က အဟောင်းပါ။
    အခုလေဆိပ်မဟုတ်ပါဘူး။ လေဆိပ်ဝင်း အပြင်မှာက သံတိုင်နဲ့ ခြံဝင်းခတ်ထားပါတယ်။
    ဖြစ်ပုံက အဲ့ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဦးပေါက်ပြောတဲ့ အထူးလုူ တွေ လမ်းကြောင်းရှိလို့ပါတဲ့။
    ခြံဝင်းထဲကို ခရီးသွားမယ့်သူက လွဲလို့ လိုက်ပို့တဲ့သူတွေ မဝင်ရပါဘူးတဲ့။
    ပြည်ပထွက်ခွါ တွေကို မိသားစုတွေက အထဲထိ လိုက်ပို့ခွင့်မရှိပါဘူးတဲ့လေ။
    စဉ်းစားကြည့်ပါ။ 3 နှစ်လုံးလုံး မိသားစုနဲ့ ခွဲသွားရမယ့်သူကို ကျွန်မတို့က လေဆိပ်အပြင်ဘက် ခြံဝင်း ရဲ့ အပြင်ဘက် ကားလမ်းမပေါ်ကနေ စောင့်ပြီး ရပ်ကြည့်နေရုံမှ တစ်ပါး မတတ်နိုင်ခဲ့ပါဘူး။
    ကားပေါ်က ဆင်းပြီးကတည်းက မောင်လေးနဲ့တစ်ခါတည်း နှုတ်ဆက်လိုက်ရတာပါ။ နောက်တစ်ခေါက် မြင်ကိုမမြင်ရတော့တာပါ။
    အဲ့ဒီကတည်းက VIP ဆိုတဲ့ လူတန်းစားတွေကို စိတ်ကုန်ပါတယ်။
    သူတို့ကိစ္စမှ ကိစ္စလို့ထင်တာ၊ သူတို့ သားသမီးမှ သားသမီးလို့ထင်တာ၊ သူတို့မိသားစုမှ မိသားစုလို့ထင်တတ်တဲ့ သတ်မှတ်ချက်ပေါင်း မရေမတွက်နိုင်အောင် ရှိနေတဲ့ လူတန်းစားကို VIP လို့ခေါ်ပါတယ်။

  • ကြောင်ကြီး

    November 16, 2011 at 1:02 pm

    ဦးပေါက်က ဆုတောင်းမှ မကောင်းခဲ့တာကိုးဗျ။ အဲသလိုပြောပြန်ရင်လည်း အဓမ္မဝါဒီ သဂျီးက အချောင်ဝင်တီးအုံးမယ်။ မတတ်နိုင်ဘူး၊ ဖြစ်နေတာကိုး။ အာဏာရှိတဲ့နိုင်ငံတွေမှာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်။ အရင်းရှင်နိုင်ငံတွေမှာကြတော့ ငွေနဲ့ပေါက်ယူတယ်။ အကြောင်းအကျိုးပဲဗျာ။ ရတဲ့သူတွေတုန်းကရလို့ နောက်လူတွေဆက်လုပ်တယ်။ တချိန်မှာ မခံနိုင်တော့ ပေါက်ကွဲထွက်တယ်။ ဆုတောင်းမကောင်းခဲ့သူများ ဘယ်နေရာရောက်ရောက် ခံရတယ်ပေါ့ဗျာ။ ဆုတောင်းကောင်းပြီး ရတဲ့အခွင့်အရေး တလွဲသုံးသူများကြတော့လည်း စိတ်ထားမြတ်ခဲ့ရင် ကံဆက်မယ်၊ စိတ်မထားတတ်ခဲ့ရင် ကံပြတ်မယ်ပေါ့ဗျာ။ သာမန်တွေးရင် ဘုရားကြီးကို အနီးကပ်ဖူးလို့ ရတဲ့သဒ္ဓါစိတ်နဲ့ အဝေးကနေ ဖူးရတဲ့စိတ် (ရှေ့တိုးခွင့်မရလို့ ဒေါသကလည်းထွက်နေ) နှစ်ခုမှာ ဘယ်စိတ်က ပိုမြတ်မလည်း သိနိုင်ပါတယ်။

  • အဲဒါတွေတော့ မသိဘူးကွာ။
    မဝင်ရတော့ စိတ်တိုတာဘဲ။
    မင်းခံစားတတ်သွားအောင် မင်းကိုပေးမယ်ပြောထားတဲ့တူမလဲ အထူးလူနဲ့ပေးစားလိုက်တော့မယ်။
    ဒါမှ ငါလဲ အထူးဦးလေး ဖြစ်သွားအောင်

    • TTNU

      November 16, 2011 at 7:45 pm

      ကိုကြောင်ကြီးက ကိုပေါက်တူမကိုလည်း တောင်းထားသေးတာလား။
      ကဲ ဒီလူလုပ်ပုံ ကြည့်စမ်း၊ တီချာ့တူမကိုလည်း မိတ်ဆက်ပေးပါ ကြောင်ကြီးရှက်ရှက်
      တွေ လုပ်နေလို့ CV တောင်းထားတာတော်။ သူ့ CV ထဲမှာ VIP လို့ ရေးနေမလားနော်။ 🙂

  • naywoonni

    November 16, 2011 at 10:50 pm

    အမတ်ကြီး ဦးပေါ်ဦး သတိရ သဗျား…။ သူသေတော့ ခေါင်းအပြင်ဘက် လက်နှစ်ဖက်ထုတ်ပြီး သဲဂြိုလ်ဖို့ သုဿန်ထုတ်ခိုင်းသတဲ့…။

  • chitlay

    November 18, 2011 at 4:17 pm

    အထူးလူ အထူးနေရာ အခု ဘတ်စ်ကားတောင်မှ ရိုးရိုးကားမဟုတ်တော့ဘူး အထူးကားတဲ့ … ဒါပေသိ အထူးလူတို့သွားတဲ့ အထူးနေရာလို သက်တောင့်သက်သာ ညင်ညင်သာသာ အေးအေးချမ်းချမ်းမဟုတ် ကြပ်ပိတ်သိပ်နေတဲ့ အထူးကား … 🙁

  • kosharshi

    November 18, 2011 at 6:06 pm

    အထူးလူများ ဘေး မှကင်းဝေးနိုင်ကြပါစေ..

  • char too lan

    December 6, 2011 at 10:05 pm

    မဟာမြတ်မူနိမှာ ဒီမိုကရေဒီမရသေးဘူးဆိုပဲ………..
    လူကြီးကတော်တွေ အတွက်နေရာအကျယ်ကြီးယူထားပီး
    သူတို့ဖူးရတဲ့နေရာက ဘုရားရဲ့ မကိုဋ်တော်လေးတောင် မတွေ ့ရလို့တဲ့
    မန်းလေးကပြန်လာတဲ့ အဒေါ်တယောက်တော့ ဒေါကီးနေတယ် 🙂

  • အထက်ရောက်သွားသူက အောက်လူကို ကိုယ်ချင်းစာရင် ဒီအထူးလူဆိုတာတွေပျောက်သွားမှာအမှန်ပါဘဲ.

  • aye.kk

    December 7, 2011 at 5:52 am

    အထူးလူအထူးနေရာဆိုလို ့ပြောရဦးမယ်..
    ကျမအစ်ကို်တွေကအဲဒီအသံတွေကြားရင်တအားအမြင်ပြင်းကပ်တော့တာ..
    ဘာပြောလဲဆိုတော့လေ..
    အိမ်သာထဲဝင်ရင်အားလုံးကဖင်လန်ပြီးချီးပါရတဲ့သူတွေကြီးပါဘဲတဲ့..
    အဲဒီနေရာကျရင်အထူးလူအထူးနေရာလုပ်လို ့ရသေးလားဆိုပြီးပြောတော့တာပါဘဲ..
    လူလူချင်းအားလုံးကအတူတူပါဘဲဆိုပြီးတော့လေ..။

  • kolawyan

    December 7, 2011 at 9:55 am

    အထူးအထူးနဲ့ ရူးမသွားကြပါစေနဲ့လို့ အဲ့လူတွေအတွက် ဆုတောင်းချင်သဗျာ…။

  • awra-cho

    December 7, 2011 at 12:00 pm

    ပုံပြင် ထဲကလို ပေါ့၊သူ့ ခေါင်း ဗျိုင်းနားတော့ သူ့သဘောပေါ့လေ။ စိတ်ထဲက ထုတ်ထားရင် သက်သာပါတယ် လေ။ ဒါပေမယ့် ရောဂါ ဖြစ်ရင် တော့ အထူးကု နဲ့ ကု ကြဗျို့။ လစ် သွားအုံးမယ်။

Leave a Reply