ဖားအောက်တောရမှာ ၉ ရက်တာ (၄)

weiweiNovember 16, 20111min2197

သူငယ်ချင်းရေ …
ငါတရားစခန်းဝင်စဉ်အတွင်းမှာ ဥပုသ်နေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့နဲ့ကြုံခဲ့ရသေးတယ်။ ရိပ်သာမှာ ဥပုသ်နေ့ကို အထူးအစီအစဉ်အနေနဲ့ သီလပေးနဲ့ ရေစက်ချတရားဟောကြားတယ်နော်။ အပြင်က ဥပုသ်စောင့်ချင်တဲ့ ဧည့်သည်တွေလဲ လာကြတယ်။ မနက် ၉ နာရီမထိုးခင် ယောဂီအားလုံး ဓမ္မာရုံထဲကို စနစ်တကျဝင်ပြီး နေရာယူကြရတယ်။ အားလုံးရောက်လာတော့မှ တစ်ပတ်အတွင်း အလှူရှင်တွေရဲ့ရှေ့မှာ ရေစက်ခွက်တွေ လိုက်ချပေးတယ်။ ငါလဲ နှစ်သောင်းလှူထားလို့ ရေစက်ခွက်တစ်ခုရတယ်။ ငါက အိမ်မှာ ကလေးပဲဖြစ်နေသေးလို့ တစ်ခါမှ ရေစက်ခွက်နဲ့ ရေစက်မချဖူးသေးဘူးဆိုတော့ ပထမဆုံးအတွေ့ကြုံပေါ့။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့မှ ဆရာတော်တစ်ပါးသီလပေးဖို့ ကြွလာတယ်။ ငါက နောက်နားဘက်ကိုရောက်နေလို့ ဆရာတော့်မျက်နှာတော်ကို သေသေချာချာမမြင်ရဘူး။ သက်တော် ၄ဝ ကျော်လောက်ပဲ ရှိအုန်းမယ်ထင်တာပဲ။ ဘွဲ့နံမည်က အရှင်ရေဝတ (ဖားအောက်တောရ)။ အသံစပြီးကြားလိုက်ရချိန်မှာ နားထဲမှာ သာယာငြိမ့်ညောင်းသွားတာပဲ။ သောတအာရုံရဲ့အရသာဆိုတာ အဲဒီလိုအသံမျိုးဖြစ်မယ်လို့ တွေးမိတယ်။ ကြားပြီးတိုင်း ထပ်ကြားချင်ဖြစ်စေတဲ့ အသံမျိုးကို ပိုင်ဆိုင်ထားတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဆရာတော်က မော်လမြိုင်ဖားအောက်ကြီးမှာ အမြဲနေလေ့ရှိပြီး တစ်ခါတစ်ရံမှ သန်လျင်ကို ကြွလာတာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ရတာမို့ အရမ်းဝမ်းသာမိပါတယ်။ အသံအေးအေးလေးနဲ့ တရားချီးမြှင့်တယ်။ နေ့စဉ်နေထိုင်မှုအတွင်းမှာပင် ပါရမီမြောက်အောင် နေထိုင်ခြင်းလို့ ခေါင်းစဉ်တပ်ထားပြီး အတိုချုံးပဲ ဟောသွားပါတယ်။ လူအချင်းချင်း လေးလေးစားစားဆက်ဆံခြင်းဖြင့် ပါရမီ (၁၀) ပါးကို ဖြည့်ဆည်းရာရောက်ကြောင်း သေချာရှင်းပြသွားတာဖြစ်ပါတယ်။ စာအုပ်ထုတ်ထားပြီးသားထဲကမို့လို့ အင်တာနက်ကနေ ဒေါင်းလုပ်လုပ်နိုင်မဲ့ လင့်ရှာတွေ့ရင် ပေးမယ်နော် …

ငါပြုခဲ့တဲ့ဒါနကုသိုလ်က သိပ်မများပေမယ့် ကုသိုလ်စိတ်က ထပ်ခါထပ်ခါဖြစ်နေမိတယ်။ အဲဒါလေးကို ခဏခဏပြန်သတိရပြီး ကုသိုလ်စိတ်ပြန်ပြန်ပြီး ဖြစ်မိပါတယ်။ ဆွမ်းစားနေတဲ့အချိန်မှာလဲ သံဃာတွေ၊ သီလရှင်တွေနဲ့ ယောဂီတွေက ဆွမ်းအလှူရှင်တွေကို မေတ္တာပို့၊ အမျှဝေ၊ သာဓုခေါ်ပြီး ဆွမ်းစားကြတာ။ စားနေစဉ်မှာလဲ ဘာဝနာတရားကို ပွားများနေကြတဲ့ သီလစင်ကြယ်သူတွေဆိုတော့ ကုသိုလ်စိတ်ကို ပိုလို့သာတိုးနေမိပါတယ်။ လှူတာချင်းအတူတူတောင်မှ နေရာဒေသ၊ အလှူခံပုဂ္ဂိုလ်တွေကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကွာသွားတာ လက်တွေ့သိနိုင်ပါတယ်။ ငါက ချက်ပြုတ်တာလဲ ဝါသနာပါသူဆိုတော့ ငါကိုယ်တိုင်ချက်ပြီးဆွမ်းကပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာမိတယ်။ အထူးသဖြင့် မနက်အာရုံဆွမ်းပါပဲ။ ရိပ်သာလဲဖြစ်ပြန် သတ်သတ်လွတ်လဲဖြစ်ပြန်ဆိုတော့ အာရုံဆွမ်းမှာ နဲနဲအားနည်းနေတယ်လို့ ခံစားမိတယ်။ ဗိုက်ဆာနေကြချိန်မို့ ဘာစားစား စားလို့ကောင်းတယ်။ အမှတ်နဲ့ အာဟာရဖြစ်ဖို့စားတာဆိုတော့ ဂျီးများနေဖို့လဲ မသင့်တော်ဘူးလေ။ ငါကလဲ ဂျီးမများပါဘူး။ ကောင်းတာလေး ချက်ကျွေးချင်တဲ့စေတနာဖြစ်မိရုံလေးပါ။ စေတနာဖြစ်တဲ့စိတ်နဲ့တင် ကုသိုလ်ရမယ်ဆိုရင်တော့ တော်တော်လေးရနေပြီ …

ညဘက်တရားနာချိန်က အဆင်ပြေသလို သုတ္တန်တွေကို စီးရီးအလိုက် တစ်ညကို တစ်နာရီဖွင့်ပေးတယ်လို့ထင်တာပဲ။ ငါရောက်နေတဲ့နေ့တွေမှာ စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေးတရားဒေသနာတော်နဲ့ ကြုံကြိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲနော် … အဲဒီတရားစာအုပ်တွေကို အရင်တုန်းက ငါနင့်ကိုတောင် တစ်အုပ်လက်ဆောင်ပေးဖူးတယ်မဟုတ်လား။ ဘာသာရေးကို စိတ်ဝင်စားတဲ့ မိတ်ဆွေတိုင်းကို ငါပေးနေကျစာအုပ်ပဲလေ။ လဆန်းတုန်းက ငါတို့လမ်းထိပ်က ကထိန်ပဒေသာပင်မှာတောင်မှ အဲဒီစာအုပ်သွားလှူဖြစ်ခဲ့သေးတယ်။ ငါက ပညာနဲ့အလုပ်လုပ်ရလို့ တရားစာအုပ်တွေလှူဖို့နဲ့ တရားအလှူလုပ်ဖို့ ဝါသနာပါတယ်။ ငါလဲပဲ ထပ်ခါထပ်ခါ ဖတ်လေ့ရှိပြီး မဖတ်ဖြစ်တာတော့ ကြာနေပြီပေါ့။ တရား ၈ နာရီစာရှိတဲ့ အဲဒီစာအုပ်က နဲနဲတော့ထူတယ်။ ငါက အဲဒီစာအုပ်ထဲက တရားတွေကို တော်တော်မှတ်မိနေသေးတယ်။ ဒါပေမယ့် ထူးဆန်းတာက ဆရာတော့်အသံနဲ့ တရားအားထုတ်နေတုန်း နာလိုက်ရတာ ရှင်းလင်းပြတ်သားနေတာပဲ။ တရားအရသာကို အပြည့်အဝခံစားရတယ်။ သူများတွေငိုက်နေပေမယ့် ငါကတော့ ကြည်လင်နေပြီး သေချာနာခဲ့ပါတယ်။ စိတ်ဆန်းကြယ်ပုံ၊ ကံဆန်းကြယ်ပုံတွေကို အဘိဓမာနဲ့ သေချာတိုက်ပြီး ဟောပေးထားတာ ကောင်းလိုက်တာနော်။ သူငယ်ချင်းအသစ်တစ်ယောက်ကို သတိရသွားလို့ သူ့ကိုလက်ဆောင်ပေးဖို့ တစ်အုပ်ဝယ်လိုက်သေးတယ်။ အခု ၁၆၀ဝ ကျပ်ပေးရတယ်။ အင်တာနက်မှာ အဲဒီတရားတွေ ဒေါင်းလုပ်လုပ်နိုင်တယ်။ နောက်မှ လင့်ရှာပြီးပေးအုန်းမယ် … စာထဲမှာ အဲဒါတွေထည့်ရေးရင် အခန်းဆက်ဖြစ်ကုန်မှာစိုးလို့ …

တစ်နေ့ထက်တစ်နေ့ နေသားကျလာတယ် … တရားထိုင်လို့လဲကောင်းလာတယ် … စည်းကမ်းပိုင်းကိုလဲ အကုန်နားလည်သွားတယ်။ ညဘက်အိပ်ချိန်တိုင်း ကောင်းကောင်းအိပ်မပျော်တာလေးတစ်ခုကတော့ အိမ်ပြန်ရောက်ပြီးလို့ ဒီနေ့အထိ အသားမကျဖြစ်နေသေးတယ်။ တရားရိပ်သာဆိုတော့ ကောင်းတာတွေကခပ်များများပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ကူညီတတ်ကြတယ် ယဉ်ယဉ်ကျေးကျေးဆက်ဆံကြတယ်။ လူအချင်းချင်းပေမယ့် တပည့်တော်လို့ ပြောကြရတယ်။ စကားအဆုံးမှာလဲ ဘုရားလို့ ထည့်ပြောတယ်။ အသက်ကြီးသူတွေကို ရိုသေကြတယ်။ ယောဂီထိန်း အမျိုးသမီး ၃ ယောက်လောက်ရှိတယ်။ သူတို့ကတော့ အမြင်မတော်တာတွေကို ပြောဆိုလေ့ရှိလို့ စည်းကမ်းပိုင်း အလွန်ကောင်းတယ်လို့ ဆိုနိုင်တယ်။ ငါတောင်တစ်ခါ အပြောခံလိုက်ရလို့ တစ်သက်လုံးမေ့မှာမဟုတ်တော့ဘူး။ ငါက ယောဂီသဘက်ကို ညာဘက်ပုခုံးမှာ တင်ထားလိုက်မိလို့။ တကယ်တော့ ငါက ထမီကိုတောင် ညာဘက်ကိုဖုံးတတ်တဲ့ညာသန်ဆိုတော့ ညာဘက်မှာပဲ သဘက်ကို တင်တတ်တဲ့အကျင့်ရှိနေတယ်။ သူတို့စည်းကမ်းက သဘက်မှာ ဘယ်ဘက်မှာပဲတင်ရမှာတဲ့ … အဲဒါမှာ အားလုံးတညီထဲ ကြည်ညိုဖွယ်ရာဖြစ်တာပေါ့။ ထိုင်တဲ့အခါမှာလဲ column နဲ့ row တည့်တည့် ထိုင်ရတာ ညီနေတာပဲ။ ညဘက်တစ်ချိန်နဲ့ မနက်စောစောတစ်ချိန်က ခြင်ကိုက်တတ်လို့ တရားထိုင်ခြင်ထောင်လေးတွေနဲ့ထိုင်ရတယ်။ ငါကတော့ အသက်ရှူကြပ်တယ်လို့ထင်လို့ အဲဒါကြီးကို မကြိုက်ဘူး။ ဒါပေမယ့် ခြင်ကိုက်ရင် အာရုံပျက်တာပိုဆိုးလို့ ခြင်ထောင်နဲ့ပဲ ထိုင်ခဲ့ရတယ်။

ငါ့အတွက် နောက်ထပ်ကောင်းတာတစ်ခုက ကျန်းမာရေးပဲ။ ငါနေ့စဉ်ကြုံနေရတဲ့ အလက်ဂျစ်ရောဂါ အဲဒီမှာ ပျောက်နေတယ်။ ငါ့ရဲ့ထူးဆန်းတဲ့ အလက်ဂျစ်က စိတ်ကြောင့်ဖြစ်တာဆိုတော့ စိတ်ကိုငြိမ်သက်လိုက်ပြီး ဖိအားတွေလျော့လိုက်တာနဲ့ ပျောက်သွားတယ်။ သဘာဝအတိုင်းရနေတဲ့ လေကောင်းလေသန့်ကြောင့်လဲ ပိုကောင်းသွားတယ်။ အိမ်ပြန်ရောက်တာနဲ့ နောက်တစ်နေ့ပြန်ဖြစ်တော့တာပဲ။ ပြန်သွားပြီး အပြီးနေချင်စိတ်တောင် ပေါက်နေတယ် …

တော်တော်ပြည့်စုံသွားပြီထင်တယ်နော် … နောက်ထပ် သတိရမိတာရှိရင် အပိုင်း (၅) နဲ့ ဆက်ရေးမယ်။ ဓါတ်ပုံလေးတွေရှိသေးတယ် … ကော်နက်ရှင်ကောင်းတော့မှ ရွေးတင်ပေးပါအုန်းမယ် ..

7 comments

  • MaMa

    November 16, 2011 at 9:03 pm

    ဝေဝေရေ- အတွေ့အကြုံလေးကို ပြည့်ပြည့်စုံစုံ ရေးဖွဲ့ပြသွားလို့ ဖတ်ရတာ ကုသိုလ်စိတ်တွေ ပွားရပါတယ်။ အာရုံဆွမ်း ချက်ကပ်ဖြစ်တဲ့အခါ အကူလိုရင် ခေါ်လိုက်နော်။ လိုက်ကူပေးချင်မိတယ်။ ရိပ်သာဝင်နေချိန် စိတ်ကြည်လင်နေလို့ တရားပြတဲ့ဆရာတော်ကလည်း သီလသမာဓိပြည့်စုံလို့ ပိုမိုရှင်းလင်းပြတ်သားတာဖြစ်မယ်။ အားကျမိပါတယ် ဝေဝေရေ။
    တရားစာအုပ်တွေလှူတယ်ဆိုလို့ ကိုယ့်စိတ်ကူးကို ပြောရဦးမယ်။ ကိုယ်ကိုယ်တိုင်ဆိုရင် စာဖတ်ပျင်းလို့ တရားစာအုပ်ကို မဝယ်ဘူး။ ဒါပေမယ့် သင်္ကြန်တရားစခန်းဝင်တဲ့အခါ နှစ်သစ်ကူး ပဒေသာပင် မဲနှိုက်တဲ့အခါတိုင်း မကြာခဏ တရားစာအုပ်တွေ မဲပေါက်ပြီးရတတ်တယ်။ အဲဒီအခါကျတော့ လှူတဲ့လူရဲ့ ဒါနကို ထောက်ထားသောအားဖြင့်၊ မဲပေါက်တဲ့ ကိုယ့်တာဝန်ကျေအောင် ဖတ်ဖြစ်အောင် ဖတ်ရပါတော့တယ်။

    • weiwei

      November 16, 2011 at 9:15 pm

      မမကို အဲဒီစာအုပ် လှူရအုန်းမှာပေါ့လေ …. 😛
      ဖတ်မှာသေချာတယ်ဆိုတော့ကာ …. 🙂 🙂
      စာအုပ်က ထူတယ်နော် … ပျင်းတယ်ဆိုပြီး မဖတ်ပဲ မနေရဘူးနော် … 😛

  • windtalker

    November 16, 2011 at 9:08 pm

    အန်တီဝေ ဆက်လက်တင်လာမည့် ဓါတ်ပုံများနှင့် တရားမှတ် အတွေ ့အကြုံများကို စောင့်မျှော်နေကြောင်းပါ

  • blackchaw

    November 16, 2011 at 9:33 pm

    ကျေးဇူးတင်ပါတယ် မဝေဝေရေ။
    တရားစခန်းဝင်တဲ့ အတွေ့အကြုံလေးတွေ ကို
    ပြန်ရှင်းပြပေးတဲ့ ကောင်းမှုကုသိုလ်ကြောင့်
    လိုရာဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်ပါစေလို့
    ဆုတောင်းပေးပါတယ်ဗျာ။
    သာဓု သာဓု သာဓု ပါဗျာ။

  • weiwei

    November 16, 2011 at 9:53 pm

    ပေးတဲ့ဆုတဲ့ ပြည့်စုံရပါစေ ကိုဘလက်ရေ …

  • ဆူး

    November 17, 2011 at 8:36 am

    တရားစခန်းနဲ့ ပတ်သတ်လို့ တင်တာ တော်တော် ကောင်းပါတယ်။ နောက်ပိုင်း အဝေးက လူတွေ တရားစခန်း ဝင်ချင်ရင် ဒီမှာ အထောက်အထား အဖြစ် ရှာပြီး လေ့လာလို့ ရတာပေါ့။
    မှတ်တမ်းလည်း ကျန်ခဲ့တယ်။ ကောင်းလေစွ ကောင်းလေစွ…
    သတ်သတ်လွတ် မနက် အာရုံကို ဘယ်လို ကျွှေးလဲ
    ရွှေပြည်သာထဲက ဘုန်းကြီးကျောင်းတကျောင်းက သံဃာ အပါး ၂၀ဝ လောက် ရှိတယ် မနက် အာရုံရှားပါးတယ် ဆိုလို့ ငနီတူးကြော်တွေ တလ တခါလောက်တော့ ဝယ်ပြီးတော့ လှူဖို့ လူကြူံနဲ့ ပို့ပေးဖြစ်တယ်။ တကယ်လို့ ခက်ခဲတယ် ဆိုရင် လှူဖို့ လိုတယ် ဆိုရင်လည်း လှူလို့ ရအောင်လို့ မေးတာပါ။

  • Moe Z

    November 17, 2011 at 11:06 am

    မမဝေရေ အဲဒီ “စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေးတရားဒေသနာတော်” စာအုပ်ကို
    ဖေဖေဖတ်ခိုင်းလို့ ဖတ်နေတယ် ၁ လပြည့်တော့မယ် မပြီးသေးဘူး 🙂

Leave a Reply