မြန်မာ စစ်စစ်တိုင်းမြန်မာအသင်းကိုချစ်ကြလေသည်

that naing ooNovember 17, 20111min19324

(လင်းရောင်-ရေးသားသည်)
သူတို့ ကျူရှင်၏ စာသင်ခန်းကား တိတ်ဆိတ်နေသည်။ ဆရာ့ဒေါသကို တတန်းလုံးအသိမို့ ပြန်မဖြေရဲကြ ။ ဒေါသူပုန်ထနေသော ဆရာ့အမေးကို ပထမဆုံး ထဖြေလိုက်သူက အပြစ်အားလုံး တရားခံဖြစ်တော့မည်ကို သူတို့ သိသည်။စာသင်ခုံကို ဒုန်း ကနဲ ထုပြီး ဆရာက အံကြိတ်သံဖြင့် ထပ်မေးသည်။ ကဲ.. လုပ်စမ်းပါဦး .. ညနေ တစ်ခန်းလုံးက ကျောင်းသားတွေ ကျောင်းပြေးဖို့ ကိစ္စကို ဘယ်သူက စပြီး ဦးဆောင်သလဲ။ ဘယ်သူစပြီး ခေါ်သလဲ။ ငါသာ အချိန်မီ မသိရင် မင်းတို့ ကျူရှင်ပြေးကြတော့မှာ မဟုတ်လား.။ ကဲ ပြောစမ်း ဘယ်သူလဲ ။ဖြေမည့်သူ မရှိ။ တကယ်တော့ ကျောင်းပြေးဖို့ ကိစ္စကို သူက စပြီး အကြံပေးခဲ့ခြင်းဖြစ်သည်။ သူတို့ ယောက်ျားလေးတွေ အားလုံး သဘောတူသည်။ နောက်ရက်မှ ဆရာရိုက်လျင်လဲ ခံတော့မည်။ ဒီနေ့ ညနေတော့ အတန်းမတက်ဘဲ ကျူရှင်လမ်းထိပ်က လဘက်ရည်ဆိုင်မှာ ဆုံဖို့ အားလုံး သဘောတူညီခဲ့ကြသည်။ သို့သော် ယခု သူတို့ ကျောင်းပြေးမည့်အကြံကို ဆရာဘယ်လိုသိသွားသည် မသိ။ သူတို့ ထဲက တစ်ယောက်ယောက်သစ္စာဖောက်သည်တော့ မဖြစ်နိုင်။ သူတို့ တိုင်ပင်နေတုန်း ကြားသွားသည့် ကျောင်းသူတစ်ယောက်ယောက်က ဆရာ့ကို ချွန်တွန်းလုပ်ခြင်းသာ ဖြစ်မည်။ အခုတော့ ဆရာ့ ဒေါသက အထွတ်အထိပ်ကို ရောက်နေပြီဖြစ်သည်။ ရောက်မည်ပေါ့.. ယခုကျောင်းပြေးမည့် ကိစ္စတွင် အလွန်တရာ လိမ္မာစာတော်သည်ဟု ဆရာယုံကြည်ထားသော ဆရာ့လက်ဆွဲတော် တရုတ်ကလေး နီတွတ်ပါ ပါဝင်နေသည်မဟုတ်လား။ ကဲ.. မပြောဘူးဆိုရင်တော့ တစ်တန်းလုံးကို အပြစ်ပေးရလိမ့်မယ်။ မင်းတို့ မိဘတွေအကုန်ကိုလဲ တိုင်စာပို့မယ်။ ဒါပဲ။ ဆရာအသံ ခပ်ပြတ်ပြတ်ထွက်လာသည်။ ဆရာသည် စည်းကမ်းကောင်းသော အောင်ချက်ကောင်းသော သူ့ ကျူရှင်၏ နာမည်ပျက်မှာကို စိုးရိမ်နေပုံရသည်။ မထူးတော့..။ သူ မတ်တပ်ရပ်လိုက်သည်။

”ကျွန်တော်ပါ ..ဆရာ။”

ဪ.. ဘယ်သူများလဲ မှတ်တယ်.. ပွဲတိုင်းကျော်.. မောင်ပြည့်ဖြိုး..ကိုး ။ ဆရာ့အသံက အံကြိတ်ပြီး ပြောသည်မို့ .. ခပ်ကွဲကွဲထွက်လာသည်။ သူတော့ မလွယ်တော့ဘူးဆိုတာကို တွေးလိုက်မိသည်။ ရိုက်ယုံနဲ့ပဲ ပြီးပါစေ.. အိမ်ကို တိုင်စာ မပို့ပါစေနဲ့ဟု သူ ဆုတောင်းလိုက်မိသည်။

”ကျွန်တော်လဲ ပါတယ်ဆရာ.. ” .. သူ့နောက်မှ သူ့ အရင်းနှီးဆုံး သူငယ်ချင်းလှဥိး အသံထွက်လာသည်။

”ကျွန်တော်ကော ဆရာ” နောက်တစ်သံ..

ကျွန်တော်လည်း..ကျွန်တော်ပါ.. . ကျွန်တော်… .. အသံတွေ တစ်သံပြီး တစ်သံနှင့် လူတွေ တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ထရပ်သံကို ကြားရသည်။ သူ့ သူငယ်ချင်းများအတွက် သူ ပထမဆုံး ဂုဏ်ယူလိုက်မိသည်။ အားလုံး ရင်ထဲတွင်တစ်စိတ်တည်း .. တစ်ခုထဲ ဖြစ်နေမည်ထင်သည်။ သူ ဆရာ အပြစ်ပေးမည်ကို မကြောက်တော့ .. မိဘတိုင်စာ ပို့မည်ကိုလဲ မပူတော့.။ သူ့မှာ သူငယ်ချင်းများစွာ ရှိပါသည်။

” ကျွန်တော်တို့ ညနေ ဘောလုံးပွဲ ကြည့်ချင်လို့ပါ ဆရာ.. ညနေမှာ မြန်မာအသင်း အကြိုဗိုလ်လုပွဲ ကန်ရမှာပါဆရာ..။ အုပ်စုပွဲတွေတုန်းကလဲ ကျူရှင်ချိန်မို့ ကျွန်တော်တို့ မကြည့်လိုက်ရပါဘူး..အခု ဒီပွဲကိုတော့ ကျွန်တော်တို့ အလွတ်မခံချင်လို့ပါ ဆရာ.. ။ ကျွန်တော်တို့ရဲ့ မြန်မာအသင်းကို အားပေးချင်လို့ပါဆရာ”

ရည်ရွယ်မထားဘဲ .. သူ့ ပါးစပ်က တရစပ် ဆရာ့ကို ရှင်းပြနေမိသည်။ အရင်ကတော့ ဆရာဒီလို ဒေါသထွက်လျှင် ပြန်ပြောရဲဖို့ နေနေသာသာ နားရွက်ပင် လှုပ်ရဲခဲ့သည်မဟုတ်..။ အခုတော့ သူ့ သူငယ်ချင်းတွေကြောင့်လား.. မြန်မာပွဲကို ကြည့်ချင်သည်ကြောင့်လားတော့ မသိ..။ ဆရာ့ကို သူ ပြောပြောနေမိပြီ ဖြစ်သည်။ သူ့ အဖြေဆုံးတော့ .. ဆရာ့ ရယ်သံ တဟားဟားကို ကြားရသည်။ ဆရာ ခွက်ထိုးခွက်လန်ရယ်သည်။ ဘာကြောင့်မှန်း မသိ။

” ဒါများကွာ.. စောစောကတည်းက ဆရာ့ကို လာပြောရောပေါ့..။ ငါက မင်းတို့ကို တားမယ်ထင်လို့လား.. ဟေ့ ..ဒီမှာ ကြည့်စမ်း..။ ငါလဲ မြန်မာပါကွ။ ကိုယ့်မြန်မာအသင်းကန်တဲ့ပွဲကို မြန်မာတစ်ယောက်က မကြည့်ချင်ပဲ နေမတဲ့လား.။ မကြည့်ခိုင်းဘဲ နေမတဲ့လား။  ဒီမယ်ငါကဖြင့် .. မင်းတို့နဲ့ အတူတူ ဘောလုံးပွဲကြည့်ရအောင် အောက်ထပ်က အခန်းထဲမှာ တီဗွီတွေ ဘာတွေတောင် ပြင်ထားပြီးပြီကွ.။ ညနေ စာမသင်ဘူး .။ ဘောလုံးပွဲ ကြည့်မယ်။ စောစောကတည်းက စီစဉ်ပြီးသား။။ ကဲ.. ဘောလုံးပွဲ မကြည့်ချင်တဲ့ သမီးတွေက ညနေ ကျူရှင်ပိတ်တယ်..ဟုတ်လား.။ ”

ဟေး ..ကနဲ အော်လိုက်သည့် အသံက သူတို့ ကျူရှင်တစ်ခုလုံး ညံထွက်သွားသည်။ သူ့ သူငယ်ချင်းတွေ အားလုံး မျက်ရည်လယ်ကုန်သည်အထိ ပျော်သည်။ ဆရာ့ကို လှမ်းကြည့်လိုက်တော့ မြန်မာပွဲ ကြည့်ရမှာမို့ ပျော်နေသည့် တပည့်တွေကို ကြည့်ရင်း ဆရာကိုယ်တိုင် မျက်ရည်လည်နေသည်ကို တွေ့ရသည်။
တပည့်ပဲဖြစ်ဖြစ်. ဆရာပဲဖြစ်ဖြစ်.. မြန်မာအသင်းကိုတော့ ချစ်ကြသည်။

………………………………………………………………………………

သူ .. ကွမ်းသွေးကို ပြစ် ခနဲ ထွေးလိုက်သည်။ အံတစ်ချက် ကြိတ်ရင်း ကားနောက်ပိုင်းမှ သစ်သားကုန်းဘောင်ဆီသို့ ခြေလှမ်းတို့ကို တင်လိုက်သည်။ အရေးထဲ သူ့ နဖူးမှ ချွေးတစ်စက်က မျက်လုံးထဲ ဝင်ခါနီးမို့ ခေါင်းကို ဆက်ခနဲ ခါလိုက်သည်။ သူ့ လက်ဖြင့် မသုပ်အား ။ သူ့ ခါးစောင်းမှာ တင်ထားသော ဆန်အိတ်ကို လက်နှစ်ဖက်ဖြင့် ထိန်းထားရသောကြောင့်ဖြစ်သည်။ ဒီတစ်အိပ်နှင့်ဆိုလျှင်  သူ ဒီနေ့ ကားပေါ်သို့ တင်ပေးလိုက်သော ဆန်အိတ် ၉ဝ ပြည့်ပြီဖြစ်သည်။ ခါးစောင်းပေါ်မှ ဆန်အိပ်ကို  ဘုန်း ခနဲ ပစ်ချပြီး သူ့ နောက်မှ တက်လာသော ကိုထွေးကို နေရာ ဖယ်ပေးလိုက်သည်။ ကိုထွေးလဲ သူ့ခါးပေါ်မှ ဆန်အိတ်ကို ပစ်ချလိုက်ပြီး သူ့ ဘက်သို့ လှည့်ပြီး ပြုံးပြသည်။ အရင်နေ့ဆိုလျှင် အလုပ်လုပ်တိုင်း ချူချူပါအောင် ညည်းတတ်သော ကိုထွေး ဒီနေ့တော့ တက်ကြွနေသည်။ ဒီနေ့အတွက် ကိုထွေး ထမ်းတဲ့ ဆန်အိတ်ကတောင် ပိုများမလား ထင်ရသည်။ကိုထွေးတင် မဟုတ်.. သူလည်းပဲ ဒီနေ့ တက်ကြွနေသည်။ အင်း..တကယ်တော့ သူတို့ ဆန်အိပ်ထမ်းတဲ့ အလုပ်သမားတစ်ဖွဲ့လုံး ဒီနေ့ တက်ကြွနေခြင်းဖြစ်သည်။ ဂိုထောင်ထဲမှ တာလီမှတ်သော သူဌေးလူယုံ စာရေးလေးကိုကံခိုင်မှ လွဲလျှင် ကျန်တဲ့ သူတို့ ကုန်ထမ်းတစ်ဖွဲ့လုံး တက်ကြွနေမည်ဖြစ်ကြောင်း သူသိပါသည်။ စာရေးလေး ကိုကံခိုင်ကတော့ ဒီနေ့ သူတို့အဖွဲ့ကို သိပ်မကြည်။ သူ့ အလုပ်ချိန်မဟုတ်ဘဲ အလုပ်လုပ်နေရသောကြောင့်ဖြစ်သည်။ တကယ်တော့ ဒီဆန်အိတ်တွေကို ကားပေါ်တင်တဲ့အလုပ်က ညနေစောင်းမှ လုပ်ရမည်ဖြစ်သည်။ သို့ပေမယ့် သူတို့ အထမ်းသမား တစ်ဖွဲ့လုံးက ညနေထိ မစောင့်ချင်.. ။ နေခင်းမှာ အလုပ်အပြီးလုပ်ပြီး ညနေပိုင်းမှာ နားချင်သည်။ ထို့ကြောင်.. သူကိုယ်တိုင် သူဌေးကို တက်ပြောပြီး နေပူပူ လေဆူဆူမှာ ကုန်ကားနှစ်စီးပြည့်အောင် ဆန်အိပ်တွေ ထမ်းတင်နေခြင်းဖြစ်သည်။ သူဌေးကလည်း ပထမတော့ သဘောမကျ။ ညနေစောင်းမှ လုပ်ရမည့်အလုပ်ကို နေ့ခင်းပူပူမှာ လုပ်ဖို့ လာပြောသော အလုပ်သမားခေါင်း ကိုသိန်းကို အံ့ဩနေပုံရသည်။

” ကိုသိန်းရဲ့ …. ကားက မိုးချုပ်မှ ထွက်မှာလေ။ ညနေမှ အေးအေးဆေးဆေးတင်ပေါ့။ အခု နေက ပူပါဘိနဲ့ ။ တော်ကြာ ခင်ဗျားတို့ တစ်ဖွဲ့လုံး အပူရှပ်ပြီး ဖျားနာကုန်ရင် ဒုက္ခများမယ်။ ခင်ဗျားလဲ  ကျန်းမာရေးက သိပ်ကောင်းတာ မဟုတ်ဘဲနဲ့ ။ ညနေ နေအေးမှ တင်ပါ”

”ဟာ.. ရပါတယ် ဆရာ ။ ကျွန်တော်တို့ အခု လုပ်ချင်လို့ပါ။ တစ်ဖွဲ့ လုံးကလည်း ကျေနပ်ပါတယ်။ သူတို့လဲ အခု လုပ်ပြီး ညနေနားချင်ပါတယ်တဲ့ .ဆရာ ။ ကျွန်တော်တို့ မပင်ပန်းပါဘူး .. အခု လုပ်လိုက်ပါ့မယ်နော် ဆရာ..”

” ကဲ .. ပြောမရလဲ လုပ်ပါဗျာ..။ ကိုကံခိုင်တော့ .. သူ့ အခန်းမှာ အိပ်နေတယ် ထင်တယ်.. ။ သူ့ကို နှိုးပြီး တာလီမှတ်ခိုင်းလိုက်.. ဟုတ်လား”

သူဌေးဆီက ခွင့်ပြုချက်ရတော့မှ သူ့ရင်ထဲက အလုံးကြီး ကျသွားသည်။ သူဌေးက ငြင်းလိုက်မှာကို သူစိုးရိမ်ခဲ့ရသည်။ သူတို့ တစ်ဖွဲ့လုံး နေ့ခင်းမှာ အလုပ်လုပ်ရမှ ဖြစ်မည်။ ဒါမှ ညနေပိုင်းမှာ အနားယူလို့ ရမည်ဖြစ်သည်။
သူ သူဌေးကို ကျေးဇူးတင်စွာ တစ်ချက်ပြုံးပြပြီး လှည့်အထွက် အခန်းဝ ရောက်ကာနီးမှ သူဌေးက မေးခွန်းတစ်ခု လှမ်းမေးသဖြင့် လှည့်ပြီး ပြန်ဖြေခဲ့ရသေးသည်။

” ဒါနဲ့ ကိုသိန်းရဲ့ .. ကျုပ်နားခိုင်းတယ်သားနဲ့ ခင်ဗျားတို့က ဒီလောက်နေပူပူမှာ  အလုပ်လုပ်ဖို့ ဘာဖြစ်လို့ လာပူဆာနေရတာတုန်း။ ဘာလဲ .. ညနေ တစ်ဖွဲ့ လုံး ကမ်းနားဆိုင်မှာ သွားသောက်ကြမလို့လား..။”

သူ ကွမ်းချိုးတက်နေတဲ့ သွားတွေ ပေါ်အောင်ပြုံးပြပြီး ခပ်သွက်သွက်လေး ပြန်ဖြေခဲ့သည်။

“မဟုတ်ပါဘူးဆရာ.. ညနေ.. ကျွန်တော်တို့ မြန်မာအသင်း ဆီမီးဖိုင်နယ်ကန်ရမှာလေဆရာ အဲဒီပွဲကို တီဗွီကလွှင့်မှာ ဆရာရဲ့… ကျွန်တော်တို့ မြန်မာအသင်းကို အားပေးချင်လို့ပါ ဆရာ.. ”

မိုးရိပ် မိုးသား မရှိတဲ့ ရန်ကုန်နေက ဒီနေ့မှ ပိုပူသည်ဟု ထင်ရသည်။ သူတို့ ကုန်ထမ်းသမားတစ်ဖွဲ့လုံးက တော့ ပူသည်ဟု မထင်..။ ညနေ မြန်မာဂိုးသွင်းလျှင် မြန်မာကွ ဒို့မြန်မာကွ အော်ဟစ်အားပေးဖို့သာ စိတ်ထဲမှာ စွဲနေသည်။ သူတို့ ချစ်သော မြန်မာက ပြိုင်ဘက်တွေကို အနိုင်ယူမည်ဟု သူတို့ ယုံကြည်နေကြသည်။….

………………………………………………………………………………………………….

” ဒီမယ် ကျုပ်ကားက အောက်ကားမဟုတ်ဘူး..။ အထိအခိုက် အတိုက်အခိုက်လဲ မဖြစ်ဖူးဘူး။ ဆေးကလဲ အော်။ မော်ဒယ်လ်ကလဲ ခင်ဗျားအမြင်။ ကျုပ် ဒီပွဲစားတန်းမှာ ဘယ်လို ပွဲစားဆိုတာ ခင်ဗျားလဲ အသိ…ဟုတ်လား။ အဲဒီတော့ ကျုပ်ပြောတဲ့ ဈေးကို သဘောတူတယ်ဆိုရင် နေ့လည် ၂ နာရီ မထိုးခင် ကျုပ်ဆီကို ရောက်အောင်လာပြီး စရံသတ်။ ၂ နာရီ ကျော်လို့ကတော့ ခင်ဗျားကျုပ်ကို ဆယ်သိန်းတိုးပေးလဲ ခင်ဗျားကို ကျုပ်ကား မရောင်းတော့ဘူး ဟုတ်လား..။ ကျုပ် သုံးနာရီ မထိုးခင် အိမ်ပြန်ရောက်မှ ဖြစ်မယ်။ ခင်ဗျားကို ပွဲစားတန်းမှာ ငုတ်တုတ်ထိုင်မစောင့်နေနိုင်ဘူး။ ဒီနေ့ မြန်မာဆီမီးဖိုင်နယ်ပွဲရှိတယ်။ အဲဒီအချိန်မှ ကျုပ်ကို အလုပ်ကိစ္စလာမပြောနဲ့ ဟုတ်လား..။ သိန်းတစ်ရာ မြတ်လဲ ကျုပ်အဲဒီအလုပ်ကို စကားမပြောဘူး။ဟုတ်လား.. ။ ”..

ခပ်စပ်စပ်ပြောပြီး ဖုန်းချလိုက်သော ပွဲစားကြီး.ကိုငွေ ကိုကြည့်ပြီး ကားပွဲစားတန်း လဘက်ရည်ဆိုင်က လုပ်ဖော်ကိုင်ဖက်တွေ မျက်လုံးပြူးကုန်သည်။ ကိုငွေမှ ဟုတ်ပါရဲ့ လား အံ့ဩကုန်ခြင်းဖြစ်သည်။ ပွဲစားကြီးကိုငွေ ဆိုတာက အလုပ်လုပ်လျှင် ရိုးသားသူ၊ မှန်ကန်သူ၊ ကတိတည်သူ၊ စကားအပြောကောင်းပြီး စိတ်ရှည်သူ အဖြစ်နာမည်ကြီးသူ ဖြစ်သည်။ ထို့ပြင် ပိုက်ဆံရမည့်အလုပ်ဆိုရင် ဘယ်တော့မှ ငြင်းဆန်ဖူးသူ မဟုတ်။ အခုတော့ မြန်မာပွဲ ကြည့်ရန် သိန်းတစ်ရာ ရလဲ မလုပ်ဟု ဆိုချေပြီ။ တစ်ဆိုင်လုံး၏ အံ့ဩသော မျက်လုံးတွေကို တစ်ချက်ဝေ့ကြည့်ရင်း ကိုငွေက ရှက်အမ်းအမ်းဖြင့် စကားဆိုသည်။ ”အဟဲ.. ကျုပ်တို့ မြန်မာက စိတ်ဓာတ်သိပ်ကောင်းတာဗျ.. ဒီကောင်တွေက ခြေသာပေမယ့် ကျုပ်တို့ မြန်မာက စိတ်ဓာတ်သာတယ်။ ဒီနေ့ပွဲကတော့ ကြည့်ကောင်းပြီပေါ့ဗျာ”…

………………………………………………………………………..

သူ ဒီနေ့ စိတ်ပင်ပန်းသည်။ အို…ဒီနေ့တင်မဟုတ်.။ သူ့အလုပ်က နေ့တိုင်း စိတ်ပင်ပန်းသည်သာ ဖြစ်သည်။ မီဒီယာအလုပ်က ကမ္ဘာပေါ်မှာ စိတ်အပင်ပန်းဆုံးအလုပ် ဟု သူ စာအုပ်ထဲမှာ ဖတ်ဖူးသည်။ ဒါ အမှန်ပဲဖြစ်သည်။ သတင်းဆိုတာက မှန်ဖို့ လိုသလို မြန်ဖို့လဲ လိုသည်။ သတင်းတစ်ပုဒ်ကို အစရရင် ရေကုန်ရေခန်းလိုက်။ အစီအစဉ်တကျနှင့် ပြည့်စုံအောင်ရေးပြီး အယ်ဒီတာထံ တင်ပေးရသည်။ မပြည့်စုံသော သတင်း၊ အချက်အလက်မှားသော သတင်းများတင်မိလျှင် အယ်ဒီတာက မိုးမွှန်အောင်ဆဲဆိုဦးမည်။ အင်္ဂါရပ်ပြည့်စုံသော သတင်းကောင်းတစ်ပုဒ် ရဖို့အတွက် အချိန်တွေ အများကြီးပေးပြီးရေးမိလို့ သတင်းတင်ဖို့ နောက်ကျပြီ ဆိုလျှင်တော့ အယ်ဒီတာက နားရင်းပါးရင်းပါ တီးတတ်သေးသည်။ ကိုယ့်ကို အစစအရာရာ သင်ကြားပြသနေသော ဆရာမို့ အယ်ဒီတာကိုလဲ အပြစ်မဆိုရဲ။ ပြောသမျှခံ လုပ်သမျှ ခံရသည်သာဖြစ်သည်။ အယ်ဒီတာကလဲ သူ့ထက်အဆပေါင်းများစွာသော တာဝန်တွေ ယူထားရသည်မဟုတ်လား။ ..သူတို့ ဂျာနယ်တိုက်မှာ သတင်းထောက်ချည်း အယောက် ၂ဝ လောက်ရှိလေသည်။ အခုလည်း မန္တလေးသံဃာတော်တွေ ဆန္ဒထုတ်ဖော်သည့် သတင်းကို နောက်ဆက်တွဲ သတင်းတွေ ရေးဖို့ အယ်ဒီတာက ခိုင်းထားသည်။ နောက်ဆက်တွဲ သတင်းတွေ ရေးရတာက မလွယ်။ သာမာန်ထက် ပိုခက်သလို ရှိသည်။ ဖြစ်ဖြစ်ချင်းကာလမှာ သူတို့ သတင်းဌာနကော အခြားသတင်းဌာနတွေပါ စပ်ရပ်သတင်းအဖြစ် သူ့ ထက်ငါဦးအောင် တင်ပြထားပြီးသား သတင်းဖြစ်သည်။ အခြားသတင်းဌာနတွေကလည်း နောက်ရက်မှာ သတင်းဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာ ဖော်ပြထားပြီးသား သတင်းဖြစ်သဖြင့် ယခု သူရေးရသည့် နောက်ဆက်တွဲ သတင်းဆောင်းပါးက မလွယ်။ သူများနှင့် တင်ဆက်ပုံခြင်းမတူသည့် သတင်းကို ရေးရမည် မဟုတ်ပါလား။ သူတို့ သတင်းတိုက်၏ ပုံစံအတိုင်း ဒီသတင်းကို အခြားသတင်းဌာနတွေနှင့် မတူအောင် နောက်ခံ အဖြစ်အပျက်.. အခြေအနေ.. နောက်ထပ် ဆက်လက်ဖြစ်ပွားဖွယ်ရာ ရှိသည်များကိုပါ ခန့်မှန်းတင်ဆက်ပေးရမည်ဖြစ်သည်။

ဒီသတင်းကို ပြီးအောင်ရေးရင် ဒီညနေ မြန်မာပွဲကို လွတ်တော့မည်။ ပြီးချင်ဇော အားကြီးနေသဖြင့် သတင်းရေးရတာ ပိုပြီး စိတ်ဖိစီးရသည်။ သူ့ စိတ်ထဲမှာက ကျော်ကိုကို၊ ကျော်ဇေယျာဝင်း၊ အေးဆန်း၊ ကျော်ဇင်ထက်၊ သီဟစည်သူနှင့် နည်းပြကြီးဟန်ဆန်တို့သာ ရောက်နေသည်။ သတင်းထဲမှာ ပါသည့် သံဃာတွေနဲ့ မန္တလေးပြည်သူတွေကို အာရုံဝင်စားလို့မရ။ ခက်ပြီ။

ရေးပြီးသား သတင်းစာရွက်ကိုကြည့်ပြီး စိတ်ဓာတ်က ကျပြီးရင်း ကျလာသည်။ သူ လုပ်နိုင်ပါ့မည်လား။ ယခင် သံဃာတော်တွေ ဆန္ဒပြဖူးသော ရွှေဝါရောင်တော်လှန်ရေး မှတ်စုစာအုပ်ကို တစ်ချက်ပြန်လှန်ကြည့်လိုက်၊ လက်ရှိ ဆန္ဒပြပွဲနှင့် ပတ်သက်သည့် တားမြစ်ထားသော အခြေခံဥပဒေပါ အချက်အလက်တွေကို ကြည့်လိုက်ဖြင့် သူ စိတ်ရှုတ်လာသည်။ မဖြစ်နိုင်တော့ .။ သူ စာအုပ်ကို ပစ်ချလိုက်ရင် အပြင်သို့ ထွက်လာခဲ့သည်။ ဘောလုံးပွဲက စတော့မည်။ ဖြစ်ချင်ရာဖြစ်.. ဘောလုံးပွဲပြီးတော့မှ ဒီသတင်းကို စိတ်အေးလက်အေး ရေးတော့မည်ဟု သူစဉ်းစားလိုက်ရင်း ဘောလုံးပွဲ ပြသသည့် လဘက်ရည်ဆိုင်သို့ ခြေဦးလှည့်လိုက်သည်။

ဒီသတင်းကို စိတ်အေးလက်အေး ရေးဖို့အတွက် .. ဒီနေ့ ဆီမီးဖိုင်နယ်မှာ မြန်မာနိုင်ဖို့ကလဲ လိုသေးသည်။ မြန်မာအသင်းများ မပြောကောင်း မဆိုကောင်း ရှုံးနိမ့်ခဲ့လျှင် သတင်းရေးဖို့ စိတ်ပါမည်မဟုတ်တော့ဟု တွေးရင်း မြန်မာနိုင်ပါစေဟု စိတ်ထဲက ဆုတောင်းလိုက်သေးသည်။ ဆုတောင်းရင်းမှ သူတစ်ခုကို တွေးလိုက်မိသည်။ သူသည် ဘာလို့ မြန်မာအသင်းကို ဒီလောက် နိုင်စေချင်သည်လဲ။ ဘာလို့ မြန်မာအသင်းကို ဒီလောက်ချစ်သည်လဲ။ ရှင်းပါသည်။ သူသည် မြန်မာတစ်ယောက်ဖြစ်နေသောကြောင့်ဖြစ်သည်။ မြန်မာတိုင်း မြန်မာအသင်းကိ ုချစ်ကြလိမ့်မည်။ ထို့ကြောင့် သံဃာ့ဆန္ဒပြပွဲသတင်းအစား မြန်မာအသင်းကိုချစ်တဲ့ မြန်မာပြည်သူတွေအကြောင်းကို သတင်းဆောင်းပါးတစ်ခုလောက် ရေးချင်လာသည်။ ဒါဆိုလျှင်တော့ ရေးရတာ လက်တွေ့လိမ့်မည်။ သူ့တို့ စာဖတ်ပရိသတ်တွေလည်း နှစ်သက်ကြလိမ့်မည်.။ အယ်ဒီတာကကော… ။ အယ်ဒီတာလည်း သဘောကျမည်ဟု ထင်ပါသည်။.

အဘယ့်ကြောင့်ဆိုသော် အယ်ဒီတာလည်း မြန်မာတစ်ယောက်ဖြစ်နေသောကြောင့်ဖြစ်သည်။ မြန်မာစစ်စစ်တိုင်း မြန်မာအသင်းကို ချစ်ကြလေသည်။

(ဆီးဂိမ်းစ်ဖိုင်နယ်ရောက် မြန်မာအသင်းအတွက် ခံစားရေးဖွဲ့ပါသည်)
(လင်းရောင်)http://mutdfan.com/index.php/readmore/post/40008မူရင်းလင် ့ပါဗျာ

24 comments

  • small cat

    November 18, 2011 at 2:21 am

    ”အဟဲ.. ကျုပ်တို့ မြန်မာက စိတ်ဓာတ်သိပ်ကောင်းတာဗျ.. ဒီကောင်တွေက ခြေသာပေမယ့် ကျုပ်တို့ မြန်မာက စိတ်ဓာတ်သာတယ်။ ဒီနေ့ပွဲကတော့ ကြည့်ကောင်းပြီပေါ့ဗျာ”…

    “……………………………….?…………………………………….”

  • မှော်ဆရာ

    November 18, 2011 at 8:16 am

    ပွဲက ၁၉ ရက်နေ့နော် ဟုတ်တယ်နော်

  • zaymdy

    November 18, 2011 at 9:35 am

    မိုက်တယ်ဗျို. ကျွန်တော်တို.လည်း ဘယ်လို. အခက်အခဲ ရှိ၂ မြန်မာအသင်းကို အားပေးရမယ် မြန်မာလူမျိုးဖြစ်နေလို.ပဲဗျ မြန်မာပွဲဆို မနေနိုင်မထိုင်နိုင် ရင်တည်းမှာ ဗလောင်ဆူလို. ကန်ပါကွာ နိုင်အောင်လို. အော်ချင်သည် မြန်မာနိုင်ပြီး မြန်မာနိုင်ပြီး …. ဂိုးးးးးချန်ပီယံ ဖလားကြီးကို မျှော်လင်လျှက်….

  • nozomi

    November 18, 2011 at 9:53 am

    မြန်မာနိုင်ပါမည်

    သူကြီးဆီက ပွိုင့် ၅၀၀ဝ ကြေး လောင်းချင်သူများ ဆက်သွယ်နိုင်ပါသည်

  • amatmin

    November 18, 2011 at 10:15 am

    မြန်မာ ဆိုတော့လည်း မြန်မာအသင်းကို ကန်တိုင်း နိုင်စေချင်တာပေါ့..
    ဒီတခါက ရွှေရောင်မျှော်လင့်ချက်အတောက်ပဆုံး ပဲ..
    တခြား အားကစားတွေ ရွှေအရ နည်းခဲ့ ရင်တောင်.ဘောလုံးရွှေက ပြန်ကာနိုင်မှာပဲ..
    ကဲ…ဒီတခါပြန်လာရင်.ဘယ်လိုကြိုရမှာလဲ..ချစ်လို့မေးတာနော်…

  • သော်ကြီး

    November 18, 2011 at 11:05 am

    ကျွန်တော်လဲ မြန်မာပဲလေ။ သိပ်ကြည့်ရမှာပေါ့။ ကိုယ့်မြန်မာအသင်းကို နိုင်စေချင်ပါတယ်။ စိတ်ဓာတ်တွေကို အမြင့်ဆုံးမှာ ထားစေချင်တယ်။ ကစားသမားတွေကိုပေါ့။ ကျွန်တော်လဲ ကစားသမား တစ်ယောက်ပါ။ မြန်မာဆိုတဲ့ အဓိပါယ်ကိုသိကြမှာပါ။ အောင်မြင်မှုရရှိဖို့အတွက် သည်းခံစိတ်လဲ မွေးနိုင် ရမယ်လေ။ နိုင်ငံတော်သီချင်းဆိုတဲ့အခါရယ်၊ ဖလားကိုင်တဲ့အခါမှာရယ် ရင်ထဲမှာ ရထားအစင်း ရာထောင် မက သွားလာနေသလိုပါ။ ပရိတ်သတ်ပေမယ့်လဲ ခံစားရပါတယ်။ ဖလားကြီးကို ကိုင်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။ “ မြန်မာ ” “ မြန်မာဟေ့ ” နဲ့ “ ဒို့မြန်မာနိုင်ပြီ ” သီချင်းလေး ပြန်ကြားလိုက် ချင်လို့ပါ။

  • ကိုရင်စည်သူ

    November 18, 2011 at 11:50 am

    မြန်မာ မလေးရှားကို ၃ -၂ နဲ့ နိုင်သွားပါမည်။
    ၁၉ရက်နေ့ နေ့လည် ၃ခွဲတွင် ထိုအဖြေအား စောင့်ကြည့်ပါလော့…
    ဗမာပြည်သည် တို့ပြည်
    ဗမာစာသည် တို့စာ
    ဗမာ့စကားသည် တို့စကား
    တို့ပြည်ကို ချစ်ပါ။
    …………………
    …………………
    ………………….
    စိတ်ဓါတ်နဲ့ ဖိုက်မဲ့ပွဲ ကြည့်လိုက်.. ကြည့်လိုက်…

    • presenterkaungkin

      November 19, 2011 at 5:55 pm

      မြန်မာအသင်းတစ်ဂ ိုး ဂိုးမရှိဖြင်းရှံးသွားခဲ.ပြီဗျာ။
      ကိုယ်. နိုင်ငံ ရှံးတာလောက်ခံစားရတာမရှိဘူးဗျာ။

  • nayminn

    November 18, 2011 at 12:05 pm

    ဆီမီးမှာ မလေးကို ၂ း ၁ နဲ့နိုင်မယ်…
    ဖိုင်နယ်မှာ အိမ်ရှင်အင်ဒိုနဲ့တွေ့မယ်…။ အချိန်ပိုကန်ပြီး ၃ း ၂ နဲ့မြန်မာနိုင်မယ်….။

    ““““ မြန်မာနိုင်ပြီ….ဒို့မြန်မာနိုင်ပြီ..။ “““““““

  • မှော်ဆရာ

    November 18, 2011 at 2:03 pm

    ဟယ် ဘောလုံးဂုရုတွေလား …
    ဗေဒင်ဆရာတွေလား
    အကြားအမြင်လား မသိ …
    ဒါမှမဟုတ် အိမ်မှာ တောက်တဲ့များမွေးထားသလား …
    ခန့်မှန်းလိုက်ကြတာနော် …..
    ဘာပဲပြောပြော မှန်းတဲ့အတိုင်း မှန်ပါစေဗျား …
    (မှန်ရင်တော့ ဟောတဲ့သူဆီမှာ ဗေဒင်သွားမေးဦးမှ …)

  • water-melon

    November 18, 2011 at 2:10 pm

    မြန်မာမြန်မာ ဆိုတဲ့အော်သံကြားရင် ကြက်သီးတွေထလာပြီး စိတ်ဓာတ်တွေကြွလာတယ်။
    နိုင်မှာပါဗျ။ ဂိုးတော့မပြတ်လောက်ဘူး ( ၃-၁ ) လောက်ထင်တယ်။

  • Maung Dae`

    November 18, 2011 at 4:24 pm

    အင်း… ဟုတ်တော့ဟုတ်တယ်ဗျ… ကျွန်တော်ဆို မြန်မာအသင်းကို တော်တော်ကို စိတ်ပျက်မိတာ… ဒါပေမယ့်လည်း မသိစိတ်ထဲကနေတော့ အားပေးနေမိတယ်… ဖိလစ်ပိုင်နဲ့ပွဲတုန်းကဆို ၃ ဂိုးသွင်းထားပြီးတော့ နိုင်မှာသေချာနေပေမယ့်လည်း တီဗွီကနေ မခွာမိဘူး… မန်ယူပွဲဆိုရင်တောင် နိုင်မှာသေချာရင် ဆက်မကြည့်တော့ဘူး အိပ်ပစ်လိုက်တာ မြန်မာပွဲကိုတော့ဆက်ကြည့်နေမိတယ်… နောက်ထပ်ဂိုးတွေသွင်းတော့ လည်းပျော်ပြီး ထအော် မိသေးတယ်.. အဟီး..

  • MaMa

    November 18, 2011 at 4:24 pm

    မကန်ခင်ကတည်းက ကိုယ့်အဖြေကို ရဲရဲရင့်ရင့် ပြောတယ်ဆိုကတည်းက ခေသူတွေမဟုတ် 😛

  • chitlay

    November 18, 2011 at 4:39 pm

    မြန်မာလူမျိုး ပရိသတ်တွေအနေနဲ့ ဒီလောက်ထိစိတ်ဓါတ်တက်ကြွနေရင် ကန်မယ့် အားကစားသမားတွေကလဲ အင်တိုက်အားတိုက်နဲ့ နိုင်အောင်ကန်ကြမှာပါ …။

  • windtalker

    November 18, 2011 at 8:36 pm

    လောလောဆယ်တော့
    “ တို ့မြန်မာနိုင်မည် ” လို ့ဘဲ ရေးခွင့်ပြုပါ ခင်ဗျာ

  • သော်ကြီး

    November 18, 2011 at 8:44 pm

    အမလေးနော်- ကျွန်တော်တို့ မြန်မာကို တအားအားပေးကြတာပဲ။ ကိုရင်စည်သူ၊nayminn၊water-melon အကိုတို့ တကယ်ပြောတာနော်။ အသည်းယားလိုက်တာဗျာ။ ကြက်သီးမွေးညင်းတွေတောင်ထမိတယ်။ တကယ်….တကယ်ပါ။

  • inz@ghi

    November 19, 2011 at 3:01 pm

    Myanmar U23 Vs Indonesia U23
    SEA Games U23 Semi-Finals
    http://www.vtc.com.vn/#/VTV2/23

    နောက်နာရီဝက် ကြာရင် လာပီ …
    ချကွာ ….ဗမာကွ …..
    မလေးယား တွေကို သိပ်ပစ်ခဲ့ …..

    ပြည်ပကနေ အွန်လိုင်း အားပေးမယ့် ဗမာများ အားလုံးအတွက် …

    ဂီဂီ..

    • inz@ghi

      November 19, 2011 at 3:07 pm

      မလေးယား လို့ ပြင်ဖတ်ပေးပါ
      ဂီဂီလောသွားတယ်

  • မှော်ဆရာ

    November 19, 2011 at 5:33 pm

    ခွ ချသွားပြီ ခွ ချသွားပြီ …
    မလေးရှားက မြန်မာတွေကို ..
    ထိုက်ထိုက်တန်တန်ရှံးရင် ခံသာသေးတယ် ..
    နောက်တန်းတွေ ရီးလိုလို မှိုလိုလို လုပ်ပြီး ဗလိုင်းကြီး အသွင်းခံရတာ …
    ရှံးတော့လဲ ချက်ချင်း စိတ်ဓါတ်က ကျတာ ..
    စိတ်မပါတော့ပဲ ကစားမှန်း သိသာတယ် ..
    ရှံးလို့ အော်တာ မဟုတ်ဘူးကွ … မဟုတ်တရုတ်နဲ့ အသွင်းခံလိုက်ရလို့ ……
    စိတ်ဓါတ်မရှိလို့ …

    • inz@ghi

      November 19, 2011 at 5:41 pm

      ကျုပ်တို့ ခြေမရှုံးပါဝူးဗျ…
      မဆိုးပါဝူး …
      အုပ်စု မတက်တဲ့ဘဝကနေ နှစ်ပေါင်းများစွာ နေနေလျက်…
      ခုကတော့ ချန်ပလုံကို အိပ်မက်ဆိုးပေးမက်ပြီးမှ ….
      ကပ်ရှုံးခဲ့တာ ….ကျေနပ်ပါတယ်ဗျာ. …
      တတိယနေရာလုပွဲကနေ… စောင့်မယ် ….

      လုပ်စမ်းပါ …နောက်၂နှစ် … သေမယ် လူချပီး ဟန်ဆောင်ကောင်းတဲ့ ကောင်တွေ
      မွေးစားသား အားထားတဲ့အသင်းတွေ .. ..တိုင်းပြည် ရေကြီးနေလို့
      ခြေမှန်မရပါဝူးပြောတဲ့ ယောက်ျားဖြစ်ပီး နွဲ့နွဲ့ နဲ့ပြောတတ်တဲ့အသင်းတွေ …

      ငါတို့ဆီမှာ ဆီးဂိမ်းလာဆော့ကြည့် …
      ခြေစွမ်း နဲ့အနိုင်ယူပြမယ် .
      မလုံလောက်ရင် ..

      ဟိုရေသန့် စပွန်ဆာ အားကိုးပီး အဆိပ်ခတ် သတ်မယ်…
      ဟို ဆောက်လုပ်ရေး ကန်ပနီ အသုံးပြုပီး ဟော်တယ်ပြိုသေ ခိုင်းမယ်..
      ဟို လမ်းတံတား ကန်ပနီ ကိုသုံးပီး ပွဲချိန်မီ မရောက်အောင် လုပ်ပစ်မယ်…

      သတိထားကြ….
      ပုံ
      အားကစား စိတ်ဓါတ်အလွန်ပြည့်ဝတဲ့
      အင်ဂျီး …

  • မှော်ဆရာ

    November 19, 2011 at 5:35 pm

    ကန်တော့ပါခင်ဗျာ မခံချိမခံသာ ဖြစ်လွန်းလို့ပါ …
    ကြည့်နေ .. တတိယနေရာလုပွဲလဲ ရှံးဦးမှာပဲ ..
    မြန်မာအသင်း စိတ်ဓါတ်ကျသွားပြီ ..
    ဂိုးသမားတော့ ချီးကျူးပါတယ်ဗျာ ……..

  • မှော်ဆရာ

    November 19, 2011 at 5:41 pm

    ကျားကုတ်ကျားခဲကန်ပြီး ခြေကွာလို့ ရှံးတယ်ဆိုရင် တော်သေး …
    အခုတော့ မြွေခြောက်ကိုက်တာ ခံရတယ်…
    ကိုယ်က ဖိထားနှိုင်ရဲ့သားနဲ့ ကမျော့လို့ ရှံးတာ …
    တခြားပွဲတွေနဲ့ ခြေက အကွာကြီး

  • presenterkaungkin

    November 19, 2011 at 6:05 pm

    မြန်မာ အသင်းကိုြ မန်မာနိုင်ငံသားတိုင်းအားပေးကြပါသည်။ လောလောဆယ်မြန်မာအသင်းတော. မလေးရှားကို ရှံးသွားခဲ.ပါပြီ။ အိမ်ပြန် မျက်နှာပန်းမလှ ဖြစ်ကြရပြီလေ။ ရှံးသွားတဲ.မြန်မာအသင်သား မှာလည်းမည်မျှ ခံစားရမည်နည်း။ ကိုယ်.နိုင်ငံသာလျှင်နိုင်စေချင်မိပါသည်။
    မလေးအား ဒုတိယ ပိုင်းပွဲ ပြီးခါလေးမှာ မှပေးလိုက် ရသော တစ်ဂိုး သည်မြန်မာ နိုင်ငံသူနိုင်ငံသား
    အားလုံးကိုစိတ်ဓာတ်ကျစေသည်။ မြန်မာအသင်း နောက်ထပ်ပွဲများကိုလည်း ယခုထပ်ပိုမိုစွမ်းဆောင်
    နိုင်ပါမည်လော။

  • သော်ကြီး

    November 19, 2011 at 6:38 pm

    စွမ်းဆောင်နိုင်အောင်ကြိုးစားကြရမှာပေါ့။ မလျော့သောဇွဲလုံ့လ နဲ့လေ။ စိတ်မပျက်ကြကြေး။ ကစားသမားတွေရော- အားပေးတဲ့ပရိတ်သတ်များရောပေါ့ ။

Leave a Reply