ကဗျာဆရာ တင်မိုးအောက်မေ့ဖွယ်ကျောက်တုံး တောင်လေးလုံးတွင် ဖွင့်လှစ်
ယနေ့ နံနက် ၁ဝနာရီက အမရပူရ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်တွင် ကဗျာဆရာတင်မိုးအောက်မေ့ဖွယ် ကျောက်တုံးဖွင့်လှစ်ပွဲကျင်းပသည်။
ဆရာမောင်သစ်လွင်လူထုနှင့် ဆရာဦးအေးမြင့်တို့က ဆရာတင်မိုးအောက်မေ့ဖွယ် ကျောက်တုံးကို ဖွင့်လှစ်ပေးကြသည်။
…
အခမ်းအနားမှူးအဖြစ် ရွှေနောင်ရိုးကဆောင်ရွက်ပြီး တက်ရောက်လာသူများအနက်မှ မောင်သစ်လွင်(လူထု)၊ ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)၊ တက္ကသိုလ်တေဇာလင်း၊နေဝင်းမြင့်၊ညီစေမင်း၊ဆူးငှက်၊သိုက်ထွန်းသက်၊စိုးနိုင်(မန်းတက္ကသိုလ်)၊ ညီပုလေး၊ကိုထွန်းဦး(ထွန်းဦးစာပေ)တို့က အလွမ်းစကားများ ပြောကြားကြသည်။ ကဗျာဆရာကိုသင်းပန်က ဆရာတင်မိုး၏ ကဗျာများကို ရွတ်ဆိုသည်။
ထိုအစီအစဉ်တွင် တောင်လေးလုံးကျောင်းတိုက်မှ ဆရာတော် ကိုပညာ၊လူထုသတင်းစာမှ သတင်းစာဆရာကြီးများဖြစ်ကြသည့် မောင်သစ်လွင်(လူထု)၊ နတ်မောက်ထွန်းရှိန်တို့နှင့် တကွ ဒေသခံစာနယ်ဇင်းဆရာများ၊ကဗျာဆရာများတက်ရောက်ကြသည်။
ဆရာတင်မိုး၏ ဇာတိရွာ ကန်မြဲတွင် အထိမ်းအမှတ်လုပ်ခွင့်မရသဖြင့် ထိုအစီအစဉ်ကို တောင်လေးလုံးတွင်သာ ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
5 comments
ba gyi
November 18, 2011 at 5:41 pm
ကျွန်တော်အလွန်လေးစားခဲ့သောဆရာကြီး အတွက် အရမ်းဂုဏ်ယူဝမ်းမြောက်ရပါသည်။
ဆရာကြီးနှင့် အတူ တိုင်းပြည်အတွက်ပေးဆပ်၊ထမ်းပိုးခဲ့ဘူးသောဘဝအစိတ်အပိုင်းကလေးတွေကိုလည်း-
ဂုဏ်ယူစွာ၊ကြည်နူး တမ်တလျှက်၊ ဆရာကြီးကိုကြည်ညိုသထက်ကြည်ညိုလျှက်ပါ။
ပြည်သူကိုချစ်သော၊ဆရာကြီးကောင်းရာသုဂတိလားပါစေသော်။
ဆေးလိပ်လည်းတို နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ ပါတော့ဆို တဲ့ ဆရာကြီးတစ်ယောက်—၊
ထိုဆန္ဒ ယ္ခုတော့ ဂုဏ်ယူ ဝင့်ကြွားစွာ ပြည့်ဝနိုင်ပါပြီ ဆရာကြီးခင်ဗျား။
ဆရာကြီးအားရိုသေစွာ ဦးညွှတ်လျှက်။
pooch
November 18, 2011 at 6:35 pm
ကျောင်းတုန်းက ဆရာကြီးရဲ့ ပန်းလက်ဆောင်စာအုပ်ဖတ်ပြီး မြန်မာစာစီစာကုံး ကို အခက်အခဲမရှိရေးနိုင်ခဲ့တယ်…
အဲ့ဒီစာအုပ်ထဲက သိပ်သဘောကျတဲ့ လအကြောင်း မှတ်မိသလောက်တပိုင်းတစက…
” လမင်းသည် လူအပေါင်းတို့ဧ။် တမ်းတ မျှော်လင့်ခြင်း..
မသာလည်း တ ၊ သာလည်း တရသည့် လက်လည်းလက်၊ လင်းလည်း လင်း၊ လွင်လည်းလွင် တဲ့လ တဲ့”
kai
November 19, 2011 at 4:26 am
ဒီသတင်းကို..ဆရာကြီးမိသားစုဝင်တွေဆီ.. ဖော်ဝပ်လုပ်ပေးလိုက်ပါမယ်နော…။
သတင်းနဲ့ ဓါတ်ပုံတွေအတွက်.. ကျေးဇူးပါ..။
maungmoenyo
November 19, 2011 at 8:01 am
သူ မသေခင် LA မှာလုပ်တဲ့ စာဆိုတော်လ စာပေဟောပြောပွဲမှာ ဆရာ မြန်မာပြည်ပြန်ရောက်ဖြစ်သေးလားမေးမိတော့ ဆရာ့မျက်နှာ ညိုမှိူင်းသွားတာသွားသတိရမိပါတယ်။ အမေရိကမှာ အဆင်ပြေနေထိုင်ရပေမဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုတော့ အလွမ်းကြီးလွမ်းနေမဲ့ ဆရာ့ကို ခုချိန်ပြေးမြင်ယောင်နေမိပါတယ်။
thit min
November 19, 2011 at 8:12 am
ဆရာရေ အောင်ခြင်းကိုးပါး ကဗျာလေး ဖြစ်ခါနီးပြီ ထင်ပါရဲ့ဗျာ။