တကယ်ပါ………စိန်ကဲ ၊ကျောက်ကဲထက် လူကဲခတ်ရခက်တယ်ဆိုတာ ….

etoneNovember 18, 20111min17437

 

စိန်ကဲ ကျောက်ကဲတွေထက် လူကဲခတ်ရခက်တယ်ဆိုတဲ့ စကားကြားဖူးခဲ့ပေမယ့် လက်တွေ့မကြုံတော့ပေါ့တီးပေါ့ပျက်ပဲ လူကဲခတ်ဖို့လည်း စိတ်မဝင်စားခဲ့ပါဘူး ။ ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ကြုံတော့မှသာ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားပုံလေးကို ပြေးသတိရမိပါတော့တယ် ။ နှုတ်က ထွက်သမျှ လေဖြစ်တာဆိုတော့ လူတွေ နှုတ်ကို စောင့်စည်းရမှန်း သိပ်မသိကြဘူး ။ လွယ်လွယ်ကတိတွေပေး ၊ လွယ်လွယ်ပြောကာ ၊ ပေးတဲ့ ကတိကိုလည်း လွယ်လွယ်ဖျက်တတ်ကြတယ် ။ ကျွန်မက ရွှတ်နောက်နောက် ပျော်ပျော်နေတတ်ပေမယ့် မဖြစ်နိုင်တဲ့ မတည်နိုင်တဲ့ နှုတ်ကတိမျိုးဆို မပေးတတ်ပါဘူး  ။ တစ်ခုခုကို ကြံရွယ်ပြောဆိုမိပြီးလျှင်လည်း မဖြစ်ဖြစ်အောင်လုပ်တတ်တာကြောင့် တခြားလူတွေလည်း ဒီလိုပဲလို့စိတ်ထဲ ထင်မှတ်ထားခဲ့တာပါ ။ ကိုယ့်အတွေးနဲ့ ကိုယ် ကယ်လ်စန်ကွေကာ သောက်နေတုံးခွက်လုပြေးတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် ကျွန်မအတွေးတွေ ပျက်ဆီးခဲ့ရတယ် ။ မွေးကတည်းက အခုချိန်ထိ တစ်ခါသာ ကြုံခဲ့တဲ့ အတွေ့ကြုံပေမယ့် တစ်သက်လုံး ပျောက်ပြယ်တော့မှာ မဟုတ်တော့ပါဘူး ။

%%%%%%%%%%%%%%%%%%%%%%%%%%%

တစ်ရက် ကျွန်မစက်ရုံထဲ ခဏဆင်းတော့ ၊ ကျွန်မနောက်က သန့်ရှင်းရေး မိန်းမတစ်ယောက်ကပ်လိုက်လာပါတယ် ။ စက်ရုံပေမယ့် သူ့စည်း ၊ သူကမ်းနဲ့ နေကြတဲ့ အလုပ်သမားတွေကြား စက်သံတွေကလွဲလျှင် ဘာသံမှ မကြားတာမို့ သူမခြေသံခပ်ဖွဖွကို ကျွန်မကြားရပါတယ်  ။ ခြေသံကြားကြားချင်း လှည့်ကြည့်လိုက်မိတော့  ငြိုးငယ်နေတဲ့ မျက်နှာနဲ့ ဟောက်ပက်မျက်လုံးတွေကြား သူမရုပ်သွင် အိုစာလွန်းနေတယ် ။ တစ်ခုခုကိုပြောချင်တဲ့ မျက်လုံးအစုံကလည်း မှိုင်းညိုလို့နေတော့တာပေါ့ … ။

တစ်ခါတစ်လေ စိတ်ဆတ်ပြတ်သား လွန်းပြီး ၊တစ်ခါတစ်လေ တွေဝေတတ်တဲ့ကျွန်မက အခုလည်း သူ့သွင်ပြင်ကိုမြင်ရပြီး  သက်သက် သနားမိနေပြန်တယ် ။ တကယ်ဆိုသူလည်း သူ့အရပ်နဲ့သူ့ဇာတ်သင့်တော်အောင်နေရတာကို အခြောက်တိုက် သနားစရာမလိုပဲ ဖြစ်မလာမိတဲ့စိတ်က ပျော့တီးပျော့ညံ့အမျိုးစားထဲကများလားလို့ သံသယဝင်မိပါတယ် ။

သူလိုက်မှီအောင် ကျွန်မခြေလှမ်းတွေဆက်မလှမ်းပဲ ရပ်စောင့်နေတော့ သူက ကွမ်းချေး အလိမ်းလိမ်းတက်နေတဲ့ သွားကြီးဖြဲလို့ ပြုံးပြပါတယ် ။ သူပြုံးပြတာ မြင်မိလို့ ကျွန်မလည်း လှိုက်လှိုက်လှဲလှဲပြန်ပြုံးပြမိတယ် ။ သူမအပြုံးရဲ့ နိဂုံးမှာ  စကားတစ်ခွန်းထွက်လာခဲ့တယ် ။ အကူညီတောင်းစရာရှိလို့ပါတဲ့လေ …..။ သူကျွန်မကို အကူညီတောင်းမှာလို့ပြောပေမယ့် ဆာလောင်နေတဲ့ နှုတ်ခမ်းကထွက်လာမယ့်စကားက ပိုက်ဆံချေးဖို့ပဲဆိုတာ … ဗေဒင်ပြေးကြည့်စရာမလိုပဲ ကျွန်မအတပ်သိခဲ့ပါတယ် ။ ကျွန်မမှန်းထားသလိုပါပဲ  သူမက ပိုက်ဆံချေးချင်ပါသတဲ့လေ ။ ပြောပြတဲ့ ငွေပမာဏကလည်း  ကျွန်မကူညီနိုင်တဲ့ အနေထားဖြစ်လို့ ကျေကျေနပ်နပ်ချေးဖို့သဘောတူခဲ့တယ် ။ အသက်ရွယ်အရလည်း ကိုယ့်အဖွားအရွယ်လောက်ရှိပြီး အခြေခံ အလုပ်သမား ၊ သန့်ရှင်းရေးဝန်ထမ်းဖြစ်တာကြောင့် ကျွန်မလည်း သနားပြီး တတ်နိုင်တဲ့ အကူညီလွယ်လွယ်ပေးမယ်လို့ စဉ်းစားလိုက်မိတယ် …. ။ သူကလည်း ကျေးဇူးတွေ အထပ်ထပ်တင်လို့ နောက်လကုန်လျှင် ပြန်ဆပ်ပါမယ်တဲ့လေ ။ ကတိတွေလည်းပေးပြီး ကျွန်မဆီက ပိုက်ဆံကိုယူသွားတယ် ။ အကျိုးမြတ်မရပေမယ့် …. ကူညီလိုက်ရတဲ့ ကျွန်မလည်း ပီတိဖြစ်ရပါတယ် ။ ဝမ်းသာအားရ ယူသွားတဲ့ သူလည်း ပျော်တဲ့ပေါက်ပေါက်နေပါတယ် …. ။ သာမန်အားဖြင့် ကျွန်မဘယ်သူနဲ့မှ ပိုက်ဆံကိစ္စအရှုပ်ရှင်း မလုပ်ပါဘူး ။ စက်ရုံထဲမှာ ခေတ်စားနေတဲ့ အတိုးများများနဲ့ ငွေတိုးချေးစားဖို့လည်း ဝါသနာမပါပါဘူး ။ ခြွင်းချက်အနေနဲ့ သူမကိုတော့ကျွန်မ အတိုးမဲ့ ကူညီပေးခဲ့တယ် ။

ဒီလိုနဲ့ ရက်တွေတရွှေ့ရွှေ့ကုန်တော့ ပိုက်ဆံဆပ်ရမယ့် နေ့ရောက်လာခဲ့ပြီပေါ့လေ  ။ ကျွန်မလည်း ငွေအနည်းငယ်ဆိုပေမယ့် ခဏကူညီတာ လှူတာမဟုတ်တော့ ၊ တနေကုန်ခါးညောင်းအောင်ထိုင်ပြီးမှ ရလာတဲ့ သမ္မာအာဇီဝပိုက်ဆံ အဆုံးမခံနိုင်လို့  သန့်ရှင်းရေး ဝန်ထမ်းတွေနေတဲ့နေရာ လိုက်တောင်းပါတယ် ။  ထိုအဖွားကြီးကိုတွေ့တော့ မျက်နှာကလည်းပျက်နေတယ်  ။ သူ့မျက်နှာကို ကြည့်တာနဲ့ ဒီလသူမဆပ်နိုင်ပါဘူးဆိုတာ ကျွန်မကောင်းကောင်းနားလည်လိုက်တယ် … ။ ဒါနဲ့ စကားပြောကြည့်တော့ ဒီလတော့ သူပိုက်ဆံ လက်လွန်သွားပါသတဲ့ (မနေ့ကမှ လခထုတ်တာ ) ။ ဝတ်ကျေတန်းကျေသာ လာတောင်းရတာ … ကျွန်မအတွက်လည်း အသုံးမလိုသေးတာကြောင့် သူချိန်းတဲ့ နောက်တစ်လကို ကျွန်မအမှုမဲ့ အမှတ်မဲ့ ဖြစ်ကျော်ခဲ့တယ်လေ … ။ နောက်လ လခမထုတ်မှီတရက်က သေချာသွားသတိပေးခဲ့တယ် … သူကလည်း ဒီလခထုတ်လျှင် ယူပါဆိုတော့ ဒုတိယအကြိမ်ထပ်ယုံမိတယ်လေ …. ။ တကယ်တမ်းသွားတောင်းတော့ … ငိုကြီးချက်မနဲ့ ဒီလလည်း လက်လွန်သွားပါသတဲ့တဲ့ …ကျွန်မရဲ့ သနားစိတ်တွေ အနင်းခံရပြီဆိုတာသိတော့ ရင်ထဲတောင်နည်းနည်း ကျင်လာတယ် … ဒါနဲ့လည်း … မထူးပါဘူး …နောက်လလည်းပေးတန်ကောင်းပါရဲ့ဆိုပြီး တတိယအကြိမ်ချိန်းဆိုမှုကို လက်ခံလိုက်ပါတယ် … ။ တတိယအကြိမ်ကျတော့လည်း ထိုနည်းလည်းကောင်းမို့ စိတ်က နည်းနည်း အချဉ်ပေါက်နေပါပြီ ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်စိတ်မညစ်ချင်ခဲ့တာ အခုတော့ မကြုံချင်လည်း ကြုံရပြီမို့ … ကျွန်မအတော်စိတ်ပျက်နေပြီလေ ။ အသက်တူသူဆိုလို့ကတော့ …. စီးစီးပိုင်ပိုင်ပြောပြီးသားပါ ။ စိတ်ထဲ နည်းနည်း တင်းလာကြောင့် လေးကြိမ်မြောက်လည်း ချိန်းမနေနဲ့တော့ ပိုက်ဆံလည်း ပေးမနေတော့နဲ့ …. အန်တီ စကားကို ဖြစ်သလိုပြောတတ်တာပဲ စက်ရုံထဲ ဆင်းဖွတော့မယ်ပြောတော့ ပြာပြာသလဲတောင်းပန်ပြီး ၊ အန်တီကိုတော့ မဖွပါနဲ့ ပေးစရာရှိတာပေးပါမယ် သံသယာကျွေးတွေ ယူမသွားပါဘူးဆိုပြီး ငိုမဲ့မဲ့ပြောတယ် ။ ကျွန်မလည်း ဒါနဲ့ စိတ်လျှော့ပြီး မယုံတဝက်ယုံတဝက်နဲ့ လေးကြိမ်မြောက်ချိန်းဆိုမှုကို အသိမှတ်ပြုခဲ့တယ် … ။သူနဲ့ပြောထားဆိုထားကို ကျွန်မဖုန်းထဲ recording လုပ်ထားတာ သူမသိခဲ့ဘူး ။လိုအပ်လျှင် လိုအပ်သလို သုံးနိုင်အောင်ပါပဲ … ။

အဲ့ဒီလ လခါထုတ်ရက်လည်းကျရော ..နောက်တပတ်လောက်စောင့်ပါတဲ့ … ။ အန်တီပေးပါ့မယ် ဆက်ဆက်ဆိုတာတွေဖြစ်လာရော … ။ ကဲပါလေ လေးလတောင် စောင့်ပြီးပြီပဲ နောက်တပတ်လောက် စောင့်လိုက်ပါဦးမယ် စကားအချေတင်ပြောရတာ မောတယ်လို့မှတ်ပြီး နောက်တပတ်ထပ်စောင့်ပေးပြန်တယ် …. တကယ့်ကို အမှတ်မရှိတဲ့ကျွန်မအဖြစ်က သာမန်စိတ်မျိုးမှ ဟုတ်ရဲ့လား ကိုယ့်ကိုယ်ကိုယ် သံသယဝင်မိတယ် ။ ကျွန်မသူများကို လွယ်လွယ်နဲ့ မယုံတတ်လို့ပါပဲ … ။ တပတ်တောင် မပြည့်သေးဘူး …. တရက်လောက်အလိုမှာ ထိုအမျိုးသမီးက စက်ရုံထဲက အင်တာကွန်းကနေဖုန်းဆက်ပြီး နောက်လရွှေ့ပါဦး ငိုသံနှောပြီး အသနားခံပါရဲ့ … ကျွန်မလည်း ချုပ်တီးထားရတဲ့ဒေါသတွေပေါက်ကွဲမိသွားတော့တယ် …. ။ ကျွန်မစိတ်တိုလာလျှင် ပိတ်သာလေးခဲပစ်ပြောတတ်တာကြောင့် … ဘယ်လောက်နာအောင်ပြောပြောသူကတော့ နောက်လချည်းပဲ ချိန်းနေတော့တယ် … နောက်ဆုံးတော့ .. စာချုပ်လုပ်မယ် လက်မှတ်ထိုးဆိုတော့ ထိုးပါမယ်ပြောပြီး ပြန်ငြိမ်းသွားတယ် … ။ ဒီလောက်သည်းခံစောင့်ပေးတာ ကျေးဇူးတင်ပါတယ်ပေါ့ … ကျေးဇူးမမေ့ပါဘူးဆိုတာကတော့ အလကားရတဲ့ စကားတွေ ဖောဖောသီသီ ပြောသွားတာ ပြန်တွေးလျှင်တောင် ရွံနေမိတယ် ။

အိမ်ကိုလည်းပြောပြတော့ ကျွန်မကိုဝိုင်းလှောင်ကြလေရဲ့ … ။ အရင်ကဆို ပြတ်ပြတ်သားသား လုပ်တတ်တဲ့ ကျွန်မစရိုက်က သူနဲ့မှအနင်းခံရပါလားဆိုပြီး ရယ်ကြလေရဲ့လေ … ။ စာချုပ်ချုပ်ပြီး လက်မှတ်ထိုးပြီးတဲ့ အခါ … တဆင့်စကား တဆင့်နားကနေကြားရတာတော့ သူက ဥပဒေကို တတ်ကျွမ်းနားလည်ကြောင်းနဲ့ လက်မှတ်ထိုးတဲ့ဟာ နှစ်စောင်လိုချင်တယ်ပြောတယ် … အဲ့ဒီလိုမှ မလုပ်ထားလျှင် ကျွန်မက အဆပေါင်းများစွာ ပေါင်းပြီး ကလိမ်ကကျစ်လုပ်မှာ စိုးသတဲ့လေ … ။ လူတွေ လူတွေ… တကယ့်ကို လူတွေပဲ …ကြားရပြီး စိတ်မကောင်းလိုက်တာ … ။အတိုးမဲ့ …ချေးပေးခဲ့ပြီး ၊ အကြိမ်ကြိမ်အရွှေ့ဆိုင်းခံခဲ့တာတောင် …ဒီလိုပြောရက်လေခြင်းလို့ပေါ့ … ။  စိတ်မကောင်းတာထက် ဒေါသကပိုလို့ … အောက်ဆင်းပြီး ရန်သွားတွေ့တော့ … မခုတ်တတ်တဲ့ ကြောင်လို လက်သည်းဖွက်ပြီး ပြောသမျှခံတော့တယ် … ။ ကျေနပ်လောက်အောင်ပြောဆို ရန်တွေ့ပြီးမှ ရုံးပေါ် ပြန်တတ်ခဲ့တော့တယ် … ။

တသက်နဲ့ တကိုယ်ဒီလောက် မျက်နှာပြောင်ကျတာ မတွေ့ဖူးပါဘူးလေ … ။ ဒီလို စကားကို လက်တလုံးခြားလုပ်တဲ့ လူတွေ ဘယ်လောက်တောင် များနေပြီလဲ ။ အဲ့ဒီလို လူတွေများလာလျှင် …. တိုးတက်ရာ တိုးတက်ကြောင်း တစ်ခုမှဖြစ်လာမှာမဟုတ်ပါဘူး …. ဒီလို ဖျံကျချင်နေတဲ့ လူတွေကရော စေတနာအလျှောက်ကူညီတဲ့လူဘယ်နှစ်ယောက်ကိုများ အနိုင်ပိုင်းသွားခဲ့ပြီလဲ … မတွေးတတ်တော့ပါဘူး … ။ ကတိစောင့်ထိန်းခြင်းဆိုတာ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပဲ လူရဲ့ စိတ်ဓါတ်နဲ့ တိုက်ရိုက်အချိုးကျနေပါလားလို့ သိလိုက်ရတော့တယ် …. ။ သနားတဲ့စိတ်ကို စေတနာကွက်အောင်လုပ်သွားတဲ့ လုပ်ရပ်က ကျွန်မချေးလိုက်တဲ့ ပိုက်ဆံထက်ပိုတဲ့ သင်ခန်းစာ အသိကိုပေးခဲ့တဲ့သူကိုတော့ ကြိတ်ကျေးဇူးတင်မိပါတော့တယ် … သေချာပါတယ် နောက်နောင် … ဘယ်တော့မှ သနားလို့ဆိုတဲ့အကြောင်းပြချက်မျိုးလည်း ရှိမှာ မဟုတ်တော့ဘူးလေ … ။

 

(ဘာရယ်မဟုတ်ပါဘူး ….ရွာသူရွာသားတို့လည်း  နှုတ်တစ်ရာ ၊ စာတစ်လုံးဆိုတာလေးဆိုတာလေး အရေးကြီးတယ်ဆိုတာ သိစေချင်လို့ပါ … ။ ကိုယ့်စေတနာကြောင့် ကိုယ်ပြန်စိတ်ညစ်နေရမယ့် အဖြစ်မျိုး ကင်းဝေးကြပါစေနော်  )

37 comments

  • nozomi

    November 18, 2011 at 4:55 pm

    နုတ်တစ်ရာ စာတစ်လုံးထက် ကိုယ့် ကတိ ကို တန်ဘိုး မထားတဲ့သူက တန်ဘိုးကို မထားပါဘူး
    ပညာတတ်ခြင်း မတတ်ခြင်း ရာထူးရှိခြင်း မရှိခြင်း နဲ့ မဆိုင်ပဲ ကတိကို တန်ဘိုးထားတတ်သူက ထားကိုထားပါတယ် ၊ဒီလို လူမျိုး ဝေးဝေးက ရှောင်နိုင်ရင် ရှောင်တော့ပေါ့

    အီးတုံးလေး လကောဒင်း လုပ်နေသည် ရွာသားများ စကားပြောလျှင် အထူးသတိပြု ပြောဆိုရန်

    • windtalker

      November 18, 2011 at 8:21 pm

      ကျေးဇူးတင်လိုက်တာ ကိုနိုဇိုမီ ရယ်
      သူရို ့နဲ ့တွေ ့ဖို ့အစီစဉ်ရှိတယ်ဗျ
      ဒီကိစ္စ ကို သေချာ အထူး သတိထားရမယ်ဗျို ့
      ရီကောဒင်း တုန်တုန် သတိပြု

      • etone

        November 19, 2011 at 8:31 am

        အဲ…ကိုပေကလည်း ကျွန်မက တစ်ခုခုကို သေချာချင်တဲ့အခါမှ လုပ်တာပါ … ။ ကိုယ့်ချင်းကိုယ့်ချင်း အသံသွင်းထားပါ့မလား … ။ လာသာလာခဲ့ … ရဲရဲလာ … ဟီး 😉
        နေခင်းကြောင်တောင်ဆိုတော့ ဘီယာထက် တခြား စားစရာသောက်စရာတွေက ပိုများ အဆင်ပြေမလားလို့တော့ တွေးမိတယ် ဟီး ။

  • ရွှေအိမ်စည်

    November 18, 2011 at 4:59 pm

    နှုတ်တရာစာတစ်လုံးဆိုပေမယ့်လည်း…
    စာချုပ်ကငွေချေးရင်သိပ်တော့တရားမဝင်ဘူးပြောရမယ်…။

    ကိုယ်ချင်းစာသနားစိတ်ကိုတော့…လေးစားပါတယ်။

    ကျမတို ့ရုံးမှာတော့ငွေချေးမိရင်..ကိုယ့်ကသနားလို ့ကူညီချင်ရင်တော့
    ငွေစာရင်းကလစာပေးတဲ ့အမကိုကြိုပြောလိုက်တယ်…
    သူ ့လစာဘယ်လောက်ကျန်သေးလည်းမေးလိုက်တယ်…

    ကျန်သေးတယ်ဟေ ့ဆိုရင်..အဲ ့ဒိငွေချေးသူထံ က လစာကို..သူ ့လစာထဲ က လတိုင်းဘယ်ရွေ ့ဘယ်မျှလောက်ဖြတ်ပေးပါ။
    ဒါမှမဟုတ်လည်း…ဖြတ်ထားပေးပါ….အကူညီတောင်းလိုက်ရတယ်..
    ဒါဆို ကိုယ့်ချေးငွေ မဆုံးတော့ဘူးလေ…….

    အောက်ခြေဝန်ထမ်းတွေကတော့..ဒီလိုအဖြစ်တွေ ..လစာကြိုထုတ်တွေ ရှိတတ်တယ်နော်…
    ဒါကလည်း..ရုံးတိုင်းနီးပါး…..ကြုံ ရမှာပါ
    ဝန်းထမ်းလစာပေးတြ ့..ငွေစာရင်းဌာနနဲ ့ကျမ ကတော့ချေးမိတိုင်း..ပေးမိတိုင်း
    အကူညီတောင်းတယ်…လစာထုတ်ရက်နီးရင်လည်း….လစာငွေပေးသူ ကိုစာတိုလေးတော့ရေးပေးဒါမှမဟုတ်ဖုံးဆက်သတိပေးလိုက်တာပါဘဲ…။

    ဘာလို ့လည်းဆိုတော့..ကိုယ့်ကစေတနာနြ ့ပေးမိပေမဲ ့..တခါတခါ..စေတနာဆိုတာကလည်း….
    ဖမ်းမရတဲ ့စိတ်တစ်ခုပါဘဲ

    နောက်လူတွေ ဒီလိုမဖြစ်အောင်ပါ…။

    • etone

      November 19, 2011 at 8:38 am

      ရွှေအိမ်စည်ရေ … ကျွန်မကတော့ ဥပဒေအကြောင်း နားမလည်လို့ စာချုပ်က ငွေချေးတဲ့အခါ အကျုံးဝင်မဝင် မသိပါဘူး … ဒါပေမယ့် ချည်ပြီး တုပ်ပြီး အထောက်ထားတစ်ခုအနေနဲ့တော့ … အသုံးဝင်မယ်လို့ထင်ပါတယ် ။

      ကျွန်မတို့ ရုံးက account dept က သူတို့ ဒေတာတွေကို ဗရိုက်ဗိတ်ပဲထားတယ် ။ ဒီလူ လစာဘယ်လောက်ကျန်လဲ စစ်လို့မရသလို ၊ ဒီလူ လစာဘယ်လောက်ရသလဲလဲ ဘယ်တော့မှ ထုတ်ပြောလေ့မရှိဘူး … ။ ဒါ့ပြင် လစာပေးတဲ့အခါ သူတို့ဆီဖွင့်ဖောက်ယူဖို့ကလည်း မဖြစ်နိုင်ဘူးလေ …. ။ လစာပေးဝေမှုစနစ်က အလုပ်သမား ဆူပါဗိုက်ဇာတွေကနေ ကိုယ့်ဂရုအတွက် လာထုတ်ပေးရတာ … အဲ့ဒါမျိုးမို့ပါ … ။

      • ကြောင်လတ်

        November 19, 2011 at 12:49 pm

        စာချုပ်က ချုပ်တတ်ဖို့လိုပါတယ်၊ ငွေချေးတယ်လို့ချုပ်ရင် တရားမမှုဖြစ်ပြီး တရားစွဲရင်ကြာပါတယ်၊
        ပြန်ရမဲ့ငွေနဲ့ တရားစွဲရမယ့်စရိတ်ကိုထည့်တွက် ပြီးမှစွဲသင့်မစွဲသင့်ချင့်ချိန်ရပါတယ်။
        ယုံကြည်အပ်နှံ ပုံစံနဲ့ချုပ်ရင်တော့ လိမ်လည်မှုနဲ့စွဲလို့ရတယ်၊မြန်တယ်လို့ပြောကြပါတယ်၊ ကွန်တော် တော့ မစွဲဘူးလို့မသိပါ၊ အဆုံးခံလိုက်တာပါပဲ။
        ယုံကြည်လို့ အပ်နှံပါတယ်ဆိုပြီး စာချုပ် ချုပ်တာလဲ တမျိုးကြီးပါ၊ မယုံလို့စာချုပ်ချုပ်တာပေါ့။

  • MaMa

    November 18, 2011 at 5:15 pm

    တခါတလေတော့လည်း စေတနာက ဝေဒနာဖြစ်ရတတ်တယ်။
    တခါက လူတစ်ယောက် ငွေလာချေးတယ်။ အတိုးယူပါ။ ဘယ်တော့ ပြန်ဆပ်ပါ့မယ်ပေ့ါ။ လုပ်ငန်းရာသီချိန်ကြီးမို့ ကိုယ်လည်း ငွေကြပ်နေလို့ သိပ်ကြာနေမှာစိုးလို့ တစ်လအတွင်း ပြန်ဆပ်နိုင်ရင် အတိုးမယူဘူး။ တစ်လကျော်ရင်တော့ အတိုးပေးရမယ်ဆိုပြီး ချေးပေးလိုက်တယ်။ ငွေယူပြီးကတည်းက ပျောက်သွားလိုက်တာ တစ်နှစ်လောက်နေတော့မှ ပေါ်လာပြီး ယူတဲ့ငွေကို ပြန်ပေးတယ်။ ချေးပေးလိုက်ကတည်းက တစ်လကျော်ရင် အတိုးပေးရမယ်လို့ ပြောထားတယ်လေဆိုပြီး အတိုးပါတောင်းတော့၊ အဲလို ပြောတာ မကြားလိုက်ပါဘူးတဲ့။ အတိုးပေးရမယ်ဆိုရင် ဒီလောက်အကြာကြီး ဘယ်ယူထားမလဲတဲ့လေ။ အီတုံး အန်တီကြီးနဲ့စာရင်တော့ တော်သေးတယ် ပြောရမယ်။ 😀

    • etone

      November 19, 2011 at 8:48 am

      အန်တီ မမရေ … ပိုက်ဆံကိစ္စတွေကို စိတ်ညစ်လွန်းလို့ ဝေးဝေးနေခဲ့တာပါ …သနားတာကို အခွင့်ကောင်းယူတာကတော့ … ဒေါသထွက်မိတယ် … ။
      သူတို့မို့ တတ်လည်း တတ်နိုင်ကြတယ်နော် … ပေးတုန်းကတော့ တမျိုး … နောက်တော့ မကြားလို့တဲ့လား ဟီး 😛

  • we R one

    November 18, 2011 at 5:50 pm

    စေတနာသည် လူတိုင်းနဲ မတန် ဆိုသလို ပေါ့ မအိတုံရေ… ကိုယ်က သနားတာကို အခွင့်ကောင်းယူချင်ကြတာပေါ့…

  • lwinmg

    November 18, 2011 at 6:31 pm

    ကြုံရဆုံရ လူ့ဘဝ ဆိုတာ ဒါမျိုးပဲလား ၊ ခဏ ခဏတော့ ကြုံဖူးပါတယ် ၊
    ပေးလျှင်ဆုံး တောင်းရင်မုန်း စကားရပ်လေးက ဒီလိုလူတွေကြောင့် ဖြစ်ပေါ်လာတာပါ ၊
    နောက်မှ မုန်းနေမဲ့ အတူတူ တစ်ခါတည်း အမုန်းခံလိုက်ရရင်ကောင်းမလား တွေးမိနေပါတယ် ။

    • etone

      November 19, 2011 at 10:39 am

      we R one ရေ စေတနာသည် လူတိုင်းနဲ့ မတန်ဆိုတာ အခုမှ တကယ်ကိုပါပဲ … သင်ခန်းစာတော့ရပါတယ် … နောင်တကြိမ်ထပ်ဖြစ်မှာ မဟုတ်တော့ဘူး … ။

      lwinmgရေ … နောက်ဆို ကျွန်မလည်း … လာချေးကတည်းက ငြင်းလွှတ်လိုက်တော့မယ် …နောက်မှ မုန်းနေမဲ့ အတူတူ တစ်ခါတည်း အမုန်းခံလိုက်ရရင်ကောင်းမလား တွေးမိနေပါတယ် ဆိုတဲ့ စကားလေးကိုတော့ အမှတ်ရနေမှာပါ ။ 🙂

  • အီးတီ

    November 18, 2011 at 7:37 pm

    မအိတုန်ရေ ပိုက်ဆံချေးပြီးသွားရင်တော့ လှူလိုက်တယ်လို ့သဘောထားလိုက်ပါ။ ကိုယ်တတ်နိုင်သလောက် ချိန်ပြီးပေးလိုက်ပါ။ ၂၀၀၀ဝ တောင်းရင် ၅၀၀ဝ လောက်ပဲပေးလိုက်ပါ။ ကိုယ်အဆုံးခံနိုင်တဲ့ ပမာဏပေါ့။ ပြီးရင်တော့ စိတ်ထဲမေ့လိုက်ပါတော့ ဘာဖြစ်လို ့လဲ ဆိုတော့ပြန်မဆပ်တဲ့သူက များတယ် မတုန်ရေ ့။ အဲဒီ ကွမ်းချေး အလိမ်းလိမ်းတက်နေတဲ့ သန့်ရှင်းရေး မိန်းမကြီးကို အကုသိုလ်ပွားမနေနဲ ့တော့။ စိတ်မောရုံပဲ ရှိမယ်။ အဲဒီမိန်းမကြီးကို စိတ်တိုနေရင် အလုပ်ပျက်လိမ့်မယ်။ စိတ်လျှော့ စိတ်လျှော့ 🙂

    • အီးတီ

      November 19, 2011 at 4:45 am

      တိန် အနော်မန်းတာဘာများ အမှားပါသွားပါလိမ့် အနီကတ်ပြသွားတယ်။ နီနီရဲရဲလေးဆိုတော့ ကျွန်တော့်ပုံထဲက အကျႌလေးနဲ ့တော့လိုက်သား 😀

      • etone

        November 19, 2011 at 10:44 am

        ကိုအီးတီရေ … လှူတယ်ဆိုတာက သူတပါး တိုက်တွန်းချက်မပါပဲ .. သဒါ္ဓတရားအရဖြစ်လာတာလို့ ကျွန်မထင်တယ် … ။ အခုဟာက … သူတိုက်တွန်းလို့ ထွက်လာတဲ့ ပိုက်ဆံ … အာ……… လှူချင်ဘူး … ။

        မပေး .. ပေးပေး .. ပေး ပေး … ငါ့ပိုက်ဆံပြန်ပေး … (ရူးသွားတာမဟုတ်ရပါဘူး … သီချင်းဆိုတာပါ ဟီး 😆 )

  • Oo Oo

    November 18, 2011 at 7:57 pm

    ကုသိုလ်စိတ်ကနေအကုသိုလ်စိတ်ရောက်သွားရတယ်လို့ကွယ်..
    အသက်ကလဲကြီးသန့်ရှင်းရေးဝန်ထမ်းလဲဖြစ် လစာကလဲနဲစည်းစနစ်ဆိုတာကိုလဲ နားလည်ပုံမရတော့လည်း
    လတိုင်းကြပ်နေမှာပဲလေ… သူ့မိသားစုအခြေအနေကြောင့်လဲ ငွေမရှိကတိမတည် ဖြစ်တတ်ပါတယ်
    ဒီလိုလူတန်းစားမျိုးတွေမှာဉာဏ်ပညာကနဲ စည်းစနစ်ကျင့်သုံးရမှန်းမသိ ဝင်ငွေကနဲဆိုတော့လည်း ဆင်းရဲတွင်းထဲကထွက်နိုင်ဖို့မလွယ်ဘူးလေ.. ဒီလိုလူတန်းစားမျိုးတွေငွေချေးလာရင်.. အကောင်းဆုံးကတော့…မချေးနဲ့… သနားမိတယ်ဆိုရင်ကိုယ်တတ်နိုင်
    သလောက်သာပေးလိုက်(ချေးလိုက်)် …ပေးကထဲကလှုတယ်လို့သာ သဘောထားလိုက်တာအကောင်းဆုံးပါပဲ။
    (ညီမငယ်အိတုံကိုအပြစ်ပြောတာဟုတ်ဖူးနော်. .လောကမှာဖြစ်တတ်တဲ့အခြေအနေကိုကြိုတွေးပြီးအကုသိုလ်မဖြစ်အောင်ရှောင်
    တတ်စေချင်လို့ပြောပြတာပါ)

    • etone

      November 19, 2011 at 8:54 am

      Oo Oo ရေ … အသက်ကြီးပြီး သန့်ရှင်းရေး ဝန်ထမ်းပေမယ့် … သူတို့ရတဲ့ လစာကလေ … ရှောပင်းစင်တာမှာ မတ်တပ်ရပ်ရောင်းနေရတဲ့ ကောင်မလေးတွေထက်တောင်ကောင်းသေး … ဒါပြင် အမှိုက်ကရွှေဖြစ်တယ်လေ … ။(တင်စားတာပါ ) အဲ့နည်းတွေကလည်း ရှိသေးတယ် … ။ အကြံကောင်းလျှင် တချက်ဆိုပြီး ကောက်ရိုးမီးလို ရပေါက်ရလမ်းတွေကလည်းရှိသေးတယ် … ။
      ဘယ်လိုပဲ ဖြစ်ဖြစ် သူပေးနိုင်လောက်တဲ့ အခြေနေပါ … အဆုံးခံလို့ပြောတော့လည်း မဟုတ်ဘူး … ပေးပါမယ်ပြောတယ် …. ။တခြားတော့မဟုတ်ဘူး … လက်တလုံးကြားလုပ်ခံရတာကို စိတ်နာတာ … 🙁

  • ပေါက်ဖော်

    November 18, 2011 at 8:07 pm

    သိရင်ချေးတယ်..
    မသိရင် မချေးဘူး…ဒါဗျဲ….

    (မှတ်ချက်..သူများကိုချေးသည်မဟုတ်.သူများဆီမှချေးခြင်းဖြစ်သည် 😆 )

    • windtalker

      November 18, 2011 at 8:22 pm

      ဘာလဲ ရန်ကုန်ရောက်ရင်
      ဧည့်ခံရမှာစိုးလို ့၊ စာထဲကနေ ကြိုခြိမ်းနေတာလား
      ပို ့စ်ပိုင်ရှင် က ရီကောဒင်း လုပ်တယ်
      ဒီတစ်ယောက်ကကြ ပိုက်ဆံချေးမယ် တဲ့
      ဟူး…အိမ်ထဲကနေ အပြင်ထွက်ရမှာတောင် ကြောက်လာဘီဗျို ့

  • aye.kk

    November 18, 2011 at 9:01 pm

    နှုတ်တစ်ရာ စာတစ်လုံး ဂူတစ်လုံးဘုရားတစ်ဆူ ဆိုတာလေးဆက်ပေးပါရစေ..
    လေးနက်လွန်းလှတဲ့ အဓိပါယ်ဖွင့်ဆိုချက်လေးပါ နှုတ်လေးနဲ ့ကမလုံလောက်ပါဘူး
    ပိုက်ဆံဆိုတာ တန်ဖိုးရှိပါတယ် နောင်ကိုပိုက်ဆံနဲ ့ပတ်သက်ရင် အလေးနက်ထားပြီးမှ
    ဆုံးဖြတ်သင့်ပါတယ်.လူကဲခေတ်နိုင်တဲ့ကြန်အင်လက္ခဏာပညာကို လေ့လာလိုက်စား
    စေချင်ပါတယ် ကျမငယ်ငယ်ကတည်းက အလွန်လေးစားရလွန်းတဲ့ ဘကြီးကရုပ်လက္ခဏာ
    နဲ ့အခြေခံပြီးလူတွေရဲ ့ အမူအကျင့်ကိုကြည့်ပြီး သင်ကြားပြသပေးခဲ့တဲ့သူပါ အခုချိန်ထိပြော
    ပြထားတာအလုံးစုံ အားလုံးမှန်ကန်မှုရှိနေတာကိုဘဝနဲ ့ရင်းပြီးသိခဲ့ရပါတယ် ပိုက်ဆံနဲ ့ပတ်သက်တဲ့
    ခံစားမှုဟာလူတွေအတွက်နာကျင်မှုကို အလွယ်ဖြစ်စေပါတယ်ဆိုတာပြောပြလိုက်ပါရစေ…။

  • အကောင်းဆုံ့းကလာအကူအညီတောင်းရင်မချေးနဲ့။
    ုနိင်သလောက် အပြီးပေးလိုက်။
    ရှင်းတယ်။

  • hmee

    November 18, 2011 at 10:46 pm

    အစတည်းက အမုန်းခံတာ အကောင်းဆုံးပဲတုံရေ။ သနားလို့၊ အားနာလို့ ကိုယ်က ချေးလိုက်ပါပြီတဲ့ ကိုယ့်မှာ ကိုယ့်ပစ္စည်းနဲ့ကို အကုသိုလ်တွေ အတုံးလိုက်ရတာပဲ။ အစကတည်းက အလကားပေးတာ မဟုတ်လို့ ကိုယ့်ချွေးနဲစာမို့ ပြန်လိုချင်တယ် ကတိမတည်တော့ အကြိမ်ကြိမ် အကုသိုလ်ဝင်။ ဒါကြောင့် စပြီးချေးကတည်းက မရှိဘူးလို့ တခါတည်း အပြတ်ပြောလိုက် သူမုန်းလည်း ခဏပဲ ကိုယ်လည်း စိတ်အေး သူလည်း နောက်တခါ မပတ်သက်တော့ဘူး။ ငွေရေးကြေးရေးက အားနာလို့ မရဘူးတုံရေ ခပ်ပြတ်ပြတ်လုပ်မှ တော်ရာကြတာ။ ကိုယ်တွေ့ ခဏခဏ ခံရလွန်းလို့ ပြတ်သားသွားတာ။ 🙂

  • unclegyi1974

    November 18, 2011 at 10:52 pm

    သူလိုလူတွေအများကြီး
    လိုက်သနားရင်ကုန်နိုင်ဖွယ်မရှိ
    သူလိုလူတွေကလည်းဘယ်လောက်ပေးပေးမလောက်နိုင်အစားထဲက
    ဘယ်လိုလုပ်ကြမလဲ
    တတ်နို်င်သမျှမသနားနဲ့
    သနားရင်လည်းကိုယ့်ကိုယ်ကိုအရင်ဆုံးပြန်သနားလိုက်ပါအိတုန်ရေ

  • thit min

    November 19, 2011 at 7:16 am

    မယုံရင်လိုက်မေးကြည့် etone ကပထမဆုံးခံရတဲ့သူမဟုတ်ဘူး။
    လုပ်စားနေကြပုံစံပါ။

  • နွယ်ပင်

    November 19, 2011 at 9:47 am

    သနားတက်တဲ့ အားနာတက်တဲ့ စိတ်အခံရှိရင် ငွေချေးတာတို့ ငှားတာတို့
    မလုပ်တာ အကောင်းဆုံးပဲ etone ရေ သူတို့ချေးတာထက် ကိုယ်ပေးနီုင်သလောက်လေး
    ပေးလိုက်တာ ကိုယ့်အတွက် ပိုပြီးစိတ်ချမ်းသာတယ် ……….

  • စုံ စုံ

    November 19, 2011 at 9:56 am

    etone ကဒါမျိုးခုမှကြုံဖူးလို့
    ကျမဆိုဟိုးအရင်ထဲကခနခနကြုံရပါများလွန်းလို့
    ခုဆိုဘယ်သူမှမသနားတော့ဘူး
    ကိုယ့်မှာမရှိလဲ မရှိသလိုနဲ့နေနိုင်အောင်ကြိုးစားတယ်
    သူများကမရှိလို့လာတောင်း(ချေး)ရင်လဲ တခါထဲအမုန်းခံတယ်
    ဘာလို့ဆိုတော့ ခံရပါများလာလို့ကိုယ့်ပိုက်ဆံနဲ့ကိုအမုန်းမခံချင်တော့ဘူးလေ
    ကြားဖူးတယ်မလား ကြွေးယူပြုံးပြုံး တောင်းတော့မုန်းတဲ့ အဲ့သလိုဘဲ

  • etone

    November 19, 2011 at 10:51 am

    aye.kk ရေ.. ကျမကိုက လူကဲခတ်ညံ့သွားလို့ပါ ။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ …. 🙁

    လေးပေါက်ရေ … နောက်အကူညီတောင်းတဲ့ လူရှိလျှင် ကြူကြူပါအောင် ညည်းပြလိုက်မယ်လေ ကောင်းဘူးလားဟင် 😆

    unclegyi1974 ရေ .. ဟုတ်ပါတယ် ဘယ်လောက်ပေးပေး မလောက်တဲ့ အစားထဲကပါ … ကျွန်မက မစုံစမ်းပဲ လက်လွယ်လိုက်တာ ပြီးမှ စိစစ် ကြည့်တော့ … သူက စက်ရုံထဲမှာလည်း အကြွေးတွေ မွနေတာပါပဲ တဲ့ …

    ကိုသစ်မင်း ပြောတာ ဟုတ်တယ် ….ကျွန်မအရင်ကလည်း တခြား လူတွေ ခံရဖူးတယ် .. ဒ ါပေမယ့် ဘယ်သူမှ အသံမထွက်ဘူး ကြိတ်ခံနေတော့ .. က ျွန်မလည်း မသိလိုက်ဘူးဖြစ်သွားတယ် … ကိုယ်ကတော့ တကယ့်ကို ဗျောက်အိုးပါပဲ … မီးလာတို့လျှင်တော့ ပေါက်တတ်တာ သူ့သဘာဝပါ 😀

    အစ်မနွယ်ပင်ရေ… အလကားနေရင်း သနားတတ်တဲ့ အကျင့်ကို ပြင်ရမယ် ဟီး 😛

    စုံစုံရေ … ကျွန်မကတော့ အရင်ကမကြုံဖူးလို့ပါ .. အခုတော့ ကောင်းကောင်း သိပါပြီ … ပထမတခါ မုန်းခံလိုက်ရတာနဲ့ ..နောက်ပိုင်းကိုယ့်ကို ထပ်ချေးဖို့ နည်းနည်းတော့ တွန့်သွားမယ်ထင်တယ်နော် … 😛

  • ba gyi

    November 19, 2011 at 11:28 am

    အီတုံးရေ ဒါမျိုးတွေ ကြောင့်လည်း
    အူမတောင့်မှ သီလစောင့်တတ် ဆိုတဲ့စကားတွေပေါ်လာတာပေါ့၊
    ဒါပေမည့် မရှိတာထက် မသိတာခက်( ပိုဆိုးတယ်)တယ်ဆိုတာခံယူသူ အလွန်နဲပါတယ်
    အဲလို လူတွေကြောင့် ဆင်းရဲသူတွေဆိုရင် အကျင့်သီလမရှိဘူးလို့ အထင်မြင်သေးခံကြရတဲ့ထဲရောပါရရှာ
    တဲ့ ဆင်းရဲပြီး သီလရှိသူတွေလည်းလောကမှာရှိတတ်ပါတယ်။
    ချမ်းသာပြီးရင်းချမ်းသာလျှက်၊ အရှက်မဲ့ တဲ့ ကတိမတည်တဲ့ လူစားတွေလည်းအများကြီးရှိတတ်ပါတယ်။
    ခုလို အတွေ့အကြုံ ရလိုက်တယ်ဆိုတော့ အရှုံးထဲကအမြတ် လို့ပဲ ဖြေသိပ်ပြီး၊ စိန်ကဲထက် လူကဲခတ် ပိုကျွမ်း
    သူဖြစ်လာပါလိပ်မည်ဗျား။ စာနာထောက်ထား တတ်သူတစ်ဦးဖြစ်လို့လည်း လေးစားရပါသည်။

  • blackchaw

    November 19, 2011 at 11:53 am

    Etone ရေ။
    ခင်ဗျားနာမည်ကို ရိုက်ရင် အင်္ဂလိပ်ဖေါင့်ပြောင်းပြောင်းနေရတာတစ်လုပ်ဗျာ။
    မြန်မာလိုရေးရင် ကိုယ်စားချင်တာကို အသံထွက်တယ် ပြောဦးမှာဆိုတော့လေ။
    သနားစိတ်ဆိုတာ ဖျောက်ရခက်တာမျိုးနော်။
    နောက်တစ်ခါ သနားစိတ်မမွေးဘူးဆိုတာ သေချာရဲ့လား။
    မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့တဲ့။
    ပိုက်ဆံမချေးချင်ရင် ပိုက်ဆံချေးမယ့်သူနား မသွားပါနဲ့။
    ဒါဗျဲ ဗျန်းဗျန်းဗျန်း ဒန်တန့်တန် ။

    • etone

      November 23, 2011 at 8:41 am

      ကိုချောကလက်ကပါ ဘယ်လိုဖြစ်လို့ … ဗျန်းဗျန်းဗျန်းဖြစ်သွားတာတုန်း …
      အဘပုတို့ အဖွဲ့ဝင်များ ဖြစ်သွားပလား ဟီး 😀

  • ကြောင်ကြီး

    November 19, 2011 at 12:23 pm

    ငွေရှင် ကြေးရှင် ဓနရှင် ကြွေးရှင်တွေကို သတ်ပစ် သတ်ပစ်။ မီးတုတ် မီးတုတ် ရှို့ရှို့…..မီးတုတ် မီးတုတ် ရှို့ရှို့…..မီးတုတ် မီးတုတ် ရှို့ရှို့…..မီးတုတ် မီးတုတ် ရှို့ရှို့…..မီးတုတ် မီးတုတ် ရှို့ရှို့…..
    👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡

  • july cancer

    November 19, 2011 at 1:05 pm

    ဒီလို လူမျိုးတွေက ရရင်ပေးမယ် မရရင်ပြေးမယ်ဆိုတဲ့ လူစားမျိူးတွေ အမ..တချို.ရှိသေးတယ် ငွေပြန်မပေးနိုင်လို. ပြေရာပြေကြောင်း မပြောတဲ့အပြင် ရန်လုပ်ချင်တဲ့လူတွေပေါ.။ အမှန်ကတော့ သူ.တာဝန်သူမယူနိုင်တော့လို. ဟိုလူ.ရန်လုပ် ဒီလူ.ရန်လုပ်နဲ.ရှက်ရမ်း ရမ်းတာပါ.. ကိုယ့်ဆီ ငွေလာချေးလို. ငြင်းလိုက်ရင် မိတ်ဆွေပဲဆုံးမှာပါ..ငွေမဆုံးပါဘူး။အားနာပြီးငွေချေးမိလို. ပြန်မဆပ်နိုင်ရင်တော့ သူလည်း နောက်ကိုယ့်ကိုတွေ.ရင် မခေါ်ရဲ နှုတ်မဆက်ရဲ…ကိုယ်လည်း သူ.ကိုမခေါ်ချင်..မပြောချင်နဲ.မိတ်ဆွေကော ငွေကောဆုံးမှာပါ။

  • “ဘီလူးကြီး”ogre

    November 19, 2011 at 7:30 pm

    ကြွေးယူစဉ်ကကျေးဇူးရှင်
    ကြွေးပြန်တောင်းတော့ရန်သူထင်
    ကြွေးယူပြုံးပြုံး တောင်းတော့မုန်း
    အဆုံးရန်ကြွင်း၏
    ကြွေးထူရင်မပူတော့
    ကြွေးတင်..ကျွန်ဖြစ်
    ကြွေးတင်..အရှင်ဆပ်
    ကြွေးမရှိလူ..ခွေးနဲ့တူ
    ကြွေး…ကြွေး…ကြွေး…….အောင်မငီး …ငါတောင်တော်တော်အကြွေးများနေပြီပဲ
    စိတ်လဲဆပ်ဘူး..ကြွေးလဲဆပ်တော့ဘူး…ဒါဗျဲ ““ပေါက်ဖော်ပြောတာနော်””. ….. 😛 🙂

  • ဖီးကျူ

    November 23, 2011 at 2:22 am

    တက္ကသိုလ်တုံးက ဆရာ။ဆရာမတွေ မိတ်ဆက်စကားပြောတာ ကြားဘူးတယ်
    လိုအပ်တဲ့ အကူအညီပြောကြပါ တပည့်တို ့ ( ငွေရေးကြေးရေးက လွဲရင်ပေါ့ )တဲ့
    တကယ်တော့ ပြောင်သလိုလိုနဲ ့အတည်ပြောတာ
    လူတွေက ပိုက်ဆံချေးပြီး ပြန်ဆပ်တဲ့သူက မရှီသလောက်ပဲ

  • minyanag

    November 23, 2011 at 2:52 am

    စားပြီး နားမလည် လူစားမျိုး————-
    ဘုရားပြီး ငြမ်းဖျက် လူစားမျိုးတွေ လေ—————-

  • မအိတုန် နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ်။ ခေတ်စကားကပြောင်းသွားပြီလေ။ ပိုက်ဆံချေးပါ ဆိုတာ တကယ်က ပေးပါလို့ ပြောတာပါ။ နယ်မှာ အကုန် ဒီအတိုင်းပြောကြပါတယ်။ ဘယ်သူကမှ ပေးပါ လို့မပြောဘူး။ ချေးပါ လို့ပဲ ပြောတယ်။ တကယ့်ဆိုလိုရင်းက ပေးသာပေးလိုက်ပါ လို့ပြောတာပါ။ ဒီအဖွားကြီး နယ်ကလာတာပဲဖြစ်ရမယ်။ ကျွန်တော်တောင် နယ်ရောက်စက အဲဒါနားမလည်လို့ ငွေအများကြီးကို အကြိမ်ကြိမ်ဆုံးခဲ့ဖူးတယ်။

    • etone

      November 23, 2011 at 8:36 am

      အဲတော့ .. ကိုရှုံးရေ… အဲ့လိုကြီးလား … ။
      နယ်ကလာတာတော့လာပေါ့ … ရန်ကုန်ရောက်တာတောင် ဆယ့်သုံးနှစ်လောက်ရှိနေပြီ အကျင့်က မပျောက်သေးဘူး 😀

  • pasi

    November 23, 2011 at 10:28 pm

    ဟုတ်ပ မန္တလေးမှာလည်း ချေးပါပြောတာ ပေးပါလို့ပြောတာနဲ့တူတူပဲ စာရင်းစစ်တစ်ယောက် ကရုံးတစ်ရုံးမှာ စစ်တော့ ငွေနှစ်သိန်းချေးတယ်တဲ့ ချေးလို့မရတော့ တော်တော်ကိုစစ်စစ်ပေါက်ပေါက် မရမက အမှားရှာပြီး စစ်တယ် ပြသနာရှာတယ်လို့ ကြားဖူးတယ် အဲဒီတော့ တရားမျှတမှုကိုရှာဖွေရင်းရှုံးနိမ့်သူ(အမလေး နာမည်ခေါ်ရတာမောဒါ) ပြောတာမှန်တယ်ဗျ

Leave a Reply