စာတစ်စောင်ကြောင့် ရတဲ့ အတွေ့ကြုံ

etoneNovember 22, 20111min44216

တစ်နေ့လုံး စိတ်ဖိစီးမှုများစွာနဲ့ အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့ လူကို ထိုင်ခွင့်တောင်မပေးပဲ အသံတဆာဆာနဲ့ ပြေးလာပြီး စာအိတ်လေးတအိတ်ပေးသူကတော့ ကျွန်မရဲ့ တူလေးပေါ့ ။  တီတီလေး ဆီစာလာတယ် လို့အော်ပြီးပြေးလာတဲ့သူ့ကို ချော်မလဲအောင် ဆီးဖမ်းထားလိုက်ပြီး ဘယ်သူ့ဆီကစာများလဲစာအိတ်ကို ကြည့်တော့ လက်ရေးက ပဲပင်ပေါက်လက်ရေးနဲ့ အိမ်လိပ်စာကို အင်္ဂလိပ်ဘာသာနဲ့ အဆင်ပြေသလိုရေးထားတာပါ ။

ကျောင်းပြီးကတည်းက ဘာစာမှ အိမ်ကို လာဖို့မရှိပါပဲ ယခုစာတစ်စောင်ရောက်လာတယ်ဆိုတော့ တစ်ခုခုပါပဲ တွေးရင်း သိချင်စိတ်ပြင်းပြနေပေမယ့် ၊ အရေးကြီးတဲ့ စာလည်း ဟုတ်မယ်မထင်တာကြောင့် ပေါ့ပေါ့တန်တန်ပဲ ပိုက်ဆံအိတ်ထဲ ပစ်ထည့်ပြီး ရေအရင်ချိုး ၊ညစာ စားလိုက်တယ် ။ အိပ်ခါနီးကျမှ တူလေးလာပေးတဲ့ စာအိတ်လေးကို သတိရပြီး ကျွန်မဖွင့်ဖတ်မိပါတယ် ။

အီးမေလ်း အင်တာနက်တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဒီခေတ်ထဲ စာတစ်စောင်ပို့ဖို့ စာအိတ်ဖိုးကုန် ၊ အချိန်ပိုစောင့်စရာမလိုတော့ပါဘူး ။ ကျွန်မဆီ စာမလာတာလည်း ကြာပြီပဲလေ ။ သိချင်စိတ်တွေနဲ့ စာအိတ်ကိုဖောက်မယ်လုပ်တော့  စာအိတ်ပိတ်ထားတာ မူမမှန်တာ တွေ့ရတယ် ။ တစ်စုံတစ်ယောက် ဖွင့်ကြည့်ပြီး ပြန်ကပ်ထားတာမှန်း သိသာလွန်းပါတယ် ။ စာအိတ်အလည်အနားလေးတွေတောင် နည်းနည်း တွန့်ပြီး ပြဲနေတယ်  ။ ဒါနဲ့ အိမ်က ဘယ်သူများ ကျွန်မနာမည်နဲ့လာတဲ့စာကို ဖောက်ဖတ်သလဲ လိုက်မေးတော့ ၊ ဂျပန်ဝက်အူထက်ပိုရစ်တတ်တဲ့ ကျွန်မ ၊ ပွစိပွစိလုပ်လျှင် နားငြီးမှာစိုးလို့ ဘယ်သူမှ ဖောက်ဖတ်မထားပါဘူးတဲ့လေ ။ ဒါဆိုလျှင် ဘယ်သူဖတ်သလဲတွေးပြန်တော့  …………….။

ဘယ်သူဖတ်သလဲဆိုတာကတော့ ဖတ်တဲ့ လူကိုယ်တိုင်နဲ့ ဘုရားပဲ သိပါလိမ့်မယ် ။ စာသိမ်းဆည်းမှု စနစ် ၊ ပေးဝေမှုစနစ်တွေ ဘယ်လို အလုပ်လုပ်နေသလဲ၊ ဘယ်သူတွေ ထိတွေ့ခွင့်ရသလဲဆိုတာ အရှင်းကြီးပါ ။ စာအိတ်ကိုဖောက်ဖတ်တော့ အထဲမှာ ပို့စ်စကဒ်တစောင်နဲ့ အမှတ်တရ စာသားတွေ ရေးထားတာ ပါပါတယ် ။ စာကို ဖတ်ကြည့်တော့မှ ကျွန်မဧည့်သည် ဂျာမဏီက လင်မယားဆီကလာတဲ့စာပါ ။ စာပါရေးသားချက်တွေကတော့ သူတို့တွေ ရန်ကုန်မှာ ရှိနေစဉ်ကတည်းက ဒီစာကို ဟိုတယ်အောက်ဆုံးထပ်က စာတိုက်ပုံးမှာ ထည့်လိုက်တာပါလို့ပြောတယ် ။ ရန်ကုန်ရောက်တိုင်း နေ့စဉ် ကျွန်မနဲ့ ဆုံနေခဲ့ပါလျှက် ဘယ်လို အတတ်ဆူးပြီး စာထည့်လိုက်သလဲ တွေးမရအောင်ပါပဲ ။ သူတို့ပြောတာတော့ surprise လုပ်ချင်လို့ပါတဲ့လေ ။ စာထည့်တဲ့ ရက်စွဲနဲ့ ကျွန်မလက်ထဲစာရောက်တဲ့ ရက်စွဲတိုက်ကြည့်တော့ တစ်လနဲ့ လေးရက်တောင် ကွာနေတယ် ။ တနယ်တကျေးက ရန်ကုန်ကို ပို့တာမဟုတ်ဘူးနော် ။ ရန်ကုန်မြို့တွင်း မှတ်တိုင် ဆယ်မှတ်တိုင်လောက်ပဲ ဝေးတဲ့ နေရာ တစ်ခုကနေ ပို့တာ ။  ဒီလောက်မြန်ဆန်ပြီး အားကိုးရတဲ့ စာပို့မှုစနစ်ကို ကျွန်မကတော့ မေတ္တာမပို့ပဲ မနေနိုင်တော့ပါဘူး ။ ဒီထက်ပိုပြီး မေတ္တာပို့ချင်စရာကောင်းတာကတော့ စာကိုဖောက်ဖတ်ထားတာပါပဲ ။ သူများ ပါဆယ်လ်နယ် စာတွေကို ဖောက်ဖက်ခွင့် သူတို့မှာ အပြည့်ဝရှိတယ်လို့ ထင်ကောင်းထင်နေပုံပါပဲ ။ စာဖတ်တာ အလုံးရင်းမလျှော့လို့ ထားဦးတော့ ဖိုးတွမ်တီးကလည်း လုပ်သေးတယ် ။ စာရေးသူက စာထဲမှာ ထည့်ရေးလိုက်ပေလို့သာ  သိလိုက်ရတာ မဟုတ်လျှင် ဘာမှတောင် သိလိုက်မှာ မဟုတ်ပါဘူး ။ စာရေးသူက စာထဲမှာ မုန့်ဖိုးဆိုပြီး အစိမ်း အနည်းငယ်ထည့်ပေးလိုက်သတဲ့လေ ။ ကျွန်မလက်ထဲရောက်လာတော့ အစိမ်းဆိုလို့ ဘာမှ မပါတဲ့ အပြင် အစိမ်းအနံ့တောင်မရတော့ဘူး ။ ပိုက်ဆံကို ကြားထဲက ဖြတ်ယူတာရော ၊ သူများစာဖောက်ဖတ်တာရော လုပ်သင့်တဲ့ အလုပ်လားဆိုတာ စာတိုက်က ဝန်ထမ်းတွေကို မေးချင်စမ်းပါတယ်။ ကျွန်မတို့ဘက်ကလည်း ပိုက်ဆံကို စာအိတ်ထဲထည့်တာ မှားပါတယ် ။ ပိုက်ဆံပို့ချင်လျှင် သတ်သတ်ပို့လို့ရအောင် လုပ်ထားပေးလျှက် စာအိတ်ထဲ ဘာလို့ ထည့်ပို့တာလဲ မေးတော့  … သူတို့နိုင်ငံမှာ ဆိုလျှင် စာပို့စနစ် ဥပဒေအရမ်းတင်းကြပ်ပါသတဲ့လေ ။ ဖောက်ဖတ်ဖို့နေနေသာသာ စာအိတ်ကိုဖိလွန်းလို့ စာအိတ်ပြဲသွားတာမျိုး ခေါက်ရိုးကျိုးသွားတာမျိုးတောင် မရှိပါဘူးတဲ့လေ ။ ဒါကြောင့်လည်း သူတို့က ယုံယုံကြည်ကြည်ထည့်မိပါသတဲ့ ။ နင်တို့စာပို့စ်စနစ်က ဒီလောက်ကြာပြီး ဒီလိုဖောက်ဖတ်လည်း ကွန်ပလိန်းတက်မယ့်လူ မရှိဘူးလားတဲ့ ။ ကျွန်မလည်း ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး ။ နင်တို့ဆီက စိတ်ဓါတ်နဲ့ ငါတို့ဆီက စိတ်ဓါတ်ကွာတယ်လို့ပဲပြောလိုက်ချင်ပါတယ် ။ အဲ့ဒီလိုပြောမိသွားလျှင်လည်း မြန်မာလူမျိုးအကုန်လုံး လက်တလုံးခြား ဖိုးတွမ်တီးစိတ်ဓါတ်ရှိတဲ့ အခွင့်ရေးသမားတွေလို့ ထင်သွားမှာကလည်း စိုးတော ့ ၊ မြှားဦး သူ့ဘက်ပြန်လှည့်ပေးရတော့တာပေါ့ …။ နင်က စာထည့်တဲ့ စာတိုက်ကို ပိုက်ဆံပါထည့်လိုက်တာကိုး ၊ ဒါက ဘောင်မဝင်လို့ သူတို့ ယူထားပြီး အဆင့်ဆင့် စစ်ဆေးနေရလို့ ကြာတာဆိုပြီးေ လျှာက်ရွှီးရပါတော့တယ် ။

ကိုယ့်ပိုက်ဆံပမယ့် ကိုယ့်လက်ထဲမရောက်သေးတဲ့ ပိုက်ဆံ ဆုံးရှုံးလိုက်ရတာကို မနှမျောပါဘူး ။ ဒါပေမယ့် ယုံယုံကြည်ကြည် အပ်နှံတဲ့ စာတစ်ခုကို ဖွင့်ဖောက်ကြည့်တဲ့ အပြင် အထဲကလိုချင်တာရှိလျှင ် ဘုံးထားလိုက်တာကတော့ စိတ်ဓါတ်နိမ့်ကျလွန်းပါတယ် ။ ရန်ကုန်မြို့တွင်းစာပို့တာတောင် တစ်လကျော်ဆိုတဲ့ အချိန်က မြန်မာတနိုင်ငံလုံး ဘုရာစုံလိုက်ဖူးလို့ရတဲ့ အချိန်ထက်တောင် များနေပါသေးတယ် ။ ဒီတော့ အလုပ်မလုပ်ပဲ ဘာလုပ်နေကြသလဲဆိုတာ မေးစရာဖြစ်လာပါပြီ ။ ယခင်ကသာ တစ်နယ်ကနေ တစ်နယ်ကို ဆက်သွယ်ရာမှာ အဓိက စာပို့လုပ်ခန်း တွင်ကျယ်ခဲ့ပေမယ့် ယခုနောက်ပိုင်း အင်တာနက်ချိတ်သုံးနိုင်တဲ့နေရာတွေမှာ မေးလ်ကတဆင့် ပို့လွှတ် ဆက်သွယ်ကြတာများတယ်လေ … ။ဝေးလံခေါင်သီပြီး အင်တာနက်မသုံးတတ်တဲ့ လူတွေလောက်သာ စာပို့စနစ်ကို အားကိုးရတာပါ ။ ဒါကြောင့် သူတို့အတွက်အလုပ်နည်းပါးသထက်နည်းပါးတဲ့အချိန်မို့ စာတစ်စောင်စီဖောက်ဖတ်ပြီး အဆီစားရမလား ၊ အသားနွှာရမလား လုပ်ဖို့ အချိန်တွေပိုနေတဲ့ပုံပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ သူများ နိုင်ငံနဲ့ နှိုင်းယှဉ်တဲ့အ ခါ အလွန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပါပဲ ။ ဘယ်သူမှ မသိဘူးဆိုလျှင်တောင် မိမိကိုယ်တိုင် သိနေတာကြောင့်  နိမ့်ကျနေတဲ့ စိတ်တွေ ပြင်ဖို့ကောင်းပါတယ် ။ ရှက်တတ်လျှင် လဲသေလိုက်ဖို့ ကောင်းတဲ့ လူတွေလည်း များသထက်များနေပြီး ၊ ဘာကြိုးစား အားထုတ်မှုမှ မပါပဲ အချောင်လိုချင်တဲ့ စိတ်ဓါတ်ရှိသူတွေ ၊ မကောင်းကြံချင်တဲ့ စိတ်ဓါတ်ရှိသူတွေ ဒီထက်ပိုများလာလျှင်တော့ အသက်ရှည်ရှည်နေဖို့ဆိုတာတောင် မတွေးရဲတော့ပါဘူး ။

ကဲ … ရွာသူရွာသားတို့လည်း သူတပါး ကလိမ်ကျခံရခြင်းမှ ကင်းဝေးကြပါစေနော် ။

(ဗျို့ သဂျီး … ဆုတောင်းတာ မဟုတ်ဘူးနော် … ဆန္ဒပြုတာ  😆  )

 

 

 

 

16 comments

  • lone

    November 22, 2011 at 3:10 pm

    တော်တော်စိတ်ပျက်စရာကောင်းတဲ့ စာပို့စနစ်ပဲ…ဖတ်ရင်းနဲ့ဒေါသထွက်တယ်။…ဟင်းဟင်း…ထမင်းထမင်း….။ အစိမ်းလေးတွေနှမျောလိုက်တာ မမ etone ရယ်။ …တော်တော်စိတ်ပုပ်တဲ့ဟာတွေ…။သူများအစိမ်းတွေခိုးတဲ့ အတွက် ရေညှိတက်နေတဲ့ကန်မှာ ချော်လဲပါစေ… 🙁

  • “ဘီလူးကြီး”ogre

    November 22, 2011 at 5:59 pm

    ဒေါ်တုန်..မှတ်ပလားဗျ
    အဲဒါ ဒို့ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးစာတိုက်ကြေးနန်းဝန်ကြီးဌာနရဲအစွမ်းပဲ
    ညာတာပါတေးနဲ့စာအိတ်ထဲ ပိုက်ဆံထည့်ပေးဖို့ မကျိုးစားနဲ့နော်
    သိနေတယ်လေ ဖေါက်ကြည့်ပြီးသားဗျ…။။။ 😛

    • windtalker

      November 22, 2011 at 9:35 pm

      ဖောက်ကြည့်ရုံတင်ပဲလား ဗျ
      ယူတော့ မယူဘူးပေါ့လေ
      🙂

  • manawphyulay

    November 22, 2011 at 6:39 pm

    စာတိုက်ကလာတဲ့စာတွေလည်း ဒီလိုပဲ ဖောက်ခံရတာပဲလေ။ အရင်ထဲက ပြောရင် ဘာလေးညာလေးနဲ့ ပြီးရင် ပြန်ကပ်ပေးလိုက်တာ သေချာမလုပ်ဘူး။ ဒါကြောင့် သူတို့က ဘာအတွက်ဖောက်ကြတာလည်းဆိုတာ နားမလည်နိုင်ဘူး။ စည်းကမ်းမရှိလုပ်သင့်လား မလုပ်သင့်လား သူတို့မသိဘူးလား။

  • E.T

    November 23, 2011 at 3:48 am

    သူတို ့မျက်လုံးက X-ray မျက်လုံးတွေ။ ကြည့်တာနဲ ့သိ .. သိတာနဲ ့ ဖောက် .. ဖောက်ပြီးတာနဲ ့ ယူ ပြီးသားပဲ။

  • kai

    November 23, 2011 at 6:52 am

    (ဗျို့ သဂျီး … ဆုတောင်းတာ မဟုတ်ဘူးနော် … ဆန္ဒပြုတာ 😆 )

    တကယ်တော့ ဆုတောင်းတာမှာ ဂမ္ဘီရလုပ်နည်းလေးတွေတော့ရှိပါတယ်..။
    ဘုရားသွား.. ငြိမ်ငြိမ်လေးထိုင်..တယောက်ထဲအသံတိတ်.. ရည်ရွယ်သူကို မေတ္တာပို့. ဆုတောင်း..
    .. ဘာမှမရပါဘူး..။
    အော်တိုဆပ်ဂျက်ရှင်း သဘောမျိုးဖြစ်ပြီး.. ကိုယ့်ကိုယ်ကိုယ်.. သတိပေးတာမျိုးပဲဖြစ်မယ်..။ အကျိုးနည်းပါတယ်..။
    ( ထာဝရဘုရားသခင် ယုံသူတွေကတော့.. အရာရာဖန်ဆင်းနေတဲ့.. ဘုရားသခင်ဆီ ဆုတောင်းတာပါ။ ပေးနိုင်သူရှိတယ် ယုံကြည်လို့.. တောင်းတာပါ..(စကားချပ်))

    လူသား(သတ္တဝါတွေ)မှာ.. Input လုပ်နိုင်တဲ့.. ဒွာရပေါက်တွေရှိတယ်..။
    အဲဒီဟာတွေကနေ..သတ္တဝါ(System )ထဲဝင်အောင်ထည့်ပေးနိုင်ရင် ထိရောက်မှုရှိသွားမှာပါ..။ အခု တုံမမလုပ်သလိုမျိုးက.. ကိုယ့်စိတ်ထဲက.. ပြောချင်တာကို.. လက်ချောင်းတွေကနေ Output လုပ်.(ကွန်ပြူတာနဲ့စာရိုက်).. အဲဒီကမှ.. အင်တာနက်ကတဆင့်.. ကြည့်နေ ဖတ်နေသူတွေရဲ့.. မျက်စိပေါက်က… ဝင်အောင် Input ထည့်ပေးလိုက်နိုင်တဲ့အတွက်.. တိုက်ရိုက်အကျိုးရှိတဲ့.. ဆန္ဒပြုမှု..(ဆုတောင်းခေါ်ချင်ခေါ်) ဖြစ်ပါမယ်..။

    အဲဒါလေး..
    .. အဘိဓမ္မာနဲ့မညှိပဲ..အိုင်တီနဲ့ညှိ..
    … ပြောလိုက်ပါကြောင်း..။ 😆

    • char too lan

      November 23, 2011 at 6:35 pm

      သဂျီးမင်း အာကြီးလူလည်ကျဒယ် 🙁

  • etone

    November 23, 2011 at 9:02 am

    comment ပေးသွားတဲ့ လူတွေရော ၊ တိတ်တိတ်လေး ဖတ်သွားတဲ့လူတွေရော ကျေးဇူးပါနော် ။

    lone ရေ… ဟီးဟီး … မေတ္တာပုံလေးကလည်း ဆန်းကြယ်လိုက်တယ် …. ဟီးဟီး … သူတို့ကလည်း ကျိန်စာဝလေ လှလေဖြစ်နေသလား ပြောတတ်တော့ဘူး 😀

    ကိုဘီလူးကြီးရေ … မှတ်ပါပြီ …. တခါတည်းနဲ့ နောက်မပတ်သတ်အောင်ပဲနေတော့မယ် …. ။ 😀

    ကိုပေရေ … နောက်တစ်ခါ …ကိုယ့်အိမ်ကိုယ်စာပြန်ထည့်ပြီး စာအိတ်ထဲမှာ တစ်ဆယ်တန် (ကျပ်ငွေ)ထည့်ပြီး … ဖွင့်ကြည့်သူ အရူး လို့ ရေးလိုက်ရင် မကောင်းဘူးလားဟင် … ဟီး ဟီး 😛

    အမ မနောရေ … သူတို့မှာ အားအားယားယား ပိုနေတဲ့အချိန်တွေကိုတော့ .. အမြီးမြှောက်လိုက် အီးပေါက်လိုက်လုပ်နေပြီး … စာတွေ ဖောက်စစ်လို့ … ကြာတဲ့အချိန်က တစ်လကျော်တယ်လေ … 😀

    ကိုအီးတီရေ… x-ray မျက်စိပါတာမဟုတ်ဘူး … စောရနတ်က္ခပါလာတာဖြစ်မယ် … ။ 🙂

    ဗျို့သဂျီး … အိုင်တီဆိုလို့ အစားသောက် အစုံရတဲ့ ဆိုင်ပဲသိတယ် … ပြောရင်းတောင် ဗိုက်ဆာလာပြီ :mrgreen:

  • ကြောင်ကြီး

    November 23, 2011 at 10:22 am

    မရှိလို့ လုပ်စားတာ ဖြေးဖြေးပေ့ါကွယ်။ ယူသွားတော့လည်း လှူတယ် သဘောထားလိုက်။ ပြန်လဲရတော့မှာ မဟုတ်တာ သေချာနေမှပဲ။။။။ 😆
    ဟုတ်တယ် သဂျီးရေ၊ မေတ္တာပို့၊ ဆုတောင်း၊ အမျှဝေတဲ့ နာမ်ပိုင်းဆိုင်ရာ အလုပ်တွေက ဗုဒ္ဓဘုရားဟော မဟုတ်ဘူး။ သေရင်ပြတ်ပြီ၊ လူဖြစ်ခိုက် မအို၊ မနာ၊ မသေခင် (မှားသွားလို့ မအိုဆေး၊ မနာဆေး၊ မသေဆေး မပေါ်ခင်) ကာမစည်းစိမ်ကို အပြည့်ခံစားသွားကြ။ လူ့ဘဝဆိုတာ သက်မဲ့ကွန်ပြူတာ တလုံးလိုပဲ၊ မဟောင်းမပျက်ခင် တန်အောင်သုံးနိုင်မှ တန်တာ။ 😆

  • Moe Z

    November 23, 2011 at 12:11 pm

    မမetone ရေ မြန်မာ့ဆက်သွယ်ရေးရဲ့ လုပ်ဆောင်ချက်များကတော့အံ့မခန်းပါပဲ
    မိုးစက်ရဲ့ဆရာတစ်ယောက်က ဂျပန်ကနေစာအုပ်သုံးအုပ်ပို့လိုက်တာ
    ပြီးခဲ့တဲ့ဒီဇင်ဘာက မိုးစက်ဆီကိုသင်္ကြန်မတိုင်မီရက်ပိုင်းမှာရောက်လာတယ်
    New Year Wish က မြန်မာနှစ်သစ်အမှီရောက်လာလို့တော်သေးတယ် 😀 😀

  • ကိုရင်စည်သူ

    November 23, 2011 at 12:21 pm

    မအိတုံး ပြောသလိုပဲ… အစိုးရဌာနတွေမှာ
    ထောက်ပြစရာတွေကတော့ လက်ညှိူးထိုးတောင်
    မလွဲဘူး.. ဘုရားစူး မိုးကြိုးပွစ် ငယ်၂တည်းက
    ခုထိ မြန်မာ့စာတိုက်ကို မသုံးဖူးသေးဝူး..
    စိတ်လည်း မချတာရယ်.. ရောက်တာနောက်ကျတာရယ်နဲ့….
    သဂျီးကတော့ အင်ပွတ်.. အောက်ပွတ်တွေပြောနေပီ..
    အင်းလေ… သူတို့က သဂျီးပဲ… ဟီးး ဟီးး 😀 😀 😀

  • TTNU

    November 23, 2011 at 12:31 pm

    Etoneရေ…
    တီချာညီမလေးဆီကို စားစရာလေးတွေပို့ပေးပါတယ်။
    တစ်ထုပ်ပျောက်။နှစ်ထုတ်ပျောက်။
    မန ္တလေးစာတိုက်ကြီးက ကိုယ့်ရှေ ့မှာထုပ်ပိုးတာ။ တကယ့် အထပ်ထပ်။
    ရထားပေါ်မှာ ဖြစ်နှိုင်ခြေ ရှိတယ်လို့ တွေးနေရတယ်။
    ကိုယ့်ဒေသ စာတိုက်ကလည်းခုရောက်ခုပို့ ခင်နေသူတွေ။
    တရားခံ ဘယ်သူဆိုတာတွေးပြီး နောက်တစ်ခါပို့ ရမလားမပို့ရမလား
    တွေဝေရပြန်ရော။ ဒီတစ်ခါတော့ အထုပ်ထဲမှာ ( ဆွမ်းတော်တင်မှာ။ မခိုးပါနှင့်။
    မယူပါနှင့်) ဆိုတာကို ကဒ်ပြားမှာမှင်နီနဲ့ရေးထည့်လိုက်တယ်။(၂)ခေါက်လောက်
    အခိုးမခံရဘူး။ နောက်တစ်ခေါက် ထပ် အခိုးခံရတာပဲ။ တစ်ထုပ်လောက်တော့ခိုးတာပဲ။
    အဲဒါ ပါဆယ်ထုပ်ထဲကနော်။ ညီမလေးကပြောတယ်။ ဘာမှခြေရာလက်ရာမပျက်ဘူးတဲ့။
    စာတိုက်ကတော့ အကျင့်ပျက်သူခိုး(တစ်ကောင်မဟုတ်) အကောင်များစွာကြောင့်
    ပုပ်နေတာ ကြာပြီ။

    • etone

      November 23, 2011 at 1:45 pm

      အဲ့ဒါပေါ့တီချယ်ကြီးရေ… သူတို့ လူကြီးတွေလည်း ဒီလိုသတင်းမျိုးပြန်ကြားမှာပါပဲ .. ဒါပေမယ့် ဝန်ထမ်းအသစ်ထပ်ခန့်ဖို့မလွယ်တာတွေကြောင့် အရေးမယူပဲ မျက်စိမှိတ်နေတာများလား .. ။ တကယ်ဆို တိုင်းပြည်တိုးတက်အောင် အစစအရာရာ မြင့်တင်လုပ်ဆောင်နေတဲ့ ကာလမှာ ဒီလို အကျင့်ပျက်တဲ့ လူတွေကိုလည်း ဖိဖိစီးစီး ပြုပြင်တာမျိုး ရှိသင့်တယ် … ။

  • koyinmaung

    November 23, 2011 at 2:18 pm

    အိတုံလေးရေ…..
    သူခိုးကြီးတွေအုပ်ချုပ်တဲ့နိုင်ငံတော်ကြီးမှာ
    သူခိုးလေးတွေရှိနေတာဆန်းတော့မဆန်းပါဘူး
    ကိုကြောင်ကြီးပြောသလိုလှူတယ် လို့သာသဘောထားလိုက်ပါတော့
    တခြားနိုင်ငံတွေနဲ့ယှင်ယင်တော်တော်ရှက်ဘို့ကောင်ပါတယ်…..

  • စုံ စုံ

    November 23, 2011 at 4:13 pm

    ဖတ်ရတာစိတ်ပျက်ဖို့ကောင်းလိုက်တာ
    ဘယ်သူနဲ့မှတော့စာအဆက်အသွယ်မလုပ်ဖြစ်တာကြာပြီ
    ဒါကြောင့်ဒီလိုမျိုးတွေကိုမသိဘူး
    အခု etone ပြောမှဘဲ ဪ ဂလိုပါလားဆိုတာသိတော့တယ်
    တော်ပြီ မြန်မာ့စာတိုက်တော့ ဝေါင်ဝေါင်ရှေးမယ် ပြောစရာရှိရင်
    ဖုန်းဖိုးအကုန်ခံပြီးတော့ဘဲ ဆက်တော့မယ် စာတော့မပို့တော့ဘူး
    လက်အညောင်းခံစာရေးပြီး အကုသိုလ်ရနေဦးမယ်

  • nozomi

    November 23, 2011 at 8:17 pm

    ကျွန်တော်လဲ ဒါမျိုး ကြုံဖူးပါတယ်
    လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် ကပေါ့ အခု ရှိ မရှိတော့ မသိတော့ဘူး

    အရှေ့ကျွန်းနဲ့ကျွန်တော် အပတ်စဉ် ပုံမှန် စာပေး စာယူ လုပ်ပါတယ်
    လာသမျှ စာတိုင်းကို ဓါးနဲ့ ခွဲဖွင့် ပြန်ပိတ် လုပ်ထားတယ်
    ကိုယ်ရေးကိုယ်တာ ကလွဲပြီး နိုင်ငံတော် ပုန်ကန်မှု မဟုတ်လို့ ဖတ်ချင်လဲ ဖတ်ဆိုပြီး လွှတ်ထားလိုက်တယ်
    တစ်စောင်ကျ စာထဲမှာ ထည့်လိုက်တယ် ဆိုတဲ့ စာရွက်လေး တစ်ခု ပါမလားဘူး
    အဲဒါနဲ့ အရင်စာတွေ အားလုံးပါယူ စာတိုက်ကြီးကို သွားတော့ ဟိုဌာနနဲ့ ဆိုင်တယ် ဒီဌာနနဲ့ ဆိုင်တယ် နဲ့ နောက်ဆုံးကျမှ ဌာနတစ်ခုကို ရောက်သွားတယ် ဟုတ်ပါတယ် သူတို့ လုပ်တာပါတဲ့ ဦးတင်ဦး အိမ် ဗုံးကွဲ ခံရပြီးကတဲ့ က ဖောက်နေတာ ဘာမှ မပျောက်မရှအောင် တော့ မှာထားပါတယ် တဲ့ ဒါပဲ ဘာမှလဲ လုပ်လို့ မရဘူး ဘယ်သူ့မှလဲ တိုင်လို့ မရဘူး မကျေမနပ်နဲ့ ပြန်လာခဲ့ရတယ် နောက်လဲ ဖောက်မြဲဖောက်ဆဲပါပဲ
    အရင်တုန်းကရှိခဲ့တာတွေ အခု ရှိနေသေးရင် ရပ်တန့်သင့်ပါပြီ

Leave a Reply