မျက်စေ့အောက်ရောက်၊ မုဆိုးမှသားကောင်ဖြစ်သွားကြသူများ၏ နောင်တ။ (ဇတ်သိမ်းပိုင်း)
မျက်စေ့အောက်ရောက်၊ မုဆိုး မှသားကောင်ဖြစ်သွားကြသူများ၏နောင်တ ။ ပဉ္စမပိုင်း။(ဇတ်သိမ်း)
( By ba gyi ) 25.11.2011.
ထိုနှစ် ဆောင်းဥတုကား ကျနော်တို့အတွက် တမင်တစ်ကာကို အေးလေရော့သလားမသိပါ၊ ည ရောက်မှာကို ကျနော်တို့သုံးယောက်စလုံးကြောက်နေမိသည်၊ လူသုံးယောက်၊ခေါင်းအုံးမရှိ၊အဝတ်တစ်ထည်၊ ကိုယ်တစ်ခု ၊ (ကျနော်တစ်ယောက်သာအပေါ်အနွေးထည်ကလေးပါသည်)၊စောင်ပါးကလေး တစ်ထည်၊ ဝါးချောဖျာ စုတ် ကလေး တစ်ချပ်ပေါ်တွင်မှိန်းလိုက်ကြ၊ထထိုင်လိုက်ကြ၊အရမ်းအိပ်ချင်တော့မှ တစ်ရေးအိပ်လိုက်ကြ၊ ပြန်နိုး လိုက်ကြနှင့်၊နေ့ရောက် တော့မှ တစ်ရေးပြန်အိပ်ကြရသည်၊ (သန်းခေါင်ကိုနေ့မှတ်ပါလို့ အိုလေ လေ သန်းခေါင်ကို) ဇတ်ပွဲများတွင်နားယဉ်ခဲ့သော၊ နတ်ချင်းကလေးကိုသာပြေးပြီးသတိတယ စိတ်ထဲမှ ရွတ်မိ ပါတော့၏။
စစ်ကြောရေးငရဲစခန်း ကတည်းကဝတ်လာသော ပုဆိုးနှင့် အကျင်္ ီတို့ကနံဆော်လှပြီ၊ ချွတ်ပြီးလျှော်ရလေပြီ၊ပုဆိုးလျှော်ပြီးတော့ ဝတ်စရာအပိုကမရှိ၊မထူးပြီ၊ အန်ကယ်ကြီးပေးထားသော စောင်ပါးကလေးပါတ်ကာ၊ တစ်ယောက်တစ်ရက် အလှည့်ကျပတ်ပြီး၊အလှည့်ကျ၊ ပုဆိုးလျှော်ကြရသည်။ ထိုနည်းလကောင်းပင် အကျင်္ ီ လျှော်လျှင်လည်းပုဆိုးကို ရင်ဘတ်ထိဆွဲတင်ကာ ချိုင်းအောက်မှ ပတ်ကာ၊ရင်ရှားဝတ်ပြီး ရင်ဘတ်အ အေး မပတ်ရန်ှ ကာ ကွယ်ရတော့သည်။
ထောင်သို့ရောက်ကာစရက်များသည် ကျနော်တို့အဖို့ နေသားကျရန်တော်တော်သည်း ညည်းခံရသည်၊ စစ်ကြောရေးမှရိုက်နှက်ခံခဲ့ရသော အညိုအမဲဒါဏ်ရာများကား ညညဆိုကိုက်ခဲ သော်လည်း၊ သောက် စရာ ဆေးကားလုံဝမရှိပါ၊ထောင်ဆရာဝန်သည်နှစ်ပါတ်တစ်ကြိမ်သာ၊ထောင်မှုးကြီးနှင့်ပါတ်ပြီး၊စစ်ဆေးသဖြင့်၊သူ့ခွင့် ပြုချက်ရမှ သာသောက်ဆေးပေးလေ့ရှိရာ၊ဝါဒါများလည်းသောက်ဆေးကိုလုံးဝမပေးရဲကြပါ၊အမှန်ကိုဝန်ခံရလျှင်၊ထိုဒါဏ် ရာများကြောင့်အတွင်းဒါဏ်ရာရကာ၊ အသက်အန္တရာယ် ထိခိုက်မှာတော့အရပ်းစိုးရိမ်ခဲ့ရပါသည်၊(အညိုအမဲစွဲပြီးအသက်မရှိတော့သောခန္တာကိုယ်နှင့်ထောင်ထဲမှ ပြန်ထွက်လာရရှာသော(အန်အယ်လ်ဒီအဖွဲ့မှ) ဆရာဦး မောင် ကို ၏မျက်နှာကိုသာပြေးပြေးမြင်မိပြီးနေ့စဉ်လိုသောကရောက်ခဲ့ရပါသည်။)အဝင်ဝအခန်းမှ အန် ကယ် ကြီးပေးသော ပရုပ်ဆီအပြင်၊ထိုအန်ကယ်ကြီး၏ဆောင်ရွက်ပေးမှုနှင့် ဝါဒါကြီးမှလုပ်လာ ပေးသော၊ထုးံနနွင်း ကလေး ဖျော်ပေး သဖြင့် (10)ရက် လောက်လိမ်းလိုက်တော့ မှတော်တော်သက်သာခဲ့ပါ၏၊ တော်ပါသေးရဲ့၊ အတွင်းကြေ၊ ကြေအောင် မရိုက်နှက်လိုက်သော စစ်ကြောရေးမှ၊သကောင့်သားတွေ၊လက်မှန်းတော့ကောင်းကြပါပေ၏။
ထောင်ထဲတွင်အရေးအကြီးဆုံးမှာ မိမိကိုယ်ကို ကျန်းမာစေရေးအတွက်၊ နေထိုင်တတ်ဘို့၊ စောင့်ရှောက် တတ်ဘို့၊စိတ်ထားတတ်ဘို့၊အလွန် အရေး ကြီးပါသည်၊ ကျနော်တို့ ကျွန်းတိုက်ကလေး ကတော့ အန်ကယ်ကြီး ကိုအားကိုး ရကြ သည်။
(အဝင်ဝအခန်းမှ ထိုအန်ကယ်ကြီးကား)၊ကျန်ထောင်သားများထက်၊အရင်စောစွာကပင်ထိုနေရာရောက်ခဲ့ပြီး၊ တိုင်းရင်းဆေးဝါးတော်တော်စုံစုံကို သွင်းခွင့်ရထားသူတည်း။ သူသည် ဗေဒင်ပညာကို၊အနောက်တိုင်း ကိုင်ရို နည်း၊မြန်မာနည်း နှံ့စပ်စွာတတ်ကျွမ်းလေရကား၊ထောင်ထဲရှိ ထောင်မှုး၊ဝါဒါကြီး၊ဝါဒါကလေးတို့မှအစ၊ဘဝတူ-
အဆောင်ဖေါ်နေသူ အားလုံးအတွက်ရှေ့ရေး၊နောက်ရေးမကျန် သေချာကျနစွာ ဟောပေးသူ၊ အားပေးသူအဖြစ် အားလုံးကချစ်ခင်လေးစားခြင်းခံရသူဖြစ်ပါသည်။ ထို့ကြောင့် ကျနော်တို့ ကျွန်းတိုက်ကလေးမှာ ရောက်လာသူ အ ပေါင်းအား ဒိုင်ခံ စောင့်ရှောက်ပေးခဲ့သူလည်းဖြစ်လာလေသည်။
တစ်နေ့ ကျနော်နှင့်အခန်းဖေါ် တစ်ဦးမှာ၊ထောင်ထဲရောက်ပြီးသူ့ခဗျာ။ ထောင်စာမစားနိုင်ရကား၊ အအိပ် ပျက်၊ အစားပျက်ဖြစ်ခဲ့သည့်အပြင်၊တစ်ရှောင်ရှောင်၊ဝမ်းပျက် ရာမှ အားအင်နုံးချိသောအခြေ အနေသို့ရောက်ခဲ့ပါ သည်၊ တစ်ရက်၊ နှစ်ရက်၊သုံးရက်မြောက်နေ့တွင် ဝမ်းသွားရင်းသွေးတွေ ပါလာသည်ဟု ဆိုပြီး၊ခွေနေရှာ တော့ ၏၊ ခက်ခြေပြီ၊ ဆရာဝန်စစ်ဆေးရက်ကလည်း လိုသေးသည်၊ ညညဆိုသူ့ခဗျာဝမ်းထထသွားရတာ မအိပ်ရရှာ၊ နေ့ဘက် လည်းထို အ တိုင်း ပင်၊( အဟာရမရှိ၊ဆေးမရှိ၊)၊ တိုက်တိုက်ဆိုင်ဆိုင်ပင်၊ ဝမ်းကိုက်ရာမှဝမ်းကိုက်ပိုးက အသဲ၊ ဦးနှောက် သို့ ရောက်သွားပြီး၊သေဆုံးကာ၊အသေထွက်ရှာခဲ့သော အန်အယ်လ်ဒီအဖွဲ့မှ(သုံးခွမြို့အမတ်အဖြစ၊် အ ရွေးခံ ခဲ့ရသူ) ဆရာဦးတင်မောင်ဝင်းသည် ကျနော်တို့ ရောက်ရှိနေသော တိုက်အဆောင်ကလေးမှ၊ ထွက်သွားရရှာသူဟု၊ ဘေးအခန်းမှနေသော၊တစ်ဦး ပြောပြထားဖူး သဖြင့်၊သူ့ကိုကြည့်ရင်းမှ၊ကျနော် စိတ်ထဲ၊ ဘုရားဂုဏ်တော်တွေသာ၊ တွင် တွင် ရွတ်နေမိတော့၏၊ညပိုင်းရောက်တော့ သူ့အခြေအနေကပိုပိုဆိုးလာသည်၊ မျက်နှာသည်ပင် ဖြူဖတ် ဖြူရော်နှင့်၊ပိန်ကပ်နေသောခန္တာကိုယ်မှာမနဲအားယူပြီးအသက်ရှုနေရသည်၊ှ နောက်ဆုံး အခြေအနေအရပ်ရပ်ကို အဝင်ဝအခန်းမှ အန်ကယ်ကြီးကိုအော်ပြော ရတော့၏။
ခဏနေတော့၊အန်ကယ်ကြီးမှပေးခိုင်းလိုက်သော၊ဆေးနှင့်၊အဟာရဖြည့်အရည်တို့ကို ဝါဒါကြီးမှလာပို့သည်။ ဆားတစ်ဇွန်း နှင့်သကြားလေးဇွန်းရောထား သောအန်ကယ်ကြီး၏ ဟမ်းမိတ် ဓါတ်ဆားတစ်ခွက်၊ ဆေးအဖြစ်- အေးကဗ္ဘာနနွင်းဆေးလုံး(15)လုံးခန့်ကို ၊ ကိုးပါးဆေးအမှုန့် နှင့်ရောလျှက်၊(3)ခွက်စာကို တစ်နာရီခြားလောက် မှန်းပြီးသောက်စေရတော့၏၊ နောက်ထပ်ပြီး ဟမ်းမိတ်ဓါတ်ဆားဖျော်ရည်ကိုပလပ်စတစ်ဗူးတစ်လုံးနှင့် မကြာ မကြာ သောက်စေရန် ထပ်ပို့ခိုင်းလိုက်သည်၊ထိုညအဖို့ ကျနော်နှင့် ကျန်တစ်ယောက်သည် အလှည့်ကျ လူနာစောင့်၊ ဆေးတိုက်၊ဓါတ်ဆား ဟမ်းမိတ်ဖျော်ရည်တိုက်ပေးရင်း မိုးလင်း ရပါတော့သည်။ဆေးသုံးခွက်စာနှင့်၊ ဓါတ်ဆားကလေး ကုန်သွားတော့ သူလည်းဝမ်းသွားမှု ကျဲလာပြီး၊အိပ်လို့ရသွားပြီ၊ အန်ကယ်ကြီးကျေးဇူးဖြင့်၊ သည်တောင် တော့ကျော်ခဲ့ပါပြီ၊ဝမ်းကိုက်ပိုးကတော့အမြစ်မပြတ်၊ထိမ်းထားရုံသာ၊(မတတ်သာ)၊ဝါဒါကြီးမှဆေးမှူးသို့အကြောင်းကြား ပေးတော့၊ ဆေးမှုးလိုက်လာပြီး။ မက်ထရိုတွေပေးသွားသည်၊သို့သော်ထောင်ထမင်း/ဟင်းကသိသည့်အတိုင်း။ဝမ်းရောဂါ၏မိတ်ဖက်ဖြစ်လေရကား၊ရောဂါအမျှင်ကတန်းနေသေးသည်၊ နောက်ဆုံးတော့၊ အန်ကယ်ကြီးထံ ဗေဒင်လာမေးသောအခြားအဆောင်ကိုင်ဝါဒါတစ်ဦး ၏အ ကြံပြုချက်ဖြင့်၊ ကြံကြံဖန်ဖန်ှ ထို ရော ဂါပျောက်သွားရသည်၊ ထောင်ထဲစိုက်ထားသော၊ တောစပါယ်ပင်၏။ အရွက်ကို ရေစင်အောင် ဆေးပြီး၊ ပါးစပ်အားတိုင်းဝါး၊ရေနဲ့မြိုချ၊ခါးအံ လန်ထွက်၊နောက် (2)ရက်လောက်ရှိတော့ မူလ ဝမ်းပြန် ဖြစ်ပါသတည်း။
ကျနော်တို့အဆောင်ကလေးတွင်အခန်း(၇)ခန်းပါသောသီးသန့်ထည်းတည်း၊(ထောင်ဝင်းထဲမှခြံဝင်းထပ်ခတ် ထားသော ) တိုက်ဖြစ်ရကား၊အခြားအဆောင်များ နှင့် အဆက်သွယ်လုးံဝပြတ်နေသဖြင့် တိုက်တစ်ခု လုံးထောင် သား (၁၅)ဦးရှိပေရာ၊ထောင်ဝင်စာရပြီးသူ(၅)ဦး၏၊နှစ်ပတ်တစ်ခါ၊(သို့) တစ်လတစ်ခါရသော သူရို့အိမ်မှ ပို့စာ က လေးတွေက၊ိုမျှကာ ဝေခွဲ ရပြီး၊ နေ့ဘို့ညစာချွေတာကာ၊စားကြရပါသည်။ထိုအထဲတွင်အန် ကယ် ကြီး ကတော့ အစားအစာအများဆုံးသွင်းခွင့်ရသဖြင့် ကျနော်တို့ရောက်လာ တော ့သူ့အိမ် ကို ထောင် ဝင်စာများများမှာပြီးဝေပေးရှာသည်။
သည်လိုနှင့် သူနှင့်ကျနော်တို့လည်းရင်းနှီးပွင့်လင်းလာကြပြီ၊သူကနေ့စဉ် တရားထိုင်နည်းမှတ်နည်း၊ရှုနည်းတွေ၊ ပြောပြသလို၊သူ့ ဗဟုသုတတွေ ကိုလည်းနေ့စဉ်လို ုပြောပြသည်၊ကျနော်တို့ အထဲတွင် အန်ကယ်ကြီးကိုမေးခွန်းများများမေးတတ်သူမှာ(ဗကသ) မှကိုကိုကြီးဖြစ်ပြီး၊နှိုက်နှိုက် ချွတ်ချွတ် မေး တတ်၊ ပညာယူတတ် သူ ဖြစ်ပေသည်၊အန်ကယ်ကြီးကကျနော်တို့ကို ကိုင်ရိုနည်း၊မဟာဘုတ်ဗေဒင်နည်းတွေကိုသင်ပေးသည်၊ သင်ပုံမှာ – သူကသူ့အခန်းမှနှုတ်တိုက်ချပေး၊ကနော်တို့က မိမိအခန်းသံမံသ လင်းကြမ်း ခင်း ပေါ် မှာခဲလုံး ကိုကလောင်တံလိုချွန်ထားပြီးလိုက်ရေး၊အလွတ်ကျက်ရသည်၊ နောက်တစ်နေ့မှာအန်ကယ်ကြီးက စာ ပြန်မေးသေးသည်၊ ရာသီခွင်တွေကိုသင်တော့ အင်္ဂလိပ်လိုသင်ရသည်၊ အန်ကယ်ကြီး ပြောတတ်သော ကျနော် တို့အတွက် စကားလက်ဆောင်တစ်ခုရှိသည်၊( ကိုယ့်ကိုယ်ကို လိုအပ်ချက် အနဲဆုံးသူဖြစ် အောင် ကျိုး စား၊ လေ့လာ၊သင်ယူကြ၊မိမိဟာ (Perfect) ဖြစ်ထားပြီဆိုရင် တစ်ချိန်မှာအခွင့်အလမ်းပေါ်လာတဲ့အခါ ကွက် တိပဲတဲ့၊အဲသည်အချိန်မှ အခွင့်အရေးကို မိမိရရယူပါတဲ့။)သည်လိုနှင့် အန်ကယ်ကြီး သည်ကျနော်တို့တစ် ဆောင် လုံး၏၊လေးစားချစ်ခင်ခြင်းခံရသောသူဖြစ်ခဲ့သည်၊တစ်နေ့တော့ အန်ကယ်ကြီးက သူ့ဘဝဇတ်ကြောင်း ကလေးပြောသည်၊သူသည် တကသိုလ်မှာ အိုင်အေတန်းထိတက်ခဲ့ပြီး၊ ဗိုလ်သင်တန်းသို့ကူး ပြာင်းတက်ခဲ့သည်၊ သူ၏ကျိုးစားမှုကြောင့်၊ နောက်ပိုင်းထောက်လှမ်းရေးတပ်ကိုရောက်ခဲ့သည်၊လူတော်တစ်ယောက်ဖြစ်ပြီး၊အမိန့်နာခံမှု၊ရိုးသားမှုတို့ကြောင့်၊အစ္စရေးနိုင်ငံ၏ မော့ဆက်၊ထောက်လှမ်းရေးပညာသင် ရွေးချယ် စေလွှတ်ခြင်း ခံခဲ့ရ သည်၊ ထိုမော့ဆက်ကျောင်းတွင် ကိုင်ရို ဗေဒင် ပညာသင့်ခဲ့ရပါသည်တဲ့၊ ဆိုက်ကိုပညာ ရပ်တွေ သင် ခဲ့ရ ပါ သည်တဲ့၊ နောက်ပိုင်းတော့ မဆလခေတ်တွင် တစ်ခေတ်တစ်ခါပါဝါ အလွန်ကြီးခဲ့သော၊ ပျားဂေဟာစီမံကိန်း လုပ်ခဲ့သူထောက်လှမ်းရေးအကြီးအကဲ မျက်မှန်တင်ဦး၏ အားအထားရဆုံးစစ်ထောက် လှမ်းရေး တပ်မှုးကြီး ဖြစ်ခဲ့ပါသည်တဲ့၊ဦးနေဝင်းဘယ်သွားသွားလိုက်ရသော လက်ဆွဲတောင်မွှေးပမာဖြစ်ခဲ့ရပါသည်တဲ့၊ ထိုအကြောင်း တွေပြောပြတော့၊(ကျနော်ကသူ့ကို ထောက်လှမ်းရေးဦးတင်ဦးအကြောင်းကြားဖြတ်မေးခဲ့သည်၊) မျက်မှန်ကြီး တင်ဦး သည်။ဦးနေဝင်း၏ မွေးစားသားဟုပင် လူပြောများခဲ့သော်လည်း၊ နောက်ပိုင်းသူ၏ ဩဇာ အာဏါ၊ ကြီးလာ သောကြောင့်။ထုံစံအတိုင်းဦးနေဝင်း၏(ဖြုတ်ထုတ်သတ်လမ်းစဉ်တွင်) သားကောင်ဖြစ်သွားရသည်၊ သူထောင်ကလွတ်ပြီးတော့ သူ့မွေးရပ်တွင်ပင်၊ ဇတ်မြှုပ်ခါ၊တရားဘာဝနာလိုင်းသာလုပ်နေတော့ကြောင်း၊ပြောပြရင်း၊ထိုခေတ်(ထောက်လှမ်းရေးတင်ဦးခေတ်မှစတင်ကာ) နိုင်ငံရေးအကျဉ်းသားများကို မျက်နှာအဝတ်မဲ စည်းပြီးဖမ်း သော စံနစ်ကို စတင်ခဲ့ကြောင်း၊ ထိုကာလဝိဘက်ကြောင့်လောမသိ ထို ထောက်လှမ်းရေးဦးတင်ဦး၏ မြေးအငယ်ဆုံး လေးမွေးလာတော့၊ မျက်လုးံနှစ် လုံး ုပါသော်လည်း၊ မမြင်ရရှာသော ကြောင်တောင်ကန်းကလေး မွေးခဲ့သည်ကို ကြား သိရကြောင်း၊ အန်ကယ်ကြီးထံမှတစ်ဆင့်သိခဲ့ရပါသည်။အန်ကယ်ကြီးကိုယ်တိုင်ကတော့ ဦးနေဝင်းနှင့် အနီးကပ်နေရတာများခဲ့ခြင်းကြောင့်၊ထောင်နန်းမခံခဲ့ရသော်လည်း၊စစ်ကြောရေးလောက်နှင့်သာပြီးခဲ့ပြီး၊ထောက်လှမ်းရေးတပ်မှုးဘဝမှ ပြုတ်ကာ၊အရပ်ဘက်အစိုးရဌာနတစ်ခု၏ ညွှန်ချုပ်တာဝန်လွှဲပြောင်း ပေးခဲ့ ကြောင်း၊ (1988) အရေးတော်ပုံကြီးတွင်- လူထုနှင့်အတူမိမိဌာနဝန်ထမ်းများကိုဦးဆောင်ကာ ဆန္ဒပြခဲ့ကြောင်း၊ အလုပ် ထွက်စာတင်ခဲ့ကြောင်း၊စာမျက်နှာ(၄၀)ကျော်ပါသော၊ ဦးနေဝင်းဦးဆောင်သည့်ထိုအချိန်ကအာဏာရှိတပ်မှုးကြီး များ၏ လှို့ဝှက်အတွင်းရေးများကို ရေးသားဖေါ်ထုတ်ဖြန့်ဝေခဲ့သော တပ်မှုးကြီးဟောင်း ဆိုသူမှာ(ကျနော်တို့ရှေ့ရောက်နေသော အန်ကယ်ကြီးပင်ဖြစ်ပါ၏။) ထိုပြစ်ချက်ဖြင့် ထောင်(၇)နှစ် ကျခံခဲ့ရပြီ၊သို့သော်သူသည်။သူ၏ပြစ် ချက် မှားသည်/မှန်သည်သဘောမထားကြောင်း၊သူယခုလို ခံရခြင်းသည် သူပြုခဲ့သောသူ့တပ်မှုးကြီး ဘဝက (တစ်ချိန်က) အကြွေး တွေကို ပေးဆပ်နေရခြင်းသာဖြစ်သဖြင့်၊ ကျေကျေနပ်နပ်ခံယူပါကြောင်း၊ ထိုခံယူချက် နှင့်ပင်။ ထောင်ထဲရောက်လာကြ သော။ဘဝတူများကို ပေးဆပ်ကူညီပေးခွင့်ရသည်ကို ပီတိဖြစ်ရပါကြောင်း၊ လူငယ်၊လူရွယ်ကလေးတွေအတွက် သူလေ့လာတတ်ကျွမ်းသောဗဟုသုတများကို အချိန်ကုန်စေခြင်းနှင့်အမျှ၊ကိုယ်ချင်းစာ မျှ ဝေပါကြောင်းပြောပြရှာသည်။ သူ၏နောင်တ တရားကို တရားနှင့်ယှဉ်ကာ။ ဘဝတူများ အပေါ် ကြင်နာမှုအပြည့်ဖြင့်၊အစစအရာရာ တတ်စွမ်းသရွေ့ကူညီခဲ့ရှာသော အန်ကယ်ကြီးသည်၊ ထောင်မှထွက်ပြီး၊ နှစ် နှစ်အကြာတွင် အစာအိမ်ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့ရှာပါသည်။
အချိန်တွေတစ်ရွေ့ရွေ့ကုန်လွန်ခဲ့သလို၊ရက်မှ လစောင်း နှစ်များပင်အလီလီ်ပြောင်းခဲ့ပြီ ၊ ကျနော်လည်းထောင် မှပြန်ထွက်ခါ၊ ဘဝအတွက်ရုန်းကန်နေရပြီ၊ တစ်ချို့ လည်း ယခုတိုင်ထောင်ထဲဝင်လိုက်၊ ထွက်လိုက်နှင့် ယုံကြည် ချက်၊ခံယူချက်တို့၏စေစားရာအားပြုရာ၊အဓိပတိတပ်ရာအတိုင်း ၊လေးစားထိုက်၊ဂုဏ်ပြုထိုက်ပါပေ၏။ လွှတ်တော် ၏တောင်းဆိုချက်များနှင့် ဦးသိန်းစိန်အစိုးရ၏ကျိုးပမ်းချက်ဖြင့်၊ ကျနော်တို့အစဉ်တစ်စိုက် တောင်း ဆိုခဲ့သော ယံကြည်ချက်ကြောင့်အကျဉ်းကျနေသူအချို့ကိုယခင်လက ပြန်လည်လွှတ်ပေးခဲ့ရာ၊ကျနော့်သူငယ် ချင်းတွေလည်းပြန်လွတ်လာခဲ့ကြသည်၊ သူရို့ကိုကျနော်တို့နွေးထွေးစွာ၊ကြိုဆို ဂုဏ်ပြုပွဲကလေးလုပ်ခဲ့ကြပါ သည်။ ထောင်ထဲ အနှစ်(၂၂)နှစ်ကြာနေခဲ့ရသော ကျနော့်သူငယ်ချင်းသေရွာပြန်ကြီး လည်းပြန်ပါလာသည်၊ သူငယ်ချင်းနှစ်ယောက် အားပါးတယဖက်ပြီး၊သူရောကျနော်ပါမျက်ရည် တွေ ဝဲမိကြသည်။ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း၊ကျနော့်မျက်စေ့အောက်ရောက်ခဲ့သူ မဆလခေတ် မုဆိုးကြီး အကြောင်း ပြောပြတော့၊ သူကလည်းသူ့မျက်စေ့အောက်ရောက်၊ နဝတ ခေတ် မုဆိုးကြီးတွေအကြောင်း ဖေါက်သည် ချ သည်၊သူရို့ထောင်သို့ နဝတ ဗိုလ်ခင်ညွန့်၏ လက်ရင်းဒိုးကြီး တပ်မှုး တစ်ယောက် အပါအဝင်၊ထောက်လှမ်းရေးတပ်မှတပ်ကြပ်ကြီးတွေပါပါလာကြောင်း၊( နောင်တစ်ခေတ်မကူးပဲ၊တစ်ခေတ်တစ်ခါထဲမှာပင်) သားကောင် ဘဝရောက် ခဲ့ကြ သူများ ဖြစ်ကြောင်း၊ထောင်ဝါဒါများမှထိုသူရို့အုပ်စုကို၊နိုင်ငံရေးအုပ်စုများထက်ပင်ပိုကြပ်မတ်ကြောင်း၊သူရို့ ရောက် စမှာ တစ်ချို့က၊စကားမပြောလို၊ ပယ်ထားလိုသော်လည်း၊ နောက်ပိုင်းတွင်တော့ ဘဝတူများအဖြစ်သတ် မှတ်ကာ ရိုင်းပင်းကူညီခဲ့ကြကြောင်း၊ ထိုအထဲတွင် သူငယ်ချင်းတို့အဆောင်တွင်ရောက်လာသော တပ်ကြပ် ကြီးမှာ- စားမဝင်၊အိပ်မပျော်ရာမှ တစ်စတစ်စ ပိန်လှီလာပြီး၊ဝမ်းရှောရာကာ ဘုံးဘုံးလဲတော့ရာ၊သူ၏(ချီး/သေး) ကိစ္စအဝဝကိုသူငယ်ချင်းမှပင်တာဝန်ယူခဲ့ပြီး၊ပြုစုခဲ့ရကြောင်း နောက်တော့ ထိုမုဆိုးဟောင်း တပ်ကြပ်ကြီးမှာ အသက်ဆုံပါးပြီးအသေထွက်ထွက်သွားရပါသည်တဲ့၊သူမသေခင်တွင်သူ့မိသားစုကို အကြိမ်ကြိမ်တမ်း တရင်း သေရှာ ပါသည်တဲ့၊သူငယ်ချင်းမှ အားတင်းစကားပြောပြီးပြုစုပေးလျှက်ရှိရာ၊သူက သူငယ်ချင်းလက် ကိုဆုပ် ကိုင်ပြီး- သူရို့စစ်ကြောရေးကာလတာဝန်ယူစဉ်၊ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေရောက်လာပြီဆို၊ သည်ကောင်တွေကိုဘယ်လိုနှိပ်စက်ရမယ်၊ဆိုတာပဲတွေးခဲ့မိကြောင်း၊ယခု သားကောင်ဖြစ်ရသော အခြေအ နေမှာတော့ မင်းတို့က ငါတို့ကို ဗွေမယူ၊အငြိုးအတေးမထားပဲ ၊နွေးထွေးစွာကူညီပေးကြောင်း၊ချီးသေးမှအစ မရွှံမရှာပြုစုပေး ကြောင်း တောင်းပန်ရင်း၊မျက်ရည်များကျကာ၊ပက်လက်ကလေးမှ အားယူပြီး၊ လက်အုပ်ချီလျှက် တောင်းပန်ရှာပါသတဲ့၊ အဲသည်ညမှာပင်ထို သူ ဆုံပါးရှာပါတော့၏။
ဪ လောကကြီးသည်ကား ၊သတ္တဝါခပ်သိမ်းတို့သည်၊မိမိတို့ပြုသော ကမ်၊ကမ္မ (အလုပ်) ၏၊အကြောင်း၊ ကြောင့် အကျိုး ပေးတတ်ကြပေရာ၊အလုပ်၏စေတနာပေါ် မျိုးစေ့ဖြစ်ကာ၊အပင်ပေါက်ကြရပါသည်၊
သည်နေရာတွင် ကျနော်တို့နိုင်ငံရေးသမားများ၏စေတနာကြောင့် ဒီမိုကရေစီ၏မျိုးစေ့သည၊်ရှင်သန်စေရန်
မျိုးစေ့ဖြစ်ခဲ့သဖြင့် သားကောင်ဖြစ်ခဲ့ရသည်မှာ လွန်စွာမွန်မြတ်သန့်ရှင်းသော်လည်း၊ မုဆိုးကျော်ကြီးများ၏၊
သားကောင်ဘဝသို့ပြန်လည်ရောက်ရှိပေးဆပ်ရပုံနှင့်ကားအခြားကြီးခြားနားသော စေတနာမျိုးစေ့ပါတကားဟု။
ထိုစေတနာမျိုးစေ့ အတွက်သူရို့ပေးဆပ်ရခြင်းအပေါ်၊ကျနော်လေးစားခဲ့သောအန်ကယ်ကြီးလိုပြန်လည်ပေးဆပ်
နိုင်ကြပါစေဟုသာ ဆုတောင်းပေးနေမိပါတော့သည်။
(ထောင်တွင်းသက်ဆင်းကျရောက်နေကျဆဲဖြစ်သော၊လုပ်ဖေါ်ကိုင်ဘက်အားလုံးနှင့်တစ်ကွ၊ပြန်လည်လွတ် မြောက် လာကြသူများ၊ထောင်တွင်းအသက်ပေးပြီး နိုင်ငံတော်အတွက်မျိုးစေ့ရှင်သန်စေခဲ့သူများ၊အားလုးံသောဒီမိုကရေစီ တိုက်ပွဲဝင်နေကြသူများအား။သည်စာစုဖြင့် ဦးညွှတ်ဂုဏ်ပြုပါ၏။)
19 comments
nozomi
November 25, 2011 at 2:19 pm
ကျွန်တော်တို့ ဒီပို့စ် ကိုမျှော်နေတာပါ ၊ ကျေးဇူးတင်ပါတယ် ၊ ဒါ သမိုင်းမှတ်တမ်းတွေပါ
ဘကြီး မှာ စစ်ကြောရေး တို့ ထောင် တို့ နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီး ရှိမှာပါ ၊ အဆင်ပြေမယ်ဆိုရင် ခေါင်းစဉ်သစ်တွေနဲ့ ထပ်ရေးပေးစေချင်ပါတယ်
ရန်အောင်မောင်မောင်ရဲ့ ထောင်ဝတ္ထုတွေ ၊ လူထုဦးလှရဲ့ ထောင်နဲ့လူသား စာတွေ လို ဖတ်ကောင်းတဲ့ စာတွေမို့ ထပ်ရေးစေချင်ပါတယ်
ထပ်ရေးမှာကို ဘကြီး ရဲ့ မိတ်ဆွေတွေကလဲ သဘောကျမယ်ထင်ပါတယ် ၊
ပျားဂေဟာ ကိစ္စကြားဖူးပေမဲ့ သေချာ မသိတာမို့ အဆင်ပြေရင် အဲဒါလေးလဲ ရှင်းပြပေးစေချင်ပါတယ်
windtalker
November 25, 2011 at 2:31 pm
ဝဋ် ဆိုတာ ဘဝမကူး ဘူး ဆိုတာ သိသွားရပါတယ် ဗျာ ။ သိပ်ကြောက်ဖို ့ကောင်းတယ်နော
ထာဝရ
November 25, 2011 at 2:50 pm
ထောင်တွင်းသက်ဆင်းကျရောက်နေကျဆဲဖြစ်သော၊လုပ်ဖေါ်ကိုင်ဘက်အားလုံးနှင့်တစ်ကွ၊ပြန်လည်လွတ် မြောက် လာကြသူများ၊ထောင်တွင်းအသက်ပေးပြီး နိုင်ငံတော်အတွက်မျိုးစေ့ရှင်သန်စေခဲ့သူများ၊အားလုးံသောဒီမိုကရေစီ တိုက်ပွဲဝင်နေကြသူများအား ဦးညွှတ်ဂုဏ်ပြုပါ၏။
ဆူး
November 25, 2011 at 3:00 pm
ကြမ္မာ ဝိဘက် နောက်ပိုးတက် ဆိုတဲ့ စကားလေးကို သွားသတိရမိပါတယ်။
ကျန်ရှိတဲ့ ရင်တွင်းခံစားချက်နဲ့ အတွေ့အကြုံများလည်း နောက်ထပ် ရေးနိုင်ဖို့ လို့ မျှော်လင့်ပါတယ်။
koaung
November 25, 2011 at 3:08 pm
စာရေးသူအား ကိုယ်ချင်းစာလေးစားမိပါ၏ ဖတ်ရသည့်အတွက်လည်း ကျေးဇူးတင်ဂုံယူမိပါ၏
ba gyi
November 25, 2011 at 3:36 pm
nozomi, windtalker,ထာဝရ၊ မဆူး နှင့် Koaung တို့ ဝင်မန့်ပြီးအားပေးကြလို့ကျေးဇူးတင်ပါသည်၊
နောက်ပိုင်း(ထောင်တွင်း ) အတွေ့အကြုံလေးတွေကို၊ ပြန်လည်ခံစားပြီးအချိန်ရရင်၊ရသလိုအားလုးံအတွက်
ကျိုးစားရေးသားပါမည်ခင်ဗျား။
ba gyi
November 25, 2011 at 3:57 pm
မေ့လို့ nozomi ရေ၊ ပျားဂေဟာကိစ္စဆိုတာ၊ကျေနော်တို့ငယ်ငယ်၊အဲ ( 1977) ပတ်ဝန်းကျင်လောက်ဖြစ်
မယ်ထင်တယ်၊သေချာတေ့မမှတ်မိတော့ဘူး၊ မဆလခေတ်ပေါ့၊ အဲသည်တုန်းက ထောက်လှမ်းရေး ကိုင်ရ တဲ့ မျက်မှန်တင်ဦး ကြီးတန်ခိုးထွားချိန်မှာပေါ့၊ ဦးနေဝင်းကြီးကလည်း အရွယ်တင်နုပျိုဘို့ဆို နိုင်ငံခြား သွား ပြီး သိုးကလေးသွေး တွေသူ့ထဲ သွင်းတာတို့၊သွေးလှယ်တာတို့၊ ငှက်သိုက် တို့ ဘာတို့ အလွန်သုံး ဆောင် ခေတ် ထချိန်မှာ၊ အဲသည်ပျားရည် ဟာလည်းအရွယ်တင်စေတဲ့အပြင်၊ဆေးဘက်ဝင် တဲ့စွမ်းဆောင် မှုဖြစ် စေတယ် ဆိုပြီး၊အဲသည်မှာဦးနေဝင်းကြီးအကြိုက် ပျားမွေးမြူရေး၊ ပျားရေထုတ် လုပ်ရေး(ပရောဂျက်) ကို မျက်မှန် ကြီးတင်ဦးကစခဲ့တာပါဗျား။နောက်ပိုင်းကြက်မွေးမြူရေးနဲ့ အရောင်းဆိုင်တွေပါပျား ရေရောင်း တဲ့ ပျားဂေ ဟာ တွေနဲ့တွဲဖွင့်လာပြီး၊တော်တော်ရေပန်းစားခဲ့တာကလား။
သူ့ကိုဖြုတ်တာအခြားနိုင်ငံရေးကိစ္စတွေကြောင့်ဖြစ်သော်လည်း၊သူရဲ့ အထက်ပါပရောဂျက်တွေ မှာအလွဲသုံး စား ပုံစံမျိုးတွေလည်းသတင်းကြီးစေခဲ့ပါတယ်။ဒါကျနော်မှတ်မိသလောက်လေးပြန်ပြောပြတာပါ။
nozomi
November 25, 2011 at 5:47 pm
ရှင်းပြတာ ကျေးဇူးပါ
အခု ပျားမွေးမြူရေးလုပ်ငန်းတွေရဲ့ အစ ပေါ့
သိုးသွေးကို လူထဲ သွင်းလို့ ရပါ့မလား ၊ ငယ်ငယ်က ကြားဖူးတာ လူငယ်တွေရဲ့သွေးတွေနဲ့ ဆိုလားလို့
ဖီးကျူ
November 25, 2011 at 9:08 pm
အတွေ ့ကြုံတွေ ဖတ်ရတာ တန်ဖိုးရှိပါပေတယ် ဘကြီးရေ ။
ဒီပိုစ့်ကို စောင့်မျှော်နေမိတာ ကြာပြီကော ။
ထောင်ထဲမှာ တွေ ့ခဲ့တဲ့ အန်ကယ်ကြီးက နာမယ်ဘယ်သူလဲ သိချင်လိုက်တာဗျာ ။
သူသင်ပေးတဲ့ ကိုင်ရိုပညာကိုရော
သူနဲ ့ဆက်စပ်တဲ့ ဦးနေဝင်း အကြောင်းတွေရော
အချိန် ရရင် ရေးသားပေးပါ ။
ကျွန်တော်တို ့ လူငယ်တွေက ဘကြီးတို ့ပြောပြမှ သိကြရမည့် အနေအထားပါ။
ကြောင်ကြီး
November 26, 2011 at 11:00 am
လက်ရှိ ထောက်လှမ်းရေး၊ စစ်ကြောရေး တာဝန်ယူနေကြသူများ ဖတ်မိပြီး ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ ဆုတောင်းပါ၏။ ရဲအုပ်ဟောင်းပြောဖူးတယ် သူအဖမ်းမခံရခင်တုန်းက စစ်ကြောရေးစခန်း အသွား၊ အပြန်မှာ ထောင်ကြီးချုပ်ကို မပို့ခင် စခန်းမှာ ယာယီထားတဲ့ နိုင်ငံရေးသမားတွေကို ထောက်လှမ်းရေးတွေရှေ့မှာ သခင်အားရ ကျွန်ပါးဝ သူနဲ့ မဆိုင်ဘဲနဲ့ ရိုက်နှက်နှိပ်စက်ပြခဲ့တယ်။ သစ္စာရှိကြောင်း ပြတာပေါ့လေ။ ဘကြီးလည်း မြင်တွေ့ ကြားခဲ့ဖူးမှာပါ။ အဖေထောင်မှူး ဖြစ်နေတဲ့ထောင်ကို သားရဲအရာရှိ လာဘ်စားမှုနဲ့ ရောက်လာတာ၊ အကိုလုပ်သူက ထောက်လှမ်းရေး ညီက ထောင်ထဲက ကျောင်းသား။ အကိုဖြစ်သူက ညီကို ထောင်ထဲလာတွေ့ရတာ။ အလှမ်းကွာတဲ့ သမီးယောက်ဖ နှစ်ဦး အပြင်မှာ မမြင်ဘူး၊ မသိဘူးကြပဲ အချိန်အတော်ကြာမှ၊ စီနီယာရာထူးကိုယ်စီနဲ့ အလုပ်ကိစ္စပြသနာတက် ထောင်ထဲရောက်လာပြီး စကားလက်ဆုံကြမှ ဆွေမျိုးတော်မှန်းသိတာ။ တရားသူကြီး၊ ရှေ့နေ၊ ရဲ၊ စသုံးလုံး၊ အုပ်လိုက်ကြီး ထောင်ကျတာ၊ စီအိုင်ဒီ ရဲအရာရှိဟောင်းများ ထောင်ဆေးရုံအပေါ်ထပ် ဝရန်တာကနေ သူတို့ရုံးအတက်အဆင်း လုပ်ခဲ့ရာ အင်းစိန်စီအိုင်ဒီဝင်းနဲ့ နေအိမ်များဖက်ကို ကြေကြေကွဲကွဲ လှမ်းကြည့်နေကြတာ။ ကျနော်တို့တတွေ ကံနယ်ထဲက မထွက်နိုင်လို့သာ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်နေရတယ်၊ တကယ်တမ်းမှာ သံဝေဂ ရစရာတွေ အများကြီးပါ။
ဘကြီးရဲ့ နောက်ထပ်ပို့စ်များကို စောင့်မျှော်နေပါတယ်။ ဖြစ်နိုင်ရင် ထောင်ထဲမှာ နေထိုင်စားသောက်ပုံ၊ အဖိနှိပ်ခံရပုံ၊ ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ပုံများကိုပါ လုံခြုံရေးသတိ ရှိရှိဖြင့် ရေးပေးစေလိုပါသည်။ ဒါမှ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများဘဝ၊ မိသားစုဝင်များကို လူအများ သိရှိနားလည်နိုင်ပါလိမ့်မယ်။ 🙂
Wow
November 26, 2011 at 11:38 am
စစ်ဘက်ထောက်လှမ်းရေးများကို ဒီစာကိုဖတ်စေချင်လှပါတယ်.
inz@ghi
November 26, 2011 at 11:44 am
ဘာသာပြန်ပီးသာ ကလင်တွန် ဆီ ပို့လိုက်ကြပါတော့ဆြာတို့…..
thit min
November 26, 2011 at 1:15 pm
သူ့ကိုနှိပ်စက်ခဲ့တဲ့ဗိုလ်မှူးစန်းကွန့်ကို
ထောင်ထဲမှာပြန်တွေ့စဉ်နဲ့ ထောင်ကလွတ်ပြီး ကိုဇာဂနာ အစားအသောက်ကြွေး၊ထောင်ဝင်စာပို့ပေး၊
မိသားစုအထိလိုက်စောင့်ရှောက်ပေးခဲ့တာတွေ ဖတ်ဘူးတော့
အဲဒီလို ဆက်ဆံလိုက်ပုံများ စဉ်းစားတတ်ရင် ၊ဆတ်ဆတ်ခါလောက်ပါရဲ့
~~~~
ကိုဘကြီးရေ
မရပ်ပါနဲ့အုန်းဗျာ၊.၊ဆက်ပါအုန်းလို့တောင်းဆိုပါရစေ။
ba gyi
November 26, 2011 at 1:16 pm
ဖီကျူ၊ကိုကြောင်ကြီး နှင့် Wow , ghi ghi တိုရေ အားပေးကြသူအားလုံးကျေးဇူးလည်းတင်တယ်၊တိုက်ပွဲဝင်
ရဲဘော်အများအတွက်လည်း ဂုဏ်ယူကျေနပ်မိပါတယ်၊ ညပိုင်း ဘီဘီစီတို့ ၊အာအက်ဖ်အေတို့မှလည်း၊
အကျဉ်းကျခံ နေရတဲ့ မိသားစုဝင်တွေနဲ့ သူရို့အတွေ့အကြုံ၊ရုန်းကန်နေရတဲ့အခက်ခဲတွေ ကိုအင်တာဗျူး
တာကြားကြားနေရပါတယ်၊ ညကတောင၊် မလွတ်ရှာသေးတဲ့၊ဒီငြိမ်းလင်းတို့သားအဖ အကြောင်း ဒီငြိမ်း လင်းမိခင်ကပြန်ပြောပြနေတာ ကြားရတော့ ဒီငြိမ်းလင်းအဖိုးဖြစ်သူ (သာယာဝတီထောင်မှာ ဆုံးပါးခဲ့ရှာတဲ့)
အန်အယ်လ်ဒီ အဖွဲ့မှထို အန်ကယ်ကြီးကို သွားသတိယမိပြန်တယ်၊သူလည်းကျနော်နဲ့ ဘေးချင်းကပ် အခန်း မှာအတူနေခဲ့ဘူးပါသည်။ ဪ အဖိုးရော၊အဖေရော၊သားရော ပေးဆပ်ကြတာပါလားလို့ တော်တော်စိတ် မကောင်းဖြစ်ပြီး၊အပြင်မှာကျန်ရစ်ပြီး ထောင်ဝင်စာအတွက် ရုန်းကန်နေရတဲ့ ဒီငြိမ်းလင်းအမေကို တော် တော် လေးစားမိတယ်။ ထောင်ဝင်စာတွေအတွက်ကူညီချင်ရင်တော့၊ အန်အယ်ဒီ မှာရှိတဲ့ လူမှုအထောက်
ကူပြုအဖွဲ့တွေကနေတစ်ဆင့်လှူ ဒါန်းလို့ရပါတယ်ခင်ဗျား။ အားလုံးကိုလေးစားလျှက်။
ba gyi
November 26, 2011 at 1:23 pm
ကိုသစ်ကြီးရေ၊ ကျနော်မန့်ပြီး မှကိုသစ်ကြီးအားပေးတာလေးပါလာတော့ ထပ်ကျေးဇူးပါ နောက်တစ်ပုဒ် မှာ
ကျန်ခဲ့တဲ့ အမှောင်ခေတ်ရဲ့ စစ်ခုံရုံး(ကိုယ်တွေ့ )ကလေးရေးမယ်စိတ်ကူးထားပါကြောင်း။
လေးစားစွာဖြင့်။
မှော်ဆရာ
November 26, 2011 at 2:32 pm
ဪ လောကကြီးသည်ကား ၊သတ္တဝါခပ်သိမ်းတို့သည်၊မိမိတို့ပြုသော ကမ်၊ကမ္မ (အလုပ်) ၏၊အကြောင်း၊ ကြောင့် အကျိုး ပေးတတ်ကြပေရာ၊အလုပ်၏စေတနာပေါ် မျိုးစေ့ဖြစ်ကာ၊အပင်ပေါက်ကြရပါသည်၊
Arkar11
November 26, 2011 at 2:20 pm
ဘကြီးတို့ရဲ့ စွန့်လွှတ်မှု၊ အနစ်နာခံခဲ့ရတာတွေကို တကယ်ဘဲလေးစားပါတယ်…. ဘကြီးတို့လို လူမျိုးတွေကြောင့် အခုလို အပြောင်းအလဲတွေ ဖြစ်လာတာပါ…. တကယ်တော့ ဘကြီးတို့ဟာ မြန်မာနိုင်ငံရဲ့ Unsung Heroes တွေပါ..
နီလေး
November 26, 2011 at 4:28 pm
ဘကြီးရေ ခုလိုမျိုး လူငယ်တွေဗဟုသုတရအောင် ရေးဖွဲ့ပေးတာ ကျေးဇူးအထူးတင်ပါတယ် လူကြီးတွေပြောပြမှ လူငယ်တွေကသိရမှာပါ နောက်ရေးမယ့်စာကိုလည်းစောင့်မျော်ဖတ်ရှုချင်လှပါကြောင်း
ကြောင်လတ်
November 26, 2011 at 11:43 pm
ဘကြီးရေးမဲ့ အမှောင်ခေတ်ရဲ့ စစ်ခုံရုံး(ကိုယ်တွေ့ ) ကို ဖတ်ဖို့စောင့်မျှော်နေပါတယ်