“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”ဇာတ်သိမ်း
“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းလေး)
(??????????????????????????)
“တင်ဇာနွယ်”
“မင်းမင်း”ကိုစတွေ့တဲ့အချိန် ကတည်းက သူူကျမရင်ထဲကိုအလိုလိုရောက်သွားတာပါ။ ယောက်ျားတွေသာအလာများတဲ့ကျောက်ဝိုင်းမှာ အဖေနဲ့အတူ ငယ်ငယ်ကတည်းက လုပ်ကိုင်စားသောက်
လာခဲ့တဲ့ သူဆိုတော့လဲ ယောက်ျားဆိုတာလုပ်ဘော်ကိုင်ဘက်ထက်ပိုသဘောမထားတာလဲအမှန်ပါဘဲ။ တစ်ခုတော့ ရှိပါတယ် ဘယ်သူကိုမှလဲအလုပ်သဘောထက်မပိုခဲ့သလို ဘယ်သူနဲ့မှလဲ နီးနီးကပ်ကပ်မနေခဲ့ တဲ့အတွက် ကျမရဲ့ ရင်ခုန်သံလေးတွေမမြန်ခဲ့တာလဲဖြစ်နိုင်ပါတယ်။ တချို့သော ပါးစပ်ပေါ့တဲ့သူများက သွေးတိုးစမ်းချင်ပေမယ့် ကျမရဲ့မတင်းလွန်းမလျော့လွန်းတဲ့ဆက်ဆံရေး ကြောင့် သိပ်တော့လဲ လွန်လွန်ကဲကဲ မလုပ်ရဲကြပါဘူး။ မင်းမင်း နဲ့စတွေ့ချိန်မှာတော့ တည်ကြည်တဲ့သူစိတ်ဓါတ်လေးကို နှစ်သက်မိတာအမှန်ပါဘဲ။ ကျမထိခိုက်သွားတဲ့အချိန်မှာ သူ တယုတယပြုစုပေးခဲ့တာက ကျမရဲ့ငြိမ်သက်နေတဲ့နှလုံးသားကို ပုတ်နိုးလိုက်သလိုပါဘဲ။ ဖြစ်ချင်တော့ဒေါ်လေးရဲ့စီမံမူ့တွေကြောင့် မင်းမင်းနဲ့ ကျမပိုနီးစပ်ဘို့ သံယောဇဉ်တွေ တွယ်ညိဘို့ ဖြစ်လာပါတယ်။
အတူသွားအတူလာနေမိပြန်တော့ အခွင့်အရေးမယူတတ်တဲ့ အလိုက်သိလွန်းတဲ့ သူ့ကိုလေးစားချစ် ချစ်ရပြန်ပါတယ်။ သူနဲ့ကျမ မေတ္တာတရားနဲ့ဝေးတာချင်းတူပေမယ့် ပြည့်စုံစွာနေရတဲ့ ကျမဘဝက သူ့ထက်စာရင် တော်သေးတယ်လို့ပြောရမှာပါဘဲ။ ကျမထက်လေးနှစ်ငယ်နေတော့သူ့ကိုမောင်လေးတစ်ယောက်လို သနားချစ်ခင်လို ့
အလိုလို်က်ခဲ့တာယုယမိခဲ့တာလဲအမှန်ပါဘဲ။
သေချာတာတစ်ခုကတော့ ကျမသူ့အပေါ်ချစ်ခဲ့တဲ့အချစ်က တပ်မက်မူ့တစ်ခုတည်း သက်သက်မဟုတ်တာတော့ သေချာပါတယ်။
သူကများ ကျမအချစ်ကိုတောင်းခံလာခဲ့ရင်ငါဘယ်လိုအဖြေပေးရမလဲဆိုတဲ့အတွေးကို ကျမအကြိမ်ပေါင်းများစွာတွေးမိပါတယ်။
အဲဒီအခါမှာ သန့်စင်သောအချစ်ဆိုတာကို နားမလည်တတ်ကြတဲ့သူများတဲ့ပါတ်ဝန်းကျင်က
ကလေးမုန့်ပေးကြိုက်တယ်ပြောမလား၊ ခပ်ရိုင်းရိုင်းပြောရင် မွေးစားလိုက်တယ်လို့များပြောမလား
ဆိုတဲ့ မေးခွန်းတွေက ကျမကိုချောင်ပိတ်မိစေတာလဲအမှန်ပါဘဲ။
နောက်ဆုံးတော့ ငါကသာတစ်ဖက်သတ်ဖြစ်နေတာသူကတော့ ငါလို အသက်ကြီးကြီးကို
စိတ်ကူးထဲတောင်ထည့်မယ်မထင်ဘူးဆိုတာနဲ့ဘဲ အတွေးကို အဆုံးသတ်လို်က်ရတာများပါတယ်။
တစ်ချို့ကတော့လဲ အချစ်ဆိုတာကို ပေးဆပ်ခြင်းသက်သက် တစ်ချို့ကတော့လဲရယူခြင်းတဲ့။
ကျမကတော့ အဲဒီအတွေးတွေ ကအစွန်းရောက်တယ်လို့ထင်မိပါတယ်။
အပြန်အလှန်ဖေးမခြင်းက သာအချစ်လို့ယုံကြည်ပါတယ်။
အချစ်ဆိုတာ ဆန်းကြယ်တယ် တိကျတဲ့ပုံသေနည်းတွေနဲ့လဲ တွက်ချက်မရဘူး လို့ဆိုချင်ပါတယ်။
သူ့ကို ကျမလက်ဆောင်တွေဝယ်ပေးတာ၊ထမင်းစားရင် အသားငါးကိုနွင်ပေးတာ၊
သူ့လက်သဲလေးတွေကို ညှပ်ပေးတာ လိုမျိုုး သူ့ကို ဂရုတစိုက်လုပ်ပေးနေတဲ့အခါသူပြုံးနေ
တာတွေ့ရင် ကျမမှာကြည်နူးစိတ်တွေ တဝေဝေနဲ့ပေါ့။
သူကကျမကြိုက်တတ်တဲ့အစားအစာလေးတွေဝယ်လာရင်၊
ကျမနဲ့ဒေါ်လေးတို့အတွက်ဆိုပြီးလက်ဆောင်ပစ္စည်းလေးတွေဝယ်လာရင်၊ ကျမကြည့်ချင်တဲ့ရုပ်ရှင်ခွေလေးတွေဝယ်လာရင်၊
ကျမသွားချင်တဲ့နေရာကို စိတ်ရှည်လက်ရှည်လိုက်ပို့ပေးရင်၊
ကျမအဝတ်အစားတွေဝယ်တဲ့အခါ ကျမနဲ့လိုက်မလိုက် အကြံဉာဏ်တွေပေးပြီးကူရွေးပေးရင်၊
ကျမမှာ ကျေနပ်စိတ်တွေအပြည့်ပေါ့။
ဒီလိုအချိန်မျုးိမှာတော့လဲ ဘယ်သူတွေဘာပြောပြော အားလုံးကိုရင်ဆိုင်ရဲတယ်ဆိုတဲ့
သတ္တိတွေအပြည့်နဲ့ပေါ့။
“မင်းမင်း ကျမကို ချစ်ရေးဆိုလာရင် ဘယ်လိုလုပ်မလဲ”လို့ ဒေါ်လေးကို သွေးတိုးစမ်းသလိုမေးကြည့်တော့
“သမီးသဘော”လို့ပြုံးပြုံးကြီးနဲ့ဖြေတော့ဝမ်းသာရပြန်ရော။
သူကျမကို ဖွင့်မပြောခင်ရက်ပိုင်းက သူ့ကိုကြည့်ရ ငူငူငိုင်ငိုင် စိတ်နဲ့လူမကပ်သလို။
သူကိုမေးတော့လဲ ဘာမှမဖြစ်ပါဘူးဆိုတဲ့အဖြေဘဲပေး၊
အဲလိုကြီးဖြစ်နေတော့ ကျမလဲစိ်တ်တွေပူပြီး မိနှင်းတို့ မိဂွဲတို့နဲ့တိုင်ပင်ရတာပေါ့။
အဲဒီတော့မှ အဖြေပေါ်တယ် သူလက်ထပ်ခွင့်တောင်းဘူးတဲ့ရီးစားဟောင်းက
ပျောက်နေတာအကြာကြီးနေရာကနေ အခုမှ ပြန်ပေါ်လာပါသတဲ့။
သူူ့စိတ်ထဲမှာမေ့ပျောက်ထားတာတောင်ကြာပြီတဲ့။
ဟိုက သူ့ကိုလက်ထပ်ဘို့ပြန်လာတာဆိုဘဲ။
ကျမကိုသာ သူမပြောတာ ကျမသူငယ်ချင်းတွေကိုတော့ တိုင်ပင်ပါသတဲ့။
ဟိုနှစ်ကောင်ကလဲ ကျပ်လွတ်လိုက်ပါသတဲ့။
“မိနွယ်တို့ဒေါ်လေးတို့လောက်နင့်ပေါ်ကောင်းတဲ့လူမရှိတာလဲနင်အသိဆုံး။
မိနွယ်ကို နင်ချစ်နေတယ်ဆိုတာလဲ ငါတို့အသိ။
အဲတော့ ပျားလဲစွဲသာ ရှဉ့်လဲလျောက်သာတော့မလုပ်နဲ့၊
ပြတ်ပြတ်သားသား ဆုံးဖြတ်။
အေးငါတို့သူငယ်ချင်းကို စိတ်ဆင်းရဲအောင်လုပ်လို့ကတော့
နင်ငါ့အကြောင်းသိတယ်မလား”လို့ မိဂွဲက ကြိမ်းလွှတ်လိုက်ပါသတဲ့။
အဲဒီတုန်းက သူကျမကိုဖွင့်မပြောရသေးပါဘူး။
တစ်ညနေခင်းမှာသူထူးထူးဆန်းဆန်းကြီး ကျမကိုလမ်းလျှောက်ခေါ်
ပြီး ကျမကို ချစ်ကြောင်းဖွင့်ပြောပါတယ်။
ကျမကလဲ မျှော်လင့်ထားပြီးသားပေမယ့် ကြည်နူးစိတ်ကဖိတ်လျှံလာတော့
သူ့ရင်ခွင်ထဲမှာငိုမိပါတယ်။
ကျမ သူ့နဲ့သူ့ ရီးစားဟောင်းအကြောင်းကို သိနေတော့ စိ်တ်ထဲမှာတော့လေးပါတယ်။
သူရီးစားဖြစ်ဘူးသူရဲ့လက်ထဲက လုယူတာမဟုတ်တဲ့အတွက် ကျမစိတ်သန့်ပါတယ်။
ဒါပေမယ့် မပြတ်မသားနဲ့ဟိုဘက်လိုလို ဒီဘက်လိုလိုတော့ အဖြစ်မခံနိုင်ပါဘူး။
တကယ်လို့ မင်းမင်းနဲ့ မပေါင်းရရင်တောင်မှ သူ့အပေါ်ချစ်မိတဲ့အချစ်တွေသံယောဇဉ်တွေက
လျော့ပါးမသွားတာ အသေအချာ။
ဥပမာပေးရရင် မုန့်လေးတစ်ခုထဲကို ခွဲဝေမစားချင်တာတော့အမှန်ပါဘဲ။
ဒါကြောင့် သူ့ကို ပြတ်ပြတ်သားသားတော့ မှမိပါတယ်။
“မမနွယ်လဲမင်းကို ချစ်ပါတယ်။
မင်းနဲ့ဘဝကို လက်တွဲသွားဘို့လဲအဆင်သင့်ပါဘဲ။
မင်းအခုလိုပြောလာမဲ့နေ့ကိုလည်းစောင့်နေခဲ့တာလဲကြာပေါ့။
မင်းကိစ္စတွေကို မမ အကုန်သိပြီးပြီ။
ဒီတော့ မင်းလက်ထပ်မယ်လို့ ကတိပေးဘူးတဲ့ ရီးစားဟောင်းနဲ့ကိစ္စပြတ်အောင်လုပ်ပြီးမှ
မင်း မမနွယ်ဆီကိုပြန်လာခဲ့။
မင်းမမနွယ်ကို ချန်ထားခဲ့မယ်ဆိုလဲရတယ် မင်းသဘောအတိုင်း။
မမနွယ်ရင်ထဲမှာဘာတွေရှိနေတယ်ဆိုတာ မင်းသိပြီးသားပါ။
မင်းကိုလဲမမနွယ်ရောဒေါ်လေးရောက အမြဲတမ်းတံခါးဖွင့်ထားပြီးသား။
ဒါပေမယ့် မပြတ်မသားတော့ မကြိုက်ဘူး နော်”လို့ပြောလိုက်တော့
သူ့မျက်နှာလေးက ပြုံးလာပါတယ်။
ဒါပေမယ့် သူ့အပြုံးကကြာကြာမခံပါဘူး။
ဒီပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းသူ့မှာမရှိသေးသလိုပါဘဲ။
အဲဒီနေ့တော့ မပြန်စဘူးသူ အစောကြီးပြန်သွားပါတယ်။
အဲဒီညကတော့ ကျမရဲ့အိပ်စက်ခြင်းတွေက သူနဲ့အတူပါသွားသလိုပါဘဲ။
နောက်ရက်တော့ ထုံးစံအတိုင်းကျမကို အလုပ်သွားဘို့လာခေါ်ပါတယ်။
ဒါပေမယ့် ခါတိုင်းလမ်းကမဟုတ်ဘဲ တောင်ဘက်ကိုထွက် ရှမ်းလေးကျွန်းဘက်ကိုသွားပါတယ်။
ရှမ်းလေးကျွန်းရဲ့မြောက်ဘက် လက်ပန်ပင်ကြီးတွေအောက်ကိုရောက်တော့
“မမနွယ်ရေ………………………”လို့အစချီပြီး သူ့ရဲ့ ပုရစ်မလို့ချစ်စနိုးခေါ်တဲ့ နဒီအကြောင်းတွေပြောပါတော့တယ်။
ကျမသူပြောတာကိုသေသေချာချာနားထောင်ပေးပါတယ်။စိတ်မကောင်းခြင်းများစွာနဲ့ပေါ့။
သူကိုစိတ်နာစရာအကြောင်းလဲမရှိ။
ကျမနဲ့မတိုင်မီ က ဖြစ်ခဲ့တဲ့အဖြစ်အပျက်အတွက်ဘာခံစားချက်မှ ကျမ မှာမရှိတာအမှန်။
အခုမှ သူနဲ့ဝေးကွာသွားမှာကို ကျမပိုစိုးရိမ်မိလာသလို ဆုံးရူံးရမှာကို ပိုကြောက်နေသလိုခံစားရပါတယ်။
သေချာတာကတော့ ကျမသူ့ကို အရမ်းကို ချစ်မိနေတယ်ဆိုတာပါဘဲ။
ဒါပေမယ့် သူကို ကျမ မစွန့်လွှတ်နိုင်ပေမယ့် သိမ်းပိုက်ချင်လို့လဲမရနိုင်ပြန်ပါဘူး။
ဒီပွဲမှာ သူ့ဆုံးဖြတ်ချက်က အဓိကဖြစ်နေပါပြီ။
သူဆုံးဖြတ်တာကို နာခံလို့လက်ခံရုံကလွဲပြီးဘာမှမရှိ။
နောက်နှစ်ရက်မှာ သူအဖြေပေးဘို့ချိန်းထားပါသတဲ့။
သူ့မှာလဲ မထင်မှတ်ဘဲဖြစ်လာတဲ့အဖြစ်အပျက်တွေက ဘယ်လိုဆုံးဖြတ်ရမှန်းမသိအောင်ပါဘဲတဲ့။
ဒါပေမယ့် အဖြေပေးရမယ့်ရက် မနက်ဆယ်နာရီကျော်လို့မှာ သူရောက်မလာခဲ့ရင်သူ့ကိုခွင့်လွှတ်ဘို့ရယ်
မောင်နှမလိုသာ သဘောထားကြဘို့ရယ်ပြောနေချိန်မှာတော့
သူနဲ့ကျမကြားမှာ………………………………..
မြူတွေဘဲ ရုတ်တရက်ကြီး ကျလာသလို၊
ကျမမြင်ကွင်း ရှေ့ကနေ အဝေးကြီးကို ဘဲ သူလွင့်ပါသွားသလိုခံစားရပါတယ်။
လောကကြီးရဲ့တစ်ဖက်စောင်းနင်း သတ်မှတ်ချက်အရ မိန်းမသားဆိုတာအဆုံးဖြတ်ပေးခံရသူ
လူတန်းစားဆိုတော့ စောင့်နေရုံကလွဲပြီး……………………………………………….
****** ****** ****** ****** ***** ****** ****** ******
“နဒီ”
ကျမ မောင်နဲ့တွေ့ပြီးပြန်လာတဲ့နေ့က အိ်ပ်ယာထဲဝင်ပြီ း ငိုမိပါတယ်။
ကျမဘက်ကမှားတာကတော့ သူ့ကို အသိမပေးခဲ့တာပါဘဲ။
အသိမပေးဘူးဆိုတာကလဲ “ကျမ စိတ်ထဲမှာမျှော်လင့်သလိုဖြစ်မလာခဲ့ရင်”
ဆိုတဲ့ အတွေးလေးက ကျမရင်ထဲရောက်နေလို့ပါဘဲ။
မအောင်မြင်ခဲ့ရင် စကားဘဲအဖတ်တင်နေမှာတော့ ရှက်ပါတယ်။
သူ့အံ့ဩသွားအောင်လုပ်ချင်တာရယ် ကြိုတင်ပြောလေ့မရှိတဲ့ကျမရဲ့စရိုက်ရယ်ကြောင့်ပါ။
နောက် အေးအေးနေတတ်တဲ့မောင့်တစ်ယောက်ကျမအပြင်နောက်တစ်ယောက်တော့
မရှာလောက်ဘူးဆို လျှော့တွက်မိတာလဲပါ ပါမယ်။
နောက်မောင့်ကို ကျမ အဝေးကိုသွားအလုပ်လုပ်တဲ့အကြောင်းမတိုင်ပင်တာက
သူသိရင်သေချာပေါက်ဖျက်မှာဘဲလို့ ယုံကြည်ထားမိလို့ပါ။
ကျမက မိန်းကလေးပေမယ့် ဘယ်နေရာမဆို အရှုံးမပေးချင်တဲ့စိတ်က ကြီးတော့
ဘာလုပ်လုပ် ဇွဲကြီးကြီး နဲ့လုပ်လေ့ရှိပါတယ်။
ဒါကလဲ ဘဝပေးအသိလို့ဆိုနိုင်ပါတယ်။
သဘောကောင်းတဲ့မိဘတွေလက်ထက်မှာသူများနှပ်ချသမျှ ခံရ၊
အနိုင်ကျင့်ခံခဲ့ရတော့ကျမတို့မိသားစု ရသင့်တာတွေဆုံးရှုံးခဲ့ရပါတယ်။
ကျမကတော့ ပျော့ညံ့စိတ်ကြောင့်ဆုံးရှုံးရတာဆိုတဲ့အသိကြောင့်ကျမစိတ်ဓါတ်ကို
မာကျောအောင်မွေးမြူခဲ့မိတာတော့ အမှန်ပါဘဲ။
မောင်နဲ့အတူလုပ်ငန်းခွင်မှာရှိနေတုန်းမှာလဲ မောင်က အနိုင်ကျင့်တာ လူပါးဝတာကို
သည်းညည်းခံနိုင်ပေမယ့် မောင့်ကိုယ်စားကျမက ဝင်ပြီး စစ်ခင်းရတာလဲအကြိမ်ပေါင်းများစွာ။
လိုချင်တာရဘို့ မနေမနားမရမချင်းကြိုးပမ်းခဲ့ရတွေကလဲ အခါခါ။
“ပုရစ်မရယ် နင့်ကြည့်ရတာ မောလိုက်တာ။
ဘာဖြစ်ဖြစ်အေးအေးဆေးဆေးရင်ဆိုင်စမ်းပါ။
စိတ်လျှော့ထားစမ်းပါဟာ။”
ကျမမောင်နဲ့ဝေးစဉ်မှာလဲ အင်မတန်စိတ်ကျဉ်းကျပ်ခဲ့ရတာလဲအမှန်။
ငွေပေါပေါသုံးဖြုန်း၊မိန်းမဆိုတာကို ကျောက်ခဲတစ်လုံးလောက်မှ တန်ဘိုးမထားကြတဲ့
ပါတ်ဝန်းကျင်ကြီးထဲမှာ မထိ မငြိအောင်ကြိုးပမ်းရင်းငွေရှာခဲ့ရတဲ့အချိန်တွေကလည်းပြန်
တောင်မတွေးချင်စရာ။
တစ်ခါတစ်ခါ သူများရပ်ရွာမှာ အခက်အခဲတွေနဲ့ဆုံတို်င်း၊
နေမကောင်းထို်င်မသာရှိချိန်မှာ ပြုစုယုယမယ့်သူမရှိလို့ ကိုယ့်ဘာသာကိုယ်အားတင်းနေရတဲ့အခါတိုင်း၊
ပါးစပ်လေးနဲ့ငွေရှာတဲ့သူ လူလည်းခေါ်ရင်ရမှာဘဲဆိုတဲ့အတွေးနဲ့ မာနနဲ့သိက္ခာကိုရိုက်အချိုးခံရတဲ့အခါတိုင်း၊
ကိုယ့်လုပ်သလောက်ကိုယ်ထဲမရောက်ဘဲ ခေါင်းပုံအဖြန်ခံရတဲ့အခါတို်င်း၊
ဒီအသိုင်းအဝိုင်းကြီးကိုစွန့်ခွာပြေးချင်စိတ်တွေပေါက်တဲ့အခါတိုင်း
ပုံလဲနေတဲ့စိတ်ဓါတ်တွေကို
“မောင်နဲ့နီးရအောင် “ဆိုတဲ့မဟာမျှော်လင့်ချက်တွေနဲ့တွန်းအားပေးလို့မောင်းနှင်ခဲ့ရတာပါ။
ဟိုမှာတုံးကကျမနဲ့တစ်ခန်းထဲနေတဲ့ “ရွှေအိ”ကတော့
“နဒီရယ် နင်ကသာ ဒီမှာအပင်ပန်းတွေခံနေတယ် နင့်ကဘာမှလဲပြောမထားဘူးဆိုတော့
နင့်လူက နင့်ကိုစောင့်ပါ့မလား။
ယောက်ျားဆိုတာ အဲလောက်စိတ်ရှည့်တဲ့အမျိုးထဲ မပါလောက်ဘူးနော်”
အခုတော့ “ရွှေအိ” ဟောချက်တွေက ကွက်တိပါဘဲ။
မောင်ပြောသလိုဘဲ ပြန်ပြောလိုက်မိပါတယ်။
“ ကဲ အခုဘယ်လိုလုပ်မလဲ………………”
ဘယ်လိုမှလုပ်စရာမလိုသလို ဘာမှလဲလုပ်မရဘူးလို့ဘဲတွက်မိပါတယ်။
ကျမက ဖွင့်မပြောတာမှားခဲ့တယ်။
သူကလဲစောင့်နေမယ်ဆိုတဲ့အတွေးမျိုးမရှိခဲ့ဘူး။
အဲဒီအချိန်နောက်လူဝင်လာတော့ပွဲပြီးပေါ့။
အရှင်းဆုံးပြောရရင် ကျမဘဝမှာစွန့်လွှတ်ခဲ့ရတာတွေများတော့
ထူးပြီး ခံစားရတော့မယ်မထင်ပါဘူး။
ကိုယ့်ကို မကြင်နာသူအတွက် ဝမ်းနည်းနေတဲ့လူစားထဲမှာတော့ ကျမမပါဘူး။
တကယ်လို့မောင့်မှာသာ နောက်ထပ်ချစ်ရသူ မရှိဘူးဆိုရင် မောင့်ကို ကျမရအောင်ယူချင်ယူမယ်။
အခုလိုမောင့်ဘက်မှာ ငဲ့ကွက်စရာရှိနေချိန်မှာတော့ သူ့အလိုအတိုင်းရှိပါစေလို့တွေးမိပါတယ်။
အပြိုင်အဆိုင်လုယက်ယူရလောက်အောင်လဲလောကကြီးမှာ ယောက်ျားမရှားသေးဘူးလို့တွေးမိပါတယ်။
ဒါပေမယ့်မောင်ကသာ ကျမကို လက်တွဲမယ်ဆိုရင်ကျမဘက်က အဆင်သင့်ပါဘဲ။
အရိုးဆုံးစကားနဲ့ပြောရရင် မောင့်ကိုကျမချစ်တယ်လေ။
မောင်နဲ့တွေ့တဲ့နေ့က ပြောသွားတဲ့စကားတစ်ခွန်းအတွက် ကျမမှာ ဂုဏ်ယူရမှာလား
ဝမ်းနည်းရမှာလားတောင် မသိနိုင်အောင်ပါဘဲ၊
“ပုရစ်မရာ နင်က ဘယ်လိုအခြေအနေရောက်ရောက်
ဖောက်ထွက်နို်င်သလိုခံနိုင်ရည်လဲရှိပါတယ်။
နောက်နင့်မှာ အမျိုးအဆွေတွေကအများကြီး။
မမနွယ်ဘဝမှာက သူ့ဒေါ်လေးရယ် ငါရယ်ဘဲရှိတာလေ”
ဖဲစကားနဲ့ပြောရင်တော့ အမြင်မှာတင်ကျမကရှုံးနေသလိုပါဘဲ။
ကျမဘက်က မှောက်ထားတဲ့ဖဲတစ်ချပ်ဘဲအားကိုးစရာရှိသလိုပါဘဲ။
ဘယ်လိုဘဲဖြစ်ဖြစ် မောင့်ဆီက ပေးလာမယ့်အဖြေကိုတော့သိချင်ပါသေးတယ်။
ဒါပေမယ့် သူ့ရှေ့မှာ ကျမ မပြိုလဲချင် မကျဆုံးချင်ဘူး။
ခံနိုင်ရည်လဲရှိမယ်မထင်ဘူး။
ဒါကြောင့် မောင် အဆုံးအဖြတ်ပေးမယ့်ရက်မှာ မောင်နဲ့လက်ထပ်ပြီးရင်အတူနေမယ်
ဆိုတဲ့ တိုက်ခန်းလေးကဘဲစောင့်မယ်လို့ ပြောထားပြီးသားပါ။
ဆယ်နာရီထိုးအထိစောင့်မယ်။
ဆယ်နာရီကျော်လို့မှ မောင်ရောက်မလာရင် ကျမကို မောင်ငြင်းပယ်တယ်လို့ဘဲ
သတ်မှတ်ရမှာပါ။
ကဲ အဲဒီနေ့မရောက်ခင်အထိတော့ စိက်ပျက်စရာ
နှိပ်စက်လာမယ့် အတွေးတွေထဲမှာနေလိုက်အုံးပေါ့နော်…………………။
&&&&&&&&&&& &&&& &&&&&&&&&&&&&&&& &&&&&&&&&&&&&&
“မင်းဇော်ဟန်”
ဒီတစ်ခါတော့ ကျနော့်ဘဝကိုအတော်လေးကိုစိတ်ကုန်မိတယ်။
နာမယ်မှာသာ ဟန် ပါနေတယ် ဘဝမှာကြုံတွေ့ရတာကိုတော့ မဟန်ဘူးလို့ဆိုရမှာပါဘဲ။
ငယ်ငယ်တုန်းက ဘုရားပွဲမှာ ခြားရဟတ်စီးရသလို မြင့်သွားလိုက်နိမ့်သွားလိုက်။
ဟိုးကလေးဘဝထဲက မပူမပင်နေခဲ့ရတယ်။
ပြည့်စုံတယ်လို့ မဆိုနိုင်ပေမယ့် မချို့မတဲ့တော့နေခဲ့ရတယ်။
ငယ်ကထည်းက အဖေဆိုတာ ပေါ်လာလိုက်ပျောက်သွားလိုက်။
အဖေအိမ်မှာရှိနေတယ်ဆိုရင် အသွေးတူအမွေးတူ တဲ့လူတွေနဲ့တရုန်းရုန်း။
စကားပြောကြပြန်ရင်လဲ ဟန်ချီမာန်ချီ အားရပါးရ။
ဟော ပျောက်သွားပြန်ပြီဆိုရင်လဲတစ်ယောက်မှပေါ်မလာကြ။
အဒေါ်တွေဆင်ပေးတာဝတ်ကျွေးတာကိုစား ကျောင်းတက်လို့ဘဝကိုဖြတ်သန်းလာခဲ့ပါတယ်။
အဒေါ်တွေနဲ့နေရတဲ့ ဘဝမှာ ဆူပူမာန်မဲတာ မရှိသလို နှစ်သိမ့်ယုယတယ်ဆိုတာလဲမရှိ။
ကျောင်းနေစဉ်ကာလမှာလဲ မနက်အဆင်သင့်ထုတ်ပေးတဲ့ထမင်းချိိုင့်ယူကျောင်းသွား
ဘာမှပူပင်စရာမရှိ။
အဒေါ်တွေမှာတတ်တာကတော့ တစ်ခွန်းထဲ။
“နင့်အဖေလိုတော့ အရူးမထနဲ့”
သိတတ်တဲ့အရွယ်မှာတော့ရွယ်တူသူငယ်ချင်းတွေမှာ မိနဲ့ဘနဲ့သို်က်သိုက်ဝန်းဝန်းမြင်ရရင်၊
သူငယ်ချင်းတွေအိမ်အလည်သွားလို့ သူတို့မိဘတွေက “သား”လို့များကိုယ့်ကိုခေါ်လိုက်ရင်
မျက်ရည်ဝဲချင်မိပါတယ်။
ဒါပေမယ့်မရမှန်းသိနို်င်မှန်းသိနေတော့လဲ မေ့ပျောက်ထားနိုင်ခဲ့တာပေါ့။
ဆယ်တန်းအောင်တော့အဒေါ်တွေလုပ်စာကိုထိုင်မစားချင်တော့ အဝေးသင်တက်ရင်းအလုပ်
လုပ်ပါတယ်။
လုပ်ငန်းခွင်ထဲရောက်တော့လဲ တစ်ခါတစ်ခါ ကျနော်ရဲ့အားနာတတ်တာကို
အတယ်ထင်လို့ အနို်င်ယူချင်သူများကို တွေ့ပေမယ့် ကျနော်ကတော့ အေးဆေး။
ကြားထဲက မအေးဆေးနိုင်တာကတော့ “ပုရစ်မ”။
အိမ်ချင်းနီးတော့အတူသွားအတူပြန်ကြတဲ့သူပေါ့။
မျက်လုံးပြူးပြူး ကိုယ်နေဟန်ခပ်ပါးပါး သွက်တဲ့စွာတဲ့နေရာတော့လက်ဖျားခါ။
ဘာမဆိုသူ ကျနော့်ဘက်ကရပ်တည်သလို မခံချင်စိတ်ကလဲအရမ်းများပါတယ်။
မြင့်ရာကျနေပြုတ်ကျလာတော့ အမြင့်ပြန်တက်ချင်တဲ့စိတ်က သူ့ကိုဖုံးလွှမ်းလို့နေပါတယ်။
ဒီတော့လဲသူကြည့်ရတာ စိတ်မအားလူမအား မောလှပါတယ်။
သူ ဒီပြင်လူနဲ့ မာမာကျောကျောဆက်ဆံပေမယ့် ကျနော့်နဲ့ဆိုရင်တော့ သိမ်မွေ့နူးညံ့တာကတော့မယုံနို်င်စရာ။
ချစ်ခင်ယုယမူ့ဆိုတာ မဆိုင်သလိုနေခဲ့ရတဲ့ဘဝမှာသူ့နဲ့တွေ့တော့ ကျနော့်ဘဝမှာအပြောင်းအလဲ
တွေဖြစ်လာပါတယ်။
သူနဲ့ချစ်သူတွေဖြစ်လို့လက်ထပ်ဘို့ထိ စိတ်ကူးအိပ်မက်တွေ တည်ဆောက်ခဲ့ကြပါတယ်။
ဒါပေမယ့် တစ်ရက်မှာတော့ သူကျနော်ဘဝထဲက အပြီးထွက်သွားခဲ့ပါတယ်။
သူ့အိမ်ကိုမေးတော့လဲ မသိ။
သူငယ်ချင်းတွေမေးတော့လဲအဖြေမရှိ။
နည်းနည်းလေးသိလာတာကတော့ ကျနော်အဒေါ်နဲ့သူ တွေ့ပြီးစကားတွေအခြေအတင်ဖြစ်တယ်ဆိုတာပါဘဲ။
ခွဲခွာစကတော့ မနေတတ်မထို်င်တတ်။
နောက်မကြာခင်ကျနော်လဲ လုပ်ငန်းအသစ်တစ်ခုကိုပြောင်းပြီးအလုပ်လုပ်တော့
ဘဝအသစ်တစ်ခုမှာကျင်လည်စီးမြောရင်း သူ့ကိုလဲမေ့သလိုဖြစ်နေချိန်မှာ
မမနွယ်နဲ့ဆုံဆည်းခဲ့ရတာပါ။
အေးအေးငြိမ်ငြိမ်ဖြစ်နေပြီ မမနွယ်ကို လက်ထပ်ခွင့်တောင်းမယ်လို့ဆုံးဖြတ်ပြီးချိန်မှ
သူက မထင်မှတ်ဘဲပေါ်လာခဲ့။
ကျနော်မှာ့ တကယ့်အခက်အခဲ။
ဒါပေမယ့်ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့်အချိန်တော့ရောက်လာပြီ။
ဒီနေ့မနက် ဘုန်းကြီးကျောင်းတုန်းမောင်းခေါက်ကတည်းက ကျနော်နိုးနေပါတယ်။
တစ်ဖက်ဖက်ကို အတိအကျရပ်ရတော့မယ့်နေ့တော့ရောက်လာပါပြီ။
ကျနော့်မှာစာမေးပွဲဖြေခါနီးကျောင်းသားလို ခေါင်းထဲမှာဘာမှစဥ်းစားလို့မရတော့သလို။
မနက်ရှစ်နာရိထိုးတော့အိမ်ကထွက် ဗားကရာကွေ့နားက လက်ဖက်ရည်ဆိုင်မှာ
ငေါင်တောင်တောင်နဲ့ထိုင်နေမိပါတယ်။
ကိုးနာရီခွဲတော့ကျနော် လက်ဖက်ရည်ဆိုင်ကထွက်လာပါတယ်။
အခုအချိန်ထိ ကျနော်မှာအဖြေမရှိသေးပါဘူး။
ဒါနဲ့ဘဲ ကပ်ကျော်ဘုရားဘေးနားကလမ်းအတိုင်း တက်သိမ်းအင်းကိုယှဉ်ပြီးဖောက်ထားတဲ့လမ်းအတိုင်း ဆိုင်ကယ်စီးလာခဲ့ပါတယ်။
ခဏနေတော့ လမ်းဆုံကိုရောက်လာပါတယ်။
မြောက်ဘက်ကို တည့်တည့် ဆက်ပြီးအပေါ်လမ်းက သွားမယ်ဆိုရင် ပုရစ်မ စောင့်နေတဲ့ ကန်ပါတ်လမ်းက ဧရာထွန်းတိုက်ခန်း။
လမ်းအောက်ဘက်ဆင်း တက်သိမ်းအင်းဘေးမှာဖောက်ထားတဲ့လမ်းအတိုင်း
မြောက်ဘက်ကိုသွားမယ်ဆိုရင် မမနွယ်တို့ရဲ့အိမ်။
ကျနော်လမ်းဆုံမှာတော့ရောက်နေပါပြီ။
ဆယ်နာရီထိုးဘို့ဆယ့်ငါးမိနစ်ဘဲလိုပါတော့တယ်။
ဒါပေမယ့်…………………………………………..
(ပြီးပါပြီ)
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
(29-11-2011)
18 comments
အေမီ
November 29, 2011 at 6:29 pm
ဟာ!! …………………အမျှော်လင့်ကြီး မျှော်လင့်ထားတာ အန်ကယ်ပေါက်ရာ
ဘာဖြစ်မလဲ…ဘာဖြစ်မလဲနဲ့ ဖတ်လိုက်ရတာ….ဘာမှာလဲ…”အဖြေ”…….
ကိုပေါက်(မန္တလေး)
November 29, 2011 at 6:33 pm
စနစ်သစ်ခေတ်သစ်နို်င်ငံတော်သစ်မှာ ဒီမိုကရေစီကျကျ
အများသဘောတူတဲ့လူနဲ့ပေးစားမှာ။
ကိုယ်ကြိုက်သလိုဇာတ်သိမ်းလို့ရတယ်လေ။
ဖွင့်ပေးထားတာ။
windtalker
November 29, 2011 at 6:36 pm
ကျုပ်ဆိုရင်တော့
နှစ်ယောက်စလုံးကို အရင်ယူမယ်
ပြီးမှ…
နောက်တစ်ယောက် ထပ်ရှာမယ်
ဟီဟိ
king
November 29, 2011 at 7:19 pm
ကပေ့
ခင်ဗျား တစ်ယောက်တည်းနိုင်ပါ့မလား ….
ဆာဂီတို့နိုင်ပေါင်းမိပြီး အစွမ်းတွေ အရမ်းထက်နေပါ့လား
ဆီမာဆက် တောင် မရတော့ဘူးပေါ့ …. 😀
koyinmaung
November 29, 2011 at 7:59 pm
ဆရာပေါက်ကတော့လုပ်ချလိုက်ပြန်ပြီ
ကိုယ်ရေးတဲ့ဇာတ်လမ်းကိုယ်ကိုတိုင်သိမ်းမှပေါ့
တန်းလမ်းကြီးမထားခဲ့နဲ့လေ
ဆုံးဖြတ်ဘို့ခက်နေယင်လဲကိုပေပြောသလိုနှစ်ယောက်လုံးသာယူလိုက်တော့ဗျို….ဟားဟားဟား
ကိုပေါက်(မန္တလေး)
November 29, 2011 at 9:56 pm
တင်ပြီးမှကျန်သွားတာဗျာ
ဆိုင်ကယ်ကို တောင်ဘက်လှည့်ပြိးစစ်ကိုင်းဘက်သွား ဘုန်းကြီးဝတ်ရင်လဲရတယ်ဆိုတာ။
E.T
November 30, 2011 at 8:51 am
ဖတ်နေတဲ့ စာဖတ်ပရိသတ်ကို ကလိကလိဖြစ်အောင် လုပ်သွားတယ်။ အဲဒါကြောင့် ဒီပိုစ့်ဖတ်တဲ့သူအားလုံးကို တစ်ဝိုင်းပြုစုရမယ် 😀
MaMa
November 30, 2011 at 9:03 am
မန္တလေးမြို့ကွက်ကို မျက်စိထဲ မမြင်တော့ ကိုပေါက်လမ်းဖွင့်ပေးမှပဲ သိတော့တယ်။ အဲလိုသာဆိုရင် စစ်ကိုင်းဘက်သွားပြီး ဘုန်းကြီးဝတ်ခိုင်းလိုက်မယ်။ 😀
ကြောင်လတ်
November 30, 2011 at 12:15 am
ရှေးစာဆိုပညာရှိကြီးတွေ ရတုရေးဖွဲ့တဲ့အခါမှာ ပိုဒ်စုံ ရတု၊ အဖြည့်ခံရတုဆိုပြီးရှိခဲ့တယ်၊
မိမိကြိုက်သလို ဖြည်းထည့်ပေးနိုင်တဲ့အဖြည့်ခံရတုကို အတုခိုးပြီး နှောင်းခေတ်စာဆို ပညာရှိ ကိုပေါက်က အဖြည့်ခံဝတ္ထုကိုရေးဖွဲ့ထားပါတယ်။ ရွာသူားများက မိမိကြိုက်နှစ်သက်သလို အဆုံးသတ်အပိုဒ်ကိုရေးဖွဲ့ ကြဖို့ ကိုပေါက်ကရည်ရွယ်ထားတယ်လို့ထင်မြင်ပါတယ်၊ရွာသူားများကအဆုံးသတ်အပိုဒ်ကိုမိမိသဘောကျ ေ ရးဖွဲ့ကြပါလို့ ကိုပေါက်ကိုယ်စား ကျနော်က တိုက်တွန်းချင်ပါတယ်။
(ကိုပေါက်ရေကျနော်မှားရင်ခွင့်လွှတ်နော်)
ကိုပေါက်(မန္တလေး)
November 30, 2011 at 9:10 am
မှန်ပါ့ ကိုကြောင်လတ်ရေ
ကြောင်ကြီး
November 30, 2011 at 11:23 am
သမီးသဘော
သမောသဘီး
ငှက်ပျောသီး
အပြောကြီး
ဒေါကီး
တောမီး…..
inz@ghi
November 30, 2011 at 11:33 am
စာရေးဆြာက ကော့မန့်တွေကိုကြည့်ပြီး ဇာတ်သိမ်းပေးမယ်လို့
ဆိုထားလေတော့ မန့်မယ်ဗျာ …. လေးပေါက်ရေ မန့်ပီဗျနော……
Romeo & Juliet အစ Liang Shanbo (梁山伯) and Zhu Yingtai (祝英台) အလယ်
လိုခယ်လ်က ရှင်မွေ့နွန်း မင်းနန္ဒာ အဆုံး Classic ဖြစ်တာ ဂန့်လို့ ခဗျ
ဇာတ်လမ်းအတွဲလိုက်ရိုက်လာပြီးမှ နောက်ဆုံး ဇာတ်လိုက်သေမပေးလို့
ကလပ်စစ်ကယ်လ် မဖြစ်ဘဲ ဖွယ်တယ်တယ် ဖြစ်သွားတဲ့ ဟိုမှော်ဆြာလေး(ရွာထဲမှ မှော်ဆြာ မဟုတ်ပါ)
ဇာတ်ကို သင်ခန်းစာယူဗျို့ …သည်တော့ စာရေးဆြာ စိတ်ကြိုက် အတွဲကိုတွဲပြီး အဲ့အတွဲ ကို သတ်ပစ်လိုက်ဗျာ …
😀
chitlay
November 30, 2011 at 3:01 pm
လမ်းဆုံမှာ ဝေခွဲမရစွာနဲ့ ဟိုဘက်သွားရမလိုလို ဒီဘက်သွားရမလိုလိုနဲ့ ဖြစ်နေတုန်း မျက်နှာချင်းဆိုင် လမ်းမကြီးဘက်မှ စည်းကမ်းမဲ့စွာ အရှိန်ရှိန်ပြင်းပြင်းနှင့်မောင်းလာသော ကားတစ်စီး ဘရိတ်ပေါက်သွား၍ ဒီဘက်လမ်းမဘက်သို့ ကျွံ့ဝင်လာကာ မင်းဇော်ဟန်၏ ဆိုင်ကယ်လေးအား ဝင်တိုက်မိ၍ နေရာမှာတင် ပွဲချင်းပြီးသွားပါကြောင်း ……..။ (ဟိဟိ ဘယ်သူနဲ့ ပေးစားရမှန်းမသိတာနဲ့ သေခိုင်းလိုက်တာ အေးရော) 🙂
chitlay
November 30, 2011 at 3:05 pm
တင်ဇာနွယ်
ဪ …. သူ ငါ့ဆီမလာတော့ပါလား…။ အင်းပေါ့လေ ငါက နောက်မှပေါ်လာတဲ့ နောက်လူပဲလေ … သူ့ရဲ့အရင်ချစ်သူကို ဘယ်ပြတ်နိုင်ပါ့မလဲနော် …။ ဘာပဲဖြစ်ဖြစ်ပါ သူဘယ်သူ့ကိုပဲ ရွေးချယ်ရွေးချယ်ပါ ငါကတော့ သူ့အပေါ်ကို မေတ္တာမပြတ်ပါဘူး …။
နဒီ
ဟင် …. ၁၁ နာရီတောင်ကျော်သွားပါပေါ့လား ..။ မောင် ပုရစ်မဆီကို မလာတော့ဘူးထင်တယ် ..။ မောင်ရယ် ရက်စက်လိုက်တာ …. ဒီလိုမှန်းသိရင် အစကတည်းက မောင့်ကိုပြောပြီး မောင့်ဆီမှာ ခွင့်တောင်းပြီးမှ ပုရစ်မ တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်ဖို့ သွားပါတယ် …။ ဘာပဲဖြစ်ဖြစ် မောင်တစ်ယောက် ပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ် …။
Arkar11
November 30, 2011 at 5:29 pm
………..ဘယ်လမ်းကြောင်းကိုရွေးရမှန်းမသိသေး….ဆိုင်ကယ်ကလမ်းဆုံမှာရပ်ထားတုန်း…..
ကံကြမ္မာက ပြတ်သားစွာ ဆုံးဖြတ်ပေးလေပြီ…….
တီ…. တီ…. တီ ….. တီ:……
…. ကျွိ……………..ဝုန်း….
….ခနအတွင်းမှာ လောကကြီး တစ်ခုလုံး ခြာခြာလည်သွားသလို ခံစားလိုက်ရတယ်….
.. အမြင်တွေကလည်း ဝိုးတဝါး….ကျနော့်ထံသို့ပြေးလာနေသောခြေလှမ်းများ….မနီးမဝေးမှာ
လဲကျတဲ့ကျနော့်ရဲ့ဆိုင်ကယ်….ဘာတွေဖြစ်ကုန်ပြီလဲမသိ…လမ်းပေါ်မှာ လဲနေတာတော့သိတယ်…
ထဖို့ကြိုးစားကြည့်တော့လည်း ထလို့မရ….ဒီလူ လမ်းဆုံမှာ ရပ်ပြီးဘာလုပ်နေလဲမသိဘူး. .နောက်ကကားကြီးက အရှိန်မသတ်နိုင်တော့ တိုက်မိတာပေါ့…တဲ့…
ရပ်ကြည့်နေတဲ့လူတွေရဲ့ ပြောသံတော့ကြားနေရတယ်…
ဟာ ….ဒါဆို ကျနော်ကားတိုက်ခံရတာပေါ့…..အဲ့ဒီ့အသိလေးနဲ့အတူ အမြင်တွေကလည်း တဖြည်းဖြည်းမှောင်လာတယ်….ကျနော်ဒီလောကကနေ ထွက်သွားရတော့မှာလား….. စိတ်ထဲကနေပဲ နှုတ်ဆက်ခဲ့ပါတယ် နဒီ နဲ့ မမ တို့ရယ်………
ကိုပေါက်(မန္တလေး)
November 30, 2011 at 6:13 pm
အကောင်းဆုံးဇာတ်သိမ်းနို်င်သူကို ရွာသူကြီး ကိုခိုင်မှ သက်မွန်မြင့်ကို ဆုချသကဲ့သို့
ဆုပေးပါမည်လို့ သတင်းရထားပါသည်။
ရွာသူရွာသားများ ဇာတ်သိမ်းရေးပေးကြပါရန်။
ကြောင်ကြီး
December 1, 2011 at 10:04 am
လွယ်ပါဒယ်ဦးပေါက်
တယောက်ကို
ဒီဟာလုပ်
တယောက်ကို
ဟိုဟာလုပ်
ပြီးရင်ထပ်လုပ်
လုပ်ပြီးရင်လုပ်
အားကုန်ထုတ်
ထုတ်ပြီးရင်းထုတ်
ဆက်တိုက်ထုတ်
တထုတ်ထုတ်နဲ့
မော်တော်ခုတ်
ဘုတ်ဘုတ်ဘုတ်
အသက်ပြုတ်….။ 😀
ကိုပေါက်(မန္တလေး)
December 1, 2011 at 9:55 pm
တူတော်မောင်(ပြောင်းပြန်မရွတ်နဲ့နော် မြောက်ပေးသလိုဖြစ်သွားမယ်)တော့ လုပ်ချလိုက်ပြန်ပြီ။