သင်္ဘောသားရဲ့ ရှန်ဟိုင်းမြို့မှ ချစ်ဇာတ်လမ်းလေး အပိုင်း (၁)
ကျွန်တော်၏ ကိုယ်တွေ့အချစ်ဇာတ်လမ်းလေးတစ်ခုနှင့် အပျင်းပြေတင်ဆက်ပေးပါမည်။ ကျွန်တော် အလုပ်သင်အရာရှိဘဝ လွန်ခဲ့သော (၂၅)နှစ်ဝန်ကျင်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကြုံတွေ့ခဲ့ရသော သဲထိပ်ရင်ဖို အတွေ့အကြုံလေးဖြစ်ပါသည်။
ထိုစဉ်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် ယခုခေတ်ရှန်ဟိုင်းမြို့မှာ များစွာကွာခြားသွားပေပြီ။ ယခင်က တိုက်အမြင့်များမရှိသလို တိုက်ပုလေးများသာများသည်။ OLD BUILDING များဖြစ်သည်။ မိသားစုတစ်စုသည် ၁ဝပေပတ်လည်မျှရှိသော အခန်းကျဉ်းလေးထဲတွင် စုပြုံ၍နေရသည်။ ထိုစဉ်က မြို့ပြင်တွင် မြို့သစ်များ တည်ဆောက်ကာစဖြစ်ပြီး ၄ထပ်၊ ၆ထပ် တိုက်ခန်းများဖြင့် အစားထိုး၍ လူနေမှုအဆင့်အတန်း မြင့်မားရန် တည်ဆောက်ကာစ ဖြစ်သည်။ ကျွန်တော်လည်း သင်္ဘောရှန်ဟိုင်းမြို့တွင် သင်္ဘောဒေါက်တင်၍ တစ်လခန့် ရှန်ဟိုင်းမြို့တွင် နေရသဖြင့် DRY DOCK တွင် မနက်မှ ညနေအထိ အလုပ်လုပ်ပြီး ညနေ ၅နာရီခွဲ အလုပ်သိမ်း၊ ထမင်းစား၍ ၆နာရီခန့်တွင် ကမ်းဆင်းခွင့်ရပေသည်။ ထိုစဉ်က တရုတ်နိုင်ငံသည် တံခါးပိတ်စီးပွားရေး မူဝါဒအား မပြောင်းလဲသေးပဲ အချစ်ရေးနှင့် ပတ်သက်၍လည်း တရုတ်အမျိုးသမီးများအား နိုင်ငံခြားသားနှင့် ချစ်ကြိုက်ခွင့်မရှိအောင် မနာလိုဝန်တိုစွာဖြင့် တင်းကြပ်ထားချိန်ဖြစ်လေသည်။ ကမ်းဆင်းခွင့်အား ည ၁၂ နာရီ မထိုးခင် သင်္ဘောသို့အရောက်ပြန်ရသည်။ SHORE PASS ထုတ်ပေးထားပြီး SHOW LEAVE မှာ ည ၁၂နာရီ မတိုင်မီ သင်္ဘောပေါ်ပြန်ရောက်ရမည်။ ညအိပ်ညနေခွင့်မပြုပဲ Gangway တွင် တရုတ် လဝက အရာရှိများ အစောင့်ချထားပြီး မည်သူမည်သည့်အချိန်တွင် ကမ်းဆင်း၍ မည်သည့်အချိန်တွင် ပြန်ရောက်သည်ကို သေချာမှတ်သားထားလေသည်။
ည ၁၂နာရီထိုးပါက သင်္ဘောသားတစ်ဦးတစ်ယောက် အချိန်မီပြန်မရောက်ဘဲ ပျောက်နေလျှင် သင်္ဘောပေါ်တက်ရှာပြီး ရှာမတွေ့ပါက သင်္ဘော Captain အားတိုင်ကြားပြီး သက်ဆိုင်ရာ ၎င်းတို့ ဌာနာချုပ်သို့ သတင်းပို့ကာ ပြန်လာပါက အရေးယူရန် စောင့်ဆိုင်းနေပေသည်။ ပင်လယ်ပျော်တို့ သင်္ဘောကလည်း လူမျိုးစုံပါသည်။ ကပ္ပတိန်မှာ အင်္ဂလိပ်လူမျိုး၊ C/E က စင်ကာပူဖြစ်ပြီး ဂါနာကပ္ပလီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ စင်ကာပူ၊ မလေးစသော လူမျိုးပေါင်းစုံပါသည်။ လူအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ပြသနာလည်း စုံပေသည်။ တရုတ်ပြည်၏ ထူးခြားရင်ခုန်ချက်မှာ တရုတ်မလေးများ၏ စကားပြောသံ အလွန်သာယာလှသော်လည်း တရုတ်အမျိုးသားများ စကားပြောလျှင် ရန်ဖြစ်နေသည်ဟု ခံစားရပါသည်။
အဖြူသူကြီး (ကပ္ပတိန်) မှာလည်း အနောက်တိုင်းပီပီ ဘီယာကို ရေလိုသဘောထားသောက်သူ ဖြစ်သည်။ မနေ့ကပင် BOSUN နှင့် စက်ခန်းမှ အင်ဒိုလူမျိုး FITTER တို့ အရက်မူးပြီး မြို့တွင်း တစ်နေရာတွင်တရုတ်မကြီးနှစ်ဦး လမ်လျှောက်လာစဉ် စိတ်မထိန်းနိုင်ပဲမူးမူးနှင့် သူမတို့ ၂ ဦး၏ ရင်အုံအား ပြေးကိုင်လိုက်သဖြင့် ရဲမှဖမ်းဆီးကာ အချုပ်ခန်းရောက်နေသည်။ Capatain လည်း အရက်မူးမူးနှင့် ထိုပြသနာကို Agent အကူအညီဖြင့် ဖြေရှင်းနေဆဲဖြစ်သည်။ သင်္ဘောဒေါက်တင်နေ၍ ကံကောင်းသည်။ သင်္ဘောပိုင်ရှင်၏ မန်နေဂျာပါရှိသဖြင့် အချုပ်တွင် (၇)ရက်ခန့် နေပြီး ငွေလမ်းခင်း၍ လွတ်လာပြီး သင်္ဘောပေါ်တွင် ပြန်တင်ပေးလိုက်ကာ လဝက ကြီးကြပ်ရေးမှ ကမ်းဆင်းခွင့် ပိတ်လိုက်လေသည်။
ပင်လယ်ပျော်တို့မှာ ထိုစဉ်က တရုတ်နိုင်ငံ၌ DISCO CLUB များ ဖွင့်ခွင့်မရှိသေးပဲ စားသောက်ဆိုင်ကြီးများတွင် စင်တင်တေးဂီတနှင့် ၎င်းစားသောက်ဆိုင်ထဲ၌ပင် သီချင်းဖွင့်ထားပြီး စားပွဲများအလယ်တွင် ရှင်းထားသော ကွက်လပ်ရှိပြီး မူးပါက၎င်း၊ ဝါသနာပါလျှင် ၎င်း၊ လွတ်လပ်စွာကခုန်နိုင်သော အကြို DISCO CLUB များ၊ စားသောက်ဆိုင်ကြီးထဲတွင် ဖန်တီးပေးထားသည်။ ကျွန်တော်လည်း လူငယ်ဖြစ်သည့်အလျောက် အကအခုန်ဝါသနာပါရာ ထိုစဉ်က တရုတ်နိုင်ငံတွင် အလွန်ဈေးချိုသည်။ အစားအသောက်၊ ဘီယာ၊ အရက် အကုန်ဈေးချိုသည်။ ယခုလိုဈေးများမကြီးသေးပေ။ US$ ၅ဒေါ်လာဖြင့် အတော်ပင်ကဲလို့ရသည်။ ထိုစဉ်က တရုတ်နိုင်ငံအရာရှိတစ်ဦး ဝင်ငွေအားမေးကြည့်ရာ ယွမ် – ၉ဝ မျှသာရသည်။ US$18 မျှသာဖြစ်သည်။
ပင်လယ်ပျော်တို့လည်း နေ့လည်ကပင်ပန်းခဲ့သမျှ ဘီယာအဝသောက်ကာ တရုတ်ဟင်းလျာများဖြင့် မြည်း၍ အဆိုတော် တရုတ်မချောချောလေးများအား ငေးကြည့်ရင်း တရုတ်သီချင်းများကို နားမလည်သော်လည်း ခံစားနေရသည်။ ကျွန်တော့်အနေဖြင့် သီချင်းဆိုနေသော အဆိုသော တစ်ဦးဖြစ်သော “ယုန်ဝေလီ” အမည်ရှိတရုတ်မလေးအား မျက်စေ့ကျမိပြီး လူကလည်း မူးလာသဖြင့် သူသီချင်းဆိုရာ စင်မြင့်အနီးရှိ ကွက်လပ်တွင် လူအများ ယောက်ျားရော မိန်းမပါ ကနေကြပြီဖြစ်သဖြင့် ကျွန်တော်လည်း ထွက်၍ ((မြန်မာကွ)) ဆိုပြီး DISCO ထွက်ကတော့သည်။ ကျွန်တော်သည် ရုပ်ရည်လည်းရှိ၊ အရွယ်လည်းငယ်သဖြင့် ကကွက်တိုင်း တရုတ်များမမြင်ဖူးပဲ ဝိုင်း၍အံဩသင့်ကြည့်ရှူကာ လက်ခုတ်တီးအားပေး၍ ကျွန်တော်ကရန် နေရာဖယ် ပေးကြလေသည်။ မီးကုန်ယမ်းကုန်လွှတ်ကသဖြင့် အတော်မောပါသည်။
ထိုသို့ တတ်သလောက်မှတ်သလောက် ကရင်း “ယုန်ဝေလီ” နှင့် အကြိမ်ပေါင်းများစွာ မျက်လုံးချင်း စကားပြောဖြစ်ခဲ့ကြပါသည်။ မမျှော်လင့်ပဲ ပင်လယ်ပျော်လည်း ထိုစားသောက်ဆိုင်၌ DISCO DANCER ဖြစ်ကာ ပွဲတောင်းသူ တရုတ်ပရိသတ်များကြောင့် ဘီယာခွက်လက်မှကိုင်ရင်း အသားကုန်ကပြလေတော့သည်။ ည (၁၀)နာရီကျော်ကျော်တွင် ပင်လယ်ပျော်နှင့် သူငယ်ချင်းဖြစ်သူ နှစ်ဦး ထိုအဆိုတော်မလေး ယုန်ဝေလီ (ယုန်လေး) ထွက်လာရာကို စောင့်ကြည့်နေသည်။ ဟိုတယ်အပြင်ဖက် ထွက်လာသောအခါ ပင်လယ်ပျော်မှ တရုတ်-အင်္ဂလိပ် ဘာသာပြန်စာအုပ်အား ဖွင့်ကြည့်ပြီး တရုတ်လိုမိတ်ဆက်စကားပြောရာ ထိုစဉ်က တရုတ်နိုင်ငံတွင် နိုင်ငံခြားသားရှားပြီး နိုင်ငံခြားသားအား အထင်ကြီးလေ့ရှိချိန်ဖြစ်ရာ လွယ်ကူစွာပင် မိတ်ဖွဲ့နိုင်ခဲ့ပြီး စားသောက်ဆိုင်ငယ်လေးတွင် ထိုင်၍ စားရင်းစကားပြောဖြစ်ခဲ့သည်။ ပြောလျှင် ဝတ္ထုသုံးအုပ်တွဲလောက် ဇာတ်လမ်းရှိရာ လိုရင်းကို ဖြတ်ပြောပါမည်။ ဖြတ်ပြောရလျှင် ပင်လယ်ပျော်နှင့် ယုန်လေး ချစ်သူများဖြစ်ခဲ့သလို ပင်လယ်ပျော်သူငယ်ချင်း ပင်လယ်အော်ကလည်း လက်မနှေးပဲ ယုန်ဝေလီနှင့် သူငယ်ချင်းများဖြစ်ကြသည်။
ထိုစဉ်က တရုတ်နိုင်ငံသူနှင့် နိုင်ငံခြားသားလုံးဝချစ်ကြိုက်ခွင့်မရှိပဲ ထောင်ချသည်အထိ အရေးယူနိုင်ပြီး စောင့်ကြည့်နေသော ရပ်ကွက်မှ ပြည်သူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့များ၊ သတင်းပေးများ ရှိလေသည်။ ပင်လယ်ပျော်နှင့် ပင်လယ်အော်နှစ်ဦးလုံး အသားဖြူဖြူ ခပ်ဖြောင့်ဖြောင့်ဖြစ်ရာ တရုတ်များနှင့် ရော၍ရသော်လည်း ဝတ်စားဆင်ယင်မှုဖြင့် ကွဲပြားနေသဖြင့် နိုင်ငံခြားသားမှန်း သိသာနေသည်။ ထိုစဉ်က တရုတ်နိုင်ငံသည် ကွန်မြူနစ်စနစ်ဖြင့် အုပ်ချုပ်ရသဖြင့် တရုတ်အမျိုးသားအားလုံး အရောင်တူ ပုံပန်းမကျသော အပြာရောင် အကျီအပွများသာ ဝတ်ဆင်ကြသဖြင့် ပင်လယ်ပျော်တို့နှင့် ဒီဇိုင်းကွဲပြားနေလေသည်။ လူဦးရေကလည်း အရမ်းများသော မြို့တော်ကြီးဖြစ်ပြီး ညနေရုံးဆင်းချိန်တွင် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်ပါက သတိဖြင့် လူများကို ရှောင်၍ လျှောက်ရသည်။ တချက်ငေးကြည့်မိသဖြင့် လူလူချင်း တိုက်မိခြင်းဖြစ်ရလောက်အောင် လူဦးရေကများလွန်းပါသည်။ အဓိကပြောပြလိုသည်မှာ ထိုစဉ်က တရုတ်နိုင်ငံသား အိမ်ထောင်ရှင်များ၏ ပြသနာဖြစ်သည်။ အထက်ကပြောပြခဲ့သလို ၁ဝပေ ပတ်လည်အခန်းကျဉ်းလေးထဲတွင် မိသားစုအတူတူ အိပ်ရသဖြင့် ဇနီးမောင်နှံတို့အတွက် မလွတ်မလပ်ဖြစ်သဖြင့် သက်ဆိုင်ရာ မြို့တော်ဝန်မှ ကြီးမားသော ပန်းခြံကြီးကို ဆောက်ထားကာ ညနေစောင်းမတိုင်မီကတည်းက အဆိုပါ ပန်းခြံကြီးထဲတွင် အိပ်ရာလိပ်ဖြင့်၊ ဖျာလိပ်ဖြင့် လည်ကောင်း၊ ခြုံကောင်းကောင်း၊ သစ်ပင်ကြီးများကြား နေရာဦးကြရသည်။ ထိုပန်းခြံထဲသို့ စုံတွဲများသာ ဝင်ခွင့်ရှိပြီး ကလေးနှင့် ယောက်ျား၊ မိန်းမတစ်ဦးချင်းစီ၊ မိသားစုအား ဝင်ခွင့်မပြုချေ။ ကျွန်တော်လည်း မလုပ်ဖူးတာ မရှိဖူးလေအောင် ထိုပန်းခြံကြီးအား စိတ်ဝင်စားကာ ဝင်ကြည့်ခြင်းဖြစ်သည်။ ကျွန်တော့် ချစ်သူမှာ တရုတ်နိုင်ငံ အနုပညာရှင်အသင်းအဖွဲ့ဝင်ဖြစ်ပြီး အဆိုတော်များအားလုံး နိုင်ငံ၏ အနုပညာရှင်အဖွဲ့ဝင် မှတ်ပုံတင်ပြီးမှ သီချင်းဆိုခွင့်ရှိသော ခေတ်ဖြစ်ရာ နေ့ခင်းတွင် သိပ်မအားပေ။ ညဖက်လည်း ၁ဝနာရီနောက်ပိုင်းမှ တွေ့ခွင့်ရပေသည်။ ကျွန်တော်သည် ည ၁၂နာရီမထိုးခင် သင်္ဘောပေါ်အရောက်ပြန်ရပေသည်။ GANGWAY မှ ကြက်တူရွေးဟု အမည်ပေးထားသော တရုတ်ရဲနှစ်ဦးက (အစိမ်းရောင်ယူနီဖောင်းအမြဲဝတ်ထားသောကြောင့်) အမြဲစောင့်ပြီး ပြသနာရှာနေ၍ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်လည်း BUTTER FLY လုပ်ရန် ဆုံးဖြတ်ထားပြီး ပန်းခြံထဲ အတွဲဖြင့်ဝင်ရန် နောက်ထပ်ရည်းစားတစ်ယောက်အတွဲအမြန်ရှာရာ SHANHAI BRIDGE ပေါ်တွင် ခပ်ချောချော၊ တရုတ်မလေးအား တွေ့ရာ ထုံးစံအတိုင်း ဝင်ပူးနိုင်၍ တရုတ်စကား မတောက်တခေါက်နှင့် အဆင်ပြေသွားသည်။ ထိုတရုတ်မလေးမှာ အင်္ဂလိပ်စကားလုံးဝမပြောတတ်ချေ။ ကျွန်တော်လည်း တရုတ်မလေးကို စည်းရုံးကာ ထူးဆန်းသော “ချစ်ဂေဟာပန်းခြံကြီး” ထဲအောင်မြင်စွာ လက်မှတ်ဝယ်၍ ဝင်ခဲ့လေသည်။ ကျွန်တော့်အား နိုင်ငံခြားသားမှန်မသိအောင် အကျီ ဒီဇိုင်းပြောင်းခဲ့ပြီး စကားအား တရုတ်လို သိသလောက်နည်းနည်း တိုးတိုးပြောရသည်။ ပန်ခြံကြီးထဲတွင် ညနေ ၄နာရီဆိုပါက ချစ်သူ၊ လင်မယားများ အတွက် နေရာကောင်းမရတော့ပေ။ ထိုပန်းခြံထဲတွင် ကင်းလှည့်နေသော ရဲများ၊ ပန်းခြံလုံခြုံရေးများစွာ ချထားပြီး ပြသနာမဖြစ်အောင် စုံတွဲများအား စောင့်ရှောက်ပေးထားလေသည်။
ဒုတိယပိုင်း >>>> ဆက်ရန်ရှိသေးသည်။
22 comments
ကိုရင်စည်သူ
December 1, 2011 at 6:10 pm
ကျွန်တော်တို့ရဲ့ စီနီယာသင်္ဘောသားကြီးများရဲ့
အတွေ့အကြုံနှင့် သူရို့လက်ထက်က အင်အားကြီး တရုတ်နိုင်ငံရဲ့
အခြေအနေနဲ့ မြန်မာသင်္ဘောသားများသည် ရောက်လေရာ အရပ်တွင်
လိုက်လျောညီထွေစွာ နေထိုင်တတ်ပုံကို ရွာသူားများ သိစေချင်လို့
ထိုအချစ်ဇာတ်လမ်းကို ရေးသားပါတယ်ခင်ဗျာ။ ရှန်ဟိုင်းပြီးရင် ဘရာဇီးဘက်ကို
ဆက်ရေးမလားလို့ စဉ်းစားထားပါတယ်… ရှန်ဟိုင်းပို့စ်ကို ဖတ်ရှူ့ရအဆင်ပြေရင်တော့
ဘရာဇီးဘက်ဆက်တက်ဖို့စဉ်းစားထားပါတယ်။ 🙂 🙂
htoosan
December 1, 2011 at 10:04 pm
ဦးဖော ကြီး အတွေ့ အကြုံလား .. 😀
ဦးဖော သင်္ဘောများပြန်တက်သွားလားမသိ .. အသံမကြားရတာ ကြားပြီ။
ကိုရင် သင်္ဘော ကြည့်ရတာ PIL ဒါမှမဟုတ် စ လုံး သင်္ဘော ထင်တယ်….
ကိုရင်စည်သူ
December 3, 2011 at 4:16 pm
ကိုထူးဆန်းရေ.. အဘဖောက ရွာထဲမှာ ပြန်ရောက်နေပြီဗျ..
ဒီဇာတ်လမ်းက အဘဖောအတွေ့အကြုံမဟုတ်ဘူး…
ကျနော့်ဆရာသမားတွေရဲ့ အတွေ့အကြုံကို ဇာတ်လမ်းဖွဲ့ပေးထားတာပါဗျာ..
အဘဖောတော့ တွေ့မှပဲမေးပြီး ဇာတ်လမ်းဖွဲ့ပြီး
ရွာသူားတွေကို ပြန်မျှပေးမယ် စဉ်းစားထားတယ်… ကောင်းဝူးလား…
manawphyulay
December 1, 2011 at 6:16 pm
အင်း ကိုယ်တွေ့ အခန်းဆက်ကို ဆက်လက် စောင့်မျှော်ဖတ်ရှုနေမည် ဖြစ်ပါကြောင်း… တရုတ်မလေးများအသံနဲ့ တရုတ်ယောက်ျားလေးတွေရဲ့အသံသည် ဘာတွေ ကွာခြားပါသနည်း… 😛
E.T
December 1, 2011 at 9:20 pm
မ မနောဖြူရေ တရုတ်မလေးတွေ အသံက အိညှက် အိညှက်နဲ ့ကိုယ်ပါတဲ့ ပိုက်ဆံ သူ ့ဆီရောက်အောင် ပြောတတ်ပါတယ်။ တရုတ်ထီးတွေ ကတော့ ကိုုယ်ပါတဲ့ပိုက်ဆံကို ဓားပြတိုက်နေသလို ပါပဲ 😀
MaMa
December 1, 2011 at 10:02 pm
အိတ်ထဲက ပိုက်ဆံထွက်တဲ့နည်း ချည်းပဲ။ အနုနည်းနဲ့ အကြမ်းနည်းပဲ ကွာတယ်။ 😆
မှော်ဆရာ
December 1, 2011 at 8:00 pm
အင်း ဇာတ်လမ်းကောင်းလာပြီ ဇတ်လမ်းကောင်းလာပြီ …
E.T
December 1, 2011 at 9:08 pm
docking ဆို စိတ်နာနေပါတယ်ဆိုမှ docking အကြောင်းလာရေးထားတယ်။ ကရင်စီ ကျွန်တော်က docking မှာ ၅လ ရှိပြီနော် 😛 သွားစရာ နေရာတွေတောင် မရှိသလောက်ဖြစ်နေပြီ။ ဒီမြို ့မှာ လည်လို ့အားမရလို ့ တစ်ခြားမြို ့တွေတောင် ရောက်သွားသေးတယ် 😛
small cat
December 2, 2011 at 7:24 am
ကိုရင်စည်သူကနေတာလေးကြည့်ချင်သားဗျ နဲနဲလောက်ပြန်ကပြီး ဗွီဒီယိုဖိုင်လေး ရွာထဲတင်ပေးထားရင်ကောင်းမယ်၊ ခွစ်ခွစ်
ကိုရင်ပြောတဲ့ ပန်းခြံမျိုးမြန်မာနိုင်ငံမှာရှိရင်တော့လား……….ဟင်းဟင်း၊ မလွယ်ဘူးဖြစ်တွားမယ်။
မောင်သန်းထွဋ် ဦး
December 2, 2011 at 12:21 pm
ဟိ ဟိ ဖတ်ရတာကောင်းတော့မယ် ရှိမှဖြတ်ထားတယ် ကိုရင်စည်သူနော်
ဘရာဇီးဖက်က အကြောင်းတွေလဲစောင့်ဖတ်မယ်ဗျ။
ကြောင်ကြီး
December 2, 2011 at 12:51 pm
ဆက်ရေးပါ အားပေးတယ်။ အဲဒီ ပန်းခြံကြီးတွေ တရုတ်ပြည်မှာ မရှိတော့ဘူးနော်။ အန်တီဝေရေးတဲ့ စာတပုဒ်မှာတော့ တရုတ်ပြည်မှာ ကြောင်တွေကို အိမ်မှာမမွေးဘဲ လမ်းပေါ်က သစ်ပင်ပန်းခြံကြီးတွေမှာ ထားတယ်။ အစာစားမှ ထွက်လာ စားတယ်ရေးတာ ဖတ်ဖူးတယ်။ လူတွေနေရာ ကြောင်တွေရသွားပြီထင်တယ်။။။။။ ဒီလိုလဲ ရှိအုံးမှပေါ့။။ 😀
koyinmaung
December 2, 2011 at 3:24 pm
မော်စီတုံးလက်ထက်ကလူနေမှု့စနစ်ထင်သာမြင်သာရှိလိုက်ပါဘိ..
htoosan
December 2, 2011 at 7:29 pm
1986 က တိန်ရှောက်ဖိန် လက်ထက် ရောက်နေပြီ . ပြောင်းဖို့ စ အားယူနေတဲ့ အချိ်န် လေ..
အဲ့ဒီ အချိန် သူတို့လဲ FEC သုံးနေတဲ့ အချိန်ပေါ့်။။ ၂`~၃ ယွမ် ကို ၁ ဒေါ်လာ လောက်ဘဲ လို့ထင်တယ်။
blackchaw
December 2, 2011 at 5:48 pm
ဦးဖေါက မြန်မာပြည်ကို ရောက်နေပါတယ်။
ဟီလာရီ လာဘို့အတွက် ရှေ့ပြေးအနေနဲ့ ရောက်နေတာပါ။
အခုလောလောဆယ် ချောင်းသာမှာ အပန်းဖြေနေပါတယ်တဲ့။
htoosan
December 2, 2011 at 7:31 pm
ဦးဖော ကြီး ဩဇီက ကမ်းခြေ နဲ့ ချောင်းသာ ကမ်းခြေ နိုင်းယှဉ် မလို့ နဲ့တူ တယ် .. 😀
sealion
December 3, 2011 at 12:50 pm
ဒုတိယပိုင်းလေးဆက်ပြီး ဘရာဇီးဘက်ကို ဆက်ဒိုး ကြတာပေါ့ ကိုရင် ရေ ကျေးဇူးပါ
ကိုရင်စည်သူ
December 3, 2011 at 4:19 pm
ပင်လယ်ခြင်္သေ့ကြီးရေ… ဘရာဇီးဘက်တက်ဖို့
စဉ်းစားတယ် ရှန်ဟိုင်းဇာတ်ကလည်း ကိုယ်ကတဲ့ဇာတ်ကိုယ်နိုင်အောင်
ရေးရအုန်းမယ်… ဘရားဇီးဘက်ကတော့ သိတယ်အတိုင်းပဲ
အနုအကြွတွေပါတယ်… အဟီးး… ရေးရမှာရှက်လို့..
ဒါပေမဲ့ ဗဟုသုတပိုင်းကို အလေးထားပြီး ရေးပေးမှာပါ။
ကျနော် စာသိပ်မရေးတတ် အတွေ့အကြုံသိပ်မရှိလို့
မှားရင်တော့ ခွင့်လွှတ်ပေးကြပါနော်… တောင်းပန်ထားပါတယ်ဗျာ…
windtalker
December 3, 2011 at 12:56 pm
ရန်ကုန်မြို ့က အချစ်ဇါတ်လမ်းလေး လဲ
ရေးပေးပါဦး
မန်းတလေးပြန်ရောက်ပြီး ၊ ဓါတ်ပုံများကို သေချာကြည့်မိမှ
လက်တွဲမဖြုတ်ထားတဲ့ ချစ်သူ နှစ်ယောက် ကို မြင်လိုက်ရလို ့
ကိုရင်စည်သူ
December 3, 2011 at 4:31 pm
ကိုပေရေ.. ဓါတ်ပုံတွေ ရှဲပေးအုန်းဗျာ..
လူကြီးနော်.. မဖွရဘူး..
ဒီက မိုက်ကယ်ကိုရင်က ချစ်တတ်တာလေးပဲ
ချမ်းသာတာ သိရဲ့သားနဲ့… လူချိုး..
ဒါနဲ့ လက်ဆောင်ပေးခဲ့တဲ့ မန်းလေးသူ မန်းလေးသားများ
စာအုပ်ဖတ်ရင်းနဲ့ မရောက်ဖူးတဲ့ မန်းလေးအကြောင်းကို
လက်ဆောင်ပေးတဲ့အတွက် အခါသင့်လို့ အခွင့်သာရင်
လာလည်ချင်ပါတယ်ဗျာ… ရန်ကုန်က ဂေဇက်ဝင်တွေကို
စုစည်းရင်းနှီးအောင် အချိန်ကုန်လူပင်ပန်းလုပ်ပေးသွားခဲ့တဲ့
မန်းလေးသားကြီး ကိုရင်ပေကို အမြဲလေးစားလျက်ပါဗျာ…
ခင်မင်စွာဖြင့်
ကိုရင်စည်သူ
htet way
December 3, 2011 at 8:47 pm
ဒုတိယပိုင်းလေး မြန်မြန် ရေးပါ
ပင်လယ်ပျော်အကြောင်းဆိုသိပ်ကြိုက်
ဆရာရေးမြန်မြန်လေး
htet way
December 3, 2011 at 9:09 pm
ဒုတိယပိုင်းလေး မြန်မြန် ရေးပါ
ပင်လယ်ပျော်အကြောင်းဆိုသိပ်ကြိုက်
ဆရာရေး မြန်မြန်လေးရေးပါ
ကိုရင်စည်သူ
December 4, 2011 at 9:19 am
ကိုထက်ဝေရေ… ကျနော် ရေးနေပါတယ်ဗျာ..
တွေးလိုက်ရေးလိုက်နဲ့ စာကတော်တော်ရှည်နေတယ်
ဒီတစ်ရက်နှစ်ရက်ထဲ တင်နိုင်အောင် လုပ်ပေးပါ့မယ်နော့်… 🙂 🙂 🙂