မျောက်နှင့်တူသော သူငယ်ချင်း အပိုင်း (၂)
တစ်ခါတလေ အဲဒီ ပရိယာယ်နဲ့ သုံးတာတောင် တစ်ဘက်က ပရိယာယ် လမ်းကြောင်း အတိုင်း လုက်မလာဘဲ တင်းခံနေရင် မလာတာကို လာအောင် မကြိုက်တာကို ကြိုက်အောင် မသွားတာကို သွား အောင်လုပ်တဲ့ အခါမျိုးတွေမှာ ပရိယာယ်ဟာ နာမည်ပြောင်းရပြန်တယ်၊ ဘယ်ပြောင်းရာသလဲဆိုတော့ ‘မာယာ’ ဆိုပြီး ပြောင်းရ ပြန်တယ်။ အဲဒီအဆင့်ကတော့ မြှူဆွယ်တဲ့ အဆင့်ရောက်သွားပြီ။ ဒါပေမယ့် အားလုံးဟာ လိမ်တာချည်းပဲ မဟုတ်လားဗျာ။
စကားပြောတဲ့အခါမှာ ဖြောင့်ဖြောင့်မပြောဘဲ ဟိုလိမ်ဒီကောင် ပြောရတဲ့အခါတွေရှိတယ် မဟုတ်လား၊ အဲဒီအခါကျတော့ စကား ပရိယာယ် ကြွယ်တယ်လို့ ကျုပ်တို့ ပြောကြတယ်မဟုတ်လား၊ ဘယ်လိုလဲ ပြီးထင်တယ်၊ အလိမ်ခံရပြီဆိုတာကို သိတာနဲ့ ချက်ချင်း အလိမ်ခံထားရ မိတ်ဆွေကြီး ကြည့်ရတာ တခုခုအလိမ် ခံစားရတာကို ပြောအောင် မလုပ်လိုက်နဲ့ အလိမ်ခံထားရတဲ့အတိုင်း ငြိမ်ငြိမ်ကလေးနေလိုက်၊ လူ့လောကမှာ လိမ်တယ်ဆိုတာ သွပ်နန်းနှစ်စကို လိမ်သလိုပဲဗျ၊ နှစ်လုံး လိမ်ကောက်သွားတာ၊ အဲ့ဒါသွားဖြေလို့ အဆင်မသင့်ရင် ကျိုးသွားတတ်တယ်၊ အလိမ်ခံရတဲ့အတိုင်း နေလိုက်ရင် ကျုပ်ပြောသလို လိမ်လိမ်ကွေးကွေးလေး ဖြစ်နေရုံကလွဲပြီး ဘာမှမဖြစ်ပါဘူး၊ သွပ်နန်းဟာ သွပ်နန်းပါပဲ၊ ရုတ်တရက် ပြန်ဖြန့်ရင်တော့ စောစောက ကျုပ်ပြောသလို အဆင်မသင့်ရင် ကျိုးသွားတတ်တယ်။
ကျုပ်တပ်ထဲမှာနေတုန်းက ငွေငါးဆယ်အလိမ်ခံရတယ်ဗျ၊ အလိမ်ခံရမှန်းလဲသိရော၊ လိမ်တဲ့ကောင်ကို ကျုပ်က မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာ၊ ကွာတား နှစ်တယ့်ရှစ်ရက် ကျပါလေရောဗျို့၊ ကွာတား နှစ်တယ့်ရှစ်ရက် ဒုက္ခဟာ ငွေငါးတယ်နဲ့ နှိုင်းစာရင် အများကြီး ကွာတာပေါ့ဗျာ၊ အလိမ်ခံရတဲ့အတိုင်း ငြိမ်ငြိမ်လေးနေလိုက်ရင် အဲဒီဒုက္ခ မတွေ့ဘူးဗျ” ဟု ပြောလေ၏။ ကျွန်ုပ်သည် မလှမ်းမကမ်းမှနေ၍ ကိုမျောက်နှင့် ထိုသူစကားပြောနေသည်ကို တစ်နေရာမှ အသာကြည့်နေ၏။ ကိုမျောက်၏ ဒူးရင်းသီးပုံသည်လည်း တဖြည်းဖြည်း ကုန်သွား၏။ နောက်ဆုံးတွင် ဒူးရင်းသီးသုံးလုံးသာ ကျန်တော့၏။ ထိုအခါ ကိုမျောက်က.. “တော်ပြီး၊ မရောင်းတော့ဘူး” ဟု ပြောကာ သူ၏ ဒူးရင်းသီးသုံးလုံးကို ခြင်းတောင်းအတွင်းသို့ ထည့်လိုက်လေ၏။
ထိုအခါ ကျွန်ုပ်က ကိုမျောက်အနီးသို့ သွားကာ.. “အဲဒီဒူးရင်းသီးသုံးလုံးကို ကျုပ်ဝယ်မယ်” ဟု ပြောလိုက်ရာ ကိုမျောက်က.. “နိုးနိုး၊ ဒါကို ဘုရင်ခံလာဝယ်ရင်တောင် မရောင်းနိုင်ဘူး” ဟု ပြောလိုက်လေ၏။ ထို့နောက် ကျွန်ုပ်အား…. “ဟေ့ကောင် ထွန်းခင်၊ မင်းအိမ်စာဖို့ တစ်လုံးယူသွား” ဟု ပြော၍ ကျွန်ုပ်အားပေးလေ၏။ “ဟိုနှစ်လုံးက မင်းစားဖို့ယူသွားမှာ ပေါ့ဟုတ်လား” ဟု မေးလိုက်ရာ ကိုမျောက်က.. “ငါကစားပြီးပြီကွ၊ ငါ့အိမ်နားက အဘိုးကြီး အဘွားကြီး နှစ်ယောက်ဟာ အတော်ဆင်းရဲတယ်ကွ၊ သူတို့ တစ်သက်မှာ တစ်ခါမှ ဝယ်စားဖူးတာ မဟုတ်ဘူး၊ သူတို့ကို ကျွေးရမယ်” ဟု ပြောပြီး ကျွန်ုပ်ကို နှုတ်ဆက်ကာ သူ၏ ခြင်းတောင်းကို ထမ်း၍ ထွက်ခွာသွားလေတော့၏။
ထို့နောက် ကျွန်ုပ်သည် ကိုမျောက်နှင့် အချိန်အတန်ကြာအထိ မတွေ့ဖြစ်ဘဲ ရှိပြန်လေ၏။ တစ်ခုသော နံနက်တွင် ကိုမျောက်သည် ကျွန်ုပ်၏ အိမ်သို့ ရောက်လာပြီး လမ်းပေါ်မှနေ၍ ခေါင်းညိတ်ပြီး ကျွန်ုပ်အား ခေါ်သဖြင့် အောက်သို့ ဆင်း၍ သွားရလေ၏။ “ဘာလဲကိုမျောက် အိမ်ပေါ်တက်လေ” ဟု ကျွန်ုပ်ကပြောရာ ကိုမျောက်က.. “ငါမင်းမိန်းမနဲ့ မသိဘူး၊ မင်းနဲ့ပဲငါတ ရင်းနှီးတာ၊ မင်းမိန်းမက ကောလိမ်မှာ အင်တာအထိ တက်ဖူးတယ်ဆိုကွ၊ ပြီးတော့ ရုံးမှာလဲ စာရေးမဆို” ဟုမေးလေ၏။ ထို့ကြောင့်.. “ကိုမျောက် အခုလာတာ ဘာကိစ္စလဲဆိုတာ ပြောပါ၊ ကျုပ်မိန်းမအကြောင်းတွေ မေးမနေနဲ့” ဟု ပြောလိုက်လေ၏။ “ငါက မင်းမိန်းမ အကြောင်း မပြောချင်ပါဘူး၊ မင်းက ငါ့ကို အိမ်ပေါ်ဘာလို့ မတက်သလဲလို့ မေးလို့ပါ၊ ဘာပဲဖြစ်ဖြစ် မင်းမိန်းမက ငါ့ကို အထင်သေးမှာပဲကွ၊ မင်းနဲ့ ငါနဲ့ ဘယ်လောက်ခင် တယ်ဆိုတာ သူသိမှာမဟုတ်ဘူး” ဟု ကိုမျောက်က ပြောလေ၏။
“ဒါတွေထားလိုက်တော့ ခင်ဗျားလာတဲ့ ကိစ္စကိုသာ ပြောစမ်း ပါ ကိုမျောက်ရဲ့” ဟု ကျွန်ုပ်က မေးလိုက်လေ၏။ “ငါ့အနေနဲ့ ငွေငါးဆယ်လိုချင်တယ်၊ အဲဒါဟာ သေရေးရှင်ရေးပဲ၊ ဒါပေမယ့် ငါမင်းဆီက အလကားမလိုချင်ဘူး၊ ငါ့အနေနဲ့ အလွန် မြတ်နိုးတဲ့ ပစ္စည်းလေးတစ်ခု မင်းကို ငါလာပြီး ရောင်းမယ်၊ အဲဒါကို မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ငွေငါးဆယ်ပေးပြီးဝယ်ပါ၊ အဲဒီပစ္စည်းကေးလကို နောင်တစ်ချိန်မှာ ငါ့မှာငွေရှိတဲ့အခါမှာ မင်းရောင်းချင်ရောင်းပါ၊ ငါးဆအမြတ်ပေး ပြန်ဝယ်ပါမယ်၊ အဲဒါက ဘာလဲဆိုတော့ ငါ့အဖေရေးထားတဲ့ အင်းလေးပုံ ဆီဆေးပန်းချီကားပဲ၊ တစ်ခုတော့ရှိတယ် အဲဒါဟာ မင်းနဲ့ငါနဲ့ နှစ်ယောက်တည်း လုပ်တဲ့ကိစ္စ မင်းမိန်းမ မသိစေနဲ့” ဟု ပြော၍ ကိုမျောက်သည် ပြန်သွားလေ၏။
ကိုမျောက်ပြန်သွားသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်လည်း အိမ်ပေါ်သို့ တက်၍ လာလေ၏။ ထိုအခါ ကျွန်ုပ်၏ မိန်းမက.. “ဘယ်က သူတောင်းစားနဲ့ စကားပြောနေတာလဲ” ဟု ကျွန်ုပ်အား မေးလိုက်လေ၏။ “သူတောင်းစား မဟုတ်ပါဘူးကွာ၊ ငါ့သူငယ်ချင်းပါ” ဟု ကျွန်ုပ်က ပြန်၍ ပြောရာ ကျွန်ုပ်၏ မိန်းမက..“ရှင်သူငယ်ချင်းကလဲ သူတောင်းစားထက်တောက် စုတ်ပါသေးလား၊ ရှင့်ကိုကြည့်နေတာကြာပြီ၊ ရှင်ပေါင်းလိုက်ရင် ဒါမျိုးတွေချည်းပဲ၊ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ်နေတတ်ရတယ်ရှင့်၊ ကိုယ်ဟာ ခေတ်ပညာတတ် တစ်ယောက်လဲဖြစ်တယ်၊ အလုပ်နဲ့ အကိုင်နဲ့လဲ ဖြစ်တယ်၊ ခုတော့ ရှင်ပေါင်းလိုက်ရင် အလုပ်မရှိ အကိုင်မရှိ ပညာမတတ် စုတ်ပေးနုပ်ပေ့ဆိုတာချည်း ပေါင်းတယ် ကျွန်မ သိပ်ပြီး ရှက်တာပဲ” ဟု ပြောလေ၏။
ကျွန်ုပ်၏ မိန်းမက ကျွန်ုပ်အား ရှင်ဟာ ခေတ်ပညာတတ်တစ်ဦး ဖြစ်တယ်ဟု ပြောသောအခါ၌ ကျွန်ုပ်သည် ကြက်သီးထမိ၏။ အမှန်စစ်စစ် ကျွန်ုပ်သည် ဆယ်တန်းအောင်၍ တက္ကသိုလ်တက်ရန်စာရင်းသွင်း ဖူးသော်လည်း မတတ်ဖြစ်ခဲ့၊ ဤသည်ကိုပင် ကျွန်ုပ်၏မိန်းမက ခေတ်ပညာတတ်စာရင်းတွင် သွင်း၍ ပြောလိုက်ခြင်းဖြစ်သော ကြောင့် ကြက်သီးထ၍ သွားခြင်းဖြစ်၏။
ကျွန်ုပ်သည် ဆေးပေါ့လိပ်ကို ဖွာပြီးနောက်… “မိန်းမရေ ပြောလက်စနဲ့ တစ်ခါတည်း ပြောရဦးမယ်ကွာ၊ ကိုမျောက်ကြီးက သူ့အဖေရေးတဲ့ ပန်းချီကားကြီးတစ်ချပ် လာရောင်းတာကွ၊ ညနေကျရင် ငွေငါးဆယ်ပေးရမယ်၊ သိပ်ပြီး ဒုက္ခရောက်လို့ လာရောင်းရှာတာပါကွာ” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ မိန်းမက.. “ရှင်မပြောလဲ ကျွန်မသိပါတယ်၊ ရှင့်ဆီလာတဲ့ဟာ ဒါမျိုးတွေချည်းပဲ၊ တောင်းဖို့လာမယ်၊ ချေးဖို့လာမယ်၊ ရှင်ကဒါမျိုးတွေပဲ ပေါင်းတာကိုး၊ ရှင်တိုဌာနက မောင်မောင်ဆိုရင်ကြည့်စမ်း၊ ပေါင်းလိုက်ရင် ထိပ်တန်ကြီးပဲ၊ အရာရှိတွေနဲ့ ပေါင်းတယ်၊ သူပေါင်းတဲ့ လူတွေက အဆင့်အတန်းရှိတယ်၊ ရှင်ပေးမယ်လို့ ပြောလိုက်ပြီမဟုတ်လား၊ ပေးလိုက်ပေါ့၊ တကယ်ဆိုရင် ကျွန်မနဲ့ တွေပေးရမယ် ခုတော့သူက နှစ်ကိုယ်ကြား ခေါ်ပြီးပြောတော့ ပေးလိုက်ပေါ့” ဟု ပြောလေတော့၏။ “ဒီငွေငါးဆယ်ကလဲ မဆုံးပါဘူး မိန်းမရယ်၊ သူပိုက်ဆံရှိတဲ့နေ့မှာ အမြတ်ငါးဆပေးပြီး ပြန်ဝယ်မယ်တဲ့ ဒီပန်းချီကားလေးဟာ သူ့အဖေရဲ့ အမွေ၊ သူအမြတ်နိုးဆုံး ပစ္စည်းပါတဲ့ သူပြန်ရွေးမှာပါ” ဟု ကျွန်ုပ်ကပြောရာ ကျွန်ုပ်၏ မိန်းမက မခိုးမခန့်ရယ်၍… “ဟိုက ရှင့်ကို ငွေပေးချင်အောင် ပြောသွားတာပေါ့၊ သူဒီလို မြတ်နိုးရင် ရောင်းပါ့မလား၊ ဒါတွေလာပြောမနေပါနဲ့၊ နားကလော့တယ်” ဟု ပြောလိုက်လေ၏။
ထို့နောက်တွင်မှ ကျွန်ုပ်တို့ လင်မယားသည် ရေမိုးချိုး၍ အဝတ်အစား လတ်လတ်ကလေးများ ဝတ်ကာ ရုံးသို့ သွားကြလေ၏။ ညနေရုံးဆင်း၍ အိမ်ပြန်ရောက်ပြီး သောအခါ၌ ရေမိုးချိုးကြ၏။ မနက်က ချက်ခဲ့သော ဟင်းများကို နွေး၍ စားသောက်ကြ၏။ ပြီးလျှင် ကျွန်ုပ်က သတင်းစာတစ်စောင်ကို ဖတ်၏။ ကျွန်ုပ်၏ မိန်းမကမူ အိပ်ခန်းတွင်းသို့ဝင်သွား၏။ အိမ်ခန်းဆိုသော်လည်း ဧည့်ခန်းနှင့် သုံးထပ်သာတစ်ချပ် သာခြား၏။ နှစ်ယောက်အိပ်ခုတင်တစ်လုံး အနိုင်နိုင်ထည့်ရသော အိပ်ခန်းမျိုးဖြစ်၏။ အဝတ်ထည့်သော မှန်ဗီရိုကိုပင် ဧည့်ခန်း၌ ထုတ်၍ထားရ၏။ ထိုသို့ ထုတ်ထားရသည်မှာလည်း အကြောင်းနှစ်ခုရှိ၏။ တစ်ခုမှာ အိပ်ခန်းကျဉ်း၍ဖြစ်၏။ အခြားသော အကြောင်းတစ်ခုမှာ ကျွန်ုပ်၏မိန်းမသည် ထိုဗီရိုကြီးကို လူမြင်စေလိုခြင်းကြောင့်ဖြစ်၏။ ဧည့်ခန်းဆိုသည်မှာလ်း နှစ်ခန်းတွဲအိမ်၏ ဧည့်ခန်းဖြစ်သောကြောင့် လွန်စွာကျဉ်း၏။ ကျဉ်းရသည့်အထဲတွင် ကျွန်ုပ်၏ မိန်းမက လူနှင့်တူအောင် ဆက်တီတစ်စုံထားမှဟု ဆိုကာ ဆက်တီတစ်စုံ ဝယ်၍ထည့်ထားသောကြောင့် ပို၍ကျဉ်း၏။ ထို့ထက်ဆိုးသည်မှာ ကျွန်ုပ် မိန်းမသည် ရှိုးကေစ်ဟု ခေါ်သော မှန်ပတ်ပတ်လည်ကာ၍ ထားသည့် ဗီရိုအထဲတွင် မင်္ဂလာဆောင်စဉ်က လက်ဖွဲ့အဖြစ်ရခဲ့သော ထမင်းစားပန်းကန်များ၊ လက်ဖက်ရည်ပန်းကန်းများ၊ ဖန်ဆေးလိပ်ခွက်များကို ထည့်၍ ဧည့်ခန်း၌ထား၏။ ထိုပစ္စည်များသည် မီးဖိုချောင်တွင်ထားလျှင် ပို၍သင့်တော်မည်ဟု ကျွန်ုပ်က ယူဆ၏။
သို့ရာတွင် ကျွန်ုပ်၏ မိန်းမက ကျွန်ုပ်အား.. “ဒိုက်ရဲ့ အဲဒီရှိုးကေ့စ်က ဧည့်ခန်းမှာ ထားရတယ်တော့” ဟု ဆိုကာ ထားလေ၏။ ကြာသောအခါ ကျွန်ုပ်လည် ထိုရှိုးကေ့စ်ကို ဧည့်ခန်းတွင်ထားခြင်းကို သဘောကျ၍ သွားလေ၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်ရောက်ဖူးသမျှ အိမ်များတွင် ဤသို့ပင် ထမင်းစားပန်းကန်များကို ရှိုးကေ့စ်၌ထည့်ကာ ဧည့်ခန်း၌ ထားသည့်ကိုချည်း တွေ့နေရသောကြောင့် ဖြစ်၏။ မှောင်စပျိုးသောအခါ၌ ကျွန်ုပ်သည် မီးများဖွင့်လိုက်၏။ ကျွန်ုပ်၏ မိန်းမမှာမူ ခုတင်စောင်းတွင် ခေါင်းအုံးတစ်လုံးခံ၍ မီးတစ်လုံးကိုဖွင့်ကာ ခုတင်ပေါ်တွင်လှဲ၍ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေပြီဖြစ်၏။ ထိုအချိန်၌ ကိုမျောက်သည် ပန်းချီကားတစ်ချပ်ကိုပိုက်၍ အိမ်ပေါ်သို့ တက်လာလေ၏။ ပြီးနောက် ကျွန်ုပ်အားပန်းချီကားကို လှမ်းပေးလိုက်လေ၏။
ထိုကြောင့် ကျွန်ုပ်က. “ကိုမျောက် ခဏနေဦး” ဟု ပြော ပြီး ပန်းချီကားကိုယူှု အိပ်ခန်းတွင်းသို့ ဝင်လေ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏မိန်းမအား ပန်းချီကားကိုပြ၏။ ကျွန်ုပ်မိန်းမသည် ပန်းချီကားကို ကြည့်ပြီးနောက်.. “ဟင်း… ကောင်းလဲမကောင်းဘူး မဆွဲတတ် ဆွဲတတ်နဲ့ ဆွဲထားတာ၊ ဆေးတွေကလည်း အတုံးလိုက် အတစ်လိုက်နဲ့ ငါးဆယ်မပြောနဲ့ ငါးမူးတောင်မတန်း၊ ပြက္ခဒိန်လှလှလေး တစ်ခုဝယ်ချိတ်လိုက်ရင် နှစ်ကျပ်နဲ့ ပြီးတယ်၊ ရှင့်အပေါင်းအသင်းငတ်လို့ ပေးချင်ရင် သပ်သပ်ပေး၊ ဒီလိုမတန်တဲ့ပစ္စည်းကို မဝယ်ရဘူး၊ နားလည်လား သွားပေးချေ” ဟု ပြောပြီး ကျွန်ုပ်အား ပန်းချီကားကို ကမ်းပေးပြီး ဆက်၍ စကားမပြောတော့ဘဲ ဝတ္ထုစာအုပ်ကိုသာ ဆက်ဖတ်လေ၏။
ကျွန်ုပ်လည်း မွေ့ရာ အောက်မှ ငွေငါးဆယ်ကိုယူ၍ အိမ်ခန်းထဲမှ ထွက်လာလေ၏။ ထို့နောက် ကိုမျောက်နှင့် ကျွန်ုပ်သည် အိမ်အောက်သို့ အတူတကွ ဆင်းခဲ့ကြ၏။ လမ်းပေါ်သို့ ရောက်သောအခါ ကျွန်ုပ်က ကိုမျောက်အား ငွေငါးဆယ်ပေးလိုက်၏။ ကိုမျောက်သည် ကျွန်ုပ်၏ ငွေငါးဆယ်ကို လှမ်းယူရင်း ကျွန်ုပ်အား… “မင်းသိပ်ပြီး မိုက်တဲ့ကောင်၊ မင်းမိန်းမကို အသိမပေးပါနဲ့ဆိုတဲ့ကိစ္စကို မင်းအသိပေးလိုက်တယ် မင်းမိန်းမပြောတာတွေ အားလုံးငါကြားရတယ်၊ မျက်နှာအမူအရာတွေကိုလဲ ငါမြင်ရတယ်” ဟု ပြောလေ၏။ “ကျုပ်မိ်န်းမအသံကို ခင်ဗျား ကြားရတယ်ဆိုတာတော့ ဟုတ်ပါပြီ မျက်နှာကို မြင်ရတယ်ဆိုတာ ဘယ်လိုလုပ်ပြီး မြင်ရတာတုန်း” ဟု ကျွန်ုပ်က မေးလိုက်၏။
“မြင်ရတာပေါ့ကွ၊ မင်းတို့ဧည့်ခန်းမှာ မှန်ဗီရိုကြီးထားတာကိုးကွ၊ အဲဒီမှန်ဗီရိုကြီးမှာ အတိုင်းသားမြင်နေရ တယ်၊ မင်းမိန်းမကို ငါစိတ်မဆိုးပါဘူး၊ ဒါပေမယ့် မင်းအနေနဲ့တော့ သူငယ်ချင်းကောင်းတစ်ယောက် ဆုံးရှုံးသွားပြီးပေါ့။ ငါ ဒီတစ်သက်မှာ မင်းမတွေ့ တော့ဘူး၊ နောက်ဘဝရှိတယ်ဆိုရင်လဲ နောက်ဘဝမှာ မင်းနဲ့မတွေ့တော့ဘူး၊ ငါပိုက်ဆံရှိလို့ ဒီပန်းချီကားလေးကို အမြတ်ငါးဆပြေးပြီး ပြန်ယူရင်တော့ ငါ့ကို ပြန်ပေးပါ” ဟု ဆိုကာ ကိုမျောက်သည် ထွက်သွားလေတော့၏။
ကျွန်ုပ်သည်လည်း အိမ်ပေါ်သို့ ပြန်တက်ပြီးလျှင် ပန်းချီကားကို နံရံ၌ ချိတ်လိုက်လေ၏။ ကျွန်ုပ်၏မိန်းမသည် ထိုပန်းချီကားကို မြင်တိုင်း ကျွန်ုပ်အား မဲ့၍ ပြန်လေလေ၏။ အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်ပတ်ခန့် ကြာသောအခါ၌ ကျွန်ုပ်တို့အိမ်ရှေ့တွင်းမော်တော်ကားတစ်စီး လာ၍ရပ်၏။ ကားမှာ အတော်ကောင်း၏။ ကားပေါ်မှ ဥပဓိရုပ် အလွန်ကောင်းသော အသက်ငါးဆယ်ခန့် လူကြီးတစ်ဦးဆင်းလာပြီးလျှင် ကျွန်ုပ်၏ အခန်းသို့ တက်လာလေ၏။ ထို့နောက် တက္ကသိုလ်မှ ကျောင်းဆရာ တစ်ဦး၏ အမည်ကို မေးလေ၏။ ကျွန်ုပ်ရော၊ ကျွန်ုပ်၏ မိန်းမကပါ အိမ်မှားနေပြီဖြစ်ကြောင်း ထိုလူကြီးအား ပြောပြ၏။ သို့ရာတွင် ထိုလူကြီးသည် တော်တော်နှင့် ဆင်းမသွားဘဲ ကျွန်ုပ်၏ ဧည့်ခန်းသို ကြည့်နေခြင်းမဟုတ်၊ ကိုမျောက်လာ၍ ရောင်းသွားသော ပန်းချီကားကိုသာ ကြည့်နေခြင်းဖြစ်၏။
ထိုနောက် ထိုလူကြီးက သူ့ကိုယ်သူမိတ်ဆက်၏။ ထိုအခါကျမှ ပင်သူသည် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်ကြောင်း သိရလေ၏။ ထိုအခါ ကျွန်ုပ်၏ မိန်းမပါ ပြာပြာသလဲ ဖြစ်၍သွား၏။ မည်သို့မည်ပုံ ဤသို့ဖြစ်သွားရသည် ကို ကျွန်ုပ်ကိုယ်တိုင်ပင် မသိပါ။ ကျွန်ုပ်တို့ လင်မယားနှစ်ဦးက ထိုလူကြီးအား ထိုင်ရန်ပြော၏။ ထိုလူကြီးက ပန်းချီကားကို အနီးကပ်ကြည့်ရှုခွင့် တောင်း၏။ ကျွန်ုပ်တို့ကလည်း လှိုက်လှိုက်လှဲလှဲပင် ခွင့်ပြုလိုက်၏။ ပါမောက္ခကြီးသည် ဖိနပ်ချွတ်၍ ဧည့်ခန်း၍ ဧည့်ခန်းသို့တက်ပြီး ပန်းချီကားကို အနီကပ်သွားပြီးလျှင် ပန်းချီဆရာ၏ အမည်ကိုဖတ်လေ၏။ ထိုသို့ ဖတ်ပြီးနောက် ကျွန်ုပ်တို့လင် မယားနှစ်ယောက်ကို လေးစားသော အမူအရာဖြင့် ဦးခေါင်းကိုညွတ်ပြီးလျှင်… “ဒီပန်းချီကား ဘယ်လောက် ပေးလိုက်ရသလဲ” ဟု မေးလေ၏။ “လက်ဆောင်ရတာပါ ဆရာကြီး” ဟု ကျွန်ုပ်၏ မိန်းမက နှုတ်သွက်လျှာသွက်ဖြေလေ၏။
“ကျုပ်အခုပြောမယ့်စကားဟာ တူမကြီးတို့အတွက် ရိုင်းသွားတယ်ဆိုရင် အနူးအညွတ် တောင်းပန်ပါတယ်၊ ကျုပ်က မနေနိုင်လွန်းလို့ မေးတာပါ၊ အဲဒါကတော့ တခြားမဟုတ်ပါဘူး၊ အဲဒီပန်းချီကားကို များ ရောင်းနိုင်မယ်ဆိုရင်တော့ အတိုင်းအထက်အလွန် ကျေးဇူးတင်ပါတယ်၊ ပြင်သစ်ပြည် လာဆဗွန်းတက္ကသိုလ်က ကျုပ်ရဲ့ ဆရာကြီးဟာ မြန်မာပြည်က ဟော့ဒီပန်းချီဆရာရဲ့ လက်ရာကို အလွန်ပဲ တန်ဖိုးထားတယ်၊ ပြင်သစ်ပြည်မှာ ဟောဒီပန်းချီဆရာရဲ့ လက်ရာကိုတော့ သူအကြိုက်ဆုံးပဲ၊ သူ့အိမ်မှာရော သူ့ရုံးခန်းမှာရော ဒီပန်းချီဆရာရဲ့ လက်ရာ ပန်းချီကားတွေ ချိတ်ထားတယ်၊ ထပ်ပြီး ရှာလို့ရရင်လဲ ယူဦးမယ်လို့ ကျုပ်ကို မှာထားတယ်၊ ဒီပန်းချီကားနဲ့ တန်ဖိုးကတော့ ဘယ်ဖြတ်လို့ရမလဲ၊ ကျုပ်တတ်နိုင်တာကို ပြောရရင် ငွေတစ်ထောင်တော့ ပေးနိုင်ပါတယ်” ဟု ပြောလိုက်ရာ ကျွန်ုပ်မိန်းမက.. “လက်ဆောင်ပစ္စည်းကို ရောင်းစားတဲ့ သဘောတော့ မဟုတ်ပါဘူး ဆရာကြီးရယ်၊ ဆရာကြီးအတွက် လိုအပ်နေတယ်ဆိုတော့ ယူသွားပါ” ဟု ပြောလိုက်သည်နှင့် တစ်ပြိုက်နက် ပါမောက္ခကြီးသည် သူ၏ ဒရိုင်ဘာအား လက်ဆွဲအိတ်ယူခဲ့ရန် လှမ်း၍ ပြောလိုက်လေတော့၏။
ထို့နောက် လက်ဆွဲသားရေအိတ်အတွင်းမှ ငွေတစ်ထောင်ကို ထုတ်၍ ကျွန်ုပ်၏မိန်းမအား ပေးလိုက်လေ၏။ကျွန်ုပ်လည်း ပန်းချီကားကို ထုတ်၍ ပါမောက္ခကြီးအား ပေးလိုက်လေတော့၏။ ကျွန်ုပ်၏ မိန်းမသည် ငွေတစ်ထောင်ရ၍ ပျော်နေ၏။ ပါမောက္ခကြီးမှာလည်း ပန်းချီကားကိုရ၍ ပျော်သွားရှာ၏။ ကျွန်ုပ်မှာမူ ပန်းချီကားကိုမြင်တိုင်း ကျွန်ုပ်၏ မိန်းမက မဲ့၍ပြသော ဝဋ္ဋ်ကြွေးမှ လွတ်ငြိမ်းခွင့်ရသွားသောကြောင့် အပျော်ဆုံးဖြစ်၏။ များမကြာမီ၌ပင် ကျွန်ုပ်၏ မိန်းမသည် မဂိုလမ်းသို့သွား၍ ၎င်းအလွန်သွားရည်ကျခဲ့သော စိန်နားကပ်ကြီးတစ်ရံကို ဝယ်ပြီးနားတွင် ပန်၍ ပြန်လာခဲ့လေ၏။ ကျွန်ုပ်ကိုလည်း နှစ်ဘက်ကို ဘယ်ညာ လှည့်၍ပြ၏။ ကျွန်ုပ်က..“မျက်စိကျိမ်းလိုက်တာကွာ” ဟု နောက်ပြောင်ကျီစယ်လိုက်၏။ ဤသို့ ပျော်ဆိုက် နေစဉ်၌ပင် လူတစ်ယောက် အိမ်ပေါ်သို့တက်လာ၏။ ကျွန်ုပ်က.. “ဘာကိစ္စရှိလို့လဲခင်ဗျာ” ဟု မေးရာ ထိုလူက..“ကိုမျောက်လွှတ် လိုက်လို့ပါ၊ ဟောဒီမှာ ငွေနှစ်ရာငါးဆယ်၊ ပန်းချီကားကလေးကို ပြန်ပေးပါတဲ့” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ မိန်းမပါ အံ့ဩ၍သွား၏။
ကျွန်ုပ်၏ မိန်းမဆိုလျှင် စိန်နား ကပ်ပန်ထားသော နားနှစ်ဘက်ို ယောင်၍ပင် ကိုင်လိုက်မိလေ၏။ ထို့နောက် ကျွန်ုပ်၏ မိန်းမက… “မရှိတော့ဘူးလို့ ပြောလိုက်ပါရှင်၊ ကျွန်မတို့လဲ လက်ဆာင်ပေးလိုက်ပြီ” ဟု ပြောလိုက်လေ၏။ ထို့ကြောင့် ထိုသူလည်း ပြန်သွားလေ့တော့၏။ အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ကျွန်ုပ်နှင့် ကိုမျောက်သည် လုံးဝမတွေ့တော့ပါ။ နောင်တွင် ကျွန်ုပ်သည် ကိုမျောက်၏ သတင်းကိုစုံစမ်းကြည့်ရာ ကိုမျောက်တစ်ယောက် တောခိုသွားသည်ဟူ၍ လည်းကောင်း၊ ကိုမျောက်တစ်ယောက် ထောင်ကျသွားသည် ဟူ၍လည်းကောင်း ကိုမျောက် တစ်ယောက် သေပြီဟူ၍လည်းကောင်း အမျိုးမျိုးအဖုံဖုံသော သတင်းတို့ကိုသာ ကြားရလေ၏။
ကျွန်ုပ်တို့ လင်မယားမှာမူကား အောက်တန်းစာရေး အဖြစ်မှ ရှစ်နှစ်ခန့်ကြာသောအခါ အထက်တန်းစာရေး ဖြစ်လာကြ၏။ ကလေးလည်း ခြောက်ယောက်ပင် ရှိခဲ့ပြီဖြစ်၏။ ကျွန်ုပ်တို့နှစ်ဦး၏ လခသည် တစ်နေ့ထက်တစ်နေ့ မလောက်မငဖြစ်၍ လာလေ တော့၏။ ထိုနောက် ကလေးအကြီးနှစ်ဦး တက္ကသိုလ်သို့ ရောက်သွားသောအခါ၌ ကျွန်ုပ်တို့သည် လွန်စွာကျပ်တည်း၍ လာလေတော့၏။ ကျွန်ုပ်၏ မိန်းမလည်း မီးယပ်ချိချိ သွားသောကြောင့် ကျွန်ုပ်နှင့် ရခါစကကဲ့သို့ ကျော့ကျော့မော့မော့ ဟန်နှင့် ပန်နှင့် ရုံးစာရေးမကြီးဟု ဆိုကာ ရုံးမတက်နိုင်ရှာတော့။ ရုံးမှအပြီးအပိုင် ထွက်လိုက်ရလေတော့၏။
ဤသို့နေလာခဲ့ရာ ကျွန်ုပ်လည်း အိမ်တွင် ဆန်ဖိုးပြတ်နေသောကြောင့် ရုံးသုံးပုံစံ စက္ကူတစ်ထုပ်ကို အိတ်ထဲတွင် ထည့်ယူ၍ စက္ကူအဟောင်းဆိုင် တွင် သွားရောက်ရောင်းချခဲ့လေ၏။ ထိုအချိန်၌ ရုံးတစ်ရုံးတွင် ပုံစံစက္ကူအတုဖြင့် ပစ္စည်းထုတ်သွားသော အမှုတစ်ခုပေါ်ပေါက်ခဲ့ သောကြောင့် ရဲအဖွဲ့ ရုပ်ဖျက်၍ စက္ကူဟောင်းဆိုင်များတွင် စောင့်နေချိန်နှင့် ကြုံကြိုက်သွားသည်ဖြစ်ရာ အဖမ်းခံရလေတော့၏။ ထို့နောက် ထောင်ခြောက်လ ကျသွားသည်ဖြစ်ရာ အလုပ်ပါတစ်ပါတည်း ပြုတ်သွားလေတော့၏။ ကျွန်ုပ်ထောင်မှ ထွက်လာသော အခါ၌ ကျွန်ုပ်၏ မိသားစုသည် ယခင်နေရာ၌ပင် မနေနိုင်တော့ဘဲ မြို့အစွန်သို့ လွင့်သွားရလေတော့၏။ ကျွန်ုပ်၏ မိန်းမနှင့်ကလေးများမှာ အိတ်ဆိုင်ကလေးတစ်ခု ဖွင့်၍ ရောင်းချနေရ၏။ စားအိုးကြီးသောကြောင့် မကြာခဏအရင်း ပြုတ်၍ သွားလေ၏။
ကျွန်ုပ်လည်း ကြုံရာကျဖမ်း အလုပ်များကို လုပ်ရလေတော့၏။ ဒရဝမ်စောင့်သည့်အခါ စောင့်ရ၏။ ဘုရားပွဲ များသို့ လိုက်၍ ဈေးရောင်းရသည့်အခါ ရောင်းရ၏။ တစ်နေ့တွင် ကျွန်ုပ်ကသည် ကျိုက်ဝိုင်းဘုရားပွဲတွင် ကလေးများ ဆောင်းသော ဗန္ဓုလဦးထုပ်၊ ကစားစရာ ဓားလှံများကို ရောင်းချပြီး အိမ်သို့ပြန်လာ ကားမှတ်တိုင်တွင် ကျောင်းနေဘက်သူငယ်ချင်း တစ်ဦးနှင့် တွေ့၏။ ထိုသူငယ်ချင်းသည် အစတွင် ကျွန်ုပ်အား မမှတ်မိ၊ မှတ်မိရန်လည်း အကြောင်းမရှိ ကျွန်ုပ်၏ အသားအရောင်များသည် မည်း၍နေ၏။ ကျွန်ုပ်၏ နားထင်နှင့်ပါးများသည် ချိုင့်ခွက်၍ နေ၏။
ထိုသူငယ်ချင်းသည် ကျွန်ုပ်အား စိမ်းစိမ်းကြည့်ပြီးနောက်… “ဟေ့ ထွန်းခင်မဟုတ်လား” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်ကလည်း…“ဟုတ်တာပေါ့ကွာ” ဟု ဆိုကာ ထိုသူငယ်ချင်းကို နှုတ်ဆက်၏။ ထိုသူငယ်ချင်း၏ အမည်မှာထွန်းမြင့်ဟု၍ ဖြစ်၏။ ထွန်းမြင့်သည် ကျွန်ုပ်ကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားပုံရ၏။ ထို့နောက် ၎င်းကပင်.. “မင်းကောင်ကြီးကတော့ တော် တော်ထွန်းကာနေပါလား” ဟု ပြောလိုက်လေ၏။ “ဘယ်ကောင်ကြီးလဲ ထွန်းမြင့်ရ” ဟု ကျွန်ုပ်ကမေးလျှင် ၎င်းက.. “ကိုမျောက် ကြီးလေကွာ” ဟု ပြောလေ၏။ “နေစမ်းပါဦး၊ ကိုမျောက်ကြီး မသေသေးဘူးလား၊ ငါကြားတော့ ထောင်ကျသွားသလိုလို သေသလိုလိုနဲ့” ဟု ကျွန်ုပ်က ပြန်၍ပြောလိုက်လေ၏။ “ဘယ်ကလာ သေရမှာလဲကွ၊ ထောင်ကျသွားတာတော့မှန်တယ်၊ ထောင်က လွတ်ပြီး စားရေးဆရာ လုပ်နေတယ်၊ စာရေးဆရာ ”မျောက်သျှောင်ထုံ” ဆိုတာ သူပေါ့ကွ” ဟု ထွန်းမြင့်က ပြောလေ၏။
“ဟာ..အဲဒီစာရေးဆရာဟာ အတော်နာမည်ကြီးပါလား၊ ငါဖြင့် သူ့စာအုပ်တွေ ဖတ်နေတာကြာပြီကွ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ “အဲဒါ တခြားသူ မဟုတ်ဘူးဟေ့၊ ကိုမျောက်ကြီးဟ၊ ပြီးတော့ ဒီလူကြီးဟာ ဘယ်လိုဘယ်လို ပွပေါက်တွေ တိုးထားသလဲ မသိဘူးကွ၊ အတော်ကလေးကို စီးပွားဖြစ်နေတယ်” ဟု ထွန်းမြင့်က ပြောလေ၏။ “နေစမ်းပါဦး၊ ကိုမျောက်ကြီးဟာ အိမ်ထောင်တွေ၊ ဘာတွေနဲ့လား” ဟု ကျွန်ုပ်ကမေးလိုက်လေ၏။ “အင်း..ဟုတ်တယ်၊ အိမ်ထောင်ကျနေပြီ သားသမီးတော့ မရှိဘူး၊ ကိုမျေားက်ကြီးအိမ်ကို တစ်နေ့တော့ သွားလည်စမ်းပါဦး၊ ကိုမျောက်ကြီးအိမ်က ပျော်စရာသိပ်ကောင်းတာကွ၊ သူရဲ့ဘော်ဟောင်းတွေ၊ သူငယ်ချင်း၊ မိတ်ဆွေတွေ၊ တပည့်တွေနဲ့ တရုန်းရုန်းစားလိုက်ကြ သောက်လိုက်ကြနဲ့ကွာ၊
ငါတောင် တစ်နေ့က သူ့အိမ်ကို ရောက်သွားတာနဲ့ မပြန်နိုင်ဘူးဟေ့ ပြီးတော့ ကိုမျောက်ကြီးမှာ တခြားအလုပ်တွေလဲ ရှိသေးတယ်ကွ၊ မင်းလဲသိသားပဲကွာ၊ ဒီလူကြီးက နှမြောတတ်တာမှ မဟုတ်ဘဲ၊ ရသမျှသုံးပစ်နေတာပဲ၊ သူ့ဆီကိုလဲ နေ့စဉ်လိုလို ရဲဘော်ဟောင်းတွေ၊ သူငယ်ချင်းတွေက မပြည့်စုံတာတွေ တက်ပြီ တောင်းနေကြတာပဲ တချို့လဲ ကလေးကျောင်းစရိတ်ဖိုး တချို့လဲအိမ်မိုးဖို့ဓနိဖိုး၊ တချို့လဲ ဆေးဖိုးစုံနေတာပဲကွာ၊ ကိုမျောက်ကြီးကတော့ ဒိုင်ခံရှင်းပေးနေတာပဲ၊ တစ်နေ့လောက် မင်းလဲသွားလိုက်ပါဦးလား” ဟု ပြောပြီး ကိုမျောက်၏ လိပ်စာကို ကျွန်ုပ်အား ပေးသွားလေတော့၏။
တတိယပိုင်း (သိမ်း) ဆက်လက်ဖော်ပြပေးမည်။
9 comments
ကိုရင်စည်သူ
December 7, 2011 at 1:01 pm
ကျွန်တော် အပိုင်းတွေနဲ့ ခွဲရိုက်ရတာ တာဝန်ကြီးသလို ကိုယ့်ကိုယ်
ခံစားရတယ်ဗျာ… သင်္ဘောသားရဲ့ ရှန်ဟိုင်းက ချစ်ဇာတ်လမ်းလေး
အပိုင်း ၁မှာပဲ ဆက်မရေးနိုင်သေးဘူး။ မျောက်သူငယ်ချင်းကိုလည်း
မနည်းဖြတ်နေရတယ်.. တခြား ကိုယ်ပိုင်မော်ဒန်ပို့စ်လေးတွေလည်း
တင်ချင်သေးတယ်။ သတင်း အတင်းနဲ့ လေကန် ဝေဖန်ရေးလည်း လက်မလွှတ်ချင်သေးဘူး
မကြာမီ Draft လုပ်ထားတဲ့ ပရုတ်ဆီနဲ့တူတဲ့
မိန်းမလည်း မပြီးသေးဘူး။ ကွန်နက်ရှင်သိပ်မကောင်းတော့ (အနားက ဆိုင်က
ကွန်ညံ့တာလဲ ပါတယ်ဗျာ) သိပ်မမန့်ဖြစ်တော့လည်း မိတ်ဆွေတွေအပေါ်
တာဝန်မကျေသလို ခံစားမိရတယ်။ အရှေ့တောင်ပင်လယ်သွားခါနီး
အဘနဲ့ သက်ဆိုင်သမျှတွေ ဖိရေးနေတာ ကြောင်ကြီးပြောသလို ပါးစပ်ပြော
ကျန်ခဲ့မှာစိုးတယ်။ ကိုယ်လုပ်နိုင်သလောက်တော့ အားထည့်ရေးသွားမယ်ဗျာ….
အလောတကြီးနဲ့ ရေးပြီးတင်သမျှ ပို့စ်တွေမှာ အမှားတွေပါသွားမယ်
အရမ်းပေးချင်တဲ့ ဇောနဲ့ logic ပိုင်းမှာ နားလည်မှုလွဲသွားတယ်ဆိုရင်
ဉာဏ်တိမ်လှသော ကိုရင်၏ အပြစ်လို့သာ တောင်းပန်လိုက်ပါရစေဗျာ.. 😎 😎
eveningstar
December 7, 2011 at 1:45 pm
ရိုလာကိုစတာ စီးနေရသလိုပဲဗျို့
chitlay
December 7, 2011 at 1:53 pm
ဪ .. ဘဝဆိုတာ အမြင့်ချည်းပဲမရှိသလို အနိမ့်ချည်းပဲလဲ မနေပါဘူး။ နိမ့်တုန်မြင့်တုန် အတက်အကျနဲ့ လည်ပတ်နေကြတာချည်းပါပဲ … ကိုမျောက်လိုစိတ်ဓါတ်ရှိတဲ့သူမျိုး ရှားတယ်။ ဇာတ်သိမ်းပိုင်းကို စောင့်နေပါတယ်။
windtalker
December 7, 2011 at 2:01 pm
သငယ်ဂျင်း
ရှေ ့ဆက် မင်းဘဝမှာ
အမြဲ ဘူချလာ ပါစေ
ဂွင်ဖန်ပါလေ
တစ်ခါတစ်ရံ မှာ
မဆုံခဲ့ရင်
အားစုပေါ့လေ
nikita
December 8, 2011 at 10:58 am
အမြဲ ဘူချလာလို့တော့ မရဘူးလေ ကိုပေ 😀
FattyCat
December 7, 2011 at 5:12 pm
အဘဟန်လေးတွေကို ပြန်ပြီးတော့ ခံစားရသလိုပဲ
ကိုယ့်တို့ဘဝအတွက် တစ်သက်တာ စာရေးဆရာကြီး
ပေါက်ဖော်
December 7, 2011 at 7:46 pm
ကရင်ပေါသွပ်ရေ..
အပေါ်မှာနီနေကြပါလား..
အနော်လဲ ကွန်မရသေးလို ့.မျောက် ၂ ကို.ကူးပြီးမှ..သေချာပြန်ဖတ်တော့မယ်ဂျာ..
ခွလွှတ်တော်မူကြပါဂုန်..
အားရှိအောင်အားပေးသွားပါရစေ..
အားရှိရင်တော့.အေးဆေး.ပြန်အိပ်ပါနော်
၄စားလျက်..
ကြောင်ကြီး
December 8, 2011 at 10:36 am
ကိုယ်တင်ချင်တဲ့ ရက်ကို schedule ပေးပြီး တင်လို့ရတယ်လေ။ ကိုယ်ရင့်ကို update လုပ်နိုင်တဲ့ အခွင့်အရေးပေးထားရင် ကြိုက်တဲ့ရက် ချိတ်လို့ရတယ်။ တခါထဲ တလစာ တင်ထားလိုက်ပေါ့။ ဆရာကြီးပို့စ်နဲ့ ကိုယ်ပိုင်ပို့စ်တွေကို မျှတင်ပေါ့။ ရက်ဆက် တင်နေပြန်တော့လည်း ဖတ်လို့ လိုက်မမှီဘူးဗျို့………။
ပေါက်ဖော်
December 8, 2011 at 10:45 am
အေးအေးဆေးဆေး ပြန်ဖတ်ကြည့်တာ..ရေလည်ဂွတ်တယ်တယ်ဗျာ